← Chapters

ခုနစ်ရက်မျှသာ အသက်ရှင်နိုင်တော့မည်

Vol. 2 Ch. 21

ခုနစ်ရက်မျှသာ အသက်ရှင်နိုင်တော့မည်

Vol. 2 Ch. 21

သာမန်လူသားများသည် အသက် ၁၀၀ အထိ အများဆုံး နေနိုင်ကြ၏။ အကယ်၍ ကျင့်ကြံသူတစ်ဦးသည် ချီစုဆောင်းခြင်းအဆင့်သို့ ရောက်ပါက သူတို့၏မျိုးဆက်သွေးများမှာ တည်ငြိမ်သွားကာ သွေးကြောများနှင့် အရိုးများ သန်မာလာပြီး အသက်မှာလည်း သိသိသာသာ ရှည်လျားနိုင်၏။

သူတို့၏ခန္ဓာကိုယ်ကို သန့်စင်နိုင်သောသူများဆိုပါက ချီစုဆောင်းခြင်းအဆင့်၌ပင် အသက် ၂၀၀ ကျော်အောင် နေနိုင်ကြသည်။

ချီစုဆောင်းခြင်းအဆင့်မှသည် အခြေခံအုတ်မြစ်အဆင့်အထိ အသက်မှာ သိပ်ရှည်လျားခြင်း မရှိပါ။

ချီစုဆောင်းခြင်းအဆင့်သို့ ရောက်သောအခါ ၎င်းအဆင့်၌ အရိုးနှင့်ကြွက်သားများအား သန့်စင်နိုင်ခြင်း သိပ်မရှိသောကြောင့် ဖြစ်သည်။

အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူများသည် အသက် ၃၀၀ မှသည် ၄၀၀ အထိ အများဆုံး နေနိုင်ကြ၏။

သို့သော်လည်း တစ်စုံတစ်ယောက်သည် ကမ္ဘာမြေအဆင့်သို့ ရောက်ရှိသည်နှင့် သူတို့၏အသက်မှာ များစွာ ရှည်လျားနိုင်သည်။

ရင်းမြစ်နှင့်ဆက်သွယ်ခြင်းအဆင့်၌ တစ်စုံတစ်ယောက်သည် လောက၏စွမ်းအားနှင့် ဆက်သွယ်နိုင်ကာ အသက်တစ်ထောင် ရှည်လျားနိုင်၏။

အမှန်တကယ်အားဖြင့် ကျင့်ကြံသူအများစုသည် အသက်ရှည်ခြင်းကိစ္စကို သိပ်တွေးတောကြသည် မဟုတ်ပေ။

သူတို့၏ကျင့်ကြံခြင်းတိုးတက်သွားသည်နှင့် သူတို့၏အသက်မှာလည်း ရှည်လျားသွားရာ ထိုအသက်ရှည်ခြင်းကိစ္စမှာ ပြဿနာမဟုတ်ပါ။

သူတို့၏ကျင့်ကြံခြင်းယုတ်လျော့သွားပါက သူတို့၏အသက်ရှည်ခြင်းမှာလည်း ဆုတ်ယုတ်သွားနိုင်၏။

၎င်းတို့မှာ ဓားစံအိမ်ဒုတိယထပ်မှ သူ နားလည်ခဲ့သော အချက်အလက်များ ဖြစ်သည်။

ကံမကောင်းသည်ကား ထိုဓားများတွင် ချန်ထားခဲ့သော အချက်အလက်များမှာ နည်းပါးလွန်းသည်။

ထိုဓားများတွင် အများအားဖြင့် ဓားပညာနှင့် ဓားသဘောတရားများသာ ကျန်ရစ်လေ့ရှိသည်။

“ကျုပ်မှာ အသက်ရှင်ချိန် တစ်လပဲ ရှိတော့တယ်လို့ ပြောတာလား”

ဟန်မူယဲ့က ထိုအမျိုးသမီးကို ကြည့်ကာ စိတ်လှုပ်ရှားမှုကို ချုပ်တီး၍ မေးသည်။

ဓားချီသည် ထိုနေ့က သူ၏နှလုံးကို ဝင်ရောက်ကာ အသက်ဝိညာဉ်ကို ထိခိုက်စေခဲ့ကြောင်း သူ သိသည်။

