← Chapters

ကျန်းဟူအတွင်းမှ တိုက်ပွဲ  

Vol. 2 Ch. 19

ကျန်းဟူအတွင်းမှ တိုက်ပွဲ  

Vol. 2 Ch. 19

"စီနီယာတပည့်ဟန် ခင်ဗျားက တကယ့်ကို အပြင်လောကအကြောင်း မသိတာပဲ။ ဂိုဏ်းထဲက ဒီလောက်ကြီးမားတဲ့ အဖြစ်အပျက်ကိုတောင်မှ မသိဘူးလား။ ခင်ဗျားက တံခါးပိတ်ကျင့်ကြံနေတယ်ဆိုရင်တောင် ခင်ဗျားရဲ့ ဆရာကတော့ ပြောပြသင့်တယ်လေ။" ပေသီးလေး၏ လေသံက တဖြေးဖြေး ပို၍ သံသယဖြစ်လာပုံရပေသည်။

မေးခွန်းကို ကြားပြီးနောက် ဟန်လိက စကားပြောရန် အလုပ်ရှုပ်မခံခဲ့ပေ။ ထို့အစား သူက ဂိုဏ်းတံဆိပ်ပြားကို ထုတ်ယူကာ ပေသီးလေး စစ်ဆေးနိုင်ရန် ပေးလိုက်သည်။

"စီနီယာတပည့်ဟန် ဘာတွေလုပ်နေတာလဲ။ ကျုပ် ဘယ်တုန်းက ခင်ဗျားကို သံသယဝင်ဖူးလို့လဲ။ ကျုပ်က ဘယ်လိုလုပ် ခင်ဗျားကို မယုံကြည်ဘဲနေပါ့မလဲ။ ခင်ဗျားကို စတွေ့ကတည်းက ရင်းနှီးနေတယ်လို့ ခံစားမိတာ။ ကျုပ်တို့ ဟိုးအရင်ကတည်းက တွေ့ဖူးတာဖြစ်ရမယ်.. ဟီးဟီး။" ပေသီးလေးက ဂိုဏ်းတံဆိပ်ပြားကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်ပြီး ဟန်လိက အမှန်တကယ်ပင် အချို့အကြီးအကဲ၏ တပည့်ဖြစ်ကြောင်း တွေ့ရှိလိုက်ရကာ အခြေအနေတင်းမာမှုကို ပြေလျော့စေရန် ကိုးရို့ကားယား ရယ်မောလိုက်သည်။

"အခု ပြောပြလို့ရပြီလား။" ဟန်လိသည် သူ အစောပိုင်းက မေးလိုက်သည့် မေးခွန်းအကြောင်း ဂရုစိုက်နေဆဲ ဖြစ်သည်။

"ဒါပေါ့။ ပြဿနာမရှိပါဘူး။"

'သေစမ်း.. ကြောက်စရာပဲ။ ငါ ဒီကောင်ကို မဆန့်ကျင်မိခဲ့ဖို့ မျှော်လင့်တယ်။' ပေသီးလေးက တုန်ယင်နေသည့် နှလုံးသားနှင့် တိုးသက်စွာ ရေရွတ်လိုက်ပြီးနောက် ကိစ္စရပ်တစ်ခုလုံးကို ဟန်လိထံ ​ပြောပြခဲ့သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ချီးရွှမ်ဂိုဏ်းနှင့် ဝံပုလွေရိုင်းဂိုဏ်းသည် အနီးအနားရှိ ချမ်းသာကြွယ်ဝသော မြို့များကို ထိန်းချုပ်ရန်အတွက် တိုက်ခိုက်ရသည့် အကြိမ်ရေက စိပ်လာပေသည်။ ဤအစွမ်းထက် အင်အားစုနှစ်ခုလုံးက စုစုပေါင်း ဆယ်ကြိမ်ကျော် တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်လုံး အသေအပျောက်များခဲ့ကြ၏။ မြင်းစီးဓားပြများကဲ့သို့ လေ့ကျင့်ခဲ့သော ဝံပုလွေရိုင်းဂိုဏ်း၏ အဖွဲ့ဝင်များက သေရမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ အလွန် ရက်စက်ကြမ်းကြုတ်ကာ သွေးမြင်သည်နှင့် ရူးသွပ်သွားကြလိမ့်မည် ဖြစ်သည်။ ချီးရွှမ်ဂိုဏ်း၏ တပည့်များက ထိပ်တန်းသိုင်းပညာတို့ သင်ယူထားသော်လည်း ထိုမျှထိ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ကို ပိုင်ဆိုင်ထားခြင်းမရှိသည့်အတွက် ဝံပုလွေရိုင်းဂိုဏ်းနှင့် ရင်ဆိုင်ရသည့်အခါ သူတို့က အလွန်အမင်း ထိခိုက်မှုဖြစ်စေမည်ကို အမြဲရှောင်ရှားကြပေသည်။

