စီနီယာတပည့်လီ
Vol. 2 Ch. 18
"စီနီယာတပည့်လီက အရမ်းနာမည်ကြီးတာလား။ သူ့ နောက်ခံက ဘာလဲ။" ဟန်လိသည် ထိုစီနီယာတပည့်လီ၏ ကျော်ကြားမှုကြောင့် အလွန် အံ့အားသင့်မိပေသည်။
"ခင်ဗျားက စီနီယာတပည့်လီကိုတောင် မသိဘူးလား။"
"ဟုတ်တယ်။ ကျုပ်က တံခါးပိတ်ကျင့်ကြံနေတာ နှစ်အနည်းငယ်ကြာပြီလေ။"
"အိုး.. ဟုတ်သား.. ကျုပ် တကယ်မေ့သွားတာပဲ။ ကျုပ်ရဲ့ ဆိုးဝါးတဲ့မှတ်ဉာဏ်ကတော့။ ဒီချီးရွှမ်ဂိုဏ်းထဲမှာ စီနီယာတပည့်လီကို မသိတဲ့လူမရှိဘူးလို့ အမြဲတွေးထားတာ။ အဲဒီအတွေးကြောင့် ခင်ဗျား တံခါးပိတ်ကျင့်ကြံနေခဲ့တယ်ဆိုတာကို မေ့သွားတာ။" ပေသီးလေးက ရုတ်တရက် သတိပြုမိသွားပြီး အလျင်အမြန် တောင်းပန်လိုက်သည်။
"စီနီယာတပည့်လီအကြောင်း ပြောပြလို့ရနိုင်မလား။"
"စီနီယာတပည့်ဟန် ကျုပ် ပြောပြပေးနိုင်တာပေါ့။ ကောင်းပြီ.. ဂိုဏ်းထဲက ဂျူနီယာတပည့်တိုင်း စီနီယာတပည့်လီရဲ့ အကြောင်းသိကြတယ်။" ပေသီးလေးက စိီနီယာတပည့်လီ၏ ပြိုင်ဘက်က တွေဝေနေသည်ကို ကြည့်ရင်း ထိုအခွင့်အရေးကိုယူကာ စီနီယာတပည့်လီ၏ ဇာတ်လမ်းအကြောင်း ဟန်လိကို ရှင်းပြလိုက်သည်။
"စီနီယာတပည့်ဟန် ကျုပ် အပိုတွေမပြောဘူး။ ဒါပေမယ့် စီနီယာတပည့်လီ အကြောင်းကို ချီးရွှမ်ဂိုဏ်းရဲ့ ဂျူနီယာတွေရော စီနီယာတွေရော သိကြတယ်။"
တိုတောင်းသော မိတ်ဆက်မှုပြီးသည့်နောက် ပေသီးလေးက စီနီယာတပည့်လီ၏ အကြောင်းကို စတင်ပြောပြလာပြီး ထိုအကြောင်းက အမှန်တကယ် ရာဇဝင်တွင်လောက်ပေသည်။
ဤစီနီယာတပည့်လီသည် လွန်ခဲ့သော လေးနှစ်က ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော်လည်း ဟန်လိတို့နှင့် အသုတ််ချင်းမတူခဲ့ပေ။ သူက စမ်းသပ်စစ်ဆေးမှုကို ကျရှုံးခဲ့ပြီး တရားမဝင်တပည့်အဖြစ်နှင့် ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်။ သို့သော် နှစ်ဝက်ကြာပြီးနောက်တွင် သူက သူ၏ အဖွဲ့အတွင်း တရားမဝင်တပည့်များအားလုံးထဲတွင် အကောင်းဆုံးရလဒ်ကို ရရှိခဲ့ရုံသာမက အခြားစီနီယာတပည့်များနှင့်လည်း ယှဥ်ပြိုင်ခဲ့သေးသည်။ စီနီယာတပည့်အယောက်သုံးဆယ်ကျော်ကို တစ်ဖက်သတ်အနိုင်ပိုင်းနိုင်ခဲ့ပြီး မှတ်တမ်းများစွာ ချိုးဖျက်နိုင်ခဲ့ကာ စီနီယာတပည့်လီက ဂိုဏ်းအတွင်းရှိ အမြင့်ပိုင်းရာထူးများမှ အာရုံစိုက်မှုအများအပြားကို ရရှိလာသည်။ ပြင်းထန်သည့် စစ်ဆေးမှုများပြီးသည့်နောက်တွင် လူတိုင်းသည် စီနီယာတပည့်လီ၏ အရိုးများက အလွန် သာမန်ဆန်ပြီး သူ၏ အလားအလာသည်ပင် အကန့်အသတ်ရှိကြောင်း ထိတ်လန့်ဖွယ် သိရှိလိုက်ရသည်။ ဤသည်က ရာထူးအမြင့်ပိုင်းမှ လူများအားလုံးကို စိတ်ပျက်သွားစေခဲ့ပြီး မည်သူကမှ သူ့ကို ကိုယ်ပိုင်တပည့်အဖြစ် လက်မခံခဲ့ကြပေ။ အခြေခံလေ့ကျင့်ရေးနှစ်နှစ်တာကာလပြီးသည့်နောက် သူသည် စောင့်ရှောက်သူတစ်ယောက်၏ တပည့်ဖြစ်လာပြီး ချီးရွှမ်ဂိုဏ်း၏ အခြေခံအကျဆုံး သိုင်းပညာများကိုသာ သင်ယူနိုင်ခဲ့ပေသည်။ သူ အကျွမ်းကျင်ဆုံးဖြစ်သည့် လျှပ်စီးအလျဥ်ဓားသိုင်းပညာရပ်က ချီးရွှမ်ဂိုဏ်းအတွင်း သင်ယူရသည့် သာမန်အဆန်ဆုံး သိုင်းပညာများထဲမှ တစ်ခုဖြစ်သည်။
ထိုသည်က သူ့ဇာတ်ကြောင်း အဆုံးသတ်ဖြစ်လျှင် စီနီယာတပည့်လီသည် အစကောင်းသော်လည်း အဆုံးတွင် အဖျားရှူးသွားသော တစ်စုံတစ်ယောက်သာဖြစ်ပြီး ရာဇဝင်တွင်သည်ဟု ဆုံးဖြတ်၍ ရနိုင်မည်မဟုတ်ပေ။ သို့သော် ထိုသည်က တခဏသာဖြစ်ပြီး သူသည် ထိုသာမန်ဆန်သည့် သိုင်းပညာစွမ်းရည်ဖြစ်သော လျှပ်စီးအလျဥ်ဓားသိုင်းပညာတစ်ခုတည်းကို မှီခိုကာ နှစ်ကုန်ပြိုင်ပွဲအတွင်း တပည့်အားလုံးကို သိမ်းကျုံးအနိုင်ယူခဲ့သည်။ သိုင်းပညာရပ်တစ်ခုတည်းကို အသုံးပြုပြီး အဆင့်ဆယ့်ခြောက်ရခဲ့ကာ သူက သူ၏ မျိုးဆက်များအတွင်း ထိပ်ဆုံးများထဲမှ တစ်ယောက်ဖြစ်လာကာ ရာထူးအမြင့်ပိုင်းမှလူများ၏ အာရုံကို တစ်ဖန် ဆွဲဆောင်နိုင်ခဲ့သည်။
နှစ်ကုန်ပြိုင်ပွဲအတွင်း စီနီယာတပည့်လီက နှိုင်းယှဥ်မရအောင် ရဲရဲရင့်ရင့်နှင့် အစွမ်းထက်လှပြီး ထက်ရှသော ဓားတစ်လက်ကဲ့သို့ ပြိုင်ဘက်များအားလုံးကို အနိုင်ယူနိုင်ခဲ့သည်။ သူသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းအောင် မြင့်မားသည့် အဆင့်ကို