← Chapters

အလင်းမင်းသား ‘ဟွမ်ကျိ’ သေဆုံးခြင်း

Vol. 42 Ch. 585

အလင်းမင်းသား ‘ဟွမ်ကျိ’ သေဆုံးခြင်း

Vol. 42 Ch. 585

အခန်း (၅၈၅) အလင်းမင်းသား ‘ဟွမ်ကျိ’ သေဆုံးခြင်း

နေသူတောင်စင်ဂိုဏ်းဌာနချုပ်တည်ရှိရာ ကမ္ဘာအလင်းတောင်ထွတ်တွင် ဂိုဏ်းကိုစောင့်ရှောက်ရန် ကျန်ရစ်ခဲ့သော သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် ဝါရင့်အကြီးအကဲများ ရှိနေသေးသည်။

သူတို့က နေသူတော်စင်ဂိုဏ်းပင်မအစီအရင်ကို ထိန်းချုပ်ထားသော်လည်း ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တွန်းလှန်နိုင်ခဲ့ခြင်းမရှိဘဲ အစီအရင်ကြီးတစ်ခုလုံး ပြိုကျပျက်ဆီးသွားခဲ့သည်။

ရန်ကျောက်ကဲက လက်နှစ်ဖက်နောက်ပစ်ရင်း ပြိုကျနေသော ကမ္ဘာအလင်းတောင်ထွတ်သို့ ပုံမှန်ခြေလှမ်းများဖြင့် ချဉ်းကပ်လာ၏။

ကမ္ဘာအလင်းတောင်ထွတ်သည် မကြုံစဖူးပရမ်းပတာ အခြေအနေသို့ရောက်ရှိသွားပြီး နေသူတော်စင်ဂိုဏ်းမှ သိုင်သမားများအားလုံး ထိတ်လန့်တုန်လှုပ်လျှက် ရှိကြသည်။

"ဘာလို့ဒီလိုဖြစ်ရတာလဲ"

လူတိုင်းစိတ်ထဲ သံသယများဖြင့် ပြည့်နက်နေသည်။

သူတို့နေသူတော်စင်ဂိုဏ်းသည် နတ်ဘုရားကမ္ဘာနှင့်သဏ္ဍန်တူသော ဒဏ္ဍာရီဆန်သည့် အထက်ဘုံကမ္ဘာနှင့် ဆက်သွယ်ခဲ့သည် မဟုတ်လား။ ဤ ထူးခြားသည့်အားသာချက်ကြောင့် သူတို့နေသူတော်စင်ဂိုဏ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး၏ အရှင်သခင်ဖြစ်လာစေရန် ရည်မှန်းခဲ့သည် မဟုတ်လား။

ဒဏ္ဍာရီဆန်သော အထက်ဘုံကမ္ဘာမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များသက်ဆင်းလာပြီး "အမှားအယွင်းမရှိသော" နတ်ဘုရားများအလား သူတို့နေသူတော်စင်ဂိုဏ်းကို ကူညီရန် ကတိပေးခဲ့ကြသည် မဟုတ်လား။

သူတို့၏ ရန်သူတော်ပြိုင်ဘက်ဖြစ်သော ဝါဒတောင်တစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု စီစဉ်ထားသည် မဟုတ်လား။

တစ်ချိန်တည်းမှာပင် ရန်တိ ၊ စုန့်ဝူလျန်နှင့် အဘိုးအို’မော့’ တို့အား သုတ်သင်ရှင်းလင်းပြီး ဂိုဏ်းချုပ်ဟောင်း "ဟွမ်ကွမ်လီ" ကို တောင်ပါ်သို့ ပြန်လည်ခေါ်ဆောင်လာရန် အစီအစဉ်ရှိသည် မဟုတ်လား။

ဤနည်းအားဖြင့် အခြားသော သိုင်းဂိုဏ်းကြီးများအားလုံးကို လွှမ်းမိုးအုပ်ချုပ်ပြီး အထွတ်ထိပ်အဆင့်သို့တက်ရောက်ကာ မိုးမြေပင်လယ်လေးစင်းကို အုပ်စိုးနိုင်မည် မဟုတ်လား။

... ဒါပေမဲ့ ယခုတော့ တစ်ခုခု ဟန်ချက်ပျက်နေပြီ...။

နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားများအားလုံး မယုံကြည်နိုင်စွာဖြင့် မှင်တက်လျှက်ရှိကြသည်။

ရန်ကျောက်ကဲ လျှောက်လှမ်းလာသည့် လမ်းတစ်လျှောက်မှ နေသူတော်စင်ဂိုဏ်းသားများအားလုံး အသက်ပျောက်ကုန်ကြသည်။

ထိုခဏတွင် ကမ္ဘာအလင်းတောင်ထွတ်မှ ကောင်းကင်ထိတိုင် ထိုးဖောက်ဝင်ရောက်နေသော ဝိညာဉ်အလင်းတန်းတိုင်လုံးကြီးက အနည်းငယ် တုန်ခါသွားသည်။

ရန်ကျောက်ကဲ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အသင်္ချေနဂါးနန်းတော်ကြီး ထွက်ပေါ်လာပြီး ထို အလင်းတန်းတိုင်လုံးကြီးကို တားဆီးဖြတ်တောက်ထားလိုက်၏။

လက်ရှိတွင် နဂါးနန်းတော်က အားနည်းနေသည့်တိုင် အလင်းတန်းများ တောက်ပစွာထွက်ပေါ်လာပြီး တောင်ထွတ်ထက်တွင်ရှိနေသော အလင်းရောင်တိုင်လုံးကြီးကို တားဆီးထားလိုက်၏။

ရန်ကျောက်ကဲက ဝိညာဉ်အလင်းတန်းတိုင်လုံးကြီး ထွက်ပေါ်နေရာအရပ်သို့ လျှောက်သွားသည့်အခါ ကြီးမားသော ခန်းမဆောင်ကြီးတစ်ခုကို တွေ့မြင်ရသည်။ သူက အရေးမစိုက်ဟန် ခန်းမဆောင်ခေါင်မိုးထက်မှ အုတ်ကြွပ်ပြားများကို နင်းချေပစ်လိုက်၏။

ခန်းမဆောင်ကြီးတစ်ခုလုံးအက်ကွဲသွားပြီး အထဲတွင်ထိုင်နေသော လူငယ်တစ်ယောက်ကို တွေ့ရသည်။

ဟွမ်ကွမ်လီ၏မြေး ၊ ဟွမ်ကျိ၏သား ၊ အလင်းမင်းသား ‘ဟွမ်ကျိ’ သာပင်။

ဟွမ်ကျိပုံစံက အလွန်အမင်းအားနည်းနေဟန် မျက်နှာက သွေးမရှိသလို ဖြူဖပ်ဖြူလျော်ဖြစ်နေသော်လည်း ရန်ကျောက်ကဲကိုကြည့်နေသည့် မျက်ဝန်းများကတော့ အဆုံးစွန် တောက်ပလင်းလက်နေသည်။

ရန်ကျောက်ကဲက ဟွမ်ကျိကိုကြည့်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

“အရှေ့ပင်လယ်စည်းတံဆိပ်ခတ်တဲ့အချိန်မှာ ဟွမ်ကွမ်လီက ရွှေရောင်မီးအိမ်တစ်ခုကို အသုံးပြုပြီး ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ် ၊ အဲဒီကတည်းက မင်းတို့ နေသူတော်စင်ဂိုဏ်းမှာ အထက်ဘုံကမ္ဘာနဲ့ ဆက်သွယ်နိုင်တဲ့သူတစ်ယောက်ရှိမယ်ဆိုတာ ငါ သိထားခဲ့တယ်”

“ပြီးတော့ ကွမ်းမင်ဂိုဏ်းကလူတွေ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဆင်းသက်လာပြီး ၊ အထူးသဖြင့် သိုင်းသူတော်စင် စတုတ္ထအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ပါ ရောက်လာတယ်ဆိုကတည်းက သူတို့ရောက်လာနိုင်ဖို့ ဒီဘက်ပိုင်းက စီစဉ်ပေးနိုင်တဲ့သူတစ်ယောက်ရှိတယ်ဆိုတာ ငါ ရိပ်မိတယ်”

“ဟက်... သူတို့လိုချင်တာက ထူးကဲယန်စည်းတံဆိပ်နဲ့ ထူးကဲယင်သရဖူပဲ ၊ အဲဒီပစ္စည်းတွေရတာနဲ့ သူတို့က အထက်ဘုံကမ္ဘာကို ပြန်မှာဆိုတော့ အပေါ်ကိုသွားတဲ့လမ်းကြောင်းကိုလည်း ခဏကြာရှည်အောင် ထိန်းထားခဲ့ကြတယ် ၊ အနည်းဆုံးတော့... သူတို့ အရှေ့ပင်လယ်ကပြန်လာတဲ့အချိန်ထိ ဒီ လမ်းကြောင်းက တည်မြဲနေမှာလေ”

စကားဆိုရင်းပင် ရန်ကျောက်ကဲက ဟွမ်ကျိရှေ့သို့ ပေါ့ပေါ့ပါးပါး ဆင်းသက်လာသည်။

“ဒါပေမဲ့ ဒါတွေအားလုံးကို တာဝန်ယူလုပ်ဆောင်နေတဲ့သူက မင်းဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး”

ဟွမ်ကျိက ခေါင်းကိုမော့လျှက် အလင်းတန်းတိုင်လုံးကြီးကို တားဆီးထားသော အသင်္ချေနဂါးနန်းတော်ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ငါ့ အစီအစဉ်တွေအားလုံး မင်းကြောင့် ပျက်ဆီးသွားမယ်လို့လည်း ငါ ထင်မထားမိဘူး”

သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“မင်းက အရမ်းဉာဏ်ကောင်းသလို စွမ်းအားလည်း မြင့်မားတယ် ၊ ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ဖြစ်တယ်ဆိုတာ ငါ အမြဲတမ်း သိခဲ့ပါတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ငါနားမလည်နိုင်တာက ကွမ်းမင်ဂိုဏ်းက အကြီးအကဲ (၃)ယောက်နဲ့ ဧည့်သည်အကြီးအကဲနှစ်ယောက်ကို မင်း ဘယ်လိုရင်ဆိုင်ခဲ့တာလဲ ၊ အကြီးအကဲ’ယန်ကျန်းဟွာ’ နဲ့ အကြီးအကဲ ‘ကျင်းကျယ်’ တို့ကို ထားလိုက်... ကျန်တဲ့ (၃)ယောက်ကို မင်း ဘယ်လိုများ...”

ဟွမ်ကျိက မျက်မှောင်ကြုတ်ရင်း...

“မင်းအဖေ အရှေ့ပင်လယ်က ထွက်လာပြီး သိုင်းသူတော်စင် ဒုတိယအဆင့် တက်ရောက်နိုင်မယ်ဆိုရင် ငါတို့ဂိုဏ်းအတွက် အရမ်းအန္တရယ်များမယ်လို့ တွေးထင်ခဲ့တယ် ၊ ဒါပေမဲ့ အဲဒါက ဖြစ်နိုင်ချေ နည်းသေးတယ် ၊ ပြီးတော့ မင်းက ငါတို့ကို အတော်လေးဒုက္ခပေးခဲ့လို့ အနာဂတ်မှာ ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ခဲ့ပေမယ့် ဒီလောက်အချိန်တိုလေးအတွင်းမှာ မင်းရဲ့ စွမ်းအား ဒီလောက်အထိ မြင့်တက်လာတာ မယုံကြည်နိုင်စရာပဲ”

“ပြီးတော့... မြေကမ္ဘာနယ်မြေက ငရဲကိုးထပ်အက်ကွဲကြောင်းကို ဖိနှိပ်ထားတဲ့ အဲဒီ ရတနာပစ္စည်း.... မင်းအနေနဲ့ အဲဒီပစ္စည်းကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါတောင်မှ... မင်းက သိုင်းသူတော်စင် တတိယအဆင့် အကြီးအကဲ (၃)ယောက်ကို တစ်ပြိုင်နက်တည်း ဘယ်လိုအနိုင်ယူခဲ့တာလဲ”

ရန်ကျောက်ကဲက ဟွမ်ကျိကို တည်ငြိမ်စွာ ခေါင်းငုံ့ကြည့်ရင်း...

“… မင်းနားမလည်ဘူး မဟုတ်လား”

ဟွမ်ကျိက ခေါင်းခါယမ်းရင်း...

“ဟုတ်တယ်... ငါ တကယ် နားမလည်ဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ငရဲရောက်မှ မင်းအဖေနဲ့အတူ ဖြည်းဖြည်းချင်း ဆက်စဉ်းစားပေါ့ ၊ မင်းအဘိုးကိုလည်း မင်းတို့နောက်ကို မကြာခင် ပို့ပေးလိုက်မယ်”

ဟွမ်ကျိက အေးစက်ငြိမ်သက်သောမျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို ခေါင်းမော့ကြည့်လိုက်သည်။

ရန်ကျောက်ကဲက...

“မန်ဝမ်နဲ့ ထူကဲယင်သရဖူက ဝါဒတောင်ကို လာပြီးမတိုက်ခိုက်ခဲ့သလို ဒီနေရာမှာလည်း မရှိတော့ဘူး ၊ ကြည့်ရတာ သူတို့ အထက်ဘုံကမ္ဘာကို ရောက်သွားကြပြီလား”

ဟွမ်ကျိက အေးဆေးစွာဖြင့်...

“အမှန်ပဲ...”

သူက ဆက်ပြောသည်။

“ကွမ်းမင်ဂိုဏ်းက အစွန်းရောက်ရှစ်ပါးမ္ဘာရဲ့ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ထူးကဲယင်သရဖူကို ပေးအပ်လိုက်ရမှာ သဘာဝပဲ ၊ ဒါမှ သူတို့က ငါတို့ နေသူတော်စင်ဂိုဏ်းကို အပြည့်အဝ ကူညီပေးမှာလေ”

“ပြီးတော့ အထက်လည်းမတက်နိုင် အောက်လည်းမဆင်းနိုင်ဘဲ လမ်းတစ်ဝက်မှာ ပိတ်မိနေတဲ့ ဘိုးဘေးဆရာသခင် ခရမ်းရောင်နေသူတော်စင်လည်း အထက်ဘုံကမ္ဘာကို တက်လှမ်းခွင့် ရခဲ့တယ်”

“ထူးကဲယင်သရဖူနဲ့အတူ ငါတို့ဂိုဏ်းက တပည့် (၃)ယောက်လည်း အထက်ဘုံကမ္ဘာကို တက်ရောက်ခွင့် ရခဲ့တယ် ၊ အဲဒီတပည့်တွေက ဂိုဏ်းတူညီမလေး’မန်ဝမ်’ ၊ ဂိုဏ်းတူအစ်ကို’ထန်ယုံဟောင်’ နဲ့ ငါကိုယ်တိုင်ပဲ ၊ ဒါပေမဲ့ ငါက အကြီးအကဲ’တိန့်စန်း’ နဲ့ အခြားသူတွေကို စောင့်နေတာမို့လို့ ခဏနောက်ချန်နေရစ်ခဲ့တာ”

စကားဆုံးသွားသည်နှင့် ဟွမ်ကျိက ဝိညာဉ်အလင်းတန်းတိုင်လုံးကြီးအား ပိတ်ဆို့ထားသည့် အသင်္ချေနဂါးနန်းတော်ကို ထပ်မံကြည့်ရှုရင်း သက်ပြင်းချလိုက်သည်။

“အခုတော့ ငါ အဲဒီကို မသွားနိုင်တော့ဘူးထင်တယ်”

ရန်ကျောက်ကဲက...

“တကယ်တော့ ယွင်ရှန်းက မန်ဝမ်ကို အနိုင်ယူပြီး ထူးကဲယင်သရဖူကို ပိုင်ဆိုင်ခွင့်ရတော့မှာ...”

ဟွမ်ကျိက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း တိုးလျသည့်လေသံဖြင့်...

“ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲမှာ တွေ့ကတည်း မင်းနဲ့ငါက တစ်သက်လုံး ပြိုင်ဘက်တွေဖြစ်လာမယ်ဆိုတာ သိပြီးသားပါ ၊ ဒါပေမဲ့ သိုင်းပညာမှာ ပြိုင်ဘက်မဟုတ်ဘူး ဉာဏ်ကစားတဲ့နေရာမှာ ပြိုင်ဘက်လို့ ငါ ခံစားရတယ်”

သူက ဆက်ပြောသည်။

“တိုက်ခိုက်တယ်ဆိုတာ နောက်ဆုံးအဆင့် နောက်ဆုံးနည်းလမ်းပဲ ၊ တိုက်ပွဲမဖြစ်ခင်မှာ စစ်မှန်တဲ့ အနိုင်အရှုံးဆိုတာကို ဉာဏ်ရည်ဉာဏ်သွေး ယှဉ်ပြိုင်မှုနဲ့ အကြိမ်ကြိမ် ဆုံးဖြတ်ရမှာပဲ ၊ ငါ မင်းကို လျှော့တွက်ခဲ့မိတယ် ၊ မင်းက ငါ့ထက် ပိုတော်ပါတယ် ၊ ငါ မင်းကို ဘယ်လို ရှုံးလို့ရှုံးသွားမှန်းတောင် မသိခဲ့ဘူး”

ဟွမ်ကျိက မျက်လုံးများမှေးမှိတ်ရင်း...

“ဒါပေမဲ့... ငါရှုံးနိမ့်တယ်ဆိုပေမယ့် မင်းလည်း မနိုင်ခဲ့ပါဘူး”

သူ့စကားသံ အဆုံးသတ်သွားသည်နှင့် ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ ကောင်းကင်ထက်တွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ အလွန်ကြောက်မက်ဖွယ်ရာ ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ထိုစွမ်းအားရောင်ဝါက သိုင်းသူတော်စင် စတုတ္ထအဆင့်ရှိသော တိန့်စန်းထက်ပင် ပိုမိုပြင်းထန်သည်။

ဟွမ်ကျိတစ်ကိုယ်လုံး မီးတောက်များဖြင့် လောင်ကျွမ်းသွားပြီး သူ၏ဦးခေါင်းထက်တွင် ဝိညာဉ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အသင်္ချေနဂါးနန်းတော်နှင့် မသက်ဆိုင်သော လမ်းကြောင်းတစ်ခုက မိုးကောင်းကင်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကို ချိတ်ဆက်ပေးထားသည်။

ကောင်ကင်ထက်မှ စွမ်းအားရောင်ဝါသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်နေသည်။

“ငါ့အသက်နဲ့လဲပြီး ကွမ်းမင်ဂိုဏ်းက ငါ့ဆရာကို လှုပ်ရှားခွင့် ပေးလိုက်မယ် ၊ သူက အကန့်အသတ်တွေကို ဖြတ်ကျော်ပြီး ဒီကမ္ဘာမှာ ကျင့်ကြံခြင်းအဆင့်ဖိနှိပ်ခံရတာကို တွန်းလှန်ပြီး ဆင်းသက်လာလိမ့်မယ်”

ဟွမ်ကျိက မျက်လုံးများကို ပြန်ဖွင့်လိုက်ရင်း...

“ရန်ကျောက်ကဲ... မင်းကို သေတွင်းပို့နိုင်ဖို့ ငါ့အသက်ပါစတေးခံလိုက်မယ်”

လောလောဆယ်တွင် ရန်ကျောက်ကဲက ထူကဲယန်စည်းတံဆိပ်ကို အသက်သွင်းနိုင်ခြင်း မရှိတော့ရာ ဟွမ်ကျိက ရန်ကျောက်ကဲအား သူနှင့်အတူ သေတွင်းသို့ ဆွဲခေါ်သွားလိုဟန် ရှိသည်။

သို့ပေသိ ရန်ကျောက်ကဲက အရေးမစိုက်ဟန် ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။

“သွေးလမ်းပြ ကော်းကင်အလင်း ရွှေမီးအိမ်... အတော်လေး ရှားပါးတဲ့ ပညာရပ်ပဲ”

ရန်ကျောက်ကဲက သူအသုံးပြုသည့် ကျင့်စဉ်အမည်အား ထုတ်ဖော်ပြောလိုက်သည့်အခါ ဟွမ်ကျိမျက်ဝန်းများ ရုတ်တရက် တုန်ခါသွားသည်။

ရန်ကျောက်ကဲက သူ့လက်ကိုအသာမြှောက်ရင်း လက်ကောက်ဝတ်ကို ဖြတ်တောက်လိုက်ရာ သွေးစီးကြောင်းတစ်ခုက လေထဲပျံသန်းသွားပြီး ဟွမ်ကျိဦးခေါင်းထက်မှ ဝိညာဉ်အလင်းတန်းဆီသို့ ပေါင်းစပ်သွား၏။

သွေးမြူမှုံများ အရှိန်အဟုန်ဖြင့် ပျံသန်းဝင်ရောက်လာသည့်အခါ ဝိညာဉ်အလင်းတန်းစွမ်းအားက ဖရိုဖရဲ ပျံ့ကျဲလွင့်ပြယ်သွားသည်။

ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ရာစွမ်းအားရောင်ဝါသည် အတားအဆီးတစ်ခု ကြုံတွေ့ရသည့်အလား အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်မလာနိုင်တော့ပေ။

ကောင်းကင်ကိုးထပ်အထက်မှ ဒေါသတကြီး ‘ဟွန့်’ ကနဲ နှာမှုတ်သံတစ်ချက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် ဟွမ်ကျိကို ငုံ့ကြည့်ရင်း...

“မင်း သေတယ် ၊ ငါ အသက်ရှင်တယ် ၊ အရမ်းကို ရိုးရှင်းလွန်းပါတယ်”

ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်နေလေ့ရှိသော ဟွမ်ကျိမျက်နှာထက်တွင် ထိတ်လန့်တခြားအမူအရာဖြင့် အံ့အားသင့်ခြင်းများ ရောယှက်ထွက်ပေါ်လာသည်။

သူက ရုန်းရင်းကန်ရင်း မတ်တတ်ထရပ်ရန်  ကြိုးစားလိုက်၏။

သို့သော် ရန်ကျောက်ကဲက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဟွမ်ကျိ၏ နဖူးထက်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

“ဘုန်း...”

ဟွမ်ကျိ၏ ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲသွားပြီး သွေးမှုံသွေးစများအဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်လေထုအတွင်းသို့ ပျံ့ကျဲသွားလေတော့၏။

All Chapters