← Chapters

လေးနှစ်ကြာပြီးနောက် 

Vol. 2 Ch. 15

လေးနှစ်ကြာပြီးနောက် 

Vol. 2 Ch. 15

သမားတော်မော့က ဟန်လိက သူ့ကိုယ်သူ ကျင့်ကြံရေး၌ နှစ်မြှုပ်ထားသည်ကို အလွန် ကျေနပ်နေခဲ့သည်။

သို့သော် သူသည် ဟန်လိ၏ အမည်မဲ့ကျင့်စဥ်ကို အဆင့်တက်ရောက်မှုဖြစ်စဥ်က နှေးကွေးလွန်းနေသည်ဟု ခံစားရပေသည်။

ထိုနှစ်များအတွင်း သမားတော်မော့၏ နေမကောင်းမှုက ပို၍ ပြင်းထန်လာသည်။ သူက တစ်နေ့တွင် အကြိမ်ပေါင်းမရေတွက်နိုင်အောင် ချောင်းဆိုးလိမ့်မည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ချောင်းဆိုးသည့် အကြိမ်ရေက ပိုစိပ်လာပေသည်။

သူ့ခန္ဓာကိုယ်အခြေအနေက ပို၍ ယိုယွင်းလာသည်နှင့်အမျှ သမားတော်မော့က ဟန်လိ၏ ကျင့်ကြံခြင်းကို စတင်အာရုံစိုက်လာသည်။ သူ၏ အတင်းအကျပ် တိုက်တွန်းမှုများမှနေ၍ တစ်စုံတစ်ယောက်သည် သူ့နှလုံးသားအတွင်းမှ စိုးရိမ်ပူပန်နေမှုကို မြင်နိုင်ပေသည်။

အချို့သော အကြောင်းပြချက်များကြောင့် သမားတော်မော့သည် ဟန်လိကို အလွန်အရေးကြီးသည့် အရာတစ်ခုအဖြစ် သဘောထားသည်။ သူက ငွေဒင်္ဂါးပမာဏ တိုးမြှင့်ပေးခဲ့ရုံမျှမက ဟန်လိအား ကြည့်သည့် သမားတော်မော့၏ အကြည့်များသည် ရှားပါးရတနာတစ်ခုကို ကြည့်နေသကဲ့သို့ နူးညံ့ညင်သာကာ ဂရုစိုက်မှုအပြည့်နှင့် ဖြစ်သည်။

ထို့ကြောင့် အမည်မဲ့ကျင့်စဥ်ကို တတိယအဆင့်ထိ ရောက်အောင် ကျင့်ကြံထားသည့် ဟန်လိသည် သူ၏ အလွန် စူးရှသော အာရုံခံစားမှုအရ နောက်ကွယ်မှ အမှန်တရားကို ရိပ်မိလာသည်။ ဟန်လိသည် အမှတ်တမဲ့နှင့် သမားတော်မော့၏ နွေးထွေးကာ ခင်မင်ရင်းနှီးသည့် အကြည့်များနောက်မှ အေးစက်၍ လောဘတကြီးဖြစ်နေသည့် အရိပ်အယောင်များကို တွေ့မြင်ခဲ့ပြီး ၎င်းက ဟန်လိအား အလွန် စိတ်မသက်မသာဖြစ်အောင်လုပ်နေခဲ့သည်။

သမားတော်မော့၏ ထိုအကြည့်များက ဟန်လိကို ဆံဖျားမှစကာ ရိုးတွင်းခြင်ဆီအထိ အကြောက်တရားများနှင့် ပြည့်နှက်လာစေသည်။ သူသည် သမားတော်မော့က သူ့အား အသက်ရှင်နေသည့်သူအစား အရာဝတ္တုတစ်ခုအဖြစ်သာ မြင်ကြောင်း ခံစားမိပေသည်။

ဤသည်မှာ ဟန်လိအား ဇဝေဇဝါ ခံစားရစေသည်။ သမားတော်မော့က မည်သည့်အရာကို အလိုရှိနေခြင်းဖြစ်နိုင်သနည်း။