ရရှိခဲ့ကာ ချီးမွမ်းမှုများစွာ ရရှိခဲ့ပြီး တပည့်အသစ်လေးများအားလုံး၏ ဂုဏ်ယူစရာဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပြိုင်ပွဲအတွင်း သူက အမှန်တကယ် တတိယအဆင့် ရရှိခဲ့ပေသည်။ ပထမအဆင့်နှင့် ဒုတိယအဆင့်နှစ်ခုကို ရရှိသည့် တပည့်များက ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ ဆယ်နှစ်ရှိနေပြီဖြစ်ကြောင်း သိထားရပေမည်။ ထိုတပည့်နှစ်ယောက်က အကြီးတန်းမျိုးဆက်မှ တပည့်များဖြစ်ပြီး သူတို့၏ အသက်များက အကြမ်းဖျင်း ၂၇၊ ၂၈ ခန့်ရှိကာ သူတို့တွင် စီနီယာတပည့်လီနှင့်ယှဥ်လျှင် ပိုမိုအားကောင်းသည့် အတွင်းစွမ်းအားများ ရှိပေသည်။ စီနီယာတပည့်လီသာ ထိပ်သီးအဆင့်နှစ်နေရာမှ တပည့်များကဲ့သို့ တူညီသည့် အတွင်းစွမ်းအားများ ရှိခဲ့လျှင် စီနီယာတပည့်လီက ကျိန်းသေ ပထမရရှိပေလိမ့်မည်။
သိသာစွာပင် ထိုအဖြစ်ကြောင့် စီနီယာတပည့်လီက ရာထူးအမြင့်ပိုင်းမှ လူများ၏ အာရုံကို တစ်ဖန် ဆွဲဆောင်နိုင်ခဲ့ပြီး ဂိုဏ်းအပြင်သို့ သွား၍ ချီးရွှမ်ဂိုဏ်း၏ ပြင်ပအရေးကိစ္စများကို အကူအညီပေးရန် အထူးအဆိုပြုခံရသည်။ တူညီသော မျိုးဆက်မှ တပည့်များက ကျင့်ကြံနေဆဲရှိသည့်အချိန်တွင် စီနီယာတပည့်လီက ချီးရွှမ်ဂိုဏ်း အရေးကိစ္စများကို ထူးချွန်စွာ ထမ်းဆောင်ပေးရင်း ကျန်းဟူအတွင်း 'လီဟူ' ဆိုသော အမည်ရရှိခဲ့သည်။
[လီဟူ- လီ(မျိုးရိုးအမည်)၊ ဟူ(ကျားသတ္တဝါ)]
ထို့နောက်တွင် သူက အထွတ်အထိပ်ခုနစ်ပါးခန်းမသို့ ဝင်ရောက်ရန် ခွင့်ပြုချက်ရရှိခဲ့ပြီး ပိုမိုမြင့်မားသည့် သိုင်းပညာတို့ကို သင်ယူရန်အခွင့်အရေး ရရှိခဲ့သည်။
ဟန်လိက စိတ်လှုပ်ရှားသွားမိပေသည်။ သူသည် ထိုဇာတ်ကြောင်းကိုကြားပြီးနောက် သူကြားသည့်အရာအားလုံးသာ အမှန်ဖြစ်လျှင် စီနီယာတပည့်လီက အမှန်တကယ် ထူးချွန်ထက်မြက်သူဖြစ်မည်ဟု တွေးလိုက်သည်။ စီနီယာတပည့်လီသည် တရားမဝင်တပည့်အဖြစ် စတင်ခဲ့သော်လည်း သူက ယနေ့ရလဒ်မျိုးထွက်လာသည်အထိ စွမ်းဆောင်နိုင်ခဲ့ရာ မည်မျှ လေးစားဖွယ်ကောင်းလိုက်သနည်း။
