← Chapters

မင်းလိုလူက ဂျူနီယာညီမလေးမူနဲ့ မထိုက်တန်ဘူး

Vol. 2 Ch. 23

မင်းလိုလူက ဂျူနီယာညီမလေးမူနဲ့ မထိုက်တန်ဘူး

Vol. 2 Ch. 23

ဟွမ်လောင်လျှိုသည် ဓားစံအိမ်အပြင်မှ ရောက်လာကာ ဟန်မူယဲ့၏အင်္ကျီလည်ပင်းအား ဆုပ်ကိုင်လိုက်၏။

“ငါက ဂျူနီယာညီမလေးမူကို မင်းရဲ့အသက်ဓာတ်က အကြီးအကျယ်ထိခိုက်ထားပြီးတော့ အသက်မရှည်နိုင်တော့ဘူးလို့တောင် ပြောထားတာကွာ။ အခု မင်းက ဒီလို လုပ်နေတော့…”

“မိန်းကလေးက မကြာခင် လက်ခံတော့မည့်ပုံပေါ်နေပြီ”

“ဒါပေမဲ့ မင်းက…”

ဟွမ်လောင်လျှို၏အိုမင်းသော မျက်နှာတွင် စိတ်ပျက်ဟန်များ ပေါ်နေသည်။

“မင်းက ဒီလောက်ကောင်းတဲ့ မိန်းကလေးအပေါ် စိတ်ပျက်စေတာပဲ။ ပြီးတော့ မင်းက တခြားမိန်းကလေးနဲ့ သွားတွဲနေတယ်”

“မင်းလိုလူက စီနီယာညီမလေးမူနဲ့ မထိုက်တန်ဘူး။ မင်းက တောင်အောက်က သုံးညပဲ ခံတဲ့ ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ပဲ ထိုက်တန်တယ်”

‘အဲဒါ ဘာကို ဆိုလိုတာလဲ’

ဟန်မူယဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အတန်ကြာမှ နားလည်သွားသည်။

ခုနက မူဝမ်၏အပြုအမူမှာ အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေသည်။ ဟွမ်လောင်လျှိုက သူမအား တစ်စုံတစ်ခု ပြောထားဟန်ရ၏။

ဟွမ်လောင်လျှိုက သူနှင့် မူဝမ်တို့ကို တွဲပေးရန် ကြံစည်နေသည်လား။

မိန်းကလေးမှာ သိပ်မဆိုးသော်လည်း သူတို့အချင်းချင်း သိကြသည်မှာ မကြာသေးပေ။ ထိုအဆင့်အထိရောက်ရန် အချိန်လိုသေးပေသည်။

ဟန်မူယဲ့က ဟွမ်လောင်လျှို၏လက်ကို ဖယ်လိုက်ကာ ပြုံးလျှက်ပြောသည်။

“ဒါနဲ့ အစ်ကို… အစ်ကို… သုံးညအထိ သုံးနိုင်တဲ့ ဝိညာဉ်ကျောက်တုံးအကြောင်းကို မေးချင်လို့”

ဟွမ်လောင်လျှို တောင့်တင်းသွားသည်။ သူ၏မျက်နှာက ရုတ်တရက် နီမြန်းသွား၏။

“ဟင်… ငါကြားဖူးတာ… ငါကြားဖူးတာက…”

ဟန်မူယဲ့က ရယ်မောလိုက်ကာ ကာယအားဖြည့်ဆေးလုံးများပါသော ဆေးပုလင်း ၂လုံးအား ထုတ်ကာ ဟွမ်လောင်လျှို၏စားပွဲပေါ်သို့ တင်လိုက်သည်။

“အစ်ကို… ကျုပ်နဲ့ ဂျူနီယာညီမလေးမူ… ပြီးတော့ ကျုပ်နဲ့ ဆိုင်ရှင်ပိုင်တို့အကြားမှာ ဘာမှ မရှိဘူး”

“ဒီဆေးလုံးတွေက စီနီယာညီမလေးမူပေးတာ”

“အဲဒါတွေက အလကားပေးတာ မဟုတ်ဘူး။ အဖိုးအခအနေနဲ့ ကျုပ်ရခဲ့တာ”

“ဒါတွေက ကျုပ်အတွက် အသုံးမဝင်တော့ဘူး။ အစ်ကိုယူလိုက်ပါ”

ဟန်မူယဲ့၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“ဒါက ကျုပ် အကြွေးပြန်ဆပ်တာ”

