← Chapters

ပေသီးလေး

Vol. 2 Ch. 16

ပေသီးလေး

Vol. 2 Ch. 16

အောက်ဘက်တွင် လက်ဗလာနှင့် လူငယ်နှစ်ယောက်က အနီးကပ်တိုက်ပွဲဆင်နွှဲနေသည်။ တစ်ယောက်က ဝတုတ်သော်လည်း တောင့်တင်းကြံ့ခိုင်သည့် အသွင်သဏ္ဌာန်ရှိကာ သန်မာသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထိုသူက ဟန်လိ၏ သူငယ်ချင်းကောင်း ဖက်တီးဝမ်ဖြစ်သည်။ ဖက်တီးဝမ်၏ အသားပြည့်သည့် ခန္ဓာကိုယ်က ပြင်းထန်သော လက်သီးခွန်အားကို တိုးမြှင့်ပေးနေပြီး လက်သီးချက်တိုင်းတွင် မာန်သွင်းဟစ်ကြွေးသံတစ်ခု လိုက်ပါလာသည်။ လက်သီးချက်တစ်ချက်ချင်းစီတိုင်းတွင် လေပွေလှိုင်းတို့ ကပ်ပါလာ၏။ တစ်ဖက်လူက ကြွက်တစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ သူက တစ်ဖက်လူ၏ သူ့ထံ ထိုးနှက်လာသော လက်သီးချက်များကို တားဆီးရန် မကြိုးစားဘဲ ရှောင်တိမ်းရန် ရွေးချယ်လိုက်သည်။ သူက ဖက်တီးဝမ်ကို အားအင်ကုန်ခမ်းသွားအောင် လုပ်ပြီးမှ အဆုံးသတ်ချင်နေပုံရသည်။

သူ့ သူငယ်ချင်းက တိုက်ပွဲအတွင်း မည်သို့ ဖြစ်နေသည်ကို ကြည့်ရင်း ဟန်လိသည် ဖက်တီးဝမ် အနိုင်ရရန်မျှော်လင့်မိပေသည်။

တခဏကြာပြီးနောက်၌ပင် ဖက်တီးဝမ်က နှေးကွေးသွားမည့် အရိပ်အယောင်မရှိသေးပေ။ ဟန်လိက သိုင်းပညာရပ်များ မကျင့်ကြံသော်လည်း သူ၏ ထိုးထွင်းသိမြင်မှုအရ ဖက်တီးဟန် ရှုံးလိမ့်မည်မဟုတ်ဟု ပြောနေသည်။

သူက ဘေးဘီအား ဝေ့ဝဲကြည့်လိုက်ပြီး ဤနေရာ၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို ရှင်းပြပေးမည့် တစ်စုံတစ်ယောက်ရှိရန် မျှော်လင့်မိသည်။

ဟန်လိက မနီးမဝေးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူငယ်က အဆက်မပြတ်အော်ဟစ်ရင်း အားပေးနေသည်။ "သူ့ခေါင်းကိုရိုက်၊ သူ့ခါးကိုကန်၊ အိုက်ယား..... ထိတော့မယ့်ဟာကို.. ဟုတ်တယ်..၊ သူ့တင်ပါးကို ကန်ပစ်၊ အားကုန်သာသုံးပစ်လိုက်.."

လူငယ်လေးက ပျော်ရွှင်စွာဖြင့် တက်တက်ကြွကြွ အားပေးနေသည်။

ထိုသူ၏ အားပေးနေသော စကားလုံးများကို နားထောင်လျှင် သူက ဖက်တီးဝမ်ဘက်မှ ဖြစ်ပုံရသည်။

ဟန်လိသည် ထိုသူက အလွန် စိတ်ဝင်စားစရာကောင်းသည်ဟု ကောက်ချက်ချလိုက်ပြီး ထိုသူ့ထံသို့သွားရန် သူက သစ်ပင်အောက်သို့ ဆင်းလိုက်သည်။

"စီနီယာ တိုက်ခိုက်နေတဲ့ နှစ်ယောက်က ဘယ်သူတွေလဲသိလား။ သူတို့က ဘာကြောင့် တိုက်နေတာလဲ။" ဟန်လိက ယဥ်ကျေးစွာ မေးလိုက်သည်။

"ငါ သိလားဆိုတာ ဘာကို ဆိုလိုတာလဲ။ ငါ ပေသီးလေး မသိတဲ့ဟာ ဘာမှမရှိဘူး။ ဒီတိုက်ခိုက်မှုအကြောင်းလည်း သိတာပေါ့။ မင်းက ဘယ်သူလဲ။ မင်းကို ဘာလို့ အရင်က မမြင်ဖူးရတာလဲ။ မင်း ဂိုဏ်းကို အခုလေးမှ ဝင်လာတာလား။ မဟုတ်သေးဘူး။ အဲဒါမဖြစ်နိုင်ဘူး။ နောက်ထပ် တပည့်သစ်စစ်ဆေးမှုက နှစ်ဝက်တောင်လိုသေးတယ်။ အဲဒီတော့ မင်းက ဘယ်သူလဲ။" ထိုလူက အစပိုင်းတွင် အလွန် စိတ်အားထက်သန်သော်လည်း သူက ဟန်လိကို မည်သည့်အခါမှ မြင်ဖူးခဲ့ခြင်းမရှိကြောင်း သတိပြုမိလိုက်သောအခါ သူ့အမူအရာက ပိုမိုလေးနက်လာပြီး အနည်းငယ်ပင် သံသယဝင်လာခဲ့သည်။

"ကျုပ်က ဟန်လိ ဟိုမှာ တိုက်ခိုက်နေတဲ့ ဖက်တီးဝမ်ရဲ့ သူငယ်ချင်း။" ဟန်လိက ပြန်ဖြေလိုက်သည်။

"ဖက်တီးဝမ်ရဲ့ သူငယ်ချင်းလား။ ငါ သူ့ သူငယ်ချင်းတွေ အားလုံးကို သိတယ်။ မင်းက အဲဒီထဲကတစ်ယောက် မဟုတ်ဘူး။" ထိုလူက ပို၍ သတိထားလာနေသည်။

"အိုး.. ကျုပ်က လွန်ခဲ့တဲ့ နှစ်တွေမှာ တံခါးပိတ်ကျင့်ကြံနေတာ။ ကျုပ်ကို ဘယ်သူမှမသိတာ အံ့သြစရာမရှိပါဘူး။" ဟန်လိက တစ်ဝက်လိမ်လိုက်သည်။

"အဲဒီလိုလား။ မင်းလည်း လွန်ခဲ့တဲ့လေးနှစ်က ဂိုဏ်းကိုဝင်ခဲ့တာပေါ့။ ငါ့လို အရာရာသိတဲ့လူတောင် မသိတာရှိမယ်လို့ ထင်မထားဘူး။" သူက ဟန်လိ၏ အဝတ်များကို ကြည့်ကာ ဟန်လိစကားများကို ယုံကြည်လာပုံပေါ်သည်။

ပေသီးလေးဟု ခေါ်သည့် လူနှင့် ဟန်လိတို့က အဆက်အစပ်မရှိသည့် အကြောင်းအရာများကို ပြောဆိုနေကြပြီး နောက်မှ သူက ဟန်လိမေးခွန်းကို ပြန်ဖြေလာသည်။

"ဂျူနီယာတပည့်လေး.. ဒီအရာတွေအားလုံးက မိန်းမတစ်ယောက်ကြောင့်ဆိုတာ မင်း သိမှာမဟုတ်ဘူး။ အဲဒါက..." ပေသီးလေးက အသေးစိတ်ရှင်းပြလာသည်။ သူက ဂိုဏ်းအတွင်း ဖြစ်ပျက်နေသမျှ အရာအားလုံးကို သိသူဟု အမှန် ခေါ်ထိုက်ပေသည်။

ဤကိစ္စ၌ လူနှစ်ယောက်ပါဝင်ပတ်သတ်နေပုံရသည်။ တစ်ယောက်မှာ ဝမ်ယန်ဟု ခေါ်သည့် ဖက်တီးဝမ်၏ ဝမ်းကွဲဖြစ်ပြီး နောက်တစ်ယောက်မှာ ကျန်းချန်ကွေ့ ဖြစ်သည်။ သူတို့နှစ်ယောက်က ချီးရွှမ်ဂိုဏ်း၏ တပည့်များဖြစ်သော်လည်း တစ်ယောက်က အပြင်ဂိုဏ်းတပည့်ဖြစ်ကာ နောက်တစ်ယောက်က အတွင်းဂိုဏ်းတပည့်ဖြစ်သည်။

