← Chapters

ဓားကို ဓားစံအိမ်ဒုတိယထပ်သို့ ပို့ဆောင်ခြင်း

Vol. 2 Ch. 19

ဓားကို ဓားစံအိမ်ဒုတိယထပ်သို့ ပို့ဆောင်ခြင်း

Vol. 2 Ch. 19

ဟန်မူယဲ့၏ခေါင်းထဲတွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ဝါးပင်များနှင့် ထင်းရှုးပင်များအောက်တွင် တာအိုဆရာလေးတစ်ယောက်သည် ဓားရှည်တစ်လက်ကို ကိုင်ထား၏။ ဓားအလင်းသည် အရှေ့နှင့်အနောက်သို့ စီးဆင်းနေ၏။

ဓားသိုင်းသည် ချောမွေ့ကာ တိကျသည်။

လူငယ်သည် ငယ်ရွယ်သူ အဖြစ်မှ သတ်လတ်ပိုင်းဖြစ်လာပြီး ဆံပင်ဖြူအဖိုးအို ဖြစ်သွားသည်။

ဓားအလင်းသည် ဆက်လက်၍ စီးဆင်းနေကာ ရိုးရှင်းမှုမှသည် ရှုပ်ထွေးမှုသို့၊ ထိုမှတစ်ဆင့် တိကျမှုသို့ ဦးတည်နေသည်။

သူသည် အံ့ဖွယ်သဘာဝဓားသိုင်း၊ ရွှေပင့်ကူမျှင်ဓားသိုင်းကို တတ်မြောက်သွားသည်။

သူသည် နံပါတ် ၁ အံ့ဖွယ်ဓားသိုင်း၊ အရည်ပျော်ရွှေဓားသိုင်းအား တတ်မြောက်ခဲ့၏။

သူသည် နံပါတ် ၂ အံ့ဖွယ်ဓားသိုင်း၊ ရွှေပစ်မှတ်ဓားသိုင်းကို တတ်မြောက်ခဲ့၏။

သူသည် နံပါတ် ၃ အံ့ဖွယ်ဓားသိုင်း၊ ရွှေအပိုင်းအစများဓားသိုင်းကို တတ်မြောက်ခဲ့၏။

နံပါတ် ၂ အံ့ဖွယ်ဓားသိုင်းမှလွဲ၍ တခြားဓားသိုင်းများမှာ သူ့အတွက် အသစ်အဆန်းများ ဖြစ်သည်။

ဓားပိုင်ရှင်မှာ သတ္တုဓာတ်ကို ကျင့်ကြံသူဖြစ်ကာ သူ၏ပညာရပ်များမှာ နက်ရှိုင်းကြောင်း သူခံစားရသည်။

သို့သော် ကမ္ဘာမြေအဆင့်တန်ခိုးရှင်က နံပါတ် ၃ အံ့ဖွယ်ဓားသိုင်းအထိသာ ကျင့်ကြံပါသလော။

သူ၏ကျင့်ကြံဆင့်ဖြင့်ပါက သူသည် အနည်းဆုံး နံပါတ် ၄ အဆင့်အထိ ကျင့်ကြံထားသင့်ပေသည်။

ဟန်မူယဲ့သည် ဓားကို အပေါ်ထပ်သို့ သယ်လာရင်း ရုတ်တရက် ရပ်လိုက်သည်။

သူ၏စိတ်ထဲတွင် တာအိုဆရာလေး၏ဓားသိုင်းသည် မူလက ရိုးရှင်းနေရာမှ ရုတ်တရက် ထက်ရှသွားသည်။ သူ၏ဓားသိုင်းမှာ အပြောင်းအလဲကြီးစွာ ဖြစ်ပေါ်လာ၏။

ဓားသိုင်းသည် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ကပ်ငြိနေ၏။

သူသည် ကျင့်ရှန်းဂိုဏ်းမှ အဆင့်လေးသိုင်းပညာတစ်ခုဖြစ်သော မရဏဓားသိုင်းအား တတ်မြောက်ခဲ့သည်။

ကျင့်ရှန်းဓားသိုင်း၏ ဓားပညာရပ်တစ်ခု…

၎င်းသည် အံ့ဖွယ်ကိုးပါးဂိုဏ်း၏ပြိုင်ဘက်ဂိုဏ်း မဟုတ်ပေဘူးလား။

တိုက်ခိုက်ရေးခန်းဆောင် စီမံခန့်ခွဲရေးမှူးကျိုးရန်မှာ ကျင့်ရှန်းဂိုဏ်းမှ တစ်စုံတစ်ယောက်၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် မဟုတ်ပေဘူးလား။

