အမြင့်ဆုံးအရည်အသွေးတိမ်မြူချီဆေးလုံး၏တန်ဖိုး
Vol. 2 Ch. 22
ပထမက စားလိုက်သော တိမ်မြူဆေးလုံးအစွမ်းမှာ ရေတစ်စက် ဆိုပါက ယခု စားသုံးလိုက်သော ဆေးလုံးမှာ ရေတစ်ဖလားကဲ့သို့ စွမ်းပေသည်။
အားကောင်းသော ဆေးအစွမ်းသည် ဟန်မူယဲ့၏သွေးကြောများအား စီးဆင်းသွားကာ သူ့ဝမ်ဗိုက်ထံသို့ ရေတံခွန်အလား ကျဆင်းသွားသည်။
သူ၏ဒန်ထျန်တွင်…
ဝုန်း…
မူလက ငြိမ်သက်ကာ ပိတ်ဆို့နေသော ဒန်ထျန်သည် ပြင်းအားတစ်ခုဖြင့် တွန်းဖွင့်ခံလိုက်ရသလို တိမ်များလူးလွင့်ကာ စီးဝင်လာကြသည်။
အသက်ရှုကြိမ် ၁၀၀ ခန့်၌ သူ၏ဒန်ထျန်တွင် တိမ်မြူများ စုစည်းလာကြသည်။
“ဒါက တကယ်ပဲ အသုံးမဝင်ပါလား”
တိမ်မြူများ ဒန်ထျန်တွင်သာ စုစည်းကာ တခြားနေရာများသို့ သွားလာခြင်းမရှိသည်ကိုတွေ့လျှင် ဟန်မူယဲ့ မသက်မသာခံစားရသည်။
ဒုတိယထပ်မှ ဓားများပေးသော အချက်အလက်များအရ ဒန်ထျန်မှာ ချီစုဆောင်းခြင်း အဆင့် ၃သို့ ရောက်မှသာလျှင် ပွင့်လာနိုင်သည်။
ပွင့်လာသော ဒန်ထျန်အကျယ်အဝန်းမှာ တစ်စုံတစ်ယောက်၏အနာဂတ်ကျင့်ကြံခြင်း အလားအလာနှင့် သက်ဆိုင်၏။
ချီစုဆောင်းခြင်းအဆင့် ၃ တစ်ဦး၏ဒန်ထျန်မှာ မည်မျှကြီးမားသည်ကို ဟန်မူယဲ့ မသိပါ။
သို့သော်လည်း ဆေးတစ်လုံး၏အစွမ်းကိုပင် ထိန်းမထားနိုင်သော ဒန်ထျန်မှာ သေချာပေါက် သိပ်ကောင်းမည် မဟုတ်ပါ။
သူ၏ပွင့်လာသော ဒန်ထျန်မှာ ဟန်မူယဲ့အား စိတ်ညစ်စေသော်လည်း သူသည် ပထမဆုံး ဖော်စပ်သည့်ဆေးလုံးမှာ အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံးများဖြစ်နေသည်ကို အလွန်ဝမ်းသာသွားသည်။
“ဒါက သာမန်တိမ်မြူဆေးလုံးထက် အဆတစ်ရာ ပိုအားကောင်းတယ်။ ဒါက အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံး ဖြစ်ရမယ်”
သာမန် တိမ်မြူဆေးလုံးသည် ဝိညာဉ်ကျောက်တုံး ၃၀ ခန့် ကျသင့်၏။ အရည်အသွေးမြင့် ကာယအားဖြည့်ဆေးသည် သာမန်ကာယအားဖြည့်ဆေးထက် ငါးဆ ပိုတန်ဖိုးရှိသည်။ ထို့ကြောင့် အရည်အသွေးမြင့် တိမ်မြူဆေးလုံးမှာလည်း ဝိညာဉ်ကျောက်တုံး ၁၅၀ တန်ဖိုးရှိပေမည်။
အမြင့်ဆုံးအရည်အသွေး ဆေးလုံးမှာလည်း ငါးဆပို၍ တန်ဖိုးရှိရပေမည်။
ဆိုလိုသည်က ဆေးလုံးသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၇၅၀ တန်ဖိုးရှိသည်။
ဤဆေးတစ်လုံးမျှသည် သရုပ်ပြခန်းဆောင်အတွင်းမှ နံပါတ် ၂အံ့ဖွယ်ဓားသိုင်းတစ်ခုနှင့် ညီမျှ၏။