‘ဒါပေမဲ့ ဘာလို့ အချိန်တစ်လလဲ’

“စီနီယာအစ်ကို… ရှင်က ခန္ဓာကျင့်ကြံနည်းစနစ်ကို လေ့ကျင့်တယ်။ ပုံမှန်အားဖြင့် ရှင်က အသက်ရှင်ချိန် နှစ် ၁၀၀ထက်မနည်း ရှိတယ်”

“ဒါပေမဲ့ ရှင့်အသက်ဝိညာဉ်က ထိခိုက်ထားတယ်… ပြီးတော့…”

သူမက တီးတိုးဆက်ပြောသည်။

“ရှင့်ရဲ့သွေးကြောတွေက ဓားချီတွေ တိုက်ခိုက်တာ ခံထားရသလို ရှင့်ရဲ့ချီပင်လယ်ဟာလည်း ဓားချီတွေနဲ့ပေါင်းစပ်နေတယ်။ အဲဒါက ရှင့်ရဲ့အသက်ဓာတ်ကို အဆက်မပြတ် ယုတ်လျော့နေစေတယ်”

“ရှင်က အချိန်တစ်လအထိ ရှင်နိုင်ရင် ဒါက တော်တော်အသက်ရှည်တယ်လို့ ပြောနိုင်တယ်”

“ရှင်က ခန္ဓာကိုယ်ထဲက ဓားချီတွေကို မထိန်းချုပ်နိုင်ရင် ခုနစ်ရက်ထက်ပိုပြီး အသက်ရှည်မှာ မဟုတ်ဘူး”

သူမက တစ်လဟု ပြောခဲ့သည်။ ယခု အဘယ်ကြောင့် တစ်ပတ် ဖြစ်သွားသနည်း။

အမျိုးသမီးကျင့်ကြံသူက သူ့ခန္ဓာကိုယ်တွင် ဓားချီများရှိနေကြောင်းကြားလျှင် ပိုင်စုကျန်း၏မျက်လုံးများ အရောင်တောက်သွားသည်။

“ချီပင်လယ်…”

ဟန်မူယဲ့ စိတ်လှုပ်ရှားသွားသည်။

ထိုပုံရိပ်ယောင်ပိုင်နက်သည် ချီပင်လယ်လား…

သူ၏စွမ်းအင်များမှာ ဝမ်းဗိုက်နေရာတွင် ဖြစ်ကာ ချီသွေးကြောများမှာ ရင်ဘတ်တွင် တွေ့နိုင်သည်။ သူ၏အသက်ဝိညာဉ်မှာ မျက်ခုံးများကြားတွင် ကွယ်ဝှက်ထား၏။

၎င်းသည် ဓားစံအိမ် ဒုတိယထပ်မှ သူနားလည်ခဲ့သော ဗဟုသုတများ ဖြစ်သည်။ သို့သော်လည်း ဟန်မူယဲ့က ထိုအချက်အလက်များကို ကောင်းကောင်း နားမလည်ခဲ့ပါ။

ထိုအခိုက်တွင် အမျိုးသမီးကျင့်ကြံသူ၏စကားက သူ့အား သဘောပေါက်စေခဲ့သည်။

ကြည့်ရသည်မှာ ဓားချီများကို စုဆောင်းထားသောနေရာမှာ ချီပင်လယ် ဖြစ်သည်။

အမျိုးသမီးကျင့်ကြံသူက ခေါင်းညိတ်ကာ တီးတိုးပြောသည်။

“စီနီယာအစ်ကို… ရှင်က အခြေခံအုတ်မြစ်အဆင့်ကို မရောက်သေးတော့ ချီပင်လယ် မဖွဲ့စည်းရသေးဘူး။ ရှင်က ရှင့်ရဲ့ချီအမြုတေ ဒဏ်ရာရထားကြောင်း မသိတာ မထူးဆန်းပါဘူး”

“ဒါဆို အဲဒါက ကုစားလို့ရသေးလား”

ဟန်မူယဲ့က မေးသည်။

ဓားစံအိမ်အကြီးအကဲက သူ့တွင် အသက်ရှင်ချိန် သိပ်မကျန်တော့ကြောင်း ပြောသည်။ ယခု အမျိုးသမီးကျင့်ကြံသူကလည်း သူ သေခါနီးနေပြီဟု ပြောသည်။