“ငါတို့ ကျင့်ရှန်းဓားဂိုဏ်းရဲ့ဓားသိုင်းဟာ သဘောတရား၊ စွမ်းအင်နဲ့ စိတ်ဝိညာဉ်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထက် ပိုပြီး အလေးထားတယ်။ ဒါကြောင့် မင်းဟာ ငါတို့ ကျင့်ရှန်းဓားဂိုဏ်းရဲ့သိုင်းပညာကို လေ့ကျင့်မှသာ အဆင့်တက်ဖို့ အခွင့်အလမ်းရှိတယ်”

“စိတ်မပူနဲ့… မင်းက ကျင့်ရှန်းဓားဂိုဏ်းရဲ့သိုင်းပညာကို လေ့ကျင့်ခဲ့တယ်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး”

“မင်းက ငါ့ညီလေးပဲ။ ငါ မင်းကို ထိခိုက်စေပါ့မလား”

ပုံရိပ်ထဲတွင် အစိမ်းရောင်ဝတ်လူငယ်က ပြုံးသည်။

သူ့လက်ထဲတွင် ဓားအလင်းတစ်ချက် ဖျတ်ခနဲလက်သွားသည်။ ၎င်းသည် ကျင့်ရှန်းဓားဂိုဏ်း၏မရဏဓားသိုင်း ဖြစ်သည်။

“ချင်ယွမ်ဟယ်… မင်းတို့ ရှာနေတဲ့ဟာက ဓားစံအိမ်မှာရှိတယ်။ ငါ အဆင့်တက်နိုင်ရင် သေချာပေါက် မင်းတို့ကို ကူညီမယ်”

“အခုကစပြီး ငါတို့ ကျေသွားပြီ”

အိုမင်းသောအသံတွင် တွန့်ဆုတ်ဟန်တချို့ပါနေသည်။ နောက်ဆုံးတွင် သူ နောက်လှည့်ထွက်ခွာသွား၏။

ပုံရိပ်မှာ ထိုနေရာတွင် အဆုံးသတ်သွား၏။

ချင်ယွမ်ဟယ်…

ကျင့်ရှန်းဂိုဏ်းမှ ထိုကျင့်ကြံသူသည် စီမံခန့်ခွဲရေးမှူးကျိုးရန်ကို သတ်ခဲ့သူလား။

‘သူတို့ ဘာကို ရှာနေတာလဲ’

‘ဓားစံအိမ်က တစ်ခုခုယူသွားပြီးပြီလား’

ကျိုးရန် အသတ်ခံရ၏။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ကျင့်ရှန်းဓားဂိုဏ်း၏အကြားမှ ပဋိပက္ခမှာ မည်သို့သော အရှုပ်အထွေးများ ရှိနေသနည်း။

ထိုပုံရိပ်ကိုကြည့်ကာ ဟန်မူယဲ့မှာ ပို၍ နားလည်ရခက်လာသည်။

ထက်ရှသောအငွေ့အသက်တစ်ခုသည် သူ့လက်မှနေ၍ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းလာ၏။

ဓားချီသည် အမှန်တကယ် ခန္ဓာကိုယ်အား ထိခိုက်စေနိုင်သည်။ ထိုအခိုက်တွင် သူက တစ်စုံတစ်ခုအား ခံစားမိ၏။

သူ၏ခန္ဓာကိုယ်မှ သွေးကြောများမှာ ဓားသွားတစ်လက်ဖြင့် ဖြတ်တောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ နာကျင်မှုသည် သူ့ရင်ဘတ်သို့အထိ တန်းမတ်စွာ တိုးဝင်သွား၏။

ထိုအခိုက်တွင် အစိမ်းရောင်ဓားဆန္ဒတစ်ခုသည် ပုံရိပ်ယောင်နယ်ပယ်မှနေ၍ တိုးထွက်လာကာ နာကျင်မှုအား သက်သာစေ၏။

ဓားချီသည် ခန္ဓာကိုယ်ကို ထိခိုက်စေသလို ကုစားနိုင်စွမ်းလည်း ရှိလေသလော။

သူက ဓားချီနှင့်ပတ်သက်၍ နားလည်ခြင်းမှာ အားနည်းလွန်းသည်။ ထို့ကြောင့် သည်ကိစ္စက ကောင်းခြင်းလား ဆိုးခြင်းလား သူ မသိပါ။

