← Chapters

ရန်ကျောက်ကဲ ပြန်လာပြီ

Vol. 42 Ch. 586

ရန်ကျောက်ကဲ ပြန်လာပြီ

Vol. 42 Ch. 586

အခန်း (၅၈၆) ရန်ကျောက်ကဲ ပြန်လာပြီ

ဟွမ်ကျိကို သတ်ဖြတ်ပြီးသည်နှင့် ရန်ကျောက်ကဲ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ့မျက်နှာသွင်ပြင်က ဝမ်းနည်းခြင်းလည်းမရှိသလို ပျော်ရွှင်ခြင်းလည်း မရှိပေ။

ဝိညာဉ်အလင်းတိုင်ကြီးက လုံးလုံးလျားလျားပျောက်ကွယ်သွားပြီး ဒေါသပေါက်ကွဲသံများကတော့ ကောင်းကင်ထက်တွင် ဆက်လက်တည်ရှိနေဆဲပင်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“ငါတို့ တစ်နေ့ တွေ့ကြမှာပါ ၊ မင်းက ငါ့ကို လာမရှာရင်တောင် ငါ မင်းကို လာရှာမယ်”

ထို့နောက် မြောက်ပိုင်းသမဒ္ဒရာကိုယ်ပွားက ကမ္ဘာအလင်းတောင်ထွတ်ထက်တွင် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲအနားရောက်လာပြီး ခြေနှစ်ဖက်လုံးဖြင့် စောင့်နင်းချလိုက်ရာ တောင်မြင့်ကြီးတစ်ခုလုံး ချက်ချင်းပင် ပြိုကျပျက်ဆီးသွားသည်။

မိုးကြိုးနယ်မြေမှ ကောင်းကင်မိုးကြိုးခန်းမအတိုင်းပင် နေသူတော်စင်ဂိုဏ်းသည်လည်း အမှုန့်ချေမွ ပျက်ဆီးသွားခဲ့ပေပြီ။ တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် လောကပထမအဖြစ် ကာလရှည်ကြာတည်ရှိခဲ့သော “နေသူတော်စင်ဂိုဏ်း” သည် ယနေ့ ရန်ကျောက်ကဲလက်ချက်ဖြင့် လုံးဝ ပျက်ဆီးသွားပြီ ဖြစ်၏။

ရှေးယခင်တစ်ချိန်က ဟန်ထျန်းပုဂ္ဂိုလ်မြတ် ‘ကျန်းဒေါင်ဂီ’ အနက်ရောင်အိပ်မက်ဆိုးတောင်ကို အမှုန့်ချေလိုက်သည့်ဖြစ်ရပ်မျိုး ဒုတိယအကြိမ် ပြန်လည်ဖြစ်ပေါ်လာသည့်အလား ထင်မှတ်ရသည်။ ထိုစဉ်အချိန်က ဟန်ထျန်းပုဂ္ဂိုလ်မြတ်က နေသူတော်စင်ဂိုဏ်းကို ချေမှုန်းမည့်အန္တရယ်မှ ကပ်သီလေးလွတ်မြောက်ခဲ့သော်လည်း ယနေ့ ရန်ကျောက်ကဲက သုတ်သင်ရှင်းလင်းခဲ့ပြီ ဖြစ်၏။

ရန်ကျောက်ကဲ၏အသွင်သဏ္ဌန်သည် ဝေဟင်တစ်ခုလုံးသာမက အစွန်းရောက်ရှစ်ပါးကမ္ဘာလုံးကို လွှမ်းခြုံထားဟန် ရှိသည်။

အလင်းမင်းသား ‘ဟွမ်ကျိ’ ကို သတ်ဖြတ်ပြီးသည့်နောက် နေသူတော်စင်ဂိုဏ်းတွင် ကျန်ရစ်ခဲ့သော အကြီးအကဲများ ၊ ကျင့်ကြံသူများအားလုံးကို ရန်ကျောက်ကဲ သုတ်သင်ပစ်လိုက်သည်။

အချို့ကျင့်ကြံသူများမှာလည်း ကမ္ဘာအလင်းတောင်ထွတ်ပြိုကျပြီးနောက် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ ပြိုကျသွားသောတောင်အောက်တွင် တစ်ခါတည်း မြှုပ်နှံခံရပြီး အသက်ပျောက်ကြရသည်။