ကျန်းချန်ကွေ့၏ ဘက်တွင် အချိန်အတော်ကြာဆွေးနွေးနေခဲ့ပြီးနောက် သူတို့က တွန့်ဆုတ်စွာနှင့် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သည်။
သူတို့ စေလွှတ်လိုက်သည့်တပည့်မှာ အားကောာင်းပုံရပြီး သူ၏ ခါးတဝိုက်တွင် ချိတ်ထားသည့် ဓားအိမ်မှ လက်ချောင်းအရွယ် ထူထဲသော ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ဓားကိုင်ထားသည့်တပည့်က သေချာပေါက် သာမန်နောက်ခံမျိုးမဟုတ်သည်မှာ သေချာပေသည်။
စီနီယာတပည့်လီသည် တိုက်ပွဲနေရာအတွင်း တစ်စုံတစ်ယောက် ဝင်လာသည်ကို ခံစားမိပြီးနောက် တောက်ပသော အလင်းများနှင့် ပြည့်နေပုံရသည့် သူ၏ မျက်လုံးများကို ဖြေးညင်းစွာ ဖွင့်လိုက်သည်။
ရုတ်တရက် စီနီယာတပည့်လီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူ၏ ရုတ်တရက် အော်ဟစ်လိုက်မှုက မိုးကြိုးပစ်သံကဲ့သို့ပင် ပတ်ဝန်းကျင်တစ်ခွင်လုံးကို ပဲ့တင်ထပ်သွားကာ လူတိုင်း၏ နားထဲသို့ တိုးဝင်လာသည်။ သူ့ပြိုင်ဘက်သည်လည်း ထိုအော်သံကြောင့် သက်ရောက်ခံလိုက်ရသည့်ပုံပေါ်ကာ သူ့မျက်နှာထက်တွင် ကြောက်ရွံ့သည့်အမူအရာ စတင်ပေါ်ပေါက်လာသည်။
စီနီယာတပည့်လီက အော်ဟစ်လိုက်သံနှင့်အတူ သူ့ဓားကို ဆွဲထုတ်လိုက်သည်။ လျှပ်တပြက်လှုပ်ရှားမှုနှင့် အယောင်ပြလှုပ်ရှားမှုတစ်ခုက ဓားသွားပုံရိပ်ဆယ်ခု ထုတ်လွှတ်လာကာ မရေတွက်နိုင်သော ဓားများကြားတွင် သူ့ပြိုင်ဘက်ကို ပိတ်ဆို့ထားလိုက်သည်။
သို့သော် စီနီယာတပည့်လီ၏ သတိရှိကာ လျင်မြန်ဖျတ်လတ်သူ ဖြစ်သည်။ သူက အနည်းငယ် အထိတ်တလန့်ဖြစ်သွားသော်လည်း သူ့ဓားလှုပ်ရှားမှုက သွက်လက်ကာ ပရိယာယ်များပြီး ဓားချက်များကို ထိုးမဖောက်နိုင်သောခံစစ်ဖြင့် ခုခံကာကွယ်လိုက်နိုင်သည်။
"ဒီလူက ဘယ်သူလဲ။" ဟန်လိက မနေနိုင်ဘဲ မေးလိုက်သည်။
"သူက ပဉ္စမအကြီးအကဲရဲ့သား ကျောက်ကျစ်လင်ပဲ။ သူ သုံးသွားတဲ့ စွမ်းရည်ကို မိုးမခဓားရေးလို့ခေါ်ပြီး အဲဒီဓားသိုင်းကို ယှဥ်တိုက်နိုင်ဖို့ အတော်လေး ခက်ခဲလိမ့်မယ်။"
"စီနီယာတပည့်လီနဲ့ ယှဥ်ရင် သူက အားကောင်းလဲ။"
"သေချာပေါက် စီနီယာတပည့်လီက ပိုအစွမ်းထက်တာပေါ့။" ပေသီးလေးက ပြောလိုက်ပြီး သူ့မျက်နှာက ဂုဏ်ယူမှုတို့နှင့် လင်းလက်နေသည်။
"အင်း.. ဘာလို့ ကျန်းချန်ကွေ့က ဒီထက်ပိုအစွမ်းထက်တဲ့သူမျိုး မလွှတ်ရတာလဲ။"
"ဟီးဟီ.. ကျောက်ကျစ်လင်က သူတို့ထဲမှာ အစွမ်းအထက်ဆုံးပဲ။ ကျုပ်တို့ ဂျူနီယာတပည့်တွေကြားမှာ စီနီယာတပည့်လီကို ဘယ်သူယှဥ်နိုင်မှာလဲ။ သူတို့ ဘယ်သူ့ကိုပဲလွှတ်လွှတ် အသုံးမဝင်ဘူး။" ပေသီးလေးက တစ်ဖက်ပြိုင်ဘက်၏ ကံမကောင်းမှုကို နှစ်ထောင်းအားရမှု ဖြစ်နေပုံရသည်။
အမှန်ပင် ကျောက်ကျစ်လင်၏ ဓားရေးမှာ ပရမ်းပတာမဟုတ်သော်လည်း သတ်ဖြတ်လိုစိတ်များ ကင်းမဲ့နေသည်။ သူသည် စီနီယာတပည့်လီကြောင့် ရှုံးနိမ့်ရန် ဖိအားပေးခံနေရပြီး အတွေ့အကြုံရှိသူများသည် အကြည့်တစ်ချက်တည်းနှင့်ပင် ကျောက်ကျစ်လင်၏ ရှုံးနိမ့်မှုက အနှေးနဲ့အမြန်သာဖြစ်ကြောင်း ပြောနိုင်ပေသည်။
ဟန်လိသည် တခဏမျှ ဆက်ကြည့်နေပြီးနောက် သူ့နှလုံးသားထဲ၌ နောက်ထပ် သံသယတစ်ခု ဖြစ်ပေါ်လာသည်။
"ကျုပ် ထူးဆန်းနေတာ တစ်ခုရှိတယ်။ ဘာလို့ ဒီမှာ ရှိနေတဲ့ တပည့်အားလုံးက မျိုးဆက်အငယ်လေးတွေပဲ ဖြစ်နေတာလဲ။ စီနီယာတွေကရော။ စည်းမျဥ်းတွေက သူတို့ကို ဝင်မတိုက်ဖို့ ကန့်သတ်ထားရင်တောင် စိတ်လှုပ်ရှားစရာကောင်းတာကို သူတို့လည်း တစ်ယောက်နှစ်ယောက်လောက်တော့ လာကြည့်သင့်တာမဟုတ်ဘူးလား။ ဒါပေမယ့် ဒီမှာ စီနီယာတပည့်တစ်ယောက်မှမရှိဘူး။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။" ဟန်လိက သူ့နှလုံးသားထဲမှ သံသယကို ပွင့်လင်းစွာ မေးလိုက်သည်။
ပေသီးလေးသည် ဟန်လိ၏ မေးခွန်းကိုကြားပြီးနောက် သူ့အမူအရာက လုံးဝပြောင်းလဲသွားကာ ဟန်လိကို ကြည့်နေရင်း သူ့မျက်နှာထက် ကိုးရို့ကားယားနိုင်သော အမူအရာတို့ ထွက်ပေါ်လာသည်။ ဤသည်မှာ ဟန်လိကို အလွန်မရေမရာခံစားသွားရစေသည်။ သူက ဂိုဏ်း၏ တားမြစ်ထားသော မေးခွန်းမျိုး မေးလိုက်မိခြင်း ဖြစ်နိုင်သလား။
[Note: 'ကျန်းဟူ'မှ ဟူနှင့် 'လီဟူ'၏ ဟူတို့ အဓိပ္ပါယ်မတူညီပါ။]