ပြန်ပေးဆပ်ရမည့်အချိန်
Vol. 1 Ch. 10
အပိုင်း (၁၀) ပြန်ပေးဆပ်ရမည့်အချိန်
စားပွဲထိုးလေးက အရက်အိုး လေးအိုးကို အမြန် သယ်လာလေသည်။ ထို အရက်အိုးများမှာ ခုန ဆိုင်ရှင် ယူလာသည့် အရက် အိုးများထက် သေးငယ်သော်လည်း ပိုပြီး နှစ်သက်ဖွယ်ရာ ပုံစံရှိလေသည်။
အစိမ်းရောင်ဝတ်လူ မပြောခင်မှာပင် ဆန်းလျန်က စာပိုဒ် တစ်ပိုဒ်ကို ရွတ်လိုက်သည်။
"နွေဦးရာသီ နှောင်းပိုင်းမှာ မြက်ပင်တွေက ရှည်လျားပြီး သိုးတွေက ပျော်ရွှင်နေကြတယ်
ဒီလို အေးခဲနေတဲ့ ရာသီဥတုမှာ ဝံပုလွေတွေကို ဘယ်သူက အစာ လာကျွေးမှာတဲ့လဲ
လူသားတွေက သိုးတွေကိုတော့ ချစ်ကြပေမယ့် အထီးကျန် ဝံပုလွေကိုတော့ ချစ်နိုင်ကြပါ့မလား
ဘာကိုမှ ခန့်မှန်းလို့ မရနိုင်တဲ့ ခက်ခဲတဲ့ ကမ္ဘာ လောကကြီးပါပဲ"
ဆန်းလျန်က ဖြည်းဖြည်းချင်း ရွတ်ဆိုနေသော်လည်း အစိမ်းရောင်ဝတ် လူကတော့ အရက်ကို တစ်ရှိန်ထိုး မော့သောက် နေလေသည်။
ဆန်းလျန်က
"နွေဦးရာသီ နှောင်းပိုင်းမှာ မြက်တွေက ရှည်လျားပြီး သိုးတွေက ပျော်ရွှင်နေကြတယ်"
ဟု ရွတ်ဆို နေချိန်တွင် အစိမ်းရောင်ဝတ် လူမှာ အရက်တစ်အိုး ကုန်သွားပြီ ဖြစ်လေသည်။
နောက်ထပ် စာကြောင်း တစ်ကြောင်းဖြစ်သည့်
"ဒီလို အေးခဲနေတဲ့ ရာသီဥတုမှာ ဝံပုလွေတွေကို ဘယ်သူက အစာ လာကျွေးမှာတဲ့လဲ"
ဆိုသည့်အချိန်တွင် အစိမ်းရောင်ဝတ် လူမှာ ဒုတိယအရက်အိုးကို အကုန် သောက်ပစ် လိုက်လေ သည်။
နောက် စာကြောင်းတစ်ကြောင်း ရွတ်သည့် အခါတွင်တော့ ဆန်းလျန်က အရှိန်ကို မြှင့်လိုက် သည်။
"လူသားတွေက သိုးတွေကိုတော့ ချစ်ကြပေမယ့် အထီးကျန် ဝံပုလွေကိုတော့ ချစ်နိုင် ကြပါ့မ လား"
သို့သော် သူက အစိမ်းရောင်ဝတ်လူ တတိယ အရက်အိုး ကုန်သည်အထိ စောင့်ပြီးမှ စာကြောင်း ကို ပြီးဆုံးအောင် ရွတ်လိုက်သည်။
နောက်ဆုံး စာကြောင်းကိုတော့ ဆန်းလျန်က ပိုပြီး မြန်အောင် ရွတ်လိုက်သည်။
"ဘာကိုမှ ခန့်မှန်းလို့ မရနိုင်တဲ့ ခက်ခဲတဲ့ ကမ္ဘာ လောကကြီးပါပဲ"
သို့သော် သူက အရှိန်ကို ပြန်လျှော့ချလိုက်ပြီး တစ်လုံးချင်း ပြန်ရွတ် လိုက်လေသည်။