ရွှေရောင်ဓားချီအလုံးတစ်ခုသည် သူ၏ပုံရိပ်ယောင်ပိုင်နက်ထဲသို့ ကျဆင်းလာသည်။

၎င်းဓားချီအပေါ်တွင် စိမ်းနက်ရောင်ဓားချီများ ရစ်သိုင်းနေ၏။

ထိုဓားချီမှာ ဓားချီအပိုင်းအစ ၁၂၈၀၀ အဖြစ်သို့ ပြိုကွဲကာ ဓားဆန္ဒအဖြစ် ပေါင်းစည်းခြင်း မပြုရသေးပါ။ သူ၏ပုံရိပ်ယောင်ပိုင်နက်ထဲမှ ဓားဆန္ဒ ၁၄ခုနှင့် ယှဉ်ပါက ၎င်းသည် အနည်းငယ် အားနည်း၏။

ထိုအခိုက်တွင် ဟန်မူယဲ့သည် ဓားစံအိမ် ဒုတိယထပ်သို့ တက်လှမ်းကာ သစ်သားစင်များရှေ့၌ ရပ်နေပြီးဖြစ်သည်။

အဆုံးမဲ့သော ထက်ရှဓားချီများ သူ့ထံသို့ ရိုက်ခတ်နေသည်။

ဒုတိယထပ်မှ ဓားချီများသည် ပထမထပ်မှ ဓားချီများထက် အဆများစွာ အေးစက်ထက်ရှ၏။

သူ့နောက်တွင် အစိမ်းရောင်နွားသိုးနှစ်ကောင်၏ပုံရိပ်များ ဖြစ်ပေါ်လာသည်။

သို့သော်လည်း ထိုပုံရိပ်များ မစုစည်းမှီတွင်ပင် ဓားချီများ၏ အပိုင်းပိုင်းအစစ ဖြိုခွင်းခြင်း ခံလိုက်ရ၏။

ဓားချီများသည် သူ့ထံသို့ ရိုက်ခတ်လာကာ ဟန်မူယဲ့အား အပိုင်းပိုင်းအစစ ပိုင်းဖြတ်လိုဟန်ရနေသည်။

‘ထွက်ပြေးရလား’

‘အကယ်၍ သူ ထွက်မပြေးပါက ထိုဓားချီများလက်ချက်ဖြင့် သေဆုံးသွားနိုင်သည်’

ထိုအတွေးမှာ ဟန်မူယဲ့၏ခေါင်းထဲ၌ ပေါ်လာသည်။

သူ၏စဉ်းစားဆင်ခြင်မှုက သူ့အား ထွက်ပြေးရန် တိုက်တွန်းနေ၏။

သို့သော် ဟန်မူယဲ့ တစ်လက်မမျှပင် မရွေ့ပါ။

ဓားကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ရင်း ဟန်မူယဲ့၏မျက်လုံးများ ဖျတ်ခနဲ လင်းလက်သွားသည်။

ပုံရိပ်ယောင်နယ်ပယ်မှ အနီရောင်ဓားဆန္ဒမှာ ပေါက်ကွဲထွက်လာသည်။

သူ့တကိုယ်လုံးမှာ ပူပြင်းလာပြီး မီးတောက်ကဲ့သို့ အရှိန်အဝါသည် အပြင်သို့ ပျံ့လွင့်လာခဲ့သည်။

ဒုတိယထပ်တွင် ဓားများ တုန်ခါသွားကြ၏။

သူ့ထံသို့ တိုးဝင်လာသော ဓားချီများအားလုံး ပျက်ပြယ်သွားကြသည်။

“ကောင်ဆိုးလေးတွေပဲ…”

မီးတောက်များ ကွယ်ပျောက်သွားလျှင် သူ့တကိုယ်လုံး နာကျင်မှုကို ခံစားရ၏။ ဟန်မူယဲ့ ခေါင်းယမ်းကာ တီးတိုးပြောသည်။

ဒုတိယထပ်မှ ဓားချီများမှာ အားကောင်းကာ ရန်လိုကြဟန်ရှိသည်။ သူတို့သည် ပထမထပ်မှ ဓားများကဲ့သို့ မအေးဆေးပါ။

အကယ်၍ သူသည်သာ ဤဓားများ၏အသိအမှတ်ပြုမှုကို ရယူလိုပါက သူ၏ခွန်အားကိုလည်း ပြသရန် လိုပေသည်။