ထို့နောက် သူသည် အဝတ်အစားကို သိပ်သပ်ရပ်ရပ်ပြုလုပ်ကာ ဒုတိယထပ်သို့ တက်သွား၏။

“ဒါ…”

ဟွမ်လောင်လျှိုက ပုလင်းငယ်ကို ဖွင့်လိုက်လျှင် အထဲ၌ ဆေးလုံး ၁၀လုံးကို တွေ့သည်။

ဆေးပုလင်းမှာ ၂လုံးဖြစ်ရာ စုစုပေါင်း ကာယအားဖြည့်ဆေး အလုံး ၂၀ ဖြစ်သည်။

၎င်းကား တန်ဖိုးအားဖြင့် ဝိညာဉ်ကျောက်တုံး ၆၀၀ ရှိသည်။

သူ၏နှုတ်ခမ်းက ကွေးညွတ်သွားကာ သက်ပြင်းရှည်တစ်ချက် ချသည်။

“ကောင်စုတ်လေး… အခု မင်းက ထက်မြက်ပြီးတော့ ချမ်းသာတဲ့ ကောင်မလေးတွေကို ဆွဲဆောင်နိုင်တာတောင် ဘာမှ မဖြစ်ဘူးတဲ့လား”

….

‘ဒီလို လုပ်ရအောင် မင်းက အရေးပါနေပြီလား…’

စိုးရိမ်တကြီးဖြင့် ဒုတိယထပ်ကို တက်လာသော ဟန်မူယဲ့သည် နောက်ဆုံး လှေကားထစ်သို့အထိ ရောက်လာသည်။

‘သွားစမ်းပါ…’

‘ငါ ဆုံးဖြတ်ပြီးရင် ငါ့ကိုယ်ငါတောင် ကြောက်ရတာကို…’

အားတင်းရင်းဖြင့်ပင် ဟန်မူယဲ့သည် ဒုတိယထပ်သို့ ရောက်လာကာ တတိယထပ်သို့ တက်သော လှေကားရင်း၌ ရပ်လျှက် ဦးညွှတ်ကာ ပြောသည်။

“အကြီးအကဲ… ဟန်မူယဲ့ အကူအညီတောင်းချင်ပါတယ်”

သူ၏အသံမှာ ကြည်လင်ကာ ပြတ်သား၏။ ပထမထပ်တွင် ဟွမ်လောင်လျှိုမှာ ကြောက်လန့်တကြားပင် ထခုန်မိ၏။

“ကောင်လေး… မင်းက သတ္တိကောင်းသားပဲ”

ဟွမ်လောင်လျှိုက တီးတိုးပြောသည်။

ဒုတိယထပ်တွင် ဟန်မူယဲ့ ဦးညွှတ်ကာ ရပ်နေသည်။

အတန်ကြာသည့်တိုင် မည်သည့်တုန့်ပြန်မှုမှ မရရင် သူက ထပ်အော်လိုက်သည်။

“အကြီးအကဲ… ဟန်မူယဲ့ အကြီးအကဲဆီက အကူအညီတောင်းပါတယ်”

သည်တစ်ကြိမ် တတိယထပ်မှ အသံတစ်သံ ထွက်လာသည်။

“ကောင်လေး… ငါ မင်းကို မကယ်နိုင်ဘူး”

“ဓားထိန်းတစ်ယောက်အနေနဲ့ မင်းက ဓားချီ ခန္ဓာကိုယ်ထဲ ဝင်သွားတာ မခံနိုင်ရင် တဖြေးဖြေး သေမှာပဲ”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ မင်းရဲ့သွေးကြောကို ပြုပြင်ပေးမယ့် အကြီးအကဲမရှိဘူး”

“အဲဒါက ဆယ်စုနှစ်တချို့ စုဆောင်းထားတဲ့ ဓားဆန္ဒလိုအပ်တယ်”

“မင်းက သူတို့ကို အကူအညီတောင်းဖို့ ထိုက်တန်တယ်လို့ ထင်လား”

သူကား ကယ်တင်၍ မရနိုင်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် မည်သူမှ သူ့အား ကယ်တင်မည် မဟုတ်ပါ။

ဟန်မူယဲ့မှာ ရလဒ်ကို မျှော်လင့်ထားပြီးဖြစ်သည့်တိုင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