ဓားချီက သူ့အား ထိခိုက်စေမည်ဟု ဟန်မူယဲ့ မယုံကြည်သော်လည်း သူ စိုးရိမ်စိတ်များတော့ ဖြစ်လာသည်။

“ရှင်က အသက်ရှင်ကာလ တိုးပွားစေတဲ့ ဆေးလုံးကို စားလို့ရသလို ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို ချီစုဆောင်းခြင်း အဆင့်ကိုးအထိ မြှင့်တင်နိုင်တယ်”

“ရှင်က အဲဒီဓားချီတွေကို အပြင်သို့ လွှတ်ထုတ်လို့ရနိုင်ရင်လည်း အဆင်ပြေတယ်”

ထိုအမျိုးသမီးကျင့်ကြံသူက ခေါင်းယမ်းကာ ပြောသည်။

“အသက်ရှင်ကာလ တိုးပွားစေတဲ့ ဆေးလုံးတွေဟာ တန်ဖိုးကြီးတယ်။ ခန္ဓာကိုယ်ကျင့်ကြံစနစ်တွေကတော့ ရှာရတာလွယ်တယ်။ ကျင့်ကြံဖို့ခက်တယ်။ ရှင်က အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲတစ်ယောက်ရဲ့ အကူအညီလိုမယ်လို့ ထင်တယ်”

တန်ဖိုးကြီးဆေးလုံးများမှာ ပုံမှန်အားဖြင့် ဝိညာဉ်ကျောက်တုံးအများအပြား လိုအပ်ပေသည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းစနစ်အား ချီစုဆောင်းခြင်းအဆင့်ကိုးအထိ ကျင့်ကြံရန်မှာလည်း မဖြစ်နိုင်ပါ။

သူ့အနေဖြင့် အကြီးအကဲတစ်ယောက်အား သွားရောက်ကာ ဓားချီများကို ထုတ်လွှတ်ရန် အကူအညီတောင်းရန်မှာ ပို၍ မဖြစ်နိုင်။

ဟန်မူယဲ့ ခါးသက်စွာပြုံးလျှက် လှည့်ထွက်လာသည်။

သူ ထွက်သွားသည်ကိုကြည့်ကာ အမျိုးသမီးကျင့်ကြံသူက သက်ပြင်းချလျှက် ခေါင်းယမ်းသည်။

“ထားလိုက်တော့… ကျင့်ကြံခြင်းက သေခြင်းရှင်ခြင်းနဲ့ အမြဲဒွန်တွဲနေတာပဲ”

“ကျွန်မ သွားတော့မယ်။ ဆေးတစ်လုံးစာဖိုး ပေးဖို့ရှိတာ သတိရပါ”

သူမ ထွက်သွားသည်နှင့် ဆိုင်ရှင်က ထူးဆန်းသော အမူအရာဖြင့် ရေရွက်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ဓားထိန်းတွေပဲ ဓားချီတွေကြောင့် ထိခိုက်ပြီးတော့ အသက်တိုကြတယ်”

“ဓားစံအိမ်… ဂိုဏ်းရဲ့ပေးထားတဲ့တာဝန်မှာ ရတနာဟာ ဓားစံအိမ်မှာ ရှိတယ်လို့ ပြောတယ်”

“ဒါက အခွင့်အရေး ဖြစ်နိုင်တယ်”

….

ဓားစံအိမ်တွင် ဟွမ်လောင်လျှိုသည် ဟန်မူယဲ့တစ်ယောက် ဆေးပေါင်းဖိုကို ကိုင်ကာ ပြန်လာသည်ကို တအံ့တဩကြည့်နေသည်။

“မင်း ဘာလုပ်နေတာလဲ”

ဟန်မူယဲ့က ဆေးပေါင်းဖိုအား စားပွဲရှည်တွင်တင်လိုက်ကာ ပြုံးလျှက်ပြောသည်။

“အစ်ကို မပြောနိုင်ဘူးလား။ ကျုပ် အာခီမီလေ့လာမလို့”

အာခီမီ…

ဟွမ်လောင်လျှိုက သံသယမျက်လုံးများဖြင့် ကြည့်သည်။

ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံမှုမရှိပါဘဲ တစ်စုံတစ်ယောက်က မည်သို့ ဆေးဖော်စပ်မည်နည်း။