အစိမ်းရောင်ဝတ် လူကတော့ သူ့အရှိန်အတိုင်း အရက်များကို ပါးစပ်နှင့် အပြည့် သောက်နေ လေသည်။
ဆန်းလျန် ရွတ်ဆိုလို့ ပြီးသွားသည့်အခါ အစိမ်းရောင်ဝတ် လူမှာလည်း အရက်အိုး လေးအိုးလုံး သောက်ပြီးသွားပြီ ဖြစ်လေသည်။
အရက်အိုး တစ်အိုးလျှင် အရက်ခွက် ရာနှင့်ချီပြီး ဆံ့လေသည်။ အရသာက သန့်စင်ပြီး ညင်သာ သော်လည်း စွမ်းအားကတော့ ပြင်းသည်။ အမြဲတမ်း သောက်နေသည့် အရက်သမားပင် ယခုကဲ့သို့ သောက်လျှင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
အစိမ်းရောင်ဝတ် လူမှာတော့ အရင်အတိုင်းပင် လန်းလန်းဆန်းဆန်း ရှိနေလေသည်။ သူ့မျက်လုံး များမှာ ညအမှောင်တွင် လင်းလက်နေသည့် ကြယ်စင်များ ကဲ့သို့ပင် တောက်ပ ကြည်လင်နေဆဲပင်။
"လူငယ်လေး မင်းက ငါ့ကို အစားအသောက်တွေ ဝယ်ကျွေးတယ် ပြီးတော့ ငါ့ပုံစံကိုလည်း မကဲ့ရဲ့ဘူး မင်းရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို လေးစားပေမယ့် ကျေးဇူးတော့ မတင်နိုင်ဘူးနော်။ ပြောရတာ တော့ စိတ်တော့ မကောင်းပါဘူး ဒီချင်ပြည်နယ် မြို့တော်မှာ ဘယ်သူမှ ကျုပ်ကို အစားသောက်တွေ ဝယ် မကျွေးဘူး"
အစိမ်းရောင်ဝတ် လူက ပြောလိုက်သည်။
ဆန်းလျန်က အစိမ်းရောင်ဝတ်လူ ဆက်ပြောမည့် စကားကို တိတ်ဆိတ်စွာ နားထောင် နေလေ သည်။
"ဒီလူ ဒီလောက် မောက်မာတာ သူ့မှာသာ အံ့သြစရာ သိုင်းစွမ်းမရှိရင် အခုချိန်ထိ အသက်ရှင် နေ နိုင်မှာတောင် မဟုတ် ဘူး"
ဟု ဆန်းလျန် တွေးနေမိလေသည်။
"မင်းပြောခဲ့သလိုပဲ "
လူသားတွေက သိုးတွေကိုတော့ ချစ်ကြပေမယ့် အထီးကျန် ဝံပုလွေကိုတော့ ချစ်နိုင် ကြပါ့မ လား"
အဲဒီစကားက ကျုပ်နဲ့ တော်တော် သင့်တော်တာပဲ ဒါပေမယ့် မင်းကိုတော့ ကျေးဇူး မတင်နိုင်ပါ ဘူး"
အစိမ်းရောင်ဝတ် လူက ဆက်ပြောလိုက်သည်။
"နောက်ဆုံး စာကြောင်းကို ကျုပ်က ဖြည်းဖြည်း ရွတ်ပေးတဲ့အတွက် ခင်ဗျားအရက်ကို အမြန် ကြီး သောက်စရာ မလို တော့တာကိုတော့ ကျေးဇူး တင်သင့်တယ် မဟုတ်လား"
ဆန်းလျန်က ပြုံးရင်း ပြန်ပြောလိုက်သည်။
"အမှန်ပဲ အပြစ်မရှိတဲ့ သူတွေကို သတ်လိုက်မိရင် ကျုပ်က ကျုပ်အပြစ်ကို ဝန်ခံတတ်တယ်။ ကျုပ်ရဲ့ အားနည်းချက်က မာနကြီးတာပဲ။ ဒီအရက်က တော်တော်ပြင်းတယ် နောက်ဆုံး တစ်အိုးကိုသာ အရမ်း မြန်မြန်ကြီး သောက်လိုက်ရင် ကျုပ် မထိန်းနိုင်ဘဲ မူးလဲနေမှာပဲ။ ဒီနေ့လည်း တခြား နေ့တွေလိုပဲ အဆင်ပြေမှာပါ။ ဒါပေမယ့် ဒီနေ့ ပစ္စည်းလေး နည်းနည်းခိုးဖို့ ရှိတယ်။ ကျုပ်ရဲ့ အစေခံ အသစ်လေးနဲ့ အတူလုပ်ဖို့ ပြောထားတာ ဒီကိစ္စကို ဂရုမစိုက်လို့ မရဘူး"
"နောက်ဆုံး စာကြောင်း နှစ်ကြောင်းကိုသာ ကျုပ်အမြန် ရွတ်လိုက်ရင် ခင်ဗျား ဘာဖြစ်သွားနိုင် လဲ"
ဆန်းလျန်က အလျင်မလိုဘဲ ဖြည်းဖြည်းပင် မေးလိုက်သည်။
"အဲဒါဆိုရင် ကျုပ်က အရက်နှစ်အိုးကို အမြန် မော့သောက် ရတော့မှာပေါ့ သောက်ပြီးတာနဲ့ မင်းရဲ့ ခေါင်း ပြတ်ပြီပဲ"
သူကပြောရင်း ဆန်းလျန်၏ သက်တော်စောင့် နှစ်ယောက်ကို အထင်သေးလို တစ်ချက် လှမ်း ကြည့် လိုက်သည်။
"မင်းသူ့ရဲ့ ဆံချည် တစ်ပင်ကိုတောင် ထိရဲရင် ထိကြည့်လိုက်။ မင်း ဒီနေရာကနေ လမ်းလျှောက် ထွက်သွားလို့ ရမယ် မထင်နဲ့"
သက်တော်စောင့် နှစ်ယောက်က စားပွဲကို ထုပြီး အော်ဟစ် ပြောလိုက်လေသည်။
ဆန်းလျန်ကို ကာကွယ်ပေးရန်မှာ သူတို့၏ တာဝန်ဖြစ်လေသည်။ လူတစ်ယောက်က ဆန်းလျန်ကို စော်ကားနေသည်ကို သူတို့က ဘာမှမလုပ်ဘဲ နေလျှင် ဆန်းသခင်ကြီး သိရှိသွားပါက သူတို့ အား အသုံးမကျသူများဟု ထင်သွား ပေလိမ့် မည်။
သူတို့က ဆန်းလျန်က မလုပ် စေချင်သည့်တိုင်အောင် အစိမ်းရောင် ဝတ်လူကို ပညာတော့ ပြ လိုက် ချင်သည်။
သူတို့နှစ်ယောက် နေရာမှ ထလိုက်ကြပြီး အစိမ်းရောင် ဝတ်လူကို လက်သီးဖြင့် တစ်ဝုန်းဝုန်း ထိုး လိုက် ကြသည်။
သိုင်းစွမ်းရည် မြင့်မားသူ တစ်ယောက်က ပြောသည်မှာ
"လက်သီး တစ်ချက်၏ အသံကို ရွှေဖြင့်ပင် မဝယ်နိုင်"
ဟူ၍ ဖြစ်လေသည်။
လက်သီးချက်များမှ ထွက်လာသည့် တစ်ဝုန်းဝုန်း အသံမှာ လေထု လှုပ်ရှားမှုကြောင့် ထွက်ပေါ် လာသည် မဟုတ်။ အရိုးများ၏ တုန်ခါမှုကြောင့် ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ မယုံနိုင်စရာ ကောင်းသော စွမ်းအားနှင့် လျင်မြန်မှုမှာ လက်သီးချက် ပိုင်ရှင်၏ သိုင်းစွမ်းရည် အဆင့်အတန်းကို ဖော်ပြ လေသည်။ ထိုသို့သော လက်သီးချက်မျိုးကို ခုခံရန်မှာ ခက်ခဲလှသည်။