အသက်ဓာတ်သည် မမြင်ရသလို ထိကိုင်၍လည်း မရသော်လည်း ၎င်းမှာ အမှန်တကယ် တည်ရှိသည်။

သူ့တွင် အသက်ရှင်ရန် ၇ရက်သာ ကျန်တော့သည်ဟု အမျိုးသမီးကျင့်ကြံသူ ကျင်းယွမ်က ပြောခဲ့သည်။ သူ မစွန့်စားလိုပေ။

ထိုအချိန်က ကျင်းယွမ်သည် သူ့အတွက် နည်းလမ်းသုံးခု ပြောပြခဲ့သည်။ တစ်ခုမှာ ခန္ဓာကိုယ်အား ချီစုဆောင်းခြင်းအဆင့်ကိုးအထိ ကျင့်ကြံရန် ဖြစ်သည်။ နောက်တစ်နည်းမှာ အသက်ရှည်ဆေးလုံးကို စားသုံးရန် ဖြစ်သည်။ နောက်ဆုံနည်းမှာ အကြီးအကဲတစ်ဦး၏အကူအညီဖြင့် သွေးကြောများအား ပြုပြင်ရန် ဖြစ်သည်။

အကြီးအကဲ၏အကူအညီမှာ ရနိုင်ရန် မဖြစ်နိုင်။ အသက်ရှည်ဆေးလုံးမှာလည်း ရှာမရပေ။

ခန္ဓာကိုယ်အား ချီစုဆောင်းခြင်းအဆင့်ကိုးအထိ ကျင့်ကြံရန်မှာ ပို၍ ခက်ခဲပေသည်။ သို့တိုင်အောင် သူက လက်လျှော့၍ မဖြစ်ပေ။

အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ဟန်မူယဲ့က ဦးညွှတ်၍ ပြောသည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ”

ထို့နောက် သူက ဘေးမှ ဓားစင်ကို တစ်ချက်ကြည့်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

တတိယထပ်တွင် ဓားစံအိမ်အကြီးအကဲက သက်ပြင်းချသည်။

“သူက ဓားစံအိမ်ထဲကို ဝင်တာနဲ့ ဓားချီဟာ ခန္ဓာကိုယ်ထဲကို ဝင်သွားတယ်။ တကယ်လို့ သူ မသေရင် ဓားစံအိမ်မှာ နောက်ထပ်သခင်တစ်ယောက် ပေါ်လာလိမ့်မယ်”

နေ့လည်ပိုင်းတွင် ဟန်မူယဲ့သည် ဓားစံအိမ်မှ ထွက်လာကာ အပြင်စည်းဂိုဏ်း၏လေ့ကျင့်ရေးခန်းမသို့ ရောက်လာသည်။

အပြင်စည်းလေ့ကျင့်ရေးမှူးလင်းရှန်သည် သူ့အား တန်ဖိုးထားကာ လာရှာခဲ့သည်။

သူက လင်းရှန်ထံသို့ ကျေးဇူးတင်ရန် သွားခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်အား အဆင့်ကိုးချီစုဆောင်းခြင်းအဆင့်အထိ လေ့ကျင့်နိုင်မည့်နည်းလမ်းအား မေးမြန်းလိုသည်။

ခုနစ်ရက်အတွင်း သူသည် ချီစုဆောင်းခြင်းအဆင့်ကိုးအထိ ကျင့်ကြံရပေမည်။

သူသည် အပြင်စည်းဂိုဏ်း လေ့ကျင့်ရေးခန်းမသို့ ရောက်သောအခါ တပည့်အများအပြားမှာ သိုင်းကွက်များ လှုပ်ရှားကစားနေကြသည်ကို မြင်၏။

သူက ထိုလူငယ်များအား နောက်ဆုံးတွေ့ခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူတို့မှာ အတော်လေး တိုးတက်လာကြဟန်ရသည်။

သို့သော်လည်း ဟန်မူယဲ့၏အမြင်တွင် သူတို့၏သိုင်းကွက်များမှာ အခြေခံအဆင့်၌သာ ရှိသည်။

“ဟန်မူယဲ့…”

ဓားကြီးကို သယ်ထားသော လေ့ကျင့်ရေးမှူးလင်းသည် ကျောက်တုံးခင်းထားသောလမ်းအတိုင်း လျှောက်လာသည်။

ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။

ဟန်မူယဲ့အား မြင်လျှင် လင်းရှန် မျက်မှောင်ကြုတ်သည်။

“မင်း မျက်နှာ ဘာလို့ ပြာနှမ်းနေတာလဲ”

သူက ပြောလိုက်ပြီးမှ ဟန်မူယဲ့မှာ ဓားစံအိမ်မှ ဓားထိန်းတစ်ဦးဖြစ်သည်ကို သတိရလိုက်သည်။ သူက ချက်ချင်းပင် ပြောသည်။

