← Chapters

တရားမျှတမှု

Vol. 42 Ch. 587

တရားမျှတမှု

Vol. 42 Ch. 587

အခန်း (၅၈၇) တရားမျှတမှု

ကောင်းကင်ယံထက် ဂဠုန်ငှက်ကြီးကို စီးနှင်ပျံသန်းလာသော ရန်ကျောက်ကဲအား ဝါဒတောင်မှ သိုင်းသမားများအားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။ သူတို့အားလုံးမျက်နှာထက်တွင် တုန်လှုပ်ထိတ်လန့်သောအမူအရာများကို တွေ့မြင်ရ၏။

အရင်တစ်ချိန်က ရန်ကျောက်ကဲဆိုသည်မှာ ဝါဒတောင်၏ အငယ်တန်းတပည့်တစ်ယောက်မျှသာ ဖြစ်ခဲ့သည်။ သို့သော် တဖြည်းဖြည်း သူ၏ရာထူးအနေအထားက ဝါရင့်အကြီးအကဲများစွာထက် သာလွန်လာခဲ့သည်။

သို့ပေသိ အရင်ကတော့ ရန်ကျောက်ကဲ၏ မြင့်မားသောဂုဏ်ပုဒ်ကြောင့် လေးစားခဲ့ခြင်းသာရှိပြီး ယခုကဲ့သို့ အရှိန်အဝါကြီးမားမှုမျိုးကို ခံစားရခြင်း မရှိပေ။

ရန်ကျောက်ကဲကို တွေ့မြင်သည့်အခါ နတ်ဘုရားတစ်ပါးကို တွေ့မြင်ရသည့်အလား သူတို့အားလုံး ဒူးထောက် ခေါင်းငုံ့လျှက် နှိမ့်ချဝပ်တွားလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာကြသည်။

သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ သိုင်းသူတော်စင် တတိယအဆင့် (၂)ယောက် ၊ သိုင်းသူတော်စင် ဒုတိယအဆင့် (၂)ယောက် ...။ ပြီးတော့ သူတို့ထဲတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းပိုင်ဆိုင်ထားကြသူများလည်း ရှိသေးသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိုမျှကြီးမားသော စွမ်းအားစုများ တစ်ခါမှ ထွက်ပေါ်မလာခဲ့ဖူးပေ။ ဤစွမ်းအားပေါင်းစည်းမှုသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို ပျက်သုဉ်းသွားစေနိုင်၏။

သို့သော် ထိုတန်ခိုးစွမ်းအားရှင်များအားလုံးသည် ယနေ့ ရန်ကျောက်ကဲ တစ်ယောက်တည်းကို ရှုံးနိမ့်သွားခဲ့သည်။ ဤသို့ အံ့သြဖွယ်ရာ စွမ်းဆောင်မှုမျိုး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် တစ်ခါမှမရှိခဲ့သလို တုနှိုင်း၍လည်း မရနိုင်ခဲ့ပေ။

ဤသည်က ဝါဒတောင်မှ တပည့်တိုင်း ထိတ်လန့်ကြောက်ရွံ့ရိုသေခြင်းမှ မည်သို့တားဆီးနိုင်ပါမည်နည်း။

ဖူအန်းစုနှင့် အခြားသူများကတော့ ရန်ကျောက်ကဲ အလျှင်အမြန် ပြန်ရောက်လာသည့်အတွက် အံ့အားသင့်နေကြသည်။ ဤသည်က သူတို့အားလုံး မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည် မဟုတ်လား။

ထွက်ပြေးကြသော နေသူတော်စင်ဂိုဏ်းသားများကို လိုက်လံတိုက်ခိုက်နေသူများပင် အချိန်အတန်ကြာသည်အထိ တောင်ပေါ်သို့ ပြန်ရောက်မလာကြသေးပေ။

သို့သော် ကောင်းကင်နယ်မြေမှ ထွက်ခွာပြီး မီးနယ်မြေ ၊ ကမ္ဘာအလင်းတောင်ထွတ်သို့သွားရောက်ခဲ့သော ရန်ကျောက်ကဲက လျှင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ ဤခရီးက မိုင်ပေါင်း သောင်းနှင့်ချီပြီး ဝေးကွာလေ၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အံ့သြဖွယ်ရာ အမြန်နှုန်းကို သိရှိသည့်တိုင် ဖူအန်းစု အံ့အားသင့်နေမိဆဲပင်။ သို့သော် ရန်ကျောက်ကဲ ပြန်ရောက်လာသည့်အခါ သူမ လုံခြုံမှုကို ခံစားခဲ့ရသည်။

ဖူအန်းစုကဲ့သို့ ခေါင်းမာပြီးထက်မြက်သော မိန်းကလေးတစ်ယောက်အတွက် ဤသို့သောခံစားချက်က ရှားပါးသည့်အရာပင်။

အရင်ကတော့ ယွမ်ကျန်းဖုန်း ၊ ရန်တိ တို့က သူမကို ထိုသို့သော ခံစားချက်မျိုး ပေးစွမ်းခဲ့သည်။ သို့ပေသိ ကျန်းခွန် ၊ ဟယ်နင်နှင့် အခြားသော ဝါရင့်အကြီးအကဲများသည်ပင် သူမကို ထိုသို့သောခံစားချက် မပေးစွမ်းခဲ့ပေ။

ယခုတော့ သူမကို ထိုသို့သော လုံခြုံစိတ်ချသည့်ခံစားချက် ပေးစွမ်းသူမှာ အသက် (၃၀)ပင်မပြည့်သေးသော လူငယ်တစ်ယောက် ဖြစ်နေခဲ့သည်။

အကယ်၍ အတိတ်တစ်ချိန်က ဖူအန်းစုသာဆိုလျှင် ဤအခိုက်အတန့်တွင် သူမ စိတ်ဓာတ်ပြောင်းလဲသွားသည်ကို ယုံကြည်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုတော့ သူမ ဤသို့ခံစားရသည်မှာ သဘာဝကျသည်ဟုသာတွေးမိပြီး ထူးထူးခြားခြား မထင်မှတ်မိပေ။

ဖူအန်းစု လုံခြုံအန္တရယ်ကင်းသည်ဟု ခံစားနေရချိန် ချန်ကