← Chapters

ကမ္ဘအလင်းတောင်ထွတ်ကို နင်းချေပစ်ခြင်း

Vol. 42 Ch. 584

ကမ္ဘအလင်းတောင်ထွတ်ကို နင်းချေပစ်ခြင်း

Vol. 42 Ch. 584

အခန်း (၅၈၄) ကမ္ဘအလင်းတောင်ထွတ်ကို နင်းချေပစ်ခြင်း

ထူးကဲယန်စည်းတံဆိပ်၏ ပြင်းထန်သော တိုက်ခိုက်မှုက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ပြိုကွဲလုနီးပါး ဖြစ်ရသည်။

အနီရောင်စည်းတံဆိပ်ကြီးသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလျှက် အောက်ဘက်သို့ ကျဆင်းလာပြီး သိုင်းသူတော်စင်တတိယအဆင့်ရှိသော ‘စွန်းဟောက်’ ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေရန် ကြီးမားသော ဖိအားများဖြင့် ထိန်းချုပ်လိုက်သည်။

စွန်းဟောက်က သူ့အစွမ်းရှိသမျှ ခုခံရန်ကြိုးစားသော်လည်း အချည်းအနှီးသာ။

တိုက်ခိုက်လိုသောလည်း တိုက်ခိုက်နိုင်စွမ်းမရှိ။

ခုခံလိုသောလည်း ကာကွယ်နိုင်စွမ်းမရှိ။

ရှောင်တိမ်းလိုက်သော်လည်း ရှောင်တိမ်းရန်မဖြစ်နိုင်။

လွတ်မြောက်လိုသော်လည်း လွတ်လမ်းမရှိ။

ရန်ကျောက်ကဲက ပြုံးရင်း...

“လူတွေအနေနဲ့ ရေတွင်းထဲကဖားမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ခဏခဏ သတိပေးဖို့လိုတယ်ဆိုတဲ့စကားက ငါတို့နှစ်ယောက်လုံးနဲ့ သက်ဆိုင်ပါတယ်”

“ကဲ... ငါ့ကို အဖြေပြန်မပေးခင် သေသေချာချာ စဉ်းစားပါ ၊ မင်း ဒီ စည်းတံဆိပ်ရဲ့ဒဏ်ကို ခံနိုင်ရည်ရှိမယ်ထင်သလား”

စွန်းဟောက် ပါးစပ်ကို ဖွင့်လိုက်သော်လည်း အသံမထွက်နိုင်ပေ။

သူက ခက်ခက်ခဲခဲပင် ခေါင်းကိုလှည့်ကာ ဘေးနားမှ အသင်္ချေနဂါးနန်းတော်ကို လှမ်းကြည့်လိုက်သည်။ တိန့်စန်းနှင့် လျိုဖုန်းတို့သည် ယခု သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။

ထိုအချိန် စွန်းဟောက်စိတ်ထဲမှ အကူအညီတောင်းသံကို ကြားရသည့်အလား နဂါးနန်းတော်တံခါး ရုတ်တရက် ပွင့်လာသည်။ နန်းတော်အတွင်းမှ လူတစ်ယောက်ပြေးထွက်လာပြီး သူ့အနောက်မှ မရဏချီစီးကြောင်းအနည်းငယ်က အနီးကပ်လိုက်ပါလာကြောင်း တွေ့ရ၏။

ထိုသူသည်ကား အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်လာသော ကွမ်းမင်ဂိုဏ်းမှ လူများထဲတွင် စွမ်းအားအမြင့်မားဆုံးဖြစ်သည့် ‘တိန့်စန်း’ သာပင်။

ယခုတော့ သိုင်းသူတော်စင် စတုတ္ထအဆင့်ရှိသော ဤ တန်ခိုးစွမ်းအားရှင်သည် စိတ်ဓာတ်ပျက်ပြားလျှက် သေလုမျောပါးဒဏ်ရာရရှိကာ သူ့တစ်ကိုယ်လုံးသွေးများစွန်းထင်းလျှက် ခန္ဓာကိုယ်အရေခွံများအားလုံး လောင်ကျွမ်းပေါက်ပြဲလျှက် ရှိသည်။

သူ၏ ဒဏ်ရာများကြောင့် အထက်ဘုံကမ္ဘာသို့ ပြန်တက်ရန်မဆိုထားနှင့် နဂါးနန်းတော်မှ လွတ်မြောက်လာပြီးနောက် ဘယ်လောက်ကြာကြာ အသက်ရှင်သန်နိုင်မည်လဲ မခန့်မှန်းနိုင်ပေ။