အာခီမီသည် ကျင့်ကြံခြင်းလောက၌ အကျိုးအမြတ်အရှိဆုံး ပညာရပ်တစ်မျိုးအဖြစ် သတ်မှတ်ထားသည်မှာ မထူးဆန်းတော့ပေ။ ထို့အပြင် ဓားသမားများမှာကား ကျင့်ကြံခြင်းလောက၌ အဆင်းရဲဆုံးလူများအဖြစ် သတ်မှတ်နိုင်၏။
သူ၏ဒန်ထျန်မှာ ကြီးထွားနေဆဲဖြစ်ရာ ဟန်မူယဲ့က နောက်ထပ်တိမ်မြူဆေးလုံးများ စားသုံးခြင်း မပြုတော့ပါ။
လက်ရှိတွင် သူသည် ချီစုဆောင်းခြင်း အဆင့် ၉ သို့ မကျင့်ကြံရသေးပေ။ သူ၏ဒန်ထျန် ပွင့်လာသည့်တိုင် ၎င်းမှာ အသုံးမဝင်ပါ။
၎င်းအတွင်း၌ သိုလှောင်ထားသော စွမ်းအင်များမှာ တဖြေးဖြေး ပျယ်လွင့်သွားပေမည်။
သူ့ရှေ့မှ ဆေးပင်ဆေးမြစ်များကိုကြည့်ကာ ဟန်မူယဲ့က မျက်တောင်ပင့်လိုက်၏။
အသက်ကို ရှည်လျားစေနိုင်သော ဆေးလုံးများမှာ စျေးကြီးရပေမည်။
‘၎င်းက မည်မျှ စျေးကြီးနိုင်မည်နည်း’
ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ လား…
လာမည့်နေ့ရက်များတွင် သူသည် အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံးများ ရနိုင်သလောက် များများ ဖော်စပ်မည်။ သူက အသက်ရှည်စေနိုင်သောဆေးလုံးကို မဝယ်နိုင်ဟု မယုံကြည်ပါ။
အသက်ဆက်ရှင်လိုသော စိတ်ဆန္ဒက သူ့အား တွန်းအား အကြီးအကျယ်ပေးနေရာ သူသည် ဆေးပေါင်းဖိုကို သန့်ရှင်းရေးလုပ်ကာ ဒုတိယတစ်ကြိမ် ဆေးဖော်ရန် ပြင်ဆင်၏။
ထိုညတွင် ဟန်မူယဲ့၏အခန်းထဲ၌ မီးတောက်များ အဆက်မပြတ် တောက်လောင်နေခဲ့သည်။ သူ နောက်နေ့နံနက်၌ နိုးထလာသောအခါ နေအတော်မြင့်နေပြီ ဖြစ်သည်။
သူ အခန်းပြင်သို့ ထွက်လိုက်သည်နျင့် ဟန်မူယဲ့ အံ့အားသင့်သွား၏။
ဟွမ်လောင်လျှိုအပြင် နောက်တစ်ယောက်သည်လည်း ဓားစံအိမ်၌ ရှိနေသည်။
“ဂျူနီယာညီမ မူဝမ်”
မူဝင်မှလွဲ၍ တခြား မည်သူ ဖြစ်မည်နည်း။
“စီနီယာအစ်ကိုဟန်”
ဟန်မူယဲ့ ထွက်လာသည်ကိုမြင်လျှင် မူဝမမ်၏အမူအရာက ထူးဆန်းနေသည်။ သူမက တီးတိုးခေါ်ကာ ခေါင်းငုံ့၏။
‘ဘာဖြစ်တာလဲ…’
ဟန်မူယဲ့က ပြုံးလျှက် ကြည့်နေသော ဟွမ်လောင်လျှိုအား ပြောသည်။
“ကျုပ် ကိုယ်လက်သွားသန့်စင်လိုက်ဦးမယ်”
ဟန်မူယဲ့သည် ဓားစံအိမ်အနောက်ဘက်မှ အဆောင်ငယ်လေး၌ ကိုယ်လက်သန့်စင်၏။ သူ ပြန်ရောက်လာသောအခါ ဟွမ်လောင်လျှို မရှိတော့ပါ။ မူဝမ်တစ်ဦးတည်းသာ ရှိတော့သည်။
“အစ်ကို ဘယ်မှာလဲ”
ဟန်မူယဲ့က မေးသည်။
“သူ လမ်းလျှောက်သွားတယ် ပြောတယ်”
မူဝမ်က အသံတိုးတိုးဖြင့် ပြောသည်။
“ဘာဖြစ်လို့လဲ”
ဟန်မူယဲ့က မေးသည်။
“ဂျူနီယာညီမလေးမူ… ဒီတစ်ခေါက် ဘာအခက်အခဲများ ရှိလို့လဲ”