သူတို့နှစ်ယောက်က တူညီသော မြို့တွင် ကြီးပြင်းလာသော်လည်း အချင်းချင်း မည်သည့်အခါကမှ စကားမပြောဖူးကြပေ။ ဤအရာအားလုံးက မိန်းကလေးတစ်ယောက်ကြောင့် ဖြစ်သည်။ ထိုမိန်းကလေးသည် ငယ်ရွယ်စဥ်အချိန်က ဝမ်ယန်၏ စေ့စပ်ထားသူဖြစ်ခဲ့သော်လည်း တစ်နေ့တွင် ခရီးထွက်နေရာမှ အိမ်ပြန်လာသည့် ကျန်းမိသားစုခေါင်းဆောင်က သူမကို မြင်သွားမိပြီး သူမအား ကျန်းချန်ကွေ့ထံပေးရန် ဆုံးဖြတ်ခဲ့သည်။ သူ၏ ပိုက်ဆံနှင့် အာဏာလွှမ်းမိုးမှုကို အသုံးပြုကာ ဝမ်ယန်နှင့်စေ့စပ်ကြောင်းလမ်းထားမှုအား လျစ်လျူရှု၍ သူမနှင့် သူမမိသားစုကို ခေါ်ဆောင်သွားခဲ့သည်။ ထိုဝမ်းနည်းစရာသတင်းက သူမကို အရူးအမူးချစ်သည့် ဝမ်ယန်အပေါ် ပြင်းထန်သည့် ရိုက်ခတ်မှုဖြစ်စေခဲ့သည်။ သို့သော် သူက ကျန်းမိသားစုကို ယှဥ်နိုင်စွမ်းမရှိသည်ကို သိသည့်အတွက် သူက မြစ်ထဲသို့ ခုန်ချကာ သေကြောင်းကြံခဲ့ပေသည်။

၎င်းက ဝမ်းနည်းကြေကွဲစရာကောင်းလျှင်ပင် သူ၏ သေဆုံးခြင်းက ထိုကိစ္စများ၏ အဆုံးသတ်ဖြစ်သင့်ပေသည်။

သို့သော် သူ၏ အရင်းနှီးဆုံး ဝမ်းကွဲ ဖက်တီးဝမ်က ထိုကိစ္စအကြောင်း သိရှိပြီးနောက် သူ့ဝမ်းကွဲအတွက် လက်စားမချေဘဲ လွှတ်ပေးရန် ငြင်းဆန်လိမ့်မည်ဟု မည်သူက သိပါမည်နည်း။ ကျန်းချန်ကွေ့နှင့် တွေ့ဆုံပြီးနောက် နှစ်ယောက်ချင်းပြိုင်ပွဲပြုလုပ်ရန် ဆုံးဖြတ်ကာ ရှုံးနိမ့်သူက အနိုင်ရသူ၏ အစေခံလုပ်ရမည်ဟု သဘောတူခဲ့သည်။

ကျန်းချန်ကွေ့က မောက်မာသော်လည်း အရူးမဟုတ်ပေ။ သူက သိုင်းပညာအရာတွင် ဖက်တီးဝမ်ထက် နိမ့်ကျသည်ကို နားလည်ပေသည်။ ထို့ကြောင့် သူက အကူအညီရနိုင်မည့် သူငယ်ချင်းများ ခေါ်လာပြီး အဖွဲ့လိုက်တိုက်ခိုက်ရန် တောင်းဆိုခဲ့သည်။ ဖက်တီးဝမ်က သဘောတူလိုက်သည်။ ထို့နောက် ကျန်းချန်ကွေ့က ပိုက်ဆံအသုံးပြုကာ သူ့ကို အကူအညီပေးနိုင်မည့် အပြင်ဂိုဏ်းတပည့်များကို ရှာဖွေခဲ့သည်။ ဖက်တီးဝမ်က ဆင်းရဲကာ ပိုက်ဆံမရှိသော်လည်း ဂိုဏ်းအတွင်းရှိ တပည့်များစွာနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကာ အများစုက သူ့ကို အကူအညီပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ရလဒ်အနေနှင့် လူအများကြီးက ပေါက်ကွဲထွက်လုမတတ် ရန်လိုစိတ်များနှင့် သူတို့၏ အားပေးထောက်ပံ့ပေးမှုကို ပြသရန် ရောက်လာကြသည်။

ထိုအဖြစ်ကို ကြားပြီးနောက် ဟန်လိသည် ဤပဋိပက္ခက သွေးထွက်သံယိုမဖြစ်ဘဲ ဖြေရှင်း၍ မရနိုင်လောက်အောင် ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

မမျှော်လင့်ဘဲ သေးငယ်သည့် ပြဿနာလေးက ထိုမျှ ကြီးမားသော ပဋိပက္ခအဖြစ် ပြောင်းလဲသွားခဲ့ရပေသည်။