ဆန်းလျန်မှာ သိုင်းပညာ မြင့်မားသူ တစ်ယောက် မဟုတ်ပါ။ သို့သော် သူကလေ့လာမှု စွမ်းရည် အလွန်ကောင်း လေသည်။
ဗလတောင့်တောင့် သက်တော်စောင့် နှစ်ယောက်၏ တိုက်ခိုက်သည့် ကိုယ်ဟန် အနေအထားမှာ မြားပစ်တော့မည့် လေးသည်တော် တစ်ယောက်၏ ကိုယ်နေဟန်နှင့် ဆင်တူလေသည်။
အစိမ်းရောင်ဝတ် လူ၏ နံရိုးဆီသို့ လက်သီးတစ်ချက်နှင့် ပခုံးသို့ လက်သီးတစ်ချက် သူတို့က ထိုးလိုက်ကြလေသည်။
ထို့နောက် လက်သီးချက်များက အဆက်မပြတ် ကျရောက်လာသည်။
သူတို့နှစ်ယောက်မှာ သိုင်းပညာ အတူတူ လေ့ကျင့်ခဲ့သူများ ဖြစ်နိုင်လေသည်။ သူတို့၏ ပူးပေါင်း လုပ်ဆောင်မှုနှင့် အချိန်အဆမှာ စင်းလုံးချော ပြည့်စုံလေသည်။
အစိမ်းရောင်ဝတ် လူက ရယ်မောလိုက်ပြီး သူတို့၏ လက်သီးချက်များကို အားပင် မသုံးဘဲ ဖမ်းဆုပ် လိုက်သည်။ သူ၏ ပခုံးကို ထိုးသည့် လက်သီးချက်ကို အရင် ဖမ်းယူလိုက်ပြီး အသံ ကျယ် လောင်စွာ မြည်သွားလေသည်။
အသံမှာ လက်သီးနှစ်ခု ထိမိခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး အရိုးများ ကျေမွသွားသည့် အသံ ဖြစ်လေသည်။
ထို့နောက် အစိမ်းရောင်ဝတ် လူက သက်တော်စောင့် နှစ်ယောက်ကို အသာလေး တွန်းထုတ် လိုက်သည်။ သက်တော်စောင့် နှစ်ယောက်မှာ ခန်းမထဲမှ လွင့်စင်ထွက်သွား လေတော့သည်။ တိုက်ခိုက် မှုများကြောင့် စားပွဲနှင့် ကုလားထိုင်များမှာလည်း ကျိုးပဲ့ ကုန်ကြလေသည်။ အခန်းထဲရှိ လူများမှာ အသံပင် မထွက်ရဲကြပေ။
သက်တော်စောင့် နှစ်ယောက်မှာ သေဆုံးသွားပြီ ဖြစ်လေသည်။
ဆန်းလျန် မျက်ခွံများကို မှိတ်ထားလိုက်သည်။ စိတ်အာရုံ စူးစိုက်နိုင်ရန် ကြိုးစားလိုက်သော်လည်း သူ၏ သက်တော်စောင့် နှစ်ယောက် ရုတ်တရက် ပြင်းထန်စွာ တိုက်ခိုက်ခံ လိုက်ရမှုက သူ့ကို တုန်လှုပ်သွားစေသည်။