“ကောင်လေး… ဓားစံအိမ်မှာက မကောင်းတဲ့အငွေ့အသက်တွေ အများကြီးပဲ။ ဓားထိန်း မလုပ်နဲ့တော့။ အပြင်စည်းဂိုဏ်းကိုလာပြီး လေ့ကျင့်ပါလား”

‘အပြင်စည်းဂိုဏ်းတွင် လေ့ကျင့်ရမည်လား’

‘အကယ်၍ သူသည်သာ အပြင်စည်းဂိုဏ်းတွင် လေ့ကျင့်ခွင့်ရခဲ့ပါက သူသည် ဓားစံအိမ်သို့ ရောက်သွားကာ အသက် ၇ရက်သာ ရှင်တော့မည့် အခြေအနေနှင့် ကြုံရမည် မဟုတ်ပေ’

ဟန်မူယဲ့က ခေါင်းယမ်းသည်။ သူက လင်းရှန်အား ကြည့်ကာ ပြောသည်။

“လေ့ကျင့်ရေးမှူးလင်း… ခန္ဓာကိုယ်ကျင့်ကြံခြင်းစနစ်ကို ချီစုဆောင်းခြင်းအဆင့်ကိုးအထိ လေ့ကျင့်နိုင်မယ့် ဖြတ်လမ်းနည်းရှိလား”

“ချီစုဆောင်းခြင်းအဆင့်…”

“ဖြတ်လမ်းနည်း”

လင်းရှန် အံ့အားသင့်သွားကာ ခေါင်းယမ်းသည်။ သူက ပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးနားမှ လူတစ်ယောက်က ပြောလိုက်သည်။

“ခန္ဓာကိုယ်ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အရေးအကြီးဆုံးက စိတ်ရှည်ဇွဲကောင်းဖို့ပဲ။ ဖြတ်လမ်းနည်း ဘယ်လိုလုပ်ရှိမှာလဲ”

ဟန်မူယဲ့က လှမ်းကြည့်လျှင် အသက် ၃၀ အရွယ် အတွင်းစည်းဝတ်စုံဖြင့် လူငယ်တစ်ဦးကို တွေ့ရသည်။ သူက အထင်အမြင်သေးဟန်ဖြင့် နှုတ်ခမ်းကို ကွေးညွှတ်ထားသည်။

“သူက အစ်ကိုလင်း ပြောတဲ့ ထူးခြားတဲ့ဉာဏ်ရည်ရှိတဲ့သူလား”

“နားလည်ဆင်ခြင်နိုင်စွမ်းပဲရှိလို့ ဘာအသုံးဝင်မှာလဲ။ စိတ်ငြိမ်ငြိမ်နဲ့ စနစ်တကျ မလေ့ကျင့်နိုင်ရင် မင်းက တစ်ဘဝလုံး အမှိုက်ပဲ ဖြစ်နေမှာပဲ”

အမှိုက်စကားလုံးကို ပြောပြီး သူက ပြုံးသည်။

“စီနီယာအစ်ကို… ကျုပ်က ခင်ဗျားကို ပြောတာ မဟုတ်ပါဘူး။ ခင်ဗျားက ဓားချက်ပေါင်း သန်းချီအောင်လေ့ကျင့်ပြီးတော့ ခွန်အားကို စုဆောင်းတယ်”

“ဆရာရဲ့တပည့်တွေအကုန်လုံးက ခင်ဗျားရဲ့ဇွဲလုံ့လကို လေးစားကြတယ်”

လင်းရှန်က ခေါင်းယမ်းကာ သက်ပြင်းချလျှက် မည်သည့်စကားမှ မဆိုပေ။

လူငယ်က ဟန်မူယဲ့အား ကြည့်ပင်မကြည့်ဘဲ နောက်လှည့်ကာ ပြောသည်။

“စီနီယာအစ်ကို… ကျုပ် အတွင်းစည်းဂိုဏ်းမှာ လုပ်စရာတွေ များတယ်။ ဒီမှာ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး”

ထို့နောက် သူက အဝေးကို ထွက်သွားတော့သည်။

“ဟန်မူယဲ့… ငါ့ဂျူနီယာညီလေးက မောက်မာတယ်ဆိုပေမဲ့ သူ့ကျင့်ကြံခြင်းစွမ်းရည်တွေက ဆန်းကြယ်ပြီးတော့ အတွင်းစည်းဂိုဏ်းမှာလည်း ထိပ်ဆုံး ၃၀၀ထဲမှာ ဝင်တယ်”

