အသက်ဓာတ်ကုန်ခမ်းခြင်းအကြောင်း
Vol. 2 Ch. 24
လင်းရှန်၏မျက်လုံးများသည် နီမြန်းနေကာ ဟန်မူယဲ့အား ဒေါသတကြီး ကြည့်နေသည်။
ဓားချက်တစ်သန်း ခုတ်ရန်မှာ သူ၏ကျင့်ကြံခြင်းလမ်းစဉ် ဖြစ်သည်။
၎င်းသည် သူ၏ယုံကြည်မှုလည်း ဖြစ်၏။
တစ်စုံတစ်ယောက်က သူ၏လမ်းစဉ်ကို မေးခွန်းထုတ်ခြင်းသည် သူ၏လမ်းစဉ်ကို ဖျက်ဆီးခြင်းနှင့် အတူတူဖြစ်သည်။
လူတစ်ယောက်၏လမ်းစဉ်ပျက်စီးခြင်းမှာ သာမန်ကိစ္စမဟုတ်ပါ။
ဟန်မူယဲ့က လင်းရှန်ကို ကြည့်ကာ အသာအယာပြောသည်။
“လေ့ကျင့်ရေးမှူးလင်း… ကျုပ်မေးမယ်။ ခင်ဗျားရဲ့ဓားကို အကြိမ်တစ်ထောင် ဝှေ့ယမ်းတာနဲ့ အကြိမ်တစ်သောင်းဝှေ့ယမ်းတာ ဘာကွာလဲ”
“ကွာတယ်…”
လင်းရှန်က တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေသည်။
“အကြိမ်တစ်ထောင်ဝှေ့ယမ်းပြီးနောက် ငါက ဓားပညာကို ပိုပြီး သဘောပေါက်လာတယ်”
ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။
“အကြိမ် တစ်သိန်းနဲ့ အကြိမ်တစ်သန်းအကြား ကွာဟချက် ဘာရှိလဲ”
“ရှိတယ်…”
လင်းရှန်က ကျယ်လောင်စွာ ဖြေပြန်သည်။
“အကြိမ်တစ်သန်း ဝှေ့ယမ်းပြီးနောက်မှာ ငါဟာ ဓားကို တစ်ချက်တည်းနဲ့ ခုတ်နိုင်လိမ့်မယ်”
သူက ပြောပြီးသည်နှင့် ဟန်မူယဲ့ ဆက်မေးသည်။
“အကြိမ် ငါသန်းနဲ့ အကြိမ် ခြောက်သန်း ကွာခြားတာရှိလား”
သည်တစ်ကြိမ် လင်းရှန် ဖြေရန် တွန့်ဆုတ်နေသည်။
အတန်ကြာလျှင် သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပေးလိုက်ဟန်ရှိသည်။ သူက ပြောသည်။
“ဘာပဲဖြစ်ဖြစ် ငါက နောက်ထပ် နှစ်နည်းနည်း ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်သွားရင်… ဓားကို အကြိမ်တစ်သန်း ဝှေ့ယမ်းပြီးသွားရင် ငါက သေချာပေါက် အကြီးအကျယ် တိုးတက်မှာပဲ”
ဟန်မူယဲ့က ခေါင်းယမ်းကာ အသာအယာပြောသည်။
“တကယ်လို့ ဓားသာ ခင်ဗျားနှလုံးသားမှာရှိရင် အကြိမ်တစ်ထောင်ဝှေ့ယမ်းတာက လုံလောက်ပါတယ်”
“တကယ်လို့ ဓားဟာ နှလုံးသားထဲမှာ မရှိရင် အကြိမ် သန်းပေါင်းများစွာ ဝှေ့ယမ်းရင်လည်း အလကားပဲ”
သူက ထပ်မပြောတော့ဘဲ ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
“ငါ့ရင်ဘတ်ထဲမှာ ဓားမရှိဘူးလား”
လင်းရှန် မှင်တက်သွားသည်။ သူ၏မျက်နှာတွင် ဝေခွဲမရဟန်များ အထင်းသားပေါ်လွင်နေ၏။
“ငါ့နှလုံးသားမှာ ဓားမရှိရင် ငါ့လက်ထဲမှာလည်း ဓားမရှိ…”
“မဟုတ်သေးပါဘူး… ငါ့လက်ထဲက ဓားကို ငါယုံတာပဲ။ ငါက နှလုံးသားထဲမှာ ဓားကို ဘာလို့ လိုအပ်နေဦးမှာလဲ”
“မှားတယ်… ဓားချက်တစ်သိန်း ခုတ်တယ်လို့ ဆိုကတည်းက ငါ့နှလုံးသားထဲက ဓားကို ယုံလို့ပေါ့”
သူက မိမိကိုယ်ကို ရေရွက်နေရင်း အရာအားလုံးကို မေ့လျော့သွားဟန်ရသည်။
…
ဟန်မူယဲ့သည် လေ့ကျင့်ရေးခန်းမမှ ထွက်လာကာ စမ်းချောင်းထံသို့ မေးမြန်း၍ လျှောက်လာသည်။ တစ်နာရီခန့် ကြာပြီးနောက် သူသည် စမ်းချောင်းငယ်တစ်စင်း စီးဆင်းနေသည်ကို မြင်၏။
စမ်းချောင်းဘေးတစ်ဘက်တစ်ချက်တွင် ဝါးအဆောက်အဦငယ်များ ရှိသည်။
မော့ယွမ်သည် ဤနေရာတွင် အတော်လေး နာမည်ကျော်ကြား၏။ ထို့ကြောင့် ဟန်မူယဲ့က သူ့အား သိပ်မရှာလိုက်ရပါ။
ကံမကောင်းသည်ကား သူက မော့ယွမ်ကို သူ့အဆောင်တွင် မတွေ့ပါ။
သူသည် သရုပ်ပြခန်းဆောင်တွင်များ ရှိလေမလား။
ဟန်မူယဲ့ နောက်လှည့်ကာ သရုပ်ပြခန်းဆောင်ထံသို့ လျှောက်သွားလိုက်သည်။
သူက သရုပ်ပြခန်းဆောင်သို့ရောက်လျှင် အခန်းအမှတ်တစ်ခုကို ယူကာ ကျောက်စိမ်းနံရံ၌ စာတချို့ရေးလိုက်သည်။
“အခန်း နံပါတ် ၁၈၃… ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို သရုပ်ပြဖို့ ဝိညာဉ်ကျောက်တုံး ၁၀ ဆုကြေး ပေးပါမယ်”
စာတန်းမှာ နံရံပေါ်တွင် အချိန်အတန်ကြာ ရှိနေသည့်တိုင် မည်သူမှ ပြန်မပြောပါ။
ဟန်မူယဲ့က မည်သို့မှ မတတ်နိုင်ဘဲ စာများကို ပြန်ဖျက်လိုက်သည်။
ကြည့်ရသည်မှာ အပြင်စည်းဂိုဏ်း၏နံပါတ် ၁ တပည့် မော့ယွမ်မှာ သရုပ်ပြခန်းဆောင်၌ မရှိပါ။
သူက လက်လှမ်းကာ နောက်ထပ် စာတချို့ ရေးလိုက်သည်။
“အခန်းနံပါတ် ၁၈၃… သံမဏိနွားသိုးကျင့်စဉ်ရဲ့ နောက်ဆက်တွဲသဘောတရားကို ရှာဖွေခြင်း… ဆုကြေး… အကျိုးဆောင်မှတ် ၃ ခု…”
သူ့တွင် အကျိုးဆောင်မှတ် ၃ ခုသာ ကျန်တော့သည်။
သံမဏိနွားသိုးကျင့်စဉ်၏နောက်ဆက်တွဲကျင့်စဉ်မှာ သေချာပေါက် တန်ဖိုးမြင့်ပေသည်။
အတန်ကြာလျှင် အလင်းတစ်ချက်နှင့်အတူ စာများကို တစ်စုံတစ်ယောက်လက်ခံကြောင်း ပြသည်။
ထို့နောက် တံခါးကို တွန်းဖွင့်ကာ လူတစ်ယောက် ဝင်လာ၏။
“မင်းကိုး…”
ကျောက်ဖူက ဟန်မူယဲ့ကို မေးသည်။
“နောက်ဆုံးတစ်ကြိမ်က နားမလည်လိုက်လို့လား”
ထို့နောက် သူက တီးတိုးပြောသည်။
“စာကို ဖျက်လိုက်… သံမဏိနွားသိုးကျင့်စဉ်နဲ့ပတ်သက်ပြီး နားမလည်ရင် ငါ့ကို လာရှာဖို့ ပြောခဲ့တယ်လေ”
ဟန်မူယဲ့ ခေါင်းယမ်းကာ ပြောသည်။
“စီနီယာအစ်ကိုကျောက်ဖူ… သံမဏိနွားသိုးကျင့်စဉ်မှာ နောက်ဆက်တွဲ အဆင့်တွေရှိသေးလား ကျုပ် သိချင်တယ်”
“ကျုပ်က ဒီကျင့်စဉ်နဲ့ ချီစုဆောင်းခြင်းအဆင့်ကိုးအထိ ကျင့်နိုင်လား”
သူ၏စကားက ကျောက်ဖူအား အံ့အားသင့်စေသည်။
“ဘာအဆင့်လဲ…”
“သံမဏိနွားသိုးကျင့်စဉ်မှာ ပထမတစ်ဆင့်ပဲရှိတယ်။ ဒါက အပြင်စည်းဂိုဏ်းက ကျင့်စဉ်တွေထက် နည်းနည်းပဲသာတာ”
ထို့နောက် သူက ခေါင်းယမ်းကာ ပြောသည်။
“ဒီကျင့်စဉ်နဲ့ သေချာပေါက် ချီစုဆောင်းခြင်းအဆင့်ကိုးအထိ မရောက်နိုင်ဘူး”
‘တစ်ဆင့်တည်းလား…’
ထိုကျင့်စဉ်ဖြင့် ချီစုဆောင်းခြင်းအဆင့်ကိုးအထိ မရောက်နိုင်ဘူးလား။
ဟန်မူယဲ့ စိတ်ပျက်သွားသည်။
ကျောက်ဖူက သူ့ကို လိမ်မည် မဟုတ်ပါ။
“ငါမင်းကို နောက်တစ်ကြိမ် သရုပ်ပြမယ်”
ကျောက်ဖူက ပြောသည်။ သူက မြင်းထိုင်ပုံစံဖြင့် လက်သီးဟန်တချို့ကို ကစားလိုက်သည်။ သူ့နောက်တွင် နွားသိုးပုံရိပ်တစ်ခု ပေါ်လာ၏။
သူက တစ်ကြိမ် သရုပ်ပြပြီးနောက်တွင် ဟန်မူယဲ့ကို ပြောသည်။
“မင်းက ဒီနည်းလမ်းကို ကျင့်တယ်ဆိုမှတော့ ဘယ်လောက် ခရီးရောက်နေပြီလဲ ငါ့ကို ပြဦး”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ကျောက်ဖူကား လူကောင်းဖြစ်သည်။ သူသည် အပြင်ပန်းတွင် အေးစက်သော်လည်း စိတ်ထားကောင်း၏။
အသက်ပြင်းပြင်းရှူကာ ဟန်မူယဲ့က လက်သီးသိုင်းကို ကစားလိုက်သည်။
ဟူး…
သူ့နောက်တွင် အစိမ်းရောင်နွားသိုးပုံရိပ်တစ်ခု ပေါ်လာသည်။
“ကောင်းတယ်… ဒါက ကနဦးတတ်မြောက်တဲ့အဆင့်ပဲ…”
ကျောက်ဖူက မျက်ခုံးပင့်လိုက်ကာ ထပ်ပြောသည်။
“မဟုတ်ဘူး… ဒါက အောင်မြင်တဲ့အဆင့်ပဲ”
“မင်းက သံမဏိနွားသိုးကျင့်စဉ်ကို ရက်နည်းနည်းနဲ့ အောင်မြင်တယ်… မင်းရဲ့နားလည်နိုင်စွမ်းက…”
သူပြော၍ မဆုံးသေးခင် ဟန်မူယဲ့က လက်သီးထိုးလိုက်လျှင် သူ့နောက်တွင် နောက်ထပ် နွားသိုးပုံရိပ်တစ်ခု ပေါ်လာ၏။
ကျောက်ဖူ မှင်တက်သွားသည်။
ဟန်မူယဲ့က လက်သီးကို ပြန်ရုပ်သိမ်းလိုက်လျှင် နွားသိုးပုံရိပ်များမှာလည်း ပျောက်ကွယ်သွား၏။
“ဒါက ကျုပ်ရဲ့မေးခွန်းပဲ”
ဟန်မူယဲ့က ကျောက်ဖူကို ကြည့်ကာ အသာအယာပြောသည်။
နွားသိုးပုံရိပ် ၂ ခု…
ကျောက်ဖူက ဟန်မူယဲ့အား လေးနက်သောအမူအရာဖြင့် မေးသည်။