အစိမ်းရောင်ဝတ် လူက ဘာမှ မဖြစ်သလိုပင် သူ၏ အစားအသောက်များကို တူဖြင့် ညှပ်ကာ အေးဆေးစွာ စားသောက် နေလေသည်။ သက်တော်စောင့် နှစ်ယောက် သေသွားသည် ကိုလည်း သူ ဂရု မစိုက်။ သူ့အတွက်တော့ ထိုသူများသည် စိတ်အနှောင့်အယှက် ဖြစ်စေသည့် ယင်ကောင်များ လောက်သာ အဆင့် ရှိလေသည်။
ဆိုင်ပိုင်ရှင်နှင့် စားပွဲထိုးလေးမှာ ကြောက်လွန်းသဖြင့် တစ်ယောက်နှင့် တစ်ယောက်ဖက်ကာ တုန်နေ ကြလေသည်။
ဆန်းလျန်ကတော့ မည်သည့် စကားမျှမပြောဘဲ အစိမ်းရောင်ဝတ် လူကို စိုက်ကြည့် နေလိုက်သည်။
"သခင်က အရှက်ခွဲခံရရင် ကျွန်တွေ သေသင့်တယ်။ သူတို့က ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သေသွားတာပါ။ မင်းတို့လို ချမ်းသာတဲ့ မိသားစုက လူတွေက သူတို့ရဲ့ မိသားစုတွေကို လျော်ကြေးငွေ ကောင်းကောင်း ပေးနိုင်တာပဲလေ။ အဲဒီကိစ္စကို စိတ်ထဲ သိပ်မထားပါနဲ့"
အစိမ်းရောင်ဝတ် လူက တူကို ပြန်ချလိုက်ပြီး ပြောလိုက်လေသည်။
"မင်းပြောနေတာ လူတွေရဲ့အသက်နော် ကျုပ်ဘယ်လိုလုပ် စိတ်ထဲမထားဘဲ နေနိုင်မှာလဲ။ ကျုပ် က လူတွေရဲ့အသက်ကို တန်ဖိုးထားတယ် မင်းကတော့ ဂရုမစိုက်ဘဲ သတ်ဖြတ်တယ် ကျုပ်တို့ ကိုယ်ပိုင် အသက်တွေ ဆိုရင်တော့ ဘာအရေးလဲ။ ဒါပေမယ့် အသက်ဆိုတာ တစ်ခါပဲ ရှင်သန်ခွင့်ရတာ"
"ဒါဆိုအခု ကျုပ် ဘာလုပ်သင့်သလဲ"
"မင်းကျုပ်ကို အကြွေးတင်သွားပြီ ဟုတ်တယ်မလား"
"ဟုတ်တယ်"
"အခု ပြန်ပေးဆပ်ရမယ့် အချိန်ပဲ"
ဆန်းလျန်က ခပ်တိုတိုနှင့် တင်းတင်းမာမာ ပြောလိုက်လေတော့သည်။
အစိမ်းရောင်ဝတ် လူက ဆန်းလျန်ကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ သူ့ပုံစံမှာ ဆန်းလျန်ကို တစ်စစီ စုတ်ဖြဲပစ် ချင်နေသည့် ပုံဖြစ်လေသည်။
ဆန်းလျန်ကလည်း အကြောက်အလန့်ရှိသူမဟုတ်…
သူက အေးဆေးတည်ငြိမ်သူ ဖြစ်လေသည်။ သူ့စိတ်ဝိညာဉ်က ပုံမှန်အတိုင်းပင် တည်ငြိမ်သည်။
သူက မလုပ်ဘူးဆိုလျှင်လည်း မလုပ်ဘူး။ လုပ်ပြီ ဆိုလျှင်လည်း နောင်တမရတတ်…
သူက အရုပ်တစ်ရုပ်လို အသုံးချခံ မဖြစ်ချင်သည့်အတွက် ဆန်းသခင်ကြီး၏ အကျိုးအမြတ် များလှသည့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။
လူသားဆန်ပြီး မာကျောသည့် နှလုံးသားမရှိသောကြောင့် မထင်ရှားသည့် သက်တော်စောင့် နှစ်ဦးအတွက် သူပြောဆိုပေးသည်