"မင်းက ဒီမှာ ဖက်တီးဝမ်ကို လာကူတာမလား။ သူတို့ စည်းမျဥ်းတွေ မလိုက်နာရင် ငါတို့ ဝင်ပြီး သူတို့ကြောက်လန့်တကြားနဲ့ သေးထွက်ကျတဲ့အထိ ရိုက်ပစ်မယ်။ ငါတို့ကို အနိုင်ကျင့်ဖို့ မလွယ်ကူဘူးဆိုတာ သူတို့ သိသွားစေရမယ်။" လူငယ်လေးက တစ်ချက်လေးမှပင် မရပ်ဘဲ ပြောသွားခဲ့သည်။

ဟန်လိက သူ ဝင်မပါသင့်ကြောင်း သတိပြုမိလိုက်ပြီး ခါးသက်စွာ ပြုံးလိုက်၏။ အဆုံးမှာတော့ တစ်ဖက်ဖက်ကို ရွေးလိုက်ခြင်းက ရန်သူများ ရလာစေနိုင်ပြီး သူ၏ နှစ်အနည်းငယ်ကျင့်ကြံခြင်းကြောင့် စိတ်အားထက်သန်မှုများက အဝေးသို့ ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ပြင် ဟန်လိသည် မည်သည့်သိုင်းပညာမှ မသင်ယူခဲ့ဖူးသည့်အတွက် အားအနည်းဆုံးတပည့်ကိုပင် ရိုက်နိုင်လိမ့်မည် မဟုတ်ပေ။ ပြိုင်ပွဲကို စောင့်ကြည့်ပြီးနောက် သူက တောင်ကြားသို့ ပြန်သွားသည်က ပိုကောင်းမည်ဟု တွေးမိလိုက်သည်။

"ကောင်းချက်။" ရုတ်တရက် လူငယ်လေးက ထအော်လိုက်သည်။

လူငယ်လေး၏ အော်သံကို ကြားသည့်အခါ ဟန်လိက တိုက်ခိုက်နေသည့်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ပြန်လှည့်ကြည့်လိုက်သည်နှင့် ဖက်တီးဝမ်၏ ရန်သူက ခြေချော်လက်ချော်ဖြစ်ကာ ကြီးမားသော လက်သီးဖြင့် နဖူးကို ထိုးနှက်ခံလိုက်ရပြီး မြေပေါ်သို့ ပြုတ်ကျကာ သတိလစ်သွားခဲ့လေသည်။

ချက်ချင်းပင် ဖက်တီးဝမ်ကို အားပေးနေသည့် လူအုပ်ကြီး၏ ဝမ်း​​မြောက်နေသော အော်သံများ ထွက်ပေါ်လာပြီး အခြားတစ်ဖက်မှလူများ၏ မျက်နှာထက်တွင် ဒေါသတကြီးအကြည့်တို့ ရှိနေခဲ့သည်။

ဖက်တီးဝမ်၏ မျက်နှာက ဂုဏ်ယူမှုများနှင့် ပြည့်နေခဲ့ပြီး သူက လက်သီးလက်မောင်းတန်းလိုက်သည်။ သူက ကျောပေးလိုက်ပြီး သူ့အနိုင်ရမှုကို အောင်ပွဲခံရင်း မြောက်ကြွမြောက်ကြွနှင့် သူ့လူများရှိရာဘက်သို့ လျှောက်သွားခဲ့သည်။

ကျန်းချန်ကွေ့ဘက်မှ လူနှစ်ယောက်ထွက်လာကာ သတိလစ်နေသည့် တပည့်အား ခေါ်ဆောင်သွားခဲ့လေသည်။

ထို့နောက် တစ်ဖက်ချင်းစီက တစ်ယောက်စီ ထွက်လာခဲ့သည်။ တစ်ယောက်က ဓားပြားကြီးကို ကိုင်ဆောင်၍ နောက်တစ်ယောက်က ဓားရှည်ကို ကိုင်ထားသည်။

သူတို့နှစ်ယောက်လုံး၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အကြည့်တို့ရှိနေသော်လည်း စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ သူတို့က လက်နက် ကိုယ်စီကိုင်စွဲရင်း စတင်တိုက်ခိုက်ကြကာ သတ္တုချင်းရိုက်ခတ်သည့် အသံက လေထဲတွင် လျင်မြန်စွာ ပျံ့နှံ့လာသည်။

[Note: ဓားပြားကြီး ဆိုတဲ့နေရာမှာ တရုတ်လို 'သောင်း' လို့ အသံထွက်ပြီး ဓားအသွားက အပြားကြီးတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်။ ဓားရှည်ကတော့ 'ကျန့်' လို့ခေါ်ပြီး အသွားရှည်တဲ့ ဓားတစ်လက်ပါ။]

All Chapters