အကြီးအကဲတောက်ရင်၏ဓားဆန္ဒသည် သူ့ခွန်အား၏သက်သေ ဖြစ်သည်။

သူက ရှေ့ကို တိုးသွားလျှင် ဓားချီများ ရန်စခြင်း မပြုကြတော့ပါ။ သူတို့က ငြိမ်သက်တိတ်ဆိတ်သွားကြသည်။

ဟန်မူယဲ့က ဓားအား လွတ်နေသောနေရာတွင် တင်ထားလိုက်သည်။

“ငါး… ရှစ်… ခြောက်… ကိုး…တောင်စဉ်လင်းလက်ဓား…”

ဓားမှာ ကျိုးရန်၏တောင်စဉ်လင်းလက်ဓား ဖြစ်သည်။

သူက နောက်လှည့်ကာ ပြန်သွားရန် ပြင်သည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူက ဖြေးညင်းစွာ နောက်ပြန်လှည့်သည်။

စင်ပေါ်မှ ဓားများကိုကြည့်ကာ ဟန်မူယဲ့ ပြုံးလိုက်၏။

အကယ်၍ ဓားစံအိမ်အကြီးအကဲ၏ဆင့်ခေါ်မှုကြောင့်သာ မဟုတ်ပါက သူသည် ဓားစံအိမ်၏ဒုတိယထပ်သို့ တက်ရောက်ခွင့်ရမည် မဟုတ်ပါ။

ဤသည်က ဓားစံအိမ်ဒုတိယထပ်သို့ တက်ရောက်နိုင်သည့် ရှားပါးအခွင့်အလမ်း ဖြစ်သည်။

သူက လက်မြှောက်ကာ ဓားရှည်တစ်လက်အား လှမ်းကိုင်လိုက်သည်။

“ကလန်…”

ဓားကို ဆွဲထုတ်လိုက်၏။

ပုံရိပ်များ ဟန်မူယဲ့၏အာရုံထဲတွင် ပေါ်လာသည်။

ဓားသိုင်းများ တစ်ခုပြီး တစ်ခု သူ တတ်မြောက်သွားသည်။

သူက လက်လှမ်းကာ နောက်ထပ်ဓားတစ်လက်အား ကိုင်လိုက်သည်။

…

ဟန်မူယဲ့ နိုးလာသောအခါ ညနေစောင်းနေပြီ ဖြစ်သည်။

သူက မျက်လုံးဖွင့်လိုက်သည်နှင့် နံရံမျက်နှာကျက်နှင့် ဟွမ်လောင်လျှို၏စိုးရိမ်နေသော မျက်နှာကို မြင်ရသည်။

“အစ်ကို…”

သူက ဖြေးလေးစွာ ထသည်။ သူသည် တကိုယ်လုံး ကိုက်ခဲနာကျင်နေသလို ခေါင်းများမှာလည်း မူးဝေနေသည်။

“လဲနေ… လဲနေ…”

ဟွမ်လောင်လျှိုက အလျင်အမြန် ဟန်မူယဲ့အား ဆွဲထိန်းလိုက်သည်။

“ဟူး… ဒုတိယထပ်က ဓားချီတွေက တော်တော်အားကောင်းတယ်”

ဟွမ်လောင်လျှို၏အကြည့်က ဟန်မူယဲ့၏မျက်နှာထံသို့ ရောက်လာသည်။

“ကောင်းကောင်းနားလိုက်…”

သူက ဟန်မူယဲ့၏ပုခုံးကို ပုတ်ကာ ထွက်သွားသည်။

သစ်သားကုတင်ပေါ်တွင် ဟန်မူယဲ့က ဖြေးညင်းစွာထထိုင်ကာ နံနက်မှ အဖြစ်အပျက်ကို ပြန်တွေးပြီး ခါးသက်စွာ ပြုံးလိုက်သည်။

သူက ထိုဓားများကို လျှော့တွက်မိသည်။

ကျင့်ကြံခြင်း၊ ဘဝ၊ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း၊ သိမြင်နားလည်ခြင်း…။

ဒုတိယထပ်မှ ဓားတစ်လက်စီမှာ ကမ္ဘာမြေအဆင့်ဓားသမားတစ်ဦးစီ၏ဘဝများ ဖြစ်သည်ကို သူ မသိခဲ့ပါ။