ဟန်မူယဲ့မှာ အသက်မရှည်နိုင်တော့သော်လည်း တစ်နည်းနည်းဖြင့် ကြိုစားလိုသေးဟန်ရသည်။

မူဝမ်ကား အလွန်ရက်ရောသည်။ သူမက နောက်ဆုံးအကြိမ်က အရည်အသွေးမြင့်ဆေးလုံးတစ်လုံးပေးခဲ့ကာ ယခု ဆေးပေါင်းဖိုတစ်လုံးကိုလည်း ပေးလိုက်သည်။

“ဒီဆေးပေါင်းဖိုက တန်ဖိုးမနည်းဘူး”

ဟွမ်လောင်လျှိုက ဟန်မူယဲ့၏ပြာနှမ်းနေသော မျက်နှာကိုကြည့်ကာ ပြောသည်။

ထင်သည့်အတိုင်း ရုပ်ချောခြင်းက အသုံးဝင်လှသည်။

“စကားမစပ် အပြင်စည်းဂိုဏ်းက လေ့ကျင့်ရေးမှူးလင်းရှန်ဆိုတဲ့လူ ဒီနေ့လည်ကပဲ မင်းကို လာရှာသွားတယ်”

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ထူဆန်းသောအမူအရာဖြင့် ကြည့်ကာ ပြောသည်။

“မင်းရဲ့ နားလည်ဆင်ခြင်နိုင်စွမ်းက အတော်လေးကောင်းတယ်။ မင်းက ဓားထိန်းဖြစ်နေတာ စိတ်မကောင်းစရာပဲလို့ သူ ပြောသွားတယ်”

ဟန်မူယဲ့ အံ့အားသင့်သွားသည်။

‘အပြင်စည်းဂိုဏ်းမှ လေ့ကျင့်ရေးမှူးလင်းလား…”

‘ထိုလူမှာ အတော်လေးရိုးသားဟန်ရသည်’

“မနက်ဖြန် မင်းက သူ့ကို သွားတွေ့လိမ့်မယ်လို့ ငါပြောလိုက်တယ်”

ဟွမ်လောင်လျှိုက သူ့အား အသာအယာပြောသည်။

“ဖြစ်နိုင်ရင် မင်းက ဓားစံအိမ်က ထွက်သွားသင့်တယ်”

‘ဓားစံအိမ်မှ ထွက်သွားရမည်လား’

ဟန်မူယဲ့က သစ်သားစင်များပေါ်မှ ဓားများကို လှမ်းကြည့်သည်။

သူ ဓားစံအိမ်မှ ထွက်သွားပါက အသက်ရှည်မည်လား။

သို့သော် နဝမအတန်းအစား ဗီဇပါရမီဖြင့် သူက မည်သည့်နေရာသို့ သွားရမည်နည်း။

ခေါင်းယမ်းကာ သူသည် ဆေးပေါင်းဖိုအား သူ့အခန်းထဲသို့ သယ်ယူလာသည်။

သူ့အနေဖြင့် ဓားစံအိမ်မှ ထွက်သွားခြင်းထက် တခြားနည်းလမ်းတစ်ခုသာ ရှာရပေမည်။

အသက်ကို ဆွဲဆန့်နိုင်သော ဆေးတစ်လုံး သူ လိုသည်။

သို့မဟုတ် ခန္ဓာကိုယ်ကျင့်ကြံခြင်းအား အဆင့်ကိုး ချီစုဆောင်းခြင်းအဆင့်သို့ မြှင့်တင်ရမည်။

သို့မဟုတ် အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲတစ်ဦးအား ရှာကာ ဓားချီများကို အပြင်သို့ ထုတ်လွှတ်ရန် အကူအညီတောင်းရမည်။

သူ့တွင် ၇ ရက် အချိန်ရ၏။

“ငါက အသက်ရှင်ရုံနဲ့မရဘူး၊ အသက်လည်း ရှည်ရှည်နေရမယ်”