တောင်ထွတ်တစ်ခုလုံးပြိုကျခြင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပျက်သုန်းခြောက်သွေ့သွားလေရာ အသက်ရှင်ကျန်ရစ်သော နေသူတော်စင်ဂိုဏ်းသားများမှာလည်း ထိတ်လန့်တုန်လှုပ်လျှက် ဘာလုပ်ရမှန်း မသိကြတော့ပေ။

တိန့်စန်းပုံစံက ရုပ်ပျက်နေပြီဖြစ်ရာ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရန်ပင် ခက်ခဲနေပေပြီ။ သို့သော် စောစောက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်ခဲ့သော အလင်းရောင်ကိုကြည့်ခြင်းအားဖြင့် ကွမ်းမင်ဂိုဏ်း၏ ကိုယ်ပိုင်သိုင်းပညာဖြစ်ကြောင်း မည်သူမဆို သိရှိနိုင်သည်။

ထို့ကြောင့် အလောင်းကောင်က အလွန်တရာ ပျက်ဆီးနေသည့်တိုင် နေသူတော်စင်ဂိုဏ်းမှ လူအများက ခွဲခြားသိနိုင်ဆဲ ဖြစ်၏။

သို့သော် ထိုအချက်က သူတို့အားလုံးကို ပိုပြီး စိတ်ရှုတ်ထွေးသွားစေသည်။

သူတို့နှင့် အပေးအယူပြုလုပ်ရန် အခြားကမ္ဘာမှရောက်လာသော တန်ခိုးစွမ်းအားရှင်များ ဘာဖြစ်သွားကြပါသနည်း။ အစွန်းရောက်ရှစ်ပါးကမ္ဘာကို သိမ်းပိုက်လွှမ်းမိုးနိုင်ခွင့်ပေးမည်ဟု သူတို့ကို ကတိပေးထားခြင်းက ပျက်ဆီးခဲ့ပြီလား။

တိန့်စန်းတစ်ယောက်တည်း ကမ္ဘာအလင်းတောင်ထွတ်သို့ပြန်ရောက်လာပြီး အခြားသူများ ပြန်ရောက်မလာဘဲ ရန်သူတော် ရန်ကျောက်ကဲသာ နေသူတော်စင်ဂိုဏ်း တောင်တံခါးအထိလာရောက်တိုက်ခိုက်ပြီး တိန့်စန်းကို ကမ္ဘာအလင်းတောင်ထွတ်တွင် သတ်ဖြတ်ပစ်ခဲ့သည်။

အကယ်၍ ကွမ်းမင်ဂိုဏ်းမှ အခြားသောသိုင်းသူတော်စင်များ အသက်ရှင်နေသေးသည်ဆိုပါက ဤသို့သောအဖြစ်အပျက်ကို ထိုင်ကြည့်နေကြမည် မဟုတ်ပေ။

ဖြစ်ရပ်များမှတစ်ဆင့် ကွမ်းမင်ဂိုဏ်းမှ အခြားသော သိုင်းသူတော်စင်များ အသက်အန္တရယ်ကျရောက်ခဲ့ပြီဖြစ်ကြောင်း သိရှိနိုင်သည်။

“ဒါပေမဲ့... ဒါပေမဲ့... သိုင်းသူတော်စင် တတိယအဆင့် (၃)ယောက် ၊ သိုင်းသူတော်စင် ဒုတိယအဆင့် (၂)ယောက်က... ဘယ်လိုဖြစ်ပြီး...”

“သိုင်းသူတော်စင် ဒုတိယအဆင့် (၂)ယောက်ကို အသာထား... သိုင်းသူတော်စင် တတိယအဆင့် (၃)ယောက်ဆိုတာက မဟာမီးတောက်မိစ္ဆာဘုရင် (၃)ပါးနဲ့ စွမ်းအားညီမျှတယ်လေ”

“သူတို့ကို ဘယ်လိုစွမ်းအားမျိုးနဲ့ အနိုင်ယူလိုက်တာလဲ ၊ ရန်ကျောက်ကဲက ဘယ်လိုလုပ်လိုက်တာလဲ”

ထိုမေးခွန်းများအတွက် အဖြေမရှိဘဲ သူတို့စိတ်ထဲ နားမလည်နိုင်ခြင်းအမှောင်ထုသာလျှင် ကြီးစိုးထားသည်။

ဘယ်သောအခါမှ နေမဝင်သည့်အလား ထာဝရထွန်းလင်းတောက်ပနေသော “ကမ္ဘာအလင်းတောင်ထွတ်” သည် ယခုတော့ အလုံးစုံပြိုကျပျက်ဆီးလျှက် အလင်းရောင်များအားလုံး ပျက်သုဉ်းသွားခဲ့လေပြီ။

***

ရန်ကျောက်ကဲ တိန့်စန်းကို လိုက်လံသတ်ဖြတ်ချိန် ကောင်းကင်နယ်မြေ ၊ အလယ်ပိုင်းကောင်းကင်ဒေသရှိ ဝါဒတောင်သိုင်းသမားများသည်လည်း နေသူတော်စင်ဂိုဏ်းသားများကို စတင် သုတ်သင်ရှင်းလင်းခဲ့သည်။

အရင်ကတော့ ရန်ကျောက်ကဲ ကွမ်းမင်ဂိုဏ်းမှ လူများကို သတ်ဖြတ်လိုက်သည့်အတွက် စိုးရိမ်ပူပန်ခဲ့ကြသော်လည်း ယခုတော့ စိုးရိမ်စိတ်များမရှိတော့ဘဲ ရန်သူကို မြန်မြန်ဆန်ဆန် သုတ်သင်နေကြသည်။ ဝါရင့်အကြီးအကဲ ကျန်းခွန်ကိုယ်တိုင်ဦးဆောင်ပြီး ထွက်ပြေးသွားသော နေသူတော်စင်ဂိုဏ်းသားများကို ပိုက်စိတ်တိုက်ရှာဖွေကာ ရှင်းလင်းပစ်ခဲ့သည်။

လက်ရှိအချိန်တွင် ရန်သူဘက်မှ အကြီးအကျယ် စိတ်ဓာတ်ကျနေပြီဖြစ်ရာ ခုခံတိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝ မရှိတော့ပေ။ ထို့ကြောင့် ဝါဒတောင်က သူတို့ကို လိုက်လံသုတ်သင်သည့်အခါ ဘေးလွတ်ရာ အရပ်ရပ်သို့ ထွက်ပြေးကြတော့သည်။

ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်များအား ရန်ကျောက်ကဲ သတ်ဖြတ်ပစ်လိုက်သည်ကို တွေ့မြင်ပြီးနောက် သူတို့အားလုံး စိတ်ဓာတ်များ ပျက်ပြားသွားကြသည်။

သူတို့စိတ်ထဲ ထိတ်လန့်တုန်လှုပ်မှုများကြောင့် ထုံကျဉ်နေပြီး အကြောက်တရားက အရိုးထဲအထိ စွဲထင်နေသည်။

နေသူတော်စင်ဂိုဏ်းသားများအားလုံးမှာ ရန်ကျောက်ကဲက ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်များအား အနိုင်ယူခဲ့ပုံကို ပြန်တွေးကြည့်ရန်ပင် ခက်ခဲနေကြပြီး ထိုလူငယ်က တိုက်ပွဲကို မည်သို့မည်ပုံအနိုင်ရသွားသည်ကို စိတ်ကူးကြည့်ရန်ပင် မတတ်နိုင်ကြတော့ပေ။

ထို့ကြောင့် ရန်ကျောက်ကဲ မရှိတော့သည်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးရန်ကလွဲ၍ သူတို့တွင် ရွေးချယ်စရာ မရှိတော့ပေ။ သူတို့အတွက် အကောင်းဆုံးမှာ တတ်နိုင်သမျှ မြန်မြန် ပြေးရန်သာပင်။

ရန်ကျောက်ကဲက တိန့်စန်းထွက်ပြေးသွားရာ တောင်ပိုင်းဒေသ ၊ ကမ္ဘာအလင်းတောင်ထွတ်သို့ တောက်လျှောက်လိုက်သွားလေရာ သူတို့ဂိုဏ်းဌာနချုပ်သည်လည်း အခြေအနေဟန်မည် မဟုတ်ပေ။

နေသူတော်စင်ဂိုဏ်းသားများ အရပ်ရပ်သို့ ထွက်ပြေးသွားကြသော်လည်း သူတို့သိုင်းဂိုဏ်းကို ဆုံးရှုံးခဲ့ရပြီဖြစ်ရာ ကောင်းကင်ဘယ်လောက်ကျယ်ပြန့်ပါစေ ၊ မြေပြင်ဘယ်လောက် ကြီးမားပါစေ သူတို့ မည်သည့်နေရာတွင် ပုန်းအောင်းပြီး ဤကပ်ဆိုးကြီးအား ရှောင်ရှားနိုင်ပါမည်လဲ။

ဖူအန်းစုသည်လည်း ကျန်းခွန်နှင့်အတူ နေသူတော်စင်ဂိုဏ်းမှလူများကို လိုက်လံရှာဖွေ နှိမ်နင်းခဲ့သည်။

ရန်သူအများအပြားကို နှိမ်နင်းသတ်ဖြတ်ပြီးနောက် သူမက အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်ကို သုတ်သင်ရှင်းလင်းလိုက်စဉ် အကြီးအကဲ’ချင်’ အနားသို့ ရောက်ရှိလာသည်။

နှစ်ယောက်သား အကြည့်ချင်းဖလှယ်မိသည့်အခါ နှစ်ယောက်လုံး၏ မျက်ဝန်းများထဲတွင် စိတ်ခံစားချက်များဖြင့် ပြည့်နက်နေကြောင်း တွေ့မြင်နိုင်သည်။

အကြီးအကဲ’ချင်’ က...

“သူ့မှာ ဒီလို သဘာဝလွန်စွမ်းအားတွေ ရှိလိမ့်မယ်လို့ ငါ တကယ် မျှော်လင့်မထားဘူး ၊ ဒီအဘိုးကြီး အခုချိန်ထိ အိပ်မက်မက်နေတယ်လို့ ခံစားနေရတုန်းပဲ”

အကြီးအကဲ’ချင်’ ပြောသည့် “သူ” ဆိုသည်မှာ မည်သူ့ကိုပြောခြင်းဖြစ်ကြောင်း ဖူအန်းစု သိရှိသည်။

“ဆရာဦးလေးကတော့ ပြောမနေနဲ့တော့... ကျွန်မတောင်မှ သူ့တန်ခိုးစွမ်းအားတွေကို လက်ခံနိုင်ဖို့ ခက်ခဲနေတုန်းပဲ”

ဖူအန်းစုက ဆိုသည်။

“သူက အမြဲတမ်း အံ့သြဖွယ်ရာတွေ လုပ်ပြတတ်ပေမယ့် ဒီတစ်ခါတော့ ကျောထဲစိမ့်သွားမလိုတောင် ဖြစ်သွားတယ် ၊ ယုံနိုင်ဖို့လည်း ခက်ခဲလွန်းတယ် ၊ သူ ရန်သူတွေကို အနိုင်မယူခင်ကဆိုရင် ... တစ်ဖက်က တန်ခိုးစွမ်းအားကြီးမားလွန်းလို့ ချွေးစေးတွေတောင် ပျံလာမိတာလေ...”

အကြီးအကဲ’ချင်’ အံ့အားသင့်သွားပြီး...

“အေး... ဟုတ်သား ၊ မင်း သူနဲ့အတူ ပြန်လာတာမဟုတ်လား ၊ ငါထင်တာက...

ဖူအန်းစုက ခေါင်းညိတ်ရင်း...

“ဟုတ်တယ်... အရှေ့ပင်လယ်စည်းတံဆိပ်ခတ်တုန်းက ပုံပျက်နေတဲ့ စွမ်းအားလှိုင်းလုံးတွေကြားကနေ သူက ကျွန်မကို ကယ်တင်ခဲ့တာ ၊ နောက်တော့ ကျွန်မတို့တွေ အတူတူ ခရီးထွက်ကြပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်လာခဲ့ကြတာ”

ဖူအန်းစု မျက်နှာထက် ရှားရှားပါးပါး မချိပြုံးတစ်ချက် ထင်ဟပ်လာသည်။

“ဒါတောင်မှ... သူ့မှာ ဒီလောက် စွမ်းအားပြင်းထန်တဲ့ အံ့သြဖွယ်ရာ နည်းလမ်းတွေ ရှိနေမယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့မိဘူး”

အကြီးအကဲ’ချင်’ က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။

“ဒါနဲ့ စကားမစပ်... မင်း အရှေ့ပင်လယ်မှာတိုက်ခိုက်ခံရတဲ့ကိစ္စက ဘယ်လိုဖြစ်တာလဲ”

ဖူအန်းစုက ဖြစ်ကြောင်းကုန်စင် အတိုချုံ့ရှင်းပြလိုက်ရာ အကြီးအကဲ’ချင်’ ၏ မျက်နှာအမူအရာက တစ်စုံတစ်ခု မှားယွင်းနေဟန်ဖြင့် မျက်မှောင်ကြုံ့သွားသည်။

“ဘာဖြစ်လို့လဲ...”

ဖူအန်းစု က မေးမြန်းတော့ အကြီးအကဲ’ချင်’က ရှင်းပြသည်။

သူမ အရှေ့ပင်လယ်တွင် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမက ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့ကို ထိန်းချုပ်ဖမ်းဆီးထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသတင်းကြားရသည့်အခါ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ဖူအန်းစု အာရုံခံလိုက်မိသည်။

အကြီးအကဲ’ချင်’ ၏ စကားများကို နားထောင်ရင် ဖူအန်းစု မျက်ခုံးများ ပင့်ထားမိလျှက် သူမမျက်နှာက စိမ်းတစ်လှည့်နီတစ်လှည့် ပြောင်းလဲသွားကာ အံတင်းတင်းကြိတ်လိုက်သည်။

ထို့နောက် စကားတစ်ခွန်းမဆိုဘဲ ဝါဒတောင်သို့ လှည့်ပြန်သွားတော့၏။

ဖူအန်းစု၏လုပ်ရပ်ကို တွေ့မြင်သည့်အခါ တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း အကြီးအကဲ’ချင်’ ရိပ်မိလိုက်သည်။ နေသူတော်စင်ဂိုဏ်းသား အတော်များများကို သုတ်သင်ခဲ့ပြီးဖြစ်လေရာ သူလည်း ဖူအန်းစုနှင့်အတူ တောင်ပေါ်သို့ ပြန်လိုက်ခဲ့၏။

ဝါရင့်အကြီးအကဲ ဟယ်နင်က ဒဏ်ရာအပြင်းအထန် ရထားသဖြင့် တိုက်ပွဲတွင်မပါဝင်ဘဲ တောင်ပေါ်တွင် နေရစ်ခဲ့သည်။

ဖူအန်းစုနှင့် အကြီးအကဲ’ချင်’ တို့က ဟယ်နင်ကို နှုတ်ဆက်ဂါရဝပြုပြီးနောက် ချန်ကျန်းသည်လည်း တောင်ပေါ်ပြန်ရောက်နေကြောင်း သူမထံမှ သတင်းရရှိခဲ့သည်။

ဖူအန်းစုစိတ်ထဲ အနည်းငယ်ထူးဆန်းသွားပြီး သူမက စည်းကမ်းထိန်းသိမ်းရေးခန်းမနှင့် တာဝန်ခန်းမများသို့ မသွားသေးဘဲ ဖန်းယွင်ရှန်း ၊ ယင်လျိုဟွားနှင့် သူမကိုယ်တိုင်နေထိုင်ရာနေရာသို့ လျှင်မြန်စွာ ထွက်ခွာသွားသည်။

ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့နေထိုင်ရာ အဆောင်များ၏ အပြင်ဘက်တွင် မတ်တတ်ရပ်နေသော လူရိပ်တစ်ခု တွေ့ရသည့်အခါ ဖူအန်းစုရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။

ဖူအန်းစု ချဉ်းကပ်လာသည်ကို အာရုံခံမိသည်နှင့် ထိုသူက လှည့်ကြည့်လာသည်။ အခြားသူမဟုတ် ၊ ချန်ကျန်းပင် ဖြစ်၏။

သို့သော် ဖူအန်းစုကို ကြည့်နေသည့် သူ့မျက်ဝန်းများက အမူအရာပြောင်းလဲခြင်း မရှိပေ။

ဖူအန်းစုက...