သူ၏ ကြီးမားပြင်းထန်သော သိုင်းစွမ်းနှင့် ကွမ်းမင်ဂိုဏ်း၏ ‘အလင်းခန္ဓာ’ စွမ်းအားကြောင့်သာ အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။

အခြားသော သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူဖြစ်သော လျိုဖုန်းမှာတော့ အသင်္ချေနဂါးနန်း‌တော်အတွင်းမှ မရဏချီ အဖျက်စွမ်းအားများအောက်တွင် အရိုးပင်မကျန်ဘဲ အငွေ့ပျံပျောက်ကွယ်သွားခဲ့ပေပြီ။

တိန့်စန်းက အလွန်တရာ တုန်လှုပ်စွာဖြင့်...

“ဂိုဏ်းတူညီလေး’စွန်းဟောက်’... အမြန်ပြေး...”

သို့ပေသိ သူ့စကားသံက ချက်ချင်းရပ်တန့်သွားပြီး တစ်စုံတစ်ယောက်က သူ့ကို လည်ပင်းညှစ်လိုက်သည့်ပမာ ဆက်လက်စကားဆိုနိုင်ခြင်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့မျက်စိရှေ့မှာပင် ကြောက်မက်ဖွယ်ရာ ထူးကဲယန်စည်းတံဆိပ်စွမ်းအားဖြင့် စွန်းဟောက်တစ်ယောက် အငွေ့ပျံပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။

မိုးမြေတစ်ခွင် တုန်လှုပ်နေခြင်းက အချိန်အတန်ကြသည်အထိ မငြိမ်မသက် ဖြစ်နေဆဲပင်။

ပြင်းထန်သောစွမ်းအားများဖြင့် စွန်းဟောက်ကို တစ်ချက်တည်းရိုက်သတ်လိုက်သော ထူးကဲယန်စည်းတံဆိပ်သည် ယခု လေထုအလယ်တွင် မလှုပ်မယှက် တည်ရှိနေသည်။

အနီရောင်စည်းတံဆိပ်မျက်နှာပြင်ထက်မှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခမ်းနားကြီးကျယ်သော စွမ်းအားရောင်ဝါများ ပျက်ပြယ်သွားကာ သာမန်ကြေးနီစည်းတံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုခဏတွင် ထူးကဲယန်စည်းတံဆိပ်၏ ကြမ်းတမ်းပြင်းထန်သော အသွင်အပြင် ပျောက်ကွယ်သွားသော်လည်း ပတ်ဝန်းကျင်မှလူတိုင်းကတော့ ထိတ်လန့်တုန်လှုပ်နေကြဆဲ ဖြစ်၏။

တည်ငြိမ်စွာဖြင့် ထူးကဲယန်စည်းတံဆိပ်ကို သိမ်းဆည်းလိုက်သော ရန်ကျောက်ကဲကို တိန့်စန်း လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲက အေးစက်စွာပြုံးရင်း...

“မင်းရဲ့ တူလေး အသက်ပြန်ရှင်မလာတော့ဘူးထင်တယ် ၊ ဒါပေါ့လေ... သေတဲ့သူက ဘယ်ပြန်ရှင်လာတော့မလဲ ၊ ထပ်တူဝမ်းနည်းရပါတယ် ၊ ပြီးတော့... မင်းလည်း မကြာခင် သူ့နောက်လိုက်သွားရမှာပါ”

မရဏချီ အဖျက်စွမ်းအားများ ပေါက်ကွဲထွက်ပြီးသည့်နောက် အသင်္ချေနဂါးနန်းတော်၏စွမ်းအားရောင်ဝါက တဖြည်းဖြည်း အားပျော့သွားသည်။

မည်သို့ပင်ဖြစ်စေ တိန့်စန်းနှင့် လျိုဖုန်းတို့၏ ကျေးဇူးကြောင့် နဂါးနန်းတော်ကြီးအတွင်းမှ မရဏချီများကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီ ဖြစ်၏။

ရုတ်တရက် အလင်းရောင်တစ်ချက် လင်းလက်သွားပြီး အသင်္ချေနဂါးနန်းတော်အဝင်ဝတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ပုံရိပ် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ ထူးကဲယန်စည်းတံဆိပ်ကို သိမ်းဆည်းလိုက်ခြင်းအား တိန့်စန်း စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် အသင်္ချေနဂါးနန်းတော် ၊ ရန်ကျောက်ကဲနှင့် ဝါဒတောင်ရှိ လူများအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သူ့မျက်ဝန်းများက ယနေ့ တွေ့မြင်ရသော မြင်ကွင်းများကို စိတ်ဝိညာဉ်ထဲ တံဆိပ်ခတ်သည့်ပမာ စွဲထင်စွာ မှတ်သားနေခြင်း ဖြစ်ဟန်တူသည်။

ထို့နောက်မှာတော့ ကွမ်းမင်ဂိုဏ်းမှ တန်ခိုးစွမ်းအားရှင်ကြီးမှာ လျှင်မြန်စွာ ထွက်ပြေးသွားလေတော့၏။

အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာစဉ်က သူတို့အုပ်စု ဤနည်းလမ်းဖြင့် အဆုံးသတ်မည်ဟု တိန့်စန်း ထင်မထားခဲ့ပေ။

ယခု သူ့လူများအားလုံး သေဆုံးသွားခဲ့ပြီး သူကိုယ်တိုင်လည်း သေလုမျောပါး ဒဏ်ရာများ ရရှိခဲ့သည်။

တိန့်စန်းမှာ ဒဏ်ရာပြင်းထန်သည့်အတွက် အခြားသူများနှင့် တိုက်ခိုက်ရန် မဆိုထားနှင့် မည်မျှအချိန်ကြာအောင် အသက်ရှင်သန်နိုင်ပါမည်လဲ မခန့်မှန်းနိုင်ပေ။

စောစောက သူ လျစ်လျူရှုထားခဲ့သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ယခုတော့ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူ့အသက်ကို ရယူနိုင်သည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် ထွက်ပြေးရန် ရွေးချယ်စရာတစ်ခုသာ ရှိခဲ့သည်။

အကယ်၍ သူသာ ကွမ်းမင်ဂိုဏ်းတည်ရှိရာ အထက်ဘုံကမ္ဘာသို့ ပြန်နိုင်မည်ဆိုပါက ပိုမိုအားကောင်းသော တန်ခိုးစွမ်းအားရှင်များ စေလွှတ်ပေးရန် ဂိုဏ်းကိုတောင်းဆိုနိုင်ပြီး ရန်သူကိုအမြစ်ပြတ်ချေမှုန်းကာ ထူးကဲယန်စည်းတံဆိပ်အားရယူရန် အခွင့်အရေးရှိမည် ဖြစ်သည်။

“နဂါးချီ... နဂါးအစစ်တွေရဲ့ များပြားလှတဲ့ချီစွမ်းအားတွေကြောင့် ဒီကောင်လေးက ထူးကဲယန်စည်းတံဆိပ်ကို ထိန်းချုပ်နိုင်တာလား”

“ဒါပေမဲ့... သိုင်းဆရာသခင်တစ်ယောက်က ဒီစည်းတံဆိပ်ကို ထိန်းချုပ်နိုင်တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ၊ ဒါမှမဟုတ် ဒီပစ္စည်းရဲ့ မူလပိုင်ရှင်ဆီက သိုင်းပညာအမွေအနှစ်ကို ရရှိခဲ့တာလား”

ရန်ကျောက်ကဲသည် သိုင်းဆရာသခင်အဆင့်မျှဖြင့် ထူးကဲယန်စည်းတံဆိပ်ကို အသက်သွင်းနိုင်သည့်အတွက် တိန့်စန်းအလွန်တရာ အံ့အားသင့်ခဲ့သည်။ သို့သော် စည်းတံဆိပ်ကို တစ်ချက်ကြည့်ရုံမျှဖြင့် ရန်ကျောက်ကဲသည် တစ်ကြိမ်သာ အသွက်သွင်းနိုင်ခဲ့ပြီး နောက်ထပ် အချိန်အတန်ကြာအောင် ထိုစည်းတံဆိပ်ကို အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း ခန့်မှန်းမိသည်။

သို့ပေသိ ထိုအချက်က မသေချာသဖြင့် သူ ရန်ကျောက်ကဲရှေ့တွင် ဆက်မနေဝံ့ခဲ့ပေ။

သူ့တွင်ရှိသော တစ်ခုတည်းသောရွေးချယ်စရာမှာ ထွက်ပြေးရန်သာပင်။

တိန့်စန်းက နေသူတော်စင်ဂိုဏ်းတည်ရှိရာ တောင်ဘက်ပိုင်းသို့ ထွက်ပြေးသွားကြောင်း တွေ့ရသည့်အခါ ရန်ကျောက်ကဲ ပြုံးလိုက်သည်။ ထို့နောက် အသင်္ချေနဂါးနန်းတော်ကို သိမ်းယူလိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ခေါ်ယူကာ နောက်မှလိုက်သွားလေ၏။

ကျန်လူများအားလုံးမှာ အချိန်ကြာမြင့်စွာ မှင်တက်လျှက် သတိပြန်ဝင်လာခြင်း မရှိသေးပေ။

ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် တတိယအဆင့် တန်ခိုးစွမ်းအားရှင် (၃)ယောက်မှာ နှစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာအပြင်းအထန်ရသွားသည်ကို ကြည့်ခြင်းအားဖြင့် ၊ ဤသည်က သူတို့ တွေးထင်ထားသည်ထက် လုံးဝကျော်လွန်သွားပြီး လူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည်။ ထို့ပြင် ထူးကဲယန်စည်းတံဆိပ်ကြောင့်လည်း သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့ကြရသည်။

ယန်ကျန်းဟွာနှင့် ကျင်းကျယ်ကို သတ်ဖြတ်ခြင်းထက် ပိုမိုလျှင်မြန်သောနည်းလမ်းဖြင့် ရန်ကျောက်ကဲက သိုင်းသူတော်စင် တတိယအဆင့် (၃)ယောက်ကို တိုက်ခိုက်နှိမ်နင်းခဲ့လေရာ သူတို့အားလုံး တုံ့ပြန်နိုင်စွမ်း မရှိကြတော့ပေ။

တန့်စန်းနှင့် လျိုဖုန်းတို့ အသင်္ချေနဂါးနန်းတော်အတွင်း ဝင်ရောက်သွားပြီးနောက် နန်းတော်တံခါးပိတ်သွားပြီး နန်းတော်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်လာသည်။

နန်းတော်တံခါး ပြန်ပွင့်လာချိန်တွင် လျိုဖုန်းမှာ အငွေ့ပျံပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မှ မတွေ့ရတော့ဘဲ တိန့်စန်းကတော့ ဒဏ်ရာအပြင်းအထန်ရရှိကာ အရှက်ကွဲလျှက် ထွက်ပြေးသွားခဲ့သည်။ ထိုသူ သေမည်လား အသက်ရှင်မည်လား မှန်းဆမရနိုင်ပေ။

အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော စွန်းဟောက်မှာ မကြာခင်ကပင် ကြီးကျယ်ခမ်းနားသော လက်ဝါးရိုက်ချက်ဖြင့် ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို ချေမှုန်းပစ်တော့မည့်အလား ထင်မှတ်ရသော်လည်း ခဏအတွင်းမှာပင် ‘ထူးကဲယန်စည်းတံဆိပ်’ ဖြင့် ရိုက်ခတ်မိပြီး အသက်ပျောက်ခဲ့ရသည်။

ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာတွင်တည်ရှိသော ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် (၅)ယောက်သည် ဝါဒတောင်ကို တိုက်ခိုက်ချေမှုန်းရန် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်ရှိလာခဲ့ကြသည်။

သိုင်းသူတော်စင် စတုတ္ထအဆင့် (၁) ဦး ၊ သိုင်းသူတော်စင် တတိယအဆင့် (၂) ဦးနှင့် သိုင်းသူတော်စင် ဒုတိယအဆင့် (၂) ဦး တို့သည် အချိန်တိုအတွင်း (၄)ယောက်သေဆုံးကာ တစ်ယောက် ဒဏ်ရာအပြင်းအထန် ရခဲ့ကြသည်။ သူတို့အားလုံး ဝါဒတောင်ခြေတွင် ကျဆုံးခဲ့ကြသည်။

သူတို့အားလုံး ရန်ကျောက်ကဲ၏ခြေဖဝါးအောက်မှာ နင်းချေခံခဲ့ရသည်။

လူတိုင်း အိပ်မက်မက်နေသည့်အလား ခံစားကြရပြီး ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လန်သွားသည့်အလား လက်တွေ့မကျသောအခြေအနေတစ်ခုပမာ နားမလည်နိုင်အောင် ဖြစ်ကြရသည်။

အသိတ်စိတ်ပြန်ဝင်လာကြချိန်တွင် နေသူတော်စင်ဂိုဏ်းသားများက ထိတ်လန့်တုန်လှုပ်စွာ ပရမ်းပတာဖြင့် ထွက်ပြေးကြတော့သည်။

ဝါဒတောင်မှ သိုင်းသမားများက စိတ်ဓာတ်တက်ကြွလာကြပြီး ခံစစ်မှ တိုက်စစ်သို့ အသွင်ပြောင်းကာ ရန်သူများနောက်သို့ လိုက်လံတိုက်ခိုက်ကျသည်။