"ငါ့ဆီမှာ သူ စိတ်ဝင်စားမယ့်အရာမျိုး ဘာတစ်ခုမှရှိမနေပါဘူး။" ဟန်လိက သေချာတွေးပြီးနောက် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

ဟန်လိသည် အမည်မဲ့ကျင့်စဥ်ကို ကျင့်ကြံခြင်းမှ အလွန်အကျွံပင်ပန်းနေခဲ့သည်ဟု တွေးမိသည့် အချိန်များပင် ရှိဖူးကာ သူက ရှက်ရွံမှုနှင့် ခေါင်းယမ်းလိုက်မိသည်။ သူက သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ အမှန်တော့ သမားတော်မော့ကို နောက်ကွယ်၌ အပြစ်တင်ပြောဆိုနေခြင်းက ကျေးဇူးကန်းသည့်အပြုအမူမျိုးပင် ဖြစ်သည်။

သို့သော် သူ့ နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာ၌ သမားတော်မော့နှင့် ဆက်ဆံသည့်အခါတိုင်း သတိထားရမည့် ခံစားချက်အား ဆုပ်ကိုင်ထားနေဆဲဖြစ်ကြောင်း အတိအကျသိရှိပေသည်။ အချိန်ကုန်ဆုံးလာသည်နှင့် ထိုသတိထားနေသည့် ခံစားချက်က တဖြေးဖြေး အားကောင်းလာပေသည်။

လက်ရှိတွင် ဟန်လိက ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်။ သူက တတိယအဆင့်ကို ချိုးဖျက်ရန် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သမားတော်မော့၏ အဖိုးတန် ဆေးဖက်ဝင်အပင်များက ခြောက်သွေ့နေခဲ့ပြီ ဖြစ်သည်။

သိသာစွာပင် ဟန်လိက ပါရမီရှင်တစ်ယောက် မဟုတ်ပေ။ ဆေးဖက်ဝင်ပစ္စည်းများ၏ အထောက်အပံ့ကြောင့်သာမဟုတ်လျှင် သူ၏ ကျင့်ကြံခြင်းတိုးတက်မှုက အချိန်ကြာမြင့်စွာကတည်းက ရပ်တန့်နေပေလိမ့်မည်။

သူက သမားတော်မော့နှင့် တွေ့ဆုံသည့်အခါတိုင်း ရှက်ရွံ့မှုကို ခံစားရပေသည်။

သမားတော်မော့က သူ့ ကံကောင်းခြင်းများအားလုံးကို သုံးကာ ဒုက္ခသုက္ခခံ၍ ဟန်လိ၏ ကျင့်ကြံခြင်းကို အကူအညီပေးရန် သင့်တော်သော အခြေအနေများ ဖန်တီးပေးခဲ့သော်လည်း ဟန်လိက သူ့တောင်းဆိုချက်ကို ကျေနပ်အောင် မလုပ်ပေးနိုင်ခဲ့ပေ။

ဤသည်မှာ သမားတော်မော့က သူ၏ ကျင့်ကြံခြင်းအခြေအနေကို စစ်ဆေးသည့်အခါတိုင်း သမားတော်မော့၏ အ​ကြည့်နှင့် ရင်ဆိုင်ရန် ဆန္ဒမရှိအောင် ပြုလုပ်နေခဲ့သည်။

ထူးဆန်းသည်မှာ မည်သည့်အကြောင်းပြချက်ကြောင့်ဆိုသည်ကို မသိသော်လည်း အရည်အချင်းမြင့်မားသည့် သမားတော်မော့သည်ပင် ဟန်လိမပြောပြဘဲ ဟန်လိ၏ တိုးတက်မှုအခြေအနေကို သိနိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူက တတိယအဆင့်ကို ချိုးဖျက်ရန် အကန့်အသတ်သို့ ရောက်ရှိနေခြင်းအား ဆက်လက်၍ ဖုံးကွယ်ထားခဲ့သည်။