“အာ… မဟုတ်ပါဘူး”
မူဝမ်က လက်ဝှေ့ယမ်း၏။ ထို့နောက် သူမက တစ်စုံတစ်ခုကို တွေးလိုက်ကာ ဆေးပုလင်းငယ်နှစ်လုံးအား အိတ်ထဲမှ ထုတ်လိုက်သည်။
“စီနီယာအစ်ကိုဟန်… ဒီဆေးပုလင်းတွေမှာ ကာယအားဖြည့်ဆေးတွေ ပါတယ်။ ဒါတွေအကုန်လုံးက အရည်အသွေးမြင့်ဆေးလုံးတွေပဲ”
ဟန်မူယဲ့၏ပြာနှမ်းနေသော မျက်နှာကိုကြည့်ကာ မူဝမ်က တီးတိုးပြောသည်။
“မနေ့က စီနီယာအစ်ကို ကျွန်မကို တိမ်မြူဆေးလုံး ဖော်စပ်တာ အကြံဉာဏ်ပေးခဲ့တယ်။ ဒါကို လက်ဆောင်လို့ သဘောထားပါ”
ဟန်မူယဲ့က နွေးထွေးသော ကျောက်စိမ်းပုလင်းငယ်အား လှမ်းယူလျှင် ၎င်းအထဲ၌ ဆေးလုံးအများအပြားရှိနေသည်ကို ခံစားမိ၏။
“ဒါက လက်ဆောင်သေးသေးမဟုတ်ဘူး”
ဟန်မူယဲ့က ရယ်မောလိုက်ကာ ပုလင်းငယ်အား လှမ်းယူပြီး မူဝမ်ကို ပြောသည်။
“ဂျူနီယာညီမမူ… ကျုပ် ကူညီနိုင်တာ တစ်ခုခုရှိလား”
မူဝမ်က တွေးတောလိုက်ပြီးမှ ခေါင်းယမ်းသည်။
‘နောက်ထပ်ဆေးဖော်စရာမရှိတော့ဘူးလား’
‘ဒါက အဆင်မပြေလိုက်တာ’
ဆေးပုလင်းငယ်အား သိမ်းလိုက်ပြီးနောက်တွင် ဟန်မူယဲ့က ပြောသည်။
“ဂျူနီယာညီမလေး… ဆေးခန်းဆောင်မှာ အသက်ရှင်ကာလကို တိုးပွားစေတဲ့ဆေး ဖော်စပ်နိုင်တဲ့သူရှိလား”
အသက်ရှင်ကာလကို တိုးပွားစေသည့်ဆေးဟု ကြားလိုက်သည်နှင့် မူဝမ်မှာ တစ်စုံတစ်ခုကို တွေးမိကာ တုန်ယင်သွားသည်။
သို့သော်လည်း သူမက အတွေးများကို ချုပ်တီးကာ ပြန်ပြောသည်။
“ဆေးခန်းဆောင်မှာ ဘယ်သူမှ အဲဒီလိုဆေးကို ဖော်နိုင်မှာ မဟုတ်ဘူး”
“တစ်နှစ်သက်တန်းကို တိုးပွားစေတဲ့ ဆေးလုံးတောင်မှ သတ္တမအတန်းစားဆေးလုံးပဲ”
‘ဘယ်သူမှ ထိုဆေးလုံးမျိုးကို မဖော်စပ်နိုင်ပါ’
ဟန်မူယဲ့၏မျက်နှာတွင် စိတ်ပျက်ဟန် အထင်းသားပေါ်နေသည်။
“စိတ်မပူပါနဲ့ စီနီယာအစ်ကို… ကျွန်မ ပြန်သွားရင် သေချာပေါက် မေးပေးပါ့မယ်”
မူဝမ်က ပြောကာ နောက်လှည့်ထွက်လာသည်။
“ဂျူနီယာညီမလေး… ကျုပ်သိချင်တာက အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံးတွေကို ဂိုဏ်းက ဘယ်လောက်နဲ့ရောင်းတာလဲ”
ဟန်မူယဲ့၏အသံ အနောက်မှ ထွက်ပေါ်လာသည်။
မူဝမ်က အံ့အားသင့်ဟန်ဖြင့် နောက်လှည့်ကာ ပြောသည်။
“စီနီယာအစ်ကိုက အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံးကို လိုချင်တာလား”
“ဆေးလုံးက တွေ့ရခဲတယ်”
“စီနီယာအစ်ကို… ရှင်သာ အမြင့်ဆုံးအရည်အသွေး ဆေးလုံးတွေကို လိုချင်ရင် သေချာပေါက် ဆေးလုံးသီးသန့်ရောင်းတဲ့ဆိုင်တွေမှာ သွားရှာမှ ရမယ်”
ထို့နောက် သူမက အသာအယာပြောသည်။
“အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံးက တန်ဖိုးကြီးတယ်”
“အဲဒါက ဝိညာဉ်ကျောက်တုံး ၃၀၀၀ လောက်ကုန်ကျမယ်”
မူဝမ် ထွက်သွားသည့်တိုင် ဟန်မူယဲ့မှာ မိန်းမောနေဆဲဖြစ်သည်။
“အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံးတန်ဖိုးက ဝိညာဉ်ကျောက်တုံး ၃၀၀၀ တဲ့လား”
သူ တွေးထားသည့်အတိုင်း ၎င်းသည် ငါးဆ မဟုတ်ဘဲ အဆတစ်ရာပို၍ တန်ဖိုးကြီးနေသည်။
မူဝမ်ပေးထားသော ဆေးပုလင်းအား ကိုင်ကာ ဟန်မူယဲ့ စိတ်လှုပ်ရှားနေသည်။
မနေ့ညက သူသည် ဆေး ၁၀ဖုံစာ၌ အမြင့်ဆုံး အရည်အသွေးဆေးလုံး ၃၅ လုံးနှင့် အရည်အသွေးမြင့် ၇ လုံး ဖော်စပ်နိုင်ခဲ့သည်။
သူကား အလွန်ပင်ပန်းလွန်းရာ ဆေးဖော်နေရင်း အားပြတ်သွားခဲ့ရသည်။
သို့သော်လည်း ၎င်းမှာလုံလောက်ပေသည်။
အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံးမှာ ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဖြစ်ရာ ၃၅ လုံး ဆိုပါက ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ ဝန်းကျင် ရှိသည်။
၎င်းသည် အသက်ရှင်ကာလကို ဆွဲဆန့်သော ဆေးလုံးအား သေချာပေါက် ဝယ်ရန် လုံလောက်ပေလိမ့်မည်။
“စီနီယာအစ်ကို… ရှင် တကယ်ပဲ ဓားစံအိမ်မှာရှိတာပဲ”
ထိုအခိုက်တွင် အသံစူးစူးတစ်ခုသည် ဓားစံအိမ်အဝင်ဝမှ ထွက်ပေါ်လာ၏။
ဟန်မူယဲ့က လှမ်းကြည့်ကာ မျက်မှောင်ကြုတ်သည်။
ဓားစံအိမ်အဝင်ဝတွင် ပန်းရောင်ဝတ်စုံ၊ လမင်းကဲ့သို့ မျက်နှာလေးဖြင့် အမျိုးသမီး ကျင့်ကြံသူတစ်ဦး ရှိနေသည်။
သူမမှာ ပိုင်စုကျန်း ဖြစ်သည်။
‘စုကျန်း’ ဆေးဆိုင်ပိုင်ရှင်လည်း ဖြစ်သည်။
သူမက သည်နေရာကို မည်သို့ ရောက်လာသနည်း။
“ခင်ဗျားက ဓားလက်ခံဖို့ လာတာလား”
ဟန်မူယဲ့က သူမအား လှမ်းမေးသည်။
ပိုင်စုကျန်း ရယ်မောလိုက်ကာ ဓားစံအိမ်ထဲသို့ ဝင်လာသည်။ သူမ၏အကြည့်က အဝေးရှိ သစ်သားစင်ပေါ်မှ ဓားများကို တွေ့မြင်လျှင် သူမ၏ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားသည်။
“ဒါက ဓားစံအိမ်လား… ကျောချမ်းစရာကောင်းလိုက်တာ”
သူမက ခေါင်းယမ်းကာ ဟန်မူယဲ့ထံသို့ လျှောက်သွားလျှက် ပြောသည်။
“စီနီယာအစ်ကို… ကျွန်မက ဓားလက်ခံဖို့ လာတာ မဟုတ်ဘူး။ ကျွန်မက ရှင်နဲ့ အလုပ်ကိစ္စ လာဆွေးနွေးတာ”
သူမက ထိုသို့ပြောကာ ဟန်မူယဲ့လက်ထဲမှ ကျောက်စိမ်းပုလင်းငယ်ကို ကြည့်သည်။