ဟန်မူယဲ့ သက်ပြင်းတစ်ချက်ရှိုက်ကာ ဆေးပင်များအား ထုတ်လိုက်၏။

သူက ဆေးပေါင်းဖိုအား လက်ဖြင့် အသာထိလိုက်လျှင် သွန်းလုပ်သည့်မြင်ကွင်း ပေါ်လာသည်။

သို့သော် သူ လိုအပ်နေသည်ကား ဆေးလုံးကို ဖော်စပ်သည့်နည်းလမ်း ဖြစ်သည်။

သူ၏ချီပင်လယ်မှ အနီရောင်ဓားဆန္ဒသည် ဓားချီအငွေ့အသက်အဖြစ် ကွဲထွက်သွားကာ သူ၏သွေးကြောများမှတစ်ဆင့် လက်ဖဝါးအပြင်သို့ ထွက်လာသည်။

ဟူး…

အနီရောင်မြူခိုးများ ဆေးပေါင်းဖိုကို ချက်ချင်း ခြုံလွှမ်းသွားသည်။

ဓားချီအာခီမီ…

အကယ်၍ အာခီမီပညာရှင်တစ်ဦးသာ ဤမြင်ကွင်းကို တွေ့ပါက သူတို့မှာ သေချာပေါက် ရူးသွပ်သွားနိုင်သည်။

အာခီမီပညာရပ်မှာ သိမ်မွေ့၏။ ထက်ရှသောဓားချီများဖြင့် မည်သို့ ဆေးလုံး ဖော်စပ်၍ ရမည်နည်း။

အကယ်၍ ဓားသမားတစ်ဦးကသာ မီးဓာတ်ဓားချီဖြင့် ဆေးဖော်စပ်နေသည်ကိုမြင်ပါကလည်း ဒေါသ ငယ်ထိပ်ဆောင့်တက်ကာ သေသွားနိုင်လောက်သည်။

ဓားသမားများဟူသည် တိုက်ခိုက်ကာ သတ်ဖြတ်ရမည်။

ဓားချီကို အသုံးပြု၍ ဆေးလုံးဖော်စပ်ခြင်းကား ဂုဏ်သိက္ခာကင်းမဲ့သော အပြုအမူဖြစ်သည်။

သို့သော် ဟန်မူယဲ့ ဂရုမစိုက်ပါ။

ဓားချီသည် သိမ်မွှေ့ကာ ပူပြင်းသော မီးတောက်များ ဖြစ်လာသည်။

ဓားချီများသည် ဆေးပေါင်းဖိုကို ရစ်ပတ်သွားလျှင် အပူဓာတ်များ ပျံ့နှံ့သွား၏။

တွန့်ဆုတ်ခြင်းမရှိဘဲ သူက ဆေးပင်များအား ဆေးပေါင်းဖိုထဲသို့ ထည့်လိုက်သည်။

ဆေးပေါင်းဖိုသည် အဆက်မပြတ် လှည့်ပတ်သွားကာ ဆေးအမယ်များ ရောသမသွား၏။ ၎င်းကို ဓားချီမီးတောက်များ ရစ်ပတ်ထား၏။

ဆေးစွမ်းအင်တို့မှာလည်း ဝဲဂရက်အလား လှည့်ပတ်ကာ မြူများ ဆိုင်းလာသည်။

ဟန်မူယဲ့က တိမ်မြူချီဆေးလုံးကို ထုတ်လိုက်ကာ လက်သည်းဖြင့် တစ်လွှာခန့် ခွာလျှက် ဆေးပေါင်းဖိုထဲသို့ ထည့်လိုက်သည်။

ဤသည်က သူတွေးထားသော ဆေးအကူဖြစ်သည်။

ထင်သည့်အတိုင်း တိမ်မြူချီဆေးမှုန့် ဆေးပေါင်းဖိုထဲသို့ ဝင်သွားလျှင် နောက်ထပ် အထောက်အကူဆေးဂုဏ်သတ္တိကြောင့် ဆေးဝဲဂရက်မှာ တောက်ပသော အလုံးငယ်လေး ငါးလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

အနီရောင်ဓားချီသည် ပဲစေ့အရွယ်ခန့် ဆေးလုံးငယ် ငါးလုံးကို ရစ်ပတ်ထားသည်။ ဆေးလုံးဖော်စပ်ခြင်း အောင်မြင်သွားပြီ ဖြစ်သည်။

အမြင့်ဆုံးနားလည်နိုင်စွမ်းဖြင့်ဟန်မူယဲ့သည် တိမ်မြူဆေးလုံးဖော်စပ်ခြင်းနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။