သို့သော် သိပ်မကြာခင်မှာပင် ဟန်လိသည် နှလုံးသားထဲ၌ အပြစ်ရှိမှုကို ခံစားခဲ့ရသောကြောင့် သမားတော်မော့ကို ရှာကာ သူ၏ ကျင့်ကြံရေးတွင် ပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း ပြောပြခဲ့သည်။

လွန်ခဲ့သည့် နှစ်အတွင်း ဟန်လိ၏ ကျင့်ကြံမှုက အနည်းငယ်မျှပင် တိုးတက်မှုမရှိကြောင်း သမားတော်မော့ကြားသည့်အခါ ပုံမှန်၌ သူ၏ အမူအရာမဲ့သည့် မျက်နှာက အလွန် အရုပ်ဆိုးသွားခဲ့သည်။

ဟန်လိကို အံ့အားသင့်စေသည်မှာ သမားတော်မော့က သူ့ကို အပြစ်တင်ခဲ့ခြင်းမရှိပေ။ ထို့အစား သူက လိုအပ်သောဆေးပင်များ စုဆောင်းရန် တောင်ကြားမှ အချိန်တစ်ခုထိ ထွက်သွားမည်ဖြစ်ပြီး ဟန်လိက ထိုအမည်မဲ့ကျင့်စဥ်ကို ကျင့်ကြံရန် အကောင်းဆုံး အားထုတ်ရမည်ဖြစ်ကြောင်းကိုသာ ပြောခဲ့သည်။

နှစ်ရက်ကြာပြီးနောက် သမားတော်မော့က ဆေးပင်များတူးရန် လိုအပ်သည့် ပစ္စည်းကိရိယာများကို သယ်ဆောင်ကာ ချီးရွှမ်ဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။

သူထွက်ခွာသွားပြီးနောက် နတ်ဘုရားလက်တောင်ကြားတွင် ဟန်လိတစ်ယောက်တည်းသာ ကျန်ခဲ့ပေသည်။

သူ၏ သူငယ်ချင်းကောင်း ကျန်းထျယ်က လွန်ခဲ့သော နှစ်နှစ်ကပင် 'ဆင်သံချပ်ကာကျင့်စဥ်' ၏ တတိယအဆင့်ကို ရောက်ရှိခဲ့ပြီးဖြစ်ကာ ထို့နောက်တွင် သူက အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ ကျန်းထျယ်က ကျန်းဟူအတွင်း စူးစမ်းလေ့လာချင်သည်ဟူသော နှုတ်ဆက်စာတစ်စောင်သာလျှင် ချန်ထားရစ်ခဲ့ပြီး ထွက်သွားခဲ့သည်။ ဤအဖြစ်အပျက်က ဂိုဏ်းအတွင်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်သွားစေသည်။ ထို့နောက်တွင် သမားတော်မော့၏ တောင်းဆိုပေးမှုကြောင့် ကျန်းထျယ်မိသားစုက အပြစ်ပေးခံရခြင်းမှ လွတ်မြောက်သွားသည်ဟု ကောလာဟလများ ထွက်ခဲ့ပေသည်။

ဟန်လိသည် ဤကိစ္စတစ်ခုလုံးက အလွန် ကိုးရို့ကားယားနိုင်သည်ဟု ခံစားမိပြီး သေချာတွေးတောပြီးနောက် သူသည် ထိုပြဿနာက မျက်လုံးနှင့် မြင်ရသည်ထက်ပိုကြောင်း သေချာသွားသည်။ မည်သို့ပင်ဖြစ်စေ ဟန်လိက ဂိုဏ်းအတွင်း အရေးပါသော ရာထူးအဆင့်အတန်းမျိုး မရှိသောကြောင့် သူ့စကားများက လျစ်လျူရှုခံရပေသည်။ ထို့ပြင် ဤပြဿနာက ဖုံးကွယ်ခံထားရသည်မှာ အချိန်ကြာမြင့်သွားပြီ ဖြစ်သည်။ ချင့်ချိန်တွေးတောပြီးနောက် ဟန်လိက 'ကျန်းထျယ်တစ်ယောက် ထိုသိုင်းပညာ စတုတ္ထအဆင့်ကြောင့် ဖြစ်ပေါ်လာမည့် နာကျင်မှုတို့ကို ကြောက်ရွံ့၍ ထွက်ပြေးသွားခြင်း ဖြစ်နိုင်သလား။' ဟု တွေးမိခဲ့သည်။