“စီနီယာအစ်ကို… ရှင် ဆေးလုံးဖော်စပ်ထားပြီလား”
ဟန်မူယဲ့ ခေါင်းယမ်းကာ ကျောက်စိမ်းပုလင်းငယ်အား သိမ်းဆည်းလိုက်သည်။
ယခု သူလုပ်လိုသည်ကား ဓားစံအိမ်တွင် ဓားဆန္ဒများကို ဓားအဟုန် ပြီးပြည့်စုံခြင်းသို့ရောက်သည်အထိ စုဆောင်းရန် ဖြစ်သည်။
ဤပိုင်စုကျန်းသည် တစ်စုံတစ်ခုကို ကြံစည်နေဟန်ရရာ သူမနှင့် အဆက်အဆံပြုလုပ်ခြင်းက သိပ်မကောင်းဟု သူခံစားရသည်။
ဟန်မူယဲ့က ကျောက်စိမ်းပုလင်းငယ်အား သိမ်းဆည်းလိုက်လျှက် ပိုင်စုကျန်းက ပြုံးလျှက် ရှေ့ကို တိုးကာ တီးတိုးပြောသည်။
“စီနီယာအစ်ကို… ရှင်က အသက်ရှင်ကာလကို တိုးပွားစေတဲ့ ဆေးလုံး ရှာနေတာမလား”
အသက်ရှည်စေသော ဆေးလုံး…
ဟန်မူယဲ့၏မျက်လုံး အရောင်လက်သွားသည်။ သူ၏ချီပင်လယ်မှ ဓားဆန္ဒ လှုပ်ရှားသွားကာ ပထမထပ်မှ ဓားများအားလုံး တုန်ခါသွားကြ၏။
အေးစက်သော အငွေ့အသက်လှိုင်းများသည် ပိုင်စုကျန်းအား ကျောစိမ့်စေသည်။
“ခင်ဗျားမှာ ရှိလား”
ဟန်မူယဲ့က ပိုင်စုကျန်းအား ကြည့်သည်။
ပိုင်စုကျန်း ခေါင်းယမ်းသည်။
ဟန်မူယဲ့ မပြောရသေးခင်တွင်ပင် သူမက ပြောသည်။
“ဒါပေမဲ့ ကျွန်မက ဘယ်မှာရှာရမလဲ သိတယ်”
ထို့နောက် သူမက တစ်ချက်ရယ်ကာ ပြောသည်။
“စီနီယာအစ်ကို… ရှင်က ဒီသတင်းအတွက် တန်ဖိုးတစ်ခုခု ပြင်ဆင်ထားလား”
“ခင်ဗျား ဘာလိုလဲ”
ဟန်မူယဲ့က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူမကို မေးသည်။
ပိုင်စုကျန်းက သစ်သားစင်များပေါ်မှ ဓားများကို လှမ်းကြည့်သည်။
“ခင်ဗျား ဓားစံအိမ်ထဲက တစ်ခုခုကို ကြံစည်နေတယ်ဆိုရင်တော့ ဘာမှ မပြောနဲ့တော့”
ဟန်မူယဲ့က အေးစက်စွာ ပြောသည်။
ပိုင်စုကျန်း၏အမူအရာ ပြောင်းလဲသွားကာ သူမက တီးတိုးပြောသည်။
“စီနီယာအစ်ကိုက ဆုံးဖြတ်ချက်ချပြီးမှတော့ ကျွန်မ ဘာမှ မပြောတော့ဘူး”
“ရှင် စဉ်စားဆုံးဖြတ်ပြီးသွားရင် ကျွန်မကို စုကျန်းဆေးဆိုင်မှာ လာရှာပါ”
“ရှင့်မှာ အချိန်သိပ်မကျန်တော့ဘူး”
ထို့နောက် သူမက တစ်ချက်ရယ်ကာ ဓားစံအိမ်မှ ထွက်ခွာသွားခဲ့သည်။
ဟန်မူယဲ့ မျက်လုံးသူငယ်အိမ်အား ကျဉ်းမြောင်းလိုက်သည်။
သူမက ဓားစံအိမ်မှ ဓားများအတွက် လာသည်များလား။
သူ၏အသက်နှင့် ဓားစံအိမ်မှ ဓားများအကြား မည်သည့်အရာကို ရွေးသင့်သနည်း။
“အဟမ်း… ညီလေးဟန်… မင်းက ဒီလိုလူမှန်း ငါ မသိခဲ့ဘူး”
ထိုအခိုက် ဒေါသထွက်သည့်လေသံဖြင့် တမင်လုပ်ပြောသော ဟွမ်လောင်လျှို ရောက်လာသည်။