အစိမ်းရောင်ဝတ် လူက သူ့လက်ချက်ဖြင့်ပင် သေဆုံးသွားရသည့် သူ၏ ဆရာနှင့် ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားလိုက်မိသည်။
"လောကမှာ စွမ်းအားနဲ့ အရည်အချင်း မရှိပေမယ့် စိတ်တန်ခိုး စွမ်းအားကြီးမားတဲ့ သူတွေ ရှိတယ်။အဲဒီသူတွေက တကယ့်ကို အံ့သြစရာ ဖြစ်ရပ်တွေကို ဖန်တီး နိုင်ကြတယ်"
သူက သူ့ဆရာကို သူလည်း ထိုသို့သော လူမျိုးလား ဟု မေးခဲ့ ဖူးလေသည်။
သို့သော် သူ့ဆရာက သူက ထိုသို့သော သူမျိုးမဟုတ်။အံ့သြစရာ ဖြစ်ရပ်တွေကို မည်သည့်အခါမျှ ဖန်တီးနိုင်မည် မဟုတ်သည့်အပြင် ချန်ဆန်း တံခါးဝကို မည်သည့်အခါမှ ရှာဖွေ တွေ့ရှိ လိမ့်မည် မဟုတ်ဟု ပြောခဲ့လေသည်။
ဆန်းလျန်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် တည်ငြိမ်အေးဆေး နေလေသည်။ သူ၏ တည်ငြိမ်မှု အဆင့်က ဝိညာဉ်ရေးရာ အဆင့် ရောက်နေပြီ ဖြစ်လေသည်။
အစိမ်းရောင်ဝတ် လူမှာ ဆန်းလျန်ထက် အဆပေါင်းများစွာ သန်မာသောသူ ဖြစ်လေသည်။ သူ့အနေဖြင့် ဆန်းလျန်ကို သတ်မည်ဆိုလျှင် ပုရွက်ဆိတ်လေး တစ်ကောင် သတ်သလို လွယ်လွယ်ပင် သတ်နိုင် လေသည်။
သို့သော် သူက ဆန်းလျန်၏ မျက်ဝန်းများထဲမှ တည်ငြိမ်မှုကို လျစ်လျူ မရှုရဲပေ။ ဆန်းလျန်တွင် မည်သို့သော အားကိုးရာ ရှိနေသည် ဆိုသည်ကို သူသိချင် နေမိသည်။ ဆန်းလျန်သည် မမြင်နိုင်သည့် စိတ် ဝိညာဉ် တန်ခိုး စွမ်းအားများ ရှိနေလေသလား။
အစိမ်းရောင်ဝတ်လူ ပြောသည့်အချက် တစ်ခုတော့ မှန်လေသည်။ သူ ပြောခဲ့သည့်အတိုင်းပင်
"သူက အပြစ်မရှိတဲ့ သူတွေကို သတ်မိရင် သူ့အပြစ်ကို သူဝန်ခံ တတ်သည်။ သူ၏ အားနည်းချက်မှာ သူ ၏ မာနတရားပင်"
ဖြစ်လေသည်။
ထို့ကြောင့်ပင် အစိမ်းရောင်ဝတ် လူက သူ၏ ရင်ဝကို သူ့ကိုယ်သူ ပြန်ရိုက်လိုက်လေသည်။ သူ့ နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျလာသည်။ သို့သော်သူက သွေးများကို သုတ်ပစ်ခြင်း မရှိ။
"ဒီလိုလုပ်ပြီး မင်းအပေါ် တင်နေတဲ့ အကြွေးကို ကျုပ်ပြန်ဆပ်ပါ့မယ်"
ဟု သူကပြန်ပြော လိုက်လေတော့သည်။