← Chapters

အဆီအနှစ်ထုတ်ယူခြင်းဆေးလုံး/ ချိုးဆွေဆေးလုံး

Vol. 2 Ch. 20

အဆီအနှစ်ထုတ်ယူခြင်းဆေးလုံး/ ချိုးဆွေဆေးလုံး

Vol. 2 Ch. 20

တောင်တန်းမှ လမ်းတလျှောက်ကို လျှောက်လာပြီးနောက် ဟန်လိသည် ဖက်တီးဝမ်နှင့် ကျန်းချန်ကွေ့တို့၏ ရန်​ငြိုး မည်သို့ဖြေရှင်းသည့်အကြောင်း ဆွေးနွေးနေမှုများကို ကြားနေရဆဲ ဖြစ်သည်။ သို့သော် ဟန်လိသည် အခြားကိစ္စများကို ထပ်မံအရေးမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။

သူက ပေသီးလေး၏ ကြောင်အနေသည့် အမူအရာကို တွေးလိုက်မိသည့်အခါ မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မိလိုက်ပေသည်။ တောင်ကြားအပြင်ဘက်သို့ လေ့လာရေးခရီးထွက်ခြင်းက အမှန်ပင် သူ၏ စိတ်ဝိညာဥ်ကို ရွှင်လန်းစေပြီး ယခင်ကကဲ့သို့ စိတ်ဖိစီးနေခြင်းမရှိတော့ပေ။

သူက တောထဲမှ လျှောက်ထွက်လာကာ ရှေ့သို့ တည့်တည့်ဦးတည်လိုက်သည်။ လမ်း၏အဆုံးတွင် ချောင်းငယ်လေးတစ်ခု ပေါ်ပေါက်လာသည်။

ဟန်လိက ခေါင်းကို အထက်သို့မော့ကာ မီးကဲ့သို့ အလျှံငြီးငြီးတောက်လောင်နေသည့် နေမင်းအား ကြည့်လိုက်ပြီးနောက် စူးရှသောအလင်းကို ရှောင်ရန် ခေါင်းငုံ့ကာ စမ်းချောင်းထဲမှ ရေအချို့သောက်ရန် ပြင်လိုက်သည်။ သူသည် ယခုချက်ချင်း ရေဆင်းချိုးလိုက်ရန်မှာ ဆိုးရွားသည့် အကြံမဟုတ်ဟု ခံစားလိုက်ရသည်။

သူက ထိုင်ချလိုက်ပြီး လက်နှစ်ဖက်လုံးကို အေးစက်သည့်စမ်းချောင်းအတွင်း နှစ်လိုက်စဥ် နာကျင်မှုနှင့် ပြည့်နေသောအသံတစ်ခုက သူ့နားထဲ ရုတ်တရက် ရောက်ရှိလာသည်။

ဟန်လိက အံ့အားသင့်သွားသည်။ ဤကဲ့သို့ ဝေးလံခေါင်သီသည့် နေရာမျိုးတွင် လူများရှိနေသည်လားဟု တွေးလိုက်မိသည်။

အသံလာရာသို့ လိုက်သွားကြည့်သည့်အခါ ဟန်လိသည် စမ်းချောင်းအထက်ပိုင်းသို့ ရောက်သွားခဲ့ပြီး တပည့်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်က တဆတ်ဆတ်တုန်ယင်နေသော ခန္ဓာကိုယ်နှင့် ခြေလက်များယက်ကန်ယက်ကန်ဖြစ်နေရင်း မြေပြင်၌ လဲကျနေသည်ကို မြင်လိုက်ရသည်။

ဟန်လိ ထိုသူကို မြင်သည့်အခိုက်အတန့် သူသည် ဤတပည့်က ပြင်းထန်သည့် ဝေဒနာကို ခံစားနေရခြင်းဖြစ်ကြောင်း သိရှိလိုက်ပြီး သူသာ ယခုချက်ချင်း အကူအညီမပေးခဲ့လျှင် ဤတပည့်၏ အသက်က အန္တရာယ်ရှိပေလိမ့်မည်။

ဟန်လိက ထိုနေရာသို့ အပြေးသွားခဲ့ပြီး သူ့ဝတ်စုံထဲမှ သစ်သားသေတ္တာလေးကို ထုတ်ယူလိုက်သည်။ သစ်သားသေတ္တာလေးထဲမှ အလင်းရောင်ပြန်ဟပ်နေသည့် ငွေရောင်အပ်လေးများကို ထုတ်ယူလိုက်ကာ ထိုတပည့်၏ နောက်ကျောမှ အပ်စိုက်မှတ်များဆီ စိုက်လိုက်သည်။

သူက ထိုတပည့်နောက်ကျောမှ အပ်စိုက်မှတ်များကို စိုက်ပြီးသွားသည့်နောက် ထိုတပည့်ကို ပက်လက်လှန်လိုက်ကာ သူ့ရင်ဘတ်မှ အပ်စိုက်မှတ်များကို စိုက်ပေးရန် လုပ်ဆောင်လိုက်သည်။

သို့သော် သူက ထိုတပည့်ကို ပက်လက်လှန်လိုက်သည့်အချိန် ဟန်လိက လေအေးတို့ရှိုက်သွင်းလိုက်မိလေသည်။ သူက အလွန်ပင် ထိတ်လန့်မိသွားခဲ့၏။ ဤလူမှာ.... ယခုလေးတင် အကြောလိုက်သလို ယက်ကန်ယက်ကန်ဖြစ်နေသူမှာ အခြားမဟုတ်ဘဲ အစောပိုင်းက တိုက်ပွဲတွင် ပါဝင်ခဲ့သော စီနီယာတပည့်လီ ဖြစ်လေသည်။

ဟန်လိက စီနီယာတပည့်လီ၏ မျက်နှာကို ကြည့်ရင်း အံ့သြမှင်တက်နေရုံသာ တတ်နိုင်သည်။

လက်ရှိ စီနီယာတပည့်လီတွင် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ၏ အရှိန်အဝါတို့ ရှိမနေပေ။ သူရဲကောင်းဆန်သည့် အပြုအမူတို့ကို အစအနပင်ရှာမရဘဲ နာကျင်မှုအပြည့်နှင့် ရှုံ့တွနေသော အေးစက်သည့်မျက်နှာသာလျှင် ရှိပြီး သူ့ပါးစပ်ထဲမှ အဖြူရောင်အမြှုပ်များ ထွက်နေသေးသည်။ သိသာစွာပင် စီနီယာတပည့်လီက တောင့်ခံရန် ခက်ခဲလှသည့် နာကျင်မှုကို ခံစားနေရပြီး အသိစိတ်လွတ်လုနီးပါးပင် ဖြစ်သည်။

ဟန်လိက ခပ်ဖွဖွရေရွတ်လိုက်ပြီး သူ၏ တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းလိုက်သည်။ စီးဆင်းနေသောရေကဲ့သို့ ဟန်လိ၏ လက်များသည် ဒါဇင်ချီသောအက်များနှင့် စီနီယာတပည့်လီ၏ အပ်စိုက်မှတ်များကို စတင်၍ အဆက်မပြတ် ထိုးစိုက်လိုက်သည်။ သူက နောက်ဆုံးအပ်ကို စိုက်ပြီးသည့်အခါ နဖူး၌ သီးနေသည့် ချွေးတို့ကို သုတ်ကာ သက်ပြင်းချလိုက်သည်။ ငွေအပ်လေးများအား အသုံးပြု၍ အပ်စိုက်မှတ်တစ်ခုချင်းစီကို ထိုးစိုက်ရန် ခွန်အားလိုအပ်ပြီး သူ့ထံမှ ပမာဏကြီးမားသော စွမ်းအားတို့ကို ကုန်ခမ်းစေသည်။

စီနီယာတပည့်လီ၏ ခန္ဓာကိုယ်က ငွေအပ်များနှင့် ထိုးစိုက်ခံထားရပြီး ဖြူကောင်ကဲ့သို့ဖြစ်နေကာ နောက်ဆုံးတွင် သူက အသိစိတ်ပြန်လည်ရရှိလာပေသည်။

"မင်းက..." စီနီယာတပည့်လီက တစ်စုံတစ်ခုပြောရန် ကြိုးစားလိုက်သော်လည်း သူ့တွင် ခွန်အားမလုံလောက်သည့်အတွက် စကားလုံး အနည်းငယ်ထက်ပို၍ မပြောနိုင်ပေ။

"ကျုပ်က နတ်ဘုရားလက်တောင်ကြားကပါ။ စကားမပြောနဲ့.. ခွန်အားကို ချွေတာ။ ခင်ဗျားရဲ့ ဝေဒနာက အရမ်းထူးဆန်းတယ်လို့ပဲ ပြောနိုင်တယ်။ ကျုပ်ရဲ့ ခန့်မှန်းချက်အရတော့ ကျုပ်ဆရာ သမားတော်မော့တစ်ယောက်ပဲ ခင်ဗျားကို ကယ်နိုင်လိမ့်မယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူက အခု တောင်ပေါ်မှာ ရှိမနေဘူး။" ဟန်လိက စီနီယာတပည့်လီ၏ သွေးကြောကိုစမ်းရင်း မျက်မှောင်ကြုတ်ကာ တွေးတွေးဆဆနှင့် ပြောလိုက်သည်။