ထို့ကြောင့် အဆုံးတွင် ချီးရွှမ်ဂိုဏ်းက ပို၍ပင် အထိအခိုက်အကျအဆုံး များခဲ့သည်။ အကြိမ်ရေအနည်းငယ် ပိုမိုတိုက်ခိုက်ခဲ့ပြီးနောက် ချီးရွှမ်ဂိုဏ်းမှ ရာထူးမြင့်မားသူများကလည်း သည်အတိုင်းထိုင်မနေနိုင်တော့ဘဲ ဝံပုလွေရိုင်းဂိုဏ်းမှ အဖွဲ့ဝင်များကို ဖြိုခွဲရန် ဂိုဏ်းအတွင်းမှ ထူးချွန်သောတပည့်များကို စုစည်းစေသည်။ ချီးရွှမ်ဂိုဏ်းက မည်သည့်အတွက်ကြောင့် ထိုသို့လုပ်ရသည်မှာ အကြောင်းရင်းနှစ်ချက် ရှိသည်။ ပထမတစ်ချက်မှာ ၎င်းတို့ နယ်မြေအတွင်းမှ မြို့များအား ထိန်းချုပ်မှုကို လက်လွှတ်လိုက်ရန်မှာ အလွန်အဖိုးတန်နေခြင်းကြောင့် ဖြစ်ပြီး ဒုတိယတစ်ချက်မှာ တပည့်များက သွေးထွက်သံယို တိုက်ပွဲများနှင့် ရင်းနှီးလာစေရန် ကျန်းဟူအတွင်း တိုက်ပွဲအတွေ့အကြုံ ရစေလို၍ဖြစ်သည်။

သို့ဆိုလျှင်ပင် ပြီးခဲ့သည့် တိုက်ပွဲအနည်းငယ်အတွင်း ချီးရွှမ်ဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်များက အရေးသာမှုကို ဆုပ်ကိုင်ထားနိုင်သော်လည်း အသေအပျောက်က များပြားနေဆဲ ဖြစ်သည်။ စီနီယာအချို့သည်ပင် ဂိုဏ်းသို့အသက်ရှင်လျက်ပြန်လာရန် ကျရှုံးခဲ့ရသည်။ ပေသီးလေးက ထိုအကြောင်းကို ပြောပြပြီးနောက် သူက သက်ပြင်းချလိုက်မိသည်။

ထို့နောက် ဂိုဏ်းခေါင်းဆောင်များသည် အတွင်းဂိုဏ်းတပည့်များကို ကျန်းဟူအတွင်း အတွေ့အကြုံရစေရန် အချို့သော တာဝန်အသေးလေးများသာ လုပ်ဆောင်စေခြင်းဖြင့် သူတို့၏ ဗျူဟာကို ပြောင်းလဲလိုက်သည်။ သူတို့က တိုက်ပွဲအတွေ့အကြုံများ ပိုမိုရရှိလာပြီးနောက် ပြန်ရောက်လာကာ ဝံပုလွေရိုင်းဂိုဏ်းကို တိုက်ခိုက်ရန် ဂိုဏ်းနှင့် ပူးပေါင်းလိမ့်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အသေအပျောက်အရေအတွက် သိသိသာသာ လျော့ကျသွားသည်။ ယခု အတွင်းဂိုဏ်းတပည့်များသည် ဂိုဏ်းအတွင်း နှစ်နှစ်ကျင့်ကြံပြီးနောက် အတွေ့အကြုံရရန် တောင်အောက်သို့ ဆင်းကာ တာဝန်အသေးလေးအချို့ကို လုပ်ဆောင်ရလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် ဝံပုလွေရိုင်းဂိုဏ်းနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။