ကျန်းထျယ်အကြောင်း အတွေးများကို ဘေးဖယ်ထားလိုက်ပြီး ဟန်လိက တောင်ကြားတွင် ရက်အနည်းငယ်ခန့် ကျင့်ကြံနေပါသော်လည်း တိုးတက်မှုအနည်းငယ်မျှပင် မရှိခဲ့ပေ။ သူက တက်ကြွသော လူငယ်လေးဖြစ်သောကြောင့် နတ်ဘုရားလက်တောင်ကြားတွင် ခြေချုပ်မိနေမည့်အစား နတ်သက်တန့်တောင်ကို လှည့်ပတ်ရန် ဆုံးဖြတ်လိုက်သည်။

သူက တောင်တက်လမ်းကို လျှောက်လာရင်း သူသိခဲ့သည့် ထိုလမ်းက အမှန်တကယ်၌ မရင်းနှီးသယောင် ဖြစ်နေသည်ကို သိရှိလိုက်ရပြီး သူ့ နှလုံးသားထဲတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။

ဤနှစ်များအတွင်း သူ၏ ကျင့်ကြံခြင်းကြောင့် ဟန်လိက အကျဥ်းထောင်အတွင်းနေရသလို ဖြစ်နေခဲ့ပြီး တောင်ကြားအပြင်ကို ခြေတစ်လှမ်းပင် မလှမ်းနိုင်ခဲ့ပေ။

ချီးရွှမ်ဂိုဏ်း တပည့်များက သူ၏ တည်ရှိမှုကိုပင် မေ့နေလောက်ပြီ ဖြစ်သည်။

လမ်းမထက်တွင် ဟန်လိက ကင်းလှည့်တာဝန်ကျသည့် တပည့်အနည်းငယ်နှင့် တွေ့ဆုံခဲ့သည်။ သူတို့၏ အမြင်အရ အတွင်းဂိုဏ်းတပည့်ဝတ်စုံ ဝတ်ဆင်ထားသည့် ဤလူစိမ်းက သူတို့ကို သံသယအပြည့်ဖြစ်သွားစေသည်။ ဟန်လိသည် သူက ချီးရွှမ်ဂိုဏ်း၏ အမှန်တကယ် တပည့်တစ်ယောက်ဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ ရှင်းပြပြီးမှ သူတို့ကို သိမ်းသွင်းနိုင်ခဲ့သည်။

ထိုကဲ့သို့သော အခြေအနေများကို ရှောင်ရှားရန် ဟန်လိက အဓိကလမ်းမှ ခွဲထွက်သည့် လမ်းကြားလေးမှသွားရန် ဆုံးဖြတ်လိုက်သည်။

ထင်ထားသလိုပင် သူက အခြားမည်သည့်တပည့်ကိုမှ မတွေ့ခဲ့ဘဲ အနှောက်အယှက် မရှိသည့်အတွက် သူ၏ ခရီးစဥ်ကို ပို​မြန်စေခဲ့သည်။

လှပသည့် ရှုခင်းများကို ကြည့်ရင်း ငှက်တို့၏ အော်မြည်သံတို့ကို နားထောင်နေရင်း ဟန်လိသည် ထိုအခိုက်အတန့်တွင် သူ့ကို ဒုက္ခပေးနေသည့်အရာအားလုံး အဝေးသို့ ယူဆောင်သွားခံရသလို ခံစားမိခဲ့ပေသည်။