“အစက ငါမင်းကို သူ့ဆီ ညွန်းပေးမလို့”

လင်းရှန်က နောင်တရစွာ သက်ပြင်းချသည်။

သူ၏စကားများက ဟန်မူယဲ့ကို အံ့အားသင့်စေသည်။

လင်းရှန်က ဟန်မူယဲ့အား တစ်ခါမျှသာ တွေ့ခဲ့ရသော်လည်း သူ့အား အတွင်းစည်းတပည့်တစ်ဦးထံသို့ ညွန်းပေးလိုခဲ့သည်။

“ကျင့်ကြံခြင်းလမ်းခရီးဟာ ကြမ်းတမ်းတယ်။ အစပိုင်းမှာ ကျေးဇူးရှင်တစ်ဦးဦးနဲ့ ဘယ်သူမတွေ့ချင်ဘဲ နေမလဲ”

လင်းရှန်က ဟန်မူယဲ့၏ပုခုံးကို ပုတ်ကာ ခါးသက်စွာ ပြောသည်။

“ကံမကောင်းတာက ငါဟာ မင်းရဲ့ကျေးဇူးရှင် မဟုတ်ဘူး”

ဟန်မူယဲ့က သူဆိုလိုသည်ကို နားလည်သည်။

သူက ဟန်မူယဲ့၏နားလည်ဆင်ခြင်နိုင်စွမ်းကို တန်ဖိုးထားကာ သူ့အား ကူညီလိုခဲ့သည်။ နောက်ပိုင်းတွင် ဟန်မူယဲ့ အောင်မြင်ပါက သူ့အား တဖန် ပြန်လာကူညီနိုင်၏။

သို့သော်လည်း လင်းရှန် မမျှော်လင့်ထားသည်က ဟန်မူယဲ့တွင် အသက်ရှင်ကာလ မရှိတော့သည့် ပြဿနာ ဖြစ်နေသည်။ ထိုပြဿနာကိုသာ မဖြေရှင်းပါက မကြာခင် ဟန်မူယဲ့ သေသွားနိုင်သည်။

“အပြင်စည်းဂိုဏ်းမှာ ခန္ဓာကိုယ်ကျင့်စဉ်နည်းစနစ်တွေကို ကောင်းကောင်းလေ့လာထားတာ စီနီယာအစ်ကိုမော့ယွမ်ပဲ”

လင်းရှန်က ရုတ်တရက် ပြောသည်။

“သူဟာ စမ်းချောင်းဘေးက အပြင်စည်းအဆောင်မှာ နေတယ်။ မင်းက သူ့ကို သွားရှာပြီး မေးကြည့်ပါလား”

မော့ယွမ်…

သူ့အား ဓား ၁၀၀၀၀ တို့အိမ်အပြန် ပညာရပ်အား သင်ကြားပေးခဲ့သော အဖိုးအို…

ဟန်မူယဲ့ ခေါင်းညိတ်ကာ ထွက်လာခဲ့သည်။

သူက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရပ်လိုက်သည်။

“လေ့ကျင့်ရေးမှူးလင်း… ဓားချက်သိန်းသန်းချီအောင်ခုတ်ပြီးတော့ တောင်တစ်လုံးကို ဖြိုခွင်းတဲ့နည်းလမ်းက မှားနေတယ်”

ဟန်မူယဲ့၏စကားကိုကြားသည်နှင့် လင်းရှန်၏ခန္ဓာကိုယ်မှ ရုန့်ရမ်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

“မဖြစ်နိုင်ဘူး”

လင်းရှန်၏မျက်လုံးများ နီမြန်းကာ အံ့ကြိတ်လျှက် အော်ဟစ်လိုက်သည်။

“အဲဒီဓားကွက်အတွက် ငါဟာ ခွန်အားကို စုစည်းပြီးတော့ အကြိမ် ၈၃၅၇၅၆၁ ခုတ်ထားပြီးပြီ။ ငါက အကြိမ်တိုင်း အကောင်းဆုံး ကြိုးစားထားတယ်”

“ငါက အကြိမ်တစ်သန်းပြည့်တာနဲ့ တောင်ဖြိုဓားသိုင်းကို ကျွမ်းကျင်ပြီ”

“မင်းက ဘယ်လိုလုပ် ငါ့နည်းလမ်းကို သံသယဝင်ရတာလဲ”

All Chapters