"ဆေး... ဆေး..က...." စီနီယာတပည့်လီ၏ မျက်နှာက ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများက တုန်ယင်နေကာ လက်ကို မ,၍ တစ်စုံတစ်ခုကို ညွှန်ပြချင်သည့်ဟန်ရှိသော်လည်း သူက မအောင်မြင်ခဲ့ပေ။

"ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဝေဒနာအတွက် ကုသဖို့ဆေးရှိတယ်လို့ ပြောတာလား။" ဟန်လိက သူ၏ ဆိုလိုရင်းကို အကြမ်းဖျင်း နားလည်လိုက်သည့်အတွက် စီနီယာတပည့်လီကို မေးလိုက်သည်။

"ဟုတ်.. တယ်..." စီနီယာတပည့်လီသည် ဟန်လိက သူ့ဆိုလိုရင်းကို နားလည်သွားသည်အား မြင်သည့်အတွက် သူ့ပုံစံက စိတ်သက်သာရာ ရသွားရင်း ခေါင်းညိတ်လိုက်သည်။

ဟန်လိ ယဥ်ကျေးမနေတော့ဘဲ စီနီယာတပည့်လီ၏ ခန္ဓာကိုယ်ပေါ်တွင် ဖြေဆေးရှာလိုက်သည်။ သူသည် အသုံးမဝင်သည့်ပစ္စည်းများစွာကို တွေ့ခဲ့ပြီး ၎င်းတို့ကြားတွင် သေးငယ်သည့် အဖြူရောင် ကျောက်စိမ်းပုလင်းလေးကို တွေ့သည့်အတွက် ထုတ်ယူလိုက်သည်။ ထိုပုလင်းကို စျေးကြီးသည့် ကုန်ကြမ်းပစ္စည်းနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး တင်းကျပ်စွာ ပိတ်ဆို့ထားသည်။ သူသည် ထိုအရာက စီနီယာတပည့်လီ ရှာနေသည့် အရာဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

သူက ပုလင်းကို ထုတ်ယူလိုက်ပြီး စီနီယာတပည့်လီကို ကြည့်လိုက်သည့်အခါ သူ့ခန့်မှန်းချက်က မှန်ကန်ကြောင်း သိလိုက်ရသည်။ စီနီယာတပည့်လီ၏ အမူအရာက ပျော်ရွှင်မှုတို့ ပြည့်လာကာ သူက ခပ်ဖြေးဖြေး မျက်တောင်ခတ်ပြလာ၏။

ဟန်လိက ပုလင်းကို ဖွင့်လိုက်သည့်အခါ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ မည်သည့်ဆေးဖက်ဝင်အပင်ရနံ့တို့ ထွက်မလာဘဲ အလွန်စူးရှသည့် မကောင်းသော အနံ့အသက်တစ်ခုထွက်လာပေသည်။

ဟန်လိက ထိုအနံ့အသက်ကို ရှူမိလိုက်သည့်အခိုက်အတန့်တွင် အမူအရာက ပြောင်းလဲသွားပြီး သိချင်စိတ်ပြင်းပြစွာဖြင့် ဆေးပုလင်းထဲမှ ပန်းရောင်ဆေးလုံးကို ထုတ်ယူလိုက်သည်။ ထိုဆေးလုံးက အလွန်လှပသည့်အသွင်ရှိသော်လည်း အမှန်တကယ်၌ ပုပ်အဲ့အဲ့ကဲ့သို့ စူးရှသော အနံ့အသက်တို့ကို ထုတ်လွှတ်နေသည်။

"ဒီ ဆေးလုံးလား။" ဟန်လိက သူ၏ တည်ငြိမ်သောမျက်နှာထားကို ပြန်လည်ရရှိလာသည်။

စီနီယာတပည့်လီက စကားမပြောနိုင်သေးသော်လည်း ထိုဆေးလုံးက မှန်ကန်ကြောင်း မျက်တောင်ခတ်ပြရင်း ဟန်လိကို အသိပေးလိုက်သည်။

"ဒီအဆီအနှစ်ထုတ်ယူခြင်းဆေးလုံး(ချိုးဆွေဆေးလုံး)ကို သစ်ခွပန်း၊ ကင်းမြီးပန်း၊ ပုရွက်ပြာရဲ့ နှစ်တစ်ရာသက်တမ်းရှိတဲ့ ဥနဲ့ တခြားရှားပါး ပါဝင်ပစ္စည်း နှစ်ဆယ့်သုံးမျိုးနဲ့ ဖန်တီးထားတာ။ ဆေးကို ဖော်စပ်ပြီးတဲ့နောက်မှာ ပန်းရောင်အဆင်းရှိပြီး စူးရှတဲ့အနံ့အသက်တွေ ထုတ်လွှတ်တယ်။ ဒီဆေးကို သောက်သုံးလိုက်ရင် လူ့ခန္ဓာကိုယ်မှာရှိတဲ့ အလားအလာတွေ အားလုံးကို ဖွင့်ထုတ်ပေးနိုင်ပြီး အလဲအလှယ်အနေနဲ့ အဲဒီလူရဲ့ အသက်စွမ်းအားကို ဝါးမြိုသွားတယ်။ ကျုပ်ပြောတာမှန်တယ်မလား။"

ဟန်လိက စီနီယာတပည့်လီကို အေးစက်စွာ ကြည့်လိုက်ပြီး ဆေးလုံးအညွှန်းကို ရှင်းလင်းထင်ရှားသော အသံနှင့် တစ်ခွန်းချင်းပြောသွားခဲ့သည်။

စီနီယာတပည့်လီက ဟန်လိ၏ စကားများကို ကြာလိုက်ရသည့်အခိုက်တွင် သူ့မျက်နှာက သွေးမရှိတော့သလို ဖြူဖျော့သွားပြီး သူ့မျက်နှာထက်တွင် ဗျာများနေသော အမူအရာတို့ ထွက်ပေါ်လာသည်။

"ခင်ဗျား ဆေးလုံးကို သောက်ဖူးသွားရင် အချိန်တစ်ခုရောက်တာနဲ့ ထပ်သောက်ဖို့ လိုအပ်ပြီး ပြင်းထန်တဲ့နာကျင်မှုတွေ ခံစားရမယ်ဆိုတာ မသိဘူးလား။ ခင်ဗျား ဒီဆေးကို ဆက်မသောက်ဘူးဆိုရင် အသက်သာဆုံးက ဒုက္ခိတဖြစ်သွားပြီး အဆိုးဆုံးဖြစ်လာရင်တော့ အသက်ကိုတောင် ဆုံးရှုံးရလိမ့်မယ်။ ခင်ဗျား ဒီဆေးကို စသောက်လိုက်တဲ့အချိန်ကနေစပြီး ဆယ်နှစ်အတွင်း သေရမယ့် ကံကြမ္မာဖန်နေခဲ့ပြီ။ ဆေးက ခင်ဗျားရဲ့ စွမ်းအားတွေကို အတင်းအကျပ် ဖွင့်ထုတ်ပေးနိုင်ပေမယ့် အဖိုးအခအနေနဲ့ ခင်ဗျားရဲ့ အသက်စွမ်းအားကို လောင်ကျွမ်းပစ်လိမ့်မယ်။" ဟန်လိက မရပ်မနားတမ်းပြောလိုက်သည်။

"ဒါက အဆီအနှစ်ထုတ်ယူခြင်းဆေးလုံးမဟုတ်ဘူးလို့ ကျုပ်ကို လိမ်ဖို့မကြိုးစားနဲ့။" ဟန်လိက ပြောလိုက်သည်။

ဟန်လိ၏ စကားများကို ကြားပြီးနောက် စီနီယာတပည့်လီ၏ မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့သည့် အမူအရာတို့နှင့် မျက်လုံးထဲတွင် ဖော်ပြ၍ မရနိုင်သော ထိတ်လန့်တုန်လှုပ်မှုတို့ ဖြစ်ပေါ်လာသည်။

"ဒီဆေးက အရမ်းရှားပါးပေမယ့် ကျုပ်က သိနေလို့ လန့်သွားတာမလား။" ဟန်လိက စီနီယာတပည့်လီ မည်သည်ကိုတွေးနေကြောင်း ပြောနိုင်ပေသည်။

"အဖြေက ရိုးရှင်းပါတယ်။ ကျုပ်ကိုယ်တိုင်လည်း ဒီလိုဆေးမျိုး သောက်နေလို့ပဲ။"

ဟန်လိ၏ စကားက ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး သူက စီနီယာတပည့်လီကို ဆက်လက်အံ့သြသွားစေသည်။ တခဏကြာပြီးနောက် စီနီယာတပည့်လီက မယုံကြည်သည့်အမူအရာတို့ ပြသလာ၏။

"ကျုပ် ဆေးကို စားတဲ့နည်းလမ်းက ခင်ဗျား စားတဲ့ပုံနဲ့ မတူဘူး။ ကျုပ်က ဆေးတစ်လုံးတည်းပဲ စားခဲ့ပေမယ့် ဆေးကို ဆယ်ပုံခွဲပစ်လိုက်ပြီး အချိန်အကြာကြီး ဖြေးဖြေးချင်း သောက်ခဲ့တာ။ ကျုပ် သောက်တဲ့ ပမာဏနည်းနည်းလေးက ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်ဘူး။ ဒါပေမယ့် ဒီဆေးရဲ့ ထူးခြားတဲ့ အရောင်အဆင်းနဲ့ ထုတ်လွှတ်တဲ့အနံ့က သိပ်ပြင်းတာမို့ ဒီဆေးကို မှတ်မိနေတာ။ ကျုပ် အမြဲတွေးခဲ့တာ ဒီလိုဆေးမျိုးကို ကျုပ်အပြင် ဘယ်သူမှသောက်တဲ့လူရှိမှာ မဟုတ်ဘူးလို့ပေါ့။ ခင်ဗျားကလည်း ဒီလိုဆေးမျိုးသောက်နေမယ်လို့ ထင်မထားမိဘူး။"

ထိုသို့ပြောပြီးသွားသည့်နောက် ဟန်လိက လေးစားမှုနှင့် သနားမှုတို့ပါဝင်နေသည့်အကြည့်ဖြင့် စီနီယာတပည့်လီကို ကြည့်လိုက်သည်။

သနားသည့်အကြည့်တို့ သူ့ထံ ကျရောက်လာသည်ကို မမြင်လိုသဖြင့် စီနီယာတပည့်လီက မျက်လုံးများကို မှိတ်လိုက်သည်။ သို့သော် သူ့ နှလုံးခုန်မှုက ဖရိုဖရဲဖြစ်လာကာ သူ့စိတ်သည်လည်း ပရမ်းပတာဖြစ်လာပေသည်။

"ခင်ဗျား ဒီဆေးကိုသောက်တာ နှစ်နည်းနည်းကြာပြီထင်တယ်။ အခု ဆေးသောက်တာကို ထိန်းချုပ်မယ်ဆိုရင် ကျုပ် သမားတော်မော့ကို ခင်ဗျားအတွက် ဖြေဆေးဖော်ပေးဖို့ အကူအညီတောင်းပေးနိုင်တယ်။ ဖြေဆေးက ခင်ဗျား ဆုံးရှုံးသွားရတဲ့ အသက်စွမ်းအားကို ပြန်မသက်သာစေပေမယ့် နောက်ထပ် နှစ်နှစ်ဆယ်သုံးဆယ်လောက်တော့ အသက်ဆက်ရှည်နိုင်လိမ့်မယ်။ ကံမကောင်းစွာနဲ့ ခင်ဗျားရဲ့ သိုင်းပညာစွမ်းရည်ကတော့ ထာဝရဆုံးရှုံးသွားရတော့မယ်။ ခင်ဗျားသာ ဒီဆေးကို ဆက်သောက်နေရင် အစောပိုင်းက ခင်ဗျားကို စမ်းသပ်ကြည့်တုန်းက ခင်ဗျား သက်တမ်းက ငါးနှစ်ခြောက်နှစ်လောက်ပဲ ကျန်တော့ပေမယ့် သိုင်းပညာစွမ်းရည်ကတော့ အဆက်မပြတ် ပိုပိုတိုးတက်လာလိမ့်မယ်။ ခင်ဗျား ဒီနေ့ပြသသွားတဲ့ ခွန်အားထက်တောင် သာလိမ့်ဦးမယ်။ ခင်ဗျားက ဒီလိုဆေးမျိုးတောင် သောက်ရဲတယ်ဆိုတော့ သံမဏိစိတ်ဓာတ်မျိုးရှိတဲ့ သူပဲ ဖြစ်မယ်လို့ ထင်တယ်။ ခင်ဗျားရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ကိုယ်တိုင်ရွေးချယ်နိုင်တာမို့ ခင်ဗျား ဒီဆေးကို လွှင့်ပစ်လိုက်ချင်လား ဒါမှမဟုတ် ဒီဆေးအပေါ် ဆက်ပြီး မှီခိုမလား ခင်ဗျားပဲ ရွေးချယ်လိုက်ပါ။"

All Chapters