ဒီကိစ္စက ဒီအထိ ဖြစ်လာပြီးမှတော့ ဒဏ်ရာအပြင်းအထန်ရနေသော ‘ဟယ်နင်’ မှလွဲပြီး ကျန်လူများအားလုံး တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျန်းခွန်ကိုယ်တိုင်ဦးဆောင်ပြီး နေသူတော်စင်ဂိုဏ်းသားများကို ဦးဆောင်တိုက်ခိုက်ခဲ့၏။

***

ရန်ကျောက်ကဲက ကောင်းကင်နယ်မြေနှင့် မီးနယ်မြေကို ဖြတ်ကျော်ကာ တိန့်စန်းနောက်သို့ လိုက်လာသည်။

တိန့်စန်းကတော့ နေသူတော်စင်ဂိုဏ်းတည်ရှိရာ ကမ္ဘာအလင်းတောင်ထွတ်သို့ ထွက်ပြေးလာခဲ့သည်။

သူက နီးကပ်နေပြီဖြစ်သော ကမ္ဘာအလင်းတောင်ထွတ်ကို လှမ်းကြည့်လိုက်ပြီး ထိုနေရာတွင် ကောင်းကင်ထိတိုင်ထိုးဖောက်နေသော အလင်းရောင်ဝါတိုင်လုံးကြီးကို တွေ့မြင်ရသည့်အခါ မျက်ဝန်းများက မျှော်လင့်ချက်အပြည့်ဖြင့် တောက်ပသွားသည်။

တိန့်စန်းသည် ရုန်းရင်းကန်ရင်းဖြင့် ထို ဝိညာဉ်အလင်းတန်း တိုင်လုံးကြီးဆီသို့ သူ့လက်ကို ဆန့်တန်းလိုက်သည်။

သို့သော် ထိုအချိန်မှာပင် မြောက်ပိုင်းကောင်းကင်ယံ၌ အလင်းတန်းတစ်ခု တောက်ပလာ၏။

နဂါးဟိန်းသံများနှင့်အတူ ကောင်းကင်ထက်မှ လှံရှည်တစ်လက်ကျဆင်းလာပြီး တိန့်စန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ ကမ္ဘာအလင်းတောင်ထွတ်တွင် သံမှိုနှက်သည့်ပမာ ထိုးစိုက်လိုက်သည်။

တိန့်စန်း မျက်လုံးများ ပြူးကျယ်သွားပြီး ခက်ခက်ခဲခဲဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

"ကောင်လေး... မင်း..."

သူ့စကားမဆုံးခင်မှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဂဠုန်လက်သည်းများက သူ၏ဦးခေါင်းကို ကုတ်ခြစ်ချလိုက်ပြီး ကျောက်ဆောင်များရှိရာသို့ ဦးတည်ရိုက်နှက်ပစ်လိုက်သည်။

ဦးခေါင်းတစ်ခုလုံး ကြေမွသွားပြီး စွမ်းအားမြင့်မားလှသော သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက် အသက်ပျောက်သွားခဲ့သည်။

တောင်ပေါ်တွင် ကျန်ရှိနေသော နေသူတော်စင်ဂိုဏ်းသားများမှာ မှင်တက်ဆွံ့အသွားကြသည်။

ရက်စက်ကြမ်းတမ်းသော ပေါက်ကွဲမှုကြီးအောက်တွင် တိန့်စန်းခန္ဓာကိုယ်မှ ထွက်လာသောသွေးများက ကမ္ဘာအလင်းတောင်တထွတ်အား အနီရောင်ဆိုးသော သွေးအိုင်ကြီးအဖြစ် ပြောင်းလဲသွားစေသည်။

ထိုပြင်းထန်သောစွမ်းအားကိုတွန်းလှန်ရန် နေသူတော်စင်ဂိုဏ်း ပင်အစီအရင်ကြီးသည်လည်း မစွမ်းဆောင်နိုင်ဘဲ တောင်ထိပ်တစ်ခုလုံး မြေပြင်ထက်သို့ ပြိုကျသွားသည်။

ရန်ကျောက်ကဲက တိန့်စန်းကို မကြည့်ဘဲ ကမ္ဘာအလင်းတောင်ထွတ်တွင် ထွက်ပေါ်နေသော အလင်းတန်းရောင်ဝါကို အေးဆေးစွာကြည့်လိုက်သည်။

ထို့နောက် သူ့အသံက ကောင်းကင်ထက်တွင် ပဲ့တင်ထပ် ထွက်ပေါ်လာလေ၏။

“ဒီနေ့... ဒီ ‘ရန်’ မျိုးနွယ်က ကမ္ဘာအလင်းတောင်ထွတ်ကို အမှုန့်ချေပစ်မယ်”

All Chapters