သို့သော် ဆေးပေါင်းဖိုမှ ဆေးငါးလုံး ထွက်လာသည်။

ဆေးပေါင်းဖိုတစ်ခုလျှင် ဆေး ၃လုံး အများဆုံး ဖော်စပ်နိုင်သည် မဟုတ်ပေဘူးလား။

ထို့အပြင် ဆေးလုံးမှာ တိမ်မြူချီဆေးလုံးနှင့် ကွဲပြားခြားနားသည်။

ကျောက်စိမ်းတုံးကဲ့သို့ တောက်ပနေသော ဆေးလုံးငယ်များအား ကြည့်ကာ ဟန်မူယဲ့ တွန့်ဆုတ်နေသည်။

ဆေးလုံးသည် ပုံမှန် တိမ်မြူဆေးလုံးများထက် အဆများစွာ အရည်အသွေးကောင်းမွန်နေသည်။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဟန်မူယဲ့က လက်သည်းခွံဖြင့် ခြစ်ထားသော အရည်အသွေးမြင့်ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဆေးလုံးမှာ ထိခိုက်ထားပြီးဖြစ်ရာ သူသာ ယခု မစားသုံးပါက ဆေးဂုဏ်သတ္တိများ ပျက်ပြယ်သွားပေလိမ့်မည်။

ဆေးလုံးသည် ပါးစပ်ထဲတွင် ချိုမြိန်စွာ အရည်ပျော်သွား၏။ ၎င်းသည် တိမ်မြူများ ပျယ်လွင့်သွားသည့်အလား လည်ခြောင်းမှတစ်ဆင့် သွေးကြောများဆီသို့ စီးဆင်းသွားသည်။

ဓားချီများဖြင့် လောင်ကျွမ်းသွားသော သွေးကြောများမှာ ရေစင်ဖြင့် ဆေးလိုက်သည့်အလား ဟန်မူယဲ့မှာ အလွန်သက်တောင့်သက်သာ ခံစားချက်ကို ရသည်။

တိမ်မြူချီဆေးလုံး၏တခြားဂုဏ်သတ္တိများကို ဘေးဖယ်ထားလျှင်ပင် သာမန်စားသုံးခြင်းက ဝိညာဉ်ကျောက်တုံး ၃၀မှာ ထိုက်တန်သည်ဟု ဟန်မူယဲ့ ယူဆသည်။

ထိုအခိုက်တွင် နဝမအတန်းအစား ဗီဇပါရမီရှိခြင်း၏အားနည်းချက်ကို သူ ခံစားရသည်။

ဆေးသည် သွေးကြောများထဲ အကြိမ်တချို့ လှည့်ပတ်ကာ ချက်ချင်း ပျက်ပြယ်သွား၏။

သူ၏ခန္ဓာကိုယ်သည် ဆေးဂုဏ်သတ္တိများကို တိုက်ရိုက်စုပ်ယူသွားဟန်ရကာ ၎င်းအား စုစည်းရန် အခွင့်အရေးပင် မပေးခဲ့ပါ။

ကျင့်ကြံခြင်းစွမ်းအင်စုစည်းခြင်းမရှိလျှင် ကျင့်ကြံခြင်းက မည်သို့ အဓိပ္ပာယ် ရှိပါမည်နည်း။

နဝမအတန်းအစားဗီဇပါရမီက အခြေခံအုတ်မြစ်အဆင့်သို့ မရောက်နိုင်သည်မှာ မထူးဆန်းတော့ပါ။

တိမ်မြူချီဆေးလုံးအစွမ်း ပျက်ပြယ်သွားလျှင် ဟန်မူယဲ့က နောက်ထပ်ဆေးတစ်လုံး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

သူက ဆေးလုံးကို ကျင့်ကြံခြင်းအတွက် စားသုံးခြင်း မဟုတ်ပါ။

သူက သူဖော်စပ်ထားသောဆေးလုံးနှင့် တခြားလူများ ဖော်စပ်ထားသော ဆေးလုံးများအစွမ်း မည်သို့ကွာခြားသည်ကို သိလို၏။

ဆေးလုံးသည် ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် တိမ်များအလား ပြယ်လွင့်သွား၏။

ဟန်မူယဲ့ ရုတ်တရက် တုန်ခါသွားကာ မျက်လုံးများ ပြူးသွားသည်။

All Chapters