“ငါ့ကိုပြော… မင်း ဘယ်လို လုပ်လိုက်တာလဲ”
ဟန်မူယဲ့က သူ မည်သို့ကျင့်ကြံခဲ့သည်ကို ရှင်းပြလိုက်၏။
ဟန်မူယဲ့ပြောသည့်အတိုင်း ကျောက်ဖူ လေ့ကျင့်လိုက်လျှင် ဒုတိယနွားသိုးပုံရိပ်နှင့် တတိယမြောက် နွားသိုးပုံရိပ်တို့ ပေါ်လာသည်။
သူ၏နောက်မှ နွားသိုးပုံရိပ် ၃ခုကို ကြည့်ကာ ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။
သူက သံမဏိနွားသိုးကျင့်စဉ်ဖြင့် နွားသိုးပုံရိပ်များ ပို၍ ဖန်တီးနိုင်သည်ကို ခံစားမိပြီးဖြစ်သည်။ သို့သော်လည်း သူက နည်းမှန်လမ်းမှန် မဖြစ်မည်ကို စိုးရိမ်၍ ဆက်မကျင့်ရဲတော့ပေ။
ကျောက်ဖူက သူ့နောက်မှ ပုံရိပ်များကို ကွယ်ဖျောက်လိုက်ကာ ဟန်မူယဲ့ကို ကြည့်သည်။
“ဒီသံမဏိနွားသိုးကျင့်စဉ်မှာ နောက်ဆက်တွဲ ရှိဦးမယ်ထင်တယ်”
“ငါ ပြန်သွားပြီးတော့ ဆရာနဲ့ ဆွေးနွေးလိုက်ဦးမယ်။ မင်းက ဒီအတောအတွင်း အလျင်စလို မလေ့ကျင့်နဲ့”
ထို့နောက် သူက ပြုံးလျှက်ပြောသည်။
“မင်း နာမည်ဘာလဲ။ ဘယ်မှာ ကျင့်ကြံတာလဲ”
ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“ကျုပ်နာမည် ဟန်မူယဲ့… ဓားစံအိမ်က ဓားထိန်းပါ”
“ဓားထိန်းတစ်ယောက်…”
ကျောက်ဖူ အံ့အားသင့်သွားကာ ခေါင်းညိတ်သည်။
“ကောင်းပြီ… ငါ မင်းကို နောက်ပိုင်း ဓားစံအိမ်မှာ လာရှာမယ်”
ထို့နောက် သူ ထွက်သွားခဲ့သည်။
သူက ဟန်မူယဲ့ထံမှ အကျိုးဆောင်မှတ် ၃ခုကို မတောင်းခဲ့ပါ။
ဟန်မူယဲ့ ခေါင်းယမ်းသည်။
ကျောက်ဖူက သူ့အား ကူညီရန် မျှော်လင့်ထားသော်လည်း ယခုတွင် မျှော်လင့်ချက် မရှိတော့သလို ဖြစ်သည်။
ကျင့်စဉ်တစ်ခုကို ပြီးပြည့်စုံအောင် တွေးတောရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပါ။
နောက်လှည့်ကာ သူက ကျောက်စိမ်းနံရံမှ စာတန်းတချို့ကို ကြည့်သည်။ ၎င်းတို့မှာ ဓားပညာနှင့်ပတ်သက်၍ အကူအညီတောင်းခြင်းများ ဖြစ်သည်။
၎င်းတို့အထဲတွင် မကြာမကြာ ပေါ်လာသော စာတန်းမှာ…
“ရေပြာလှိုင်းဓားသိုင်း၏တတိယအဆင့်ကို ရှာဖွေခြင်း…”
ထိုသူမှာ ယန်ရှောက် ဖြစ်ရပေမည်။
သို့သော်လည်း ဟန်မူယဲ့သည် ယန်ရှောက်အတွက် ရေပြာလှိုင်းဓားသိုင်း၏တတိယအဆင့်ကို ကူညီတွေးတောပေးရန် စိတ်မပါပေ။ သူက တခြား အကျိုးအမြတ်ကောင်းကောင်းရသော မေးခွန်းတချို့ လက်ခံကာ စားပွဲပေါ်မှ ကြေးနီမျက်နှာဖုံးကိုတပ်လျှက် အခန်းထဲသို့ ဝင်သွားသည်။
တစ်နာရီခန့်တွင် သူသည် အကျိုးဆောင်မှတ် ၁၁ခု ရရှိခဲ့၏။
ထို့နောက် သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်တချို့ သွားရှာသည်။
သူသည် ‘ဓာတ်ကြီးငါးပါးခန္ဓာကိုယ်ကျင့်စဉ်’ နှင့် ‘သံမဏိချပ်ဝတ်ကျင့်စဉ်’ တို့အတွက် ဝိညာဉ်ကျောက်တုံး ၄၀၀ အသုံးပြုခဲ့သည်။
ထို့အပြင် ‘နှစ်ဆင့်ခန္ဓာကိုယ်ကျင့်စဉ်’ အတွက်လည်း ဝိညာဉ်ကျောက်တုံး ၅၀၀ သုံးလိုက်သည်။
သူက အခန်းငယ်တစ်ခုရွေးကာ စာပို့လိုက်လျှင် တစ်စုံတစ်ယောက် ရောက်လာကာ သရုပ်ပြသည်။
ဟန်မူယဲ့ မေးခွန်းတချို့မေးသည်။
ရလဒ်မှာ သိပ်မကောင်းပါ။
မည်သည့်ခန္ဓာကိုယ်ကျင့်စဉ်ကမှ အလွယ်တကူ မကျင့်ကြံနိုင်ပါ။
သရုပ်ပြပေးသော အတွင်စည်းဂိုဏ်းသားတစ်ဦးက သူ့အား ဖြေးဖြေးနှင့်မှန်မှန်သာကျင့်ရန် အထူးတလေ သတိပေးခဲ့သေးသည်။
သူက မည်သို့ ဖြေးဖြေး လေ့ကျင့်နိုင်မည်နည်း။
ဓားစံအိမ်သို့ ပြန်လာပြီးသည်တွင် ဟွမ်လောင်လျှိုက သူ့အား ထူးဆန်းစွာ ကြည့်သည်။
ညနေစာစားပြီးနောက် သူက ကိုယ်လက်သန့်စင်သောအခါ ရေမျက်နှာပြင်၌ သူ၏ရုပ်ကို ကြည့်ကာ ဟန်မူယဲ့ မှင်တက်သွားသည်။
သူ့ခေါင်းတွင် ဆံပင်ဖြူအများအပြား ပေါက်နေလေပြီ။
သူ၏အသက်ဓာတ်မှာ အမှန်တကယ် ကုန်ခမ်းသွားပြီလား။
သူ၏အခန်းကို ပြန်ရောက်ပြီးနောက်တွင် ဟန်မူယဲ့က ခန္ဓာကိုယ်ကျင့်ကြံစနစ်အား ကျင့်လိုက်သည်။
သံမဏိနွားသိုးကျင့်စဉ်မှသည် တခြား ခန္ဓာကိုယ်ကျင့်စဉ်လေးခုအထိ ဆက်တိုက် သူ ကျင့်သွား၏။
သူ၏ရုပ်ခန္ဓာ သန်မာလာသည်ကို သူ ခံစားရသည်။
သို့သော် အိုမင်းခြင်းမှာ မရပ်တန့်သေးပါ။
တစ်ဖက်တွင် သူ၏ခန္ဓာကိုယ်မှ တစ်စုံတစ်ခုသော စွမ်းအင်မှာ အဆက်မပြတ် လောင်ကျွမ်းကုန်ဆုံးနေသည်ကို ခံစားရ၏။
“ငါ့ချီပင်လယ်က ဓားဆန္ဒတွေက အရမ်းသိပ်သည်းတော့ ခန္ဓာကိုယ်က မခံနိုင်တာများလား။ ဒါကြောင့်ပဲ အသက်ဓာတ်ခမ်းလာတာလား”
“ဒါဆို ငါက ဓားဆန္ဒတွေကို လွှတ်ပစ်ရမှာလား”
အခန်းထဲတွင် ထိုင်နေရင်း ဟန်မူယဲ့ တွေးနေသည်။
“တခြားတစ်နည်းလည်း ရှိရင်ရှိမှာပေါ့”
အတန်ကြာတွေးတောပြီးသည့်တိုင် သူသည် ဓားချီများနှင့် ခွဲခွာရန် ခက်ခဲနေသည်။
ကျင့်ကြံခြင်းလောက၌ ခွန်အားမှာ အရာရာဖြစ်သည်။
သူက ဓားချီများ မရှိလျှင် မသက်မသာ ခံစားရသည်။