ရုတ်တရုက် တောင်တစ်ခုအနီးရှိ လျှိုမြောင်အတွင်းမှ ဆဲဆိုနေသည့် အသံများနှင့် လက်နက်အချင်းချင်း ထိခတ်သံများ နားမခံသာအောင် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

'ဘာလဲ။ ဒီလောက် ခေါင်တဲ့နေရာမှာတောင် ဒီလောက်လူအများကြီး စုဝေးနေတာလား။'

ဟန်လိ၏ နှလုံးသားအတွင်း သိချင်စိတ်က မြင့်မားလာကာ အခြားတပည့်များ၏ မေးခွန်းတို့ကို ကြောက်ရွံ့မနေတော့ဘဲ သူက ဆူညံသံများနောက်မှလိုက်ကာ အသံအရင်းအမြစ်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။

'ဘယ်လောက်များလိုက်တဲ့လူတွေလဲ။' ဟန်လိက အံ့သြထိတ်လန့်သွားပြီး စကားမပြောနိုင်တော့ဘဲ စူးစိုက်ကြည့်​နေခဲ့သည်။

လျှို​မြောင်က သစ်တောဖြင့် ဖုံးကွယ်ထားခြင်းခံရသည့် နေရာသေးသေးလေးတစ်ခု ဖြစ်သည်။ သို့သော် စုစုပေါင်း လူတစ်ရာခန့် ရှိသည့် လူအုပ်က လျှိုမြောင်အတွင်း စုဝေးနေခဲ့သည်။ ကြီးမားသည့် သစ်ပင်အကိုင်းအခက်များထက်တွင် မတ်တပ်ရပ်နေသူများလည်း ရှိသည်။

နှစ်ဖက်အုပ်စုက တစ်ဖက်နှင့် တစ်ဖက် စိုက်ကြည့်နေခဲ့ကြပြီး နှစ်ဖက်လုံးမှ ပြင်းထန်သည့် မုန်းတီးရန်လိုစိတ်များကို ထုတ်လွှတ်နေသည်။

သစ်ပင်ထက်ရှိ ဘယ်ဘက်တွင် ရပ်နေသည့် လူစုက စုစုပေါင်းဆယ့်နှစ်ယောက်ခန့်ရှိပြီး ညာဘက်အုပ်စုတွင် ခုနစ်ယောက်ခန့်ရှိသည်။

ဟန်လိသည် ထိုအုပ်စုနှစ်စုတွင် သူနှင့် သက်တူရွယ်တူများ ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့အားလုံးက ဆယ့်ငါးနှစ်မှ အသက်နှစ်ဆယ်ဝန်းကျင် ရှိကြပေသည်။

သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခုဖြစ်ပေါ်လာပြီး သူက တွေးလိုက်သည်။ 'ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ။'

ထိုအုပ်စုမှ လူများကြားတွင် ဟန်လိက ရင်းနှီးသောမျက်နှာများကို မြင်နိုင်ပေသည်။

"ဝမ့်ကျင်းပေါင်၊ ကျန်းသာ့လု၊ မာယွင်၊ စွန်းလီစုန့်..... အိုင်း... ဖက်တီးဝမ်က ငါ သူ့ကို နောက်ဆုံးတစ်ခေါက်တွေ့တုန်းကထက် ပိုဝလာတာပဲ။ ဒီလူက.... သံခေါင်းလျှို(လျှိုထျယ်ထို) သူက အရင်က အသားတကယ်မည်းတာ။ အခု အသားအရေ ဒီလောက်ကောင်းပြီး ဖြူလာပုံထောက်ရင် တစ်နေ့လုံး ပျင်းရိပြီး ထိုင်နေနိုင်တဲ့ အမျိုးသမီးတစ်ယောက်လို ဘဝမျိုးနဲ့ နေနေရတာများလား။" ဟန်လိက ရယ်မောကာ ကြီးမားသောအပင်ကြီးကို ကုပ်တက်ရင်း အတွေးထဲ နစ်နေခဲ့ပေသည်။

All Chapters