ဓားချီများမှာ ဒုတိယနေရာတွင်သာ ရှိသည်။ ထိုဓားများတွင် ဓားသမားတိုင်း၏ဘဝအတွေ့အကြုံများ ကပ်ငြိနေ၏။

နံနက်က ဟန်မူယဲ့သည် ဆယ်လက်မြောက်ဓားအား နားလည်ဆင်ခြင်နေစဉ်၌ ရုတ်တရက် စိတ်အာရုံမှာ နာကျင်ကာ သူသည်လည်း သတိလစ်သွားခဲ့သည်။

ယခု ပြန်တွေးကြည့်လျှင် သူသည် အချိန်တိုအတွင်း အကြောင်းအရာများစွာကို ဆင်ခြင်ရန် ကြိုးစားခဲ့ရာ သူ့စိတ်ခွန်အားမှာ လုံလောက်ခြင်းမရှိခဲ့ပါ။

သက်ပြင်းတစ်ချက်ချကာ သူ အိပ်ရာမှ ထလိုက်သည်။

အနာဂတ်တွင် သူသည် ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ဗဟုသုတများ ရှာမှီးရန် လိုပေသည်။

မဟုတ်လျှင် သူ မည်သို့ သေသွားသည်ကိုပင် သိမည် မဟုတ်ပါ။

တံခါးရှေ့တွင်ရပ်ရင်း ဟန်မူယဲ့၏ပြာနှမ်းသော မျက်နှာတွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

အန္တရာယ်ဟူသည် အကျိုးအမြတ်နှင့် ဒွန်တွဲနေတတ်၏။

ထိုအခိုက်တွင် သူ၏ပုံရိပ်ယောင်နယ်ပယ်၌ အနီရောင်ဓားဆန္ဒကို ဝန်းရံကာ ဓားဆန္ဒဆယ်ခု လှည့်ပတ်နေကြ၏။

ဓားဆန္ဒများအပြင် သူသည် ကမ္ဘာမြေအဆင့် ဓားသမားဆယ်ဦး၏ အကောင်းဆုံးသော ဓားပညာရပ်များအား နားလည်တတ်မြောက်ခဲ့သည်။

နံပါတ် ၄ အဆင့် အံ့ဖွယ်ဓားသိုင်းငါးမျိုး…

နံပါတ် ၃ အဆင့် အံ့ဖွယ်ဓားသိုင်း ၁၃ မျိုး…

နံပါတ် ၂ အဆင့် အံ့ဖွယ်ဓားသိုင်း အမျိုးအစား ၃၀ …

နံပါတ် ၁ အဆင့် အံ့ဖွယ်ဓားသိုင်း ၈၂မျိုး…

အံ့ဖွယ်သဘာဝဓားသိုင်း ၅မျိုး…

ထိုကမ္ဘာမြေအဆင့် ဓားသမားများမှာ အံ့ဖွယ်သဘာဝဓားသိုင်းများကို မေ့လျော့လုနီးပါးပင် ဖြစ်နေကြပြီ။

ဟန်မူယဲ့ အခန်းအပြင်သို့ ထွက်လာသည်။ စားပွဲရှည်ရှေ့တွင် ထိုင်နေသော ဟွမ်လောင်လျှိုသည် တွေဝေငေးမောနေ၏။

“မင်း… မင်းကို အနားယူဖို့ ငါ မပြောဘူးလား”

ဟန်မူယဲ့ ခေါင်းယမ်းကာ ပြောသည်။

“ကျုပ် ဆေးခန်းဆောင်သို့ သွားမလို့”

သူက မူဝမ်အား အာခီမီပညာရပ်ကို ဆင်ခြင်ရာတွင် ကူညီပေးဖို့ ပြောထားသည်။

ဟွမ်လောင်လျှိုက ပါးစပ်ဟလိုက်ပြီးမှ ခေါင်းညိတ်သည်။

“ကောင်းပြီ… သွားလိုက်…”

ထို့နောက် သူက မေးသည်။

“မင်းမှာ ဝိညာဉ်ကျောက်တုံးရှိသေးလား”

ဟန်မူယဲ့ ရယ်မောကာ ပြောသည်။

“အစ်ကို… ခင်ဗျားက ကျုပ်ကို ဝိညာဉ်ကျောက်တုံး ချေးပေးဦးမလို့လား။ ကျုပ် သေသွားပြီးရင် ပြန်မပေးနိုင်မှာ မကြောက်ဘူးလား”

All Chapters