“ဂိုဏ်းတူအစ်ကို ‘ချန်ကျန်း’ ၊ ဒီမှာ ဘာလုပ်နေတာလဲ ၊ ကျွန်မတပည့်တွေအကြောင်း သတင်းကြားပြီးပြီ ၊ ဒါပေမဲ့ ဒီအချိန်မှာ ကျွန်မတို့ဂိုဏ်းအတွက် လုပ်စရာတွေမှ အများကြီးပဲ ၊ ရှင်က စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ပထမအဆင့် ထိပ်တန်းအကြီးအကဲ ဆိုပေမယ့် ယွင်ရှန်းတို့ကိစ္စလောက်လေးကို အခုချိန်မှာ စိတ်ပူနေဖို့ မလိုဘူး မဟုတ်လား”

ဖူအန်းစုက ချန်ကျန်းကို စူးစိုက်ကြည့်လိုက်စဉ် ထိုသူက တည်ငြိမ်စွာဖြင့်...

“နေသူတော်စင်ဂိုဏ်းနဲ့ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာက ကွမ်းမင်ဂိုဏ်းတို့က ငါတို့ ဝါဒတောင်ကို တိုက်ခိုက်ခဲ့တယ် ၊ သူတို့ကို အချိန်မီ တားဆီးသုတ်သင်နိုင်ပေမယ့် ငါတို့ဂိုဏ်းလည်း အများကြီး ပျက်ဆီးသွားတယ်လေ ၊ ဝါဒတောင်ပင်မအစီအရင်ကြီးဆိုရင် လုံးဝပျက်ဆီးသွားပြီ ၊ ပြီးတော့ တိုက်ပွဲနောက်ဆက်တွဲတွေကြောင့် တခြားအပျက်အဆီးတွေလည်း အများကြီး ရှိခဲ့တယ် ၊ ဒါကြောင့် ငါက တောင်ပေါ်မှာ စောင့်ကြည့်ဖို့အတွက် ပြန်လာတာပါ”

“ဂိုဏ်းတူညီမလေ’ဖူ’... မင်း အန္တရယ်ကင်းကင်းနဲ့ ပြန်လာတာ ဝမ်းသာပါတယ် ၊ ဒီမှာ ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ကူပြီးဖြေရှင်းပေးနိုင်တာပေါ့”

ဖူအန်းစုက ချန်ကျန်းကို စိုက်ကြည့်ရင်း...

“ဒီကိစ္စ အခုထိ မဖြေရှင်းရသေးတာကိုပဲ ကျွန်မက သံသယဝင်နေတာ”

သူမစကားကြောင့် ချန်ကျန်းမျက်ဝန်းများတုန်လှုပ်သွားပြီး အကြီးအကဲ’ချင်’ကတော့ အတွေးနက်နဲလျှက် ရှိ၏။

ဖူအန်းစုနှင့် ချန်ကျန်း ခဏမျှ ငြိမ်သက်သွားပြီးနောက် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြသည်။

ထိုအချိန်...

ဝါဒတောင်အပြင်ဘက် မိုးကုတ်စက်ဝိုင်းဆီမှ ကြီးမားသောအလင်းတန်းကြီးတစ်ခုထွက်ပေါ်လာပြီး ဂဠုန်ငှက်ကြီးတစ်ကောင်က အရှိန်အဟုန်ကြီးစွာဖြင့် ဝါဒတောင်သို့ ပျံသန်းလာသည်ကို တွေ့ရသည်။

အားလုံးက အံ့အားသင့်သွားပြီး...

“သူ ပြန်လာတာ မြန်လိုက်တာ”

ကြီးမားသော ဂဠုန်ငှက်ကြီး၏ ကျောပြင်ထက်တွင် လက်နှစ်ဖက်နောက်ပစ်လျှက် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲက အောက်ဘက်တွင် ရှိနေသော ဝါဒတောင်ဆီသို့ ငုံ့ကြည့်နေလေ၏။

All Chapters