ထို့ကြောင့် စီနီယာအစ်ကိုများသည် တောင်အောက်သို့ ဆင်းသွားကြပြီဖြစ်ကာ ဂိုဏ်းအတွင်း၌ ကာကွယ်စောင့်ရှောက်သူအနည်းငယ်နှင့် အပြည့်အဝ မလေ့ကျင့်ရသေးသည့် ဂျူနီယာတပည့်လေးများသာ ကျန်ရစ်ပေသည်။

ထိုအကြောင်းများကို နားထောင်ပြီးနောက် ဟန်လိသ​ည် ရုတ်တရက် တောင်ပေါ်၌ မည်သည့်အတွက်ကြောင့် လွန်ခဲ့သည့်လေးနှစ်ကနှင့် ကွာခြားနေရကြောင်း နားလည်သွားသည်။

ထန်... အသံတစ်ခုနှင့်အတူ ကောင်းကင်အတွင်း ဓားတစ်လက် ပျံသန်းလာသည်။

ကျောက်ကျစ်လင်၏ ဘယ်ဘက်လက်က ညာဘက်လက်ပေါ်ရှိ ဒဏ်ရာအပေါ် ဖိအုပ်ထားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာခဲ့ရကာ သူ့မျက်နှာက ဖြူဖျော့နေ၍ အသက်ရှုသံက လေးလံနေခဲ့သည်။

စီနီယာတပည့်လီ၏ ရက်စက်သောဓားပညာရပ်အောက်တွင် ကျောက်ကျစ်လင်က ပြန်ဆုတ်ခွာရန် အချိန်ပင် မရလိုက်သည့်အတွက် ရွေးချယ်စရာမရှိဘဲ လက်ထဲမှ ဓားကိုအသုံးပြုကာ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးရန် လုပ်ဆောင်လိုက်ရသည်။ သူ၏ အတွင်းအားမလုံလောက်မှုကြောင့် သူ ကိုင်ဆောင်ထားသည့် လက်နက်မှာ တိုက်ခိုက်ခံရပြီးနောက် လေထဲသို့ လွင့်စင်သွားခဲ့ပေသည်။

"စီနီယာတပည့်လီ ခင်ဗျားက တကယ်ကို အစွမ်းထက်ပါတယ်။ ဒီဂျူနီယာညီလေးက အရှုံးကို ဝန်ခံပါတယ်။" ကျောက်ကျစ်လင်က အတင်းအကျပ် ပြုံးရင်း အရိုအသေပေးလိုက်သည်။

ကြည့်ရှုနေသူများထံမှ ကျယ်လောင်သည့် အားပေးချီးမြှောက်သံများ ထွက်ပေါ်လာသည်။

"စီနီယာတပည့်လီ ဘယ်လောက် ကောင်းမွန်တဲ့ သိုင်းပညာစွမ်းရည်လဲ။"

"စီနီယာတပည့်လီက ဓားသိုင်းပညာရပ်မှာ ထူးချွန်လိုက်တာ။"

"စီနီယာတပည့်လီ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်မှုတချို့ပေးပါ။"

သူတို့၏ စံပြပုဂ္ဂိုလ်အတွက် ကြည်ညိုလေးစားစွာဖြင့် အော်ဟစ်သံတို့ ထွက်ပေါ်လာပြီး အသံများက ထိုနေရာတစ်ခွင် ပဲ့တင်ထပ်နေသည်။

စီနီယာတပည့်လီက ကြီးမားသည့် ဓားကြီးကို လေထဲတွင် မ,ထားပြီး သူ့ပါးပြင်တို့က နီမြန်းလာသည်။ အစပိုင်းတွင် သူက တစ်ခုခု ပြောချင်ပုံရသော်လည်း တစ်စုံတစ်ခုကို တွေးမိလိုက်သည်နှင့် သူ့အမူအရာက ရုတ်တရက်ပြောင်းလဲသွားကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

စီနီယာတပည့်လီက အေးစက်စွာပြောလိုက်၏။ "ငါ့မှာ လုပ်စရာရှိသေးလို့ ဒီလောက်နဲ့ပဲ.. နှုတ်ဆက်ပါတယ်။"

ချက်ချင်းပင် စီနီယာတပည့်လီက လှည့်ထွက်သွားကာ ရွေ့လျားမှုပညာရပ်ကို အသုံးပြု၍ ထိုနေရာမှ ထွက်ခွာသွားလေသည်။

"ကျစ်.. ကျစ်..... စီနီယာတပည့်လီက ဓားသိုင်းပညာရပ်မှာတင် ကျွမ်းကျင်တာ မဟုတ်ဘူး။ သူ့ရဲ့ ရွေ့လျားမှုပညာရပ်ကလည်း ထိပ်တန်းပဲ။"

"ဟုတ်တယ်။"

"တကယ့်ကိုပဲ။"

ချီးကျူးသည့်စကားများက စတင်ပျံ့လွင့်လာသည်။

ဟန်လိက မျက်မှောင်ကြုတ်လိုက်၏။ ဤစီနီယာတပည့်လီ၏ သိုင်းပညာက အမှန်တကယ် မဆိုးသော်လည်း ဆယ်ကျော်သက်ကလေးကဲ့သို့ ချီးမွမ်းခံရခြင်းကို သဘောကျပုံပေါ်သည်။

ဟန်လိက သုံးသပ်ပြီးနောက် ခါးသက်စွာ ပြုံးလိုက်မိသည်။ သူကိုယ်တိုင်က စီနီယာတပည့်လီထက် အသက်မကြီးသော်လည်း သူ့အတွေးများက အဘိုးအိုတစ်ယောက်ကဲ့သို့ ရင့်ကျက်နေပေသည်။ ကြည့်ရသည်မှာ အမည်မဲ့ကျင့်စဥ်ကို ကျင့်ကြံပြီးနောက် သူ၏ စိတ်အခြေအနေက အသက်အရွယ်နှင့်ယှဥ်လျှင် ရင့်ကျက်နှုန်း ပိုမြန်ပုံရလေသည်။

"ဂျူနီယာတပည့်လေး အခုထိ ကျုပ် မင်းရဲ့နာမည်ကို မသိသေးဘူးနော်။" ဟန်လိက အနီးရှိ ပေသီးလေးကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။

"ကျုပ်နာမည်က ကျင်းသုန်းပေါင်ပါ။ ဒါပေမယ့် စီနီယာတပည့်ဟန်က ကျုပ်ကို ပေသီးလေးလို့ ခေါ်နိုင်ပါတယ်။" ပေသီးလေးက ဟန်လိဆီမှ နာမည်အမေးခံပြီးနောက် စိတ်လှုပ်ရှားသွားသည်။ သူသည် ဟန်လိ၏ မျက်နှာသာပေးမှုကို ရနိုင်လျှင် အနာဂတ်၌ ကျောထောက်နောက်ခံအဖြစ် အသုံးပြုနိုင်လိမ့်မည်ဟု တွေးနေခဲ့သည်။

"နောက်တစ်ခါ မင်း ဖျားနာတာ ဒါမှမဟုတ် ဒဏ်ရာရတာရှိရင် ကျုပ်ဆီ လာခဲ့ပါ။ ကျုပ် မင်းကို အလကားကုပေးမယ်။" ဟန်လိက သူ့ပခုံးကို ပုတ်ကာ ပြန်လှည့်၍ တောအုပ်အတွင်းသို့ လျှောက်သွားခဲ့ပေသည်။

ဟန်လိက သူ၏ စကားကို နားမလည်နိုင်ဘဲ ကြောင်အနေသည့် ကျင်းသုန်းပေါင်ကို ချန်ထားရစ်ခဲ့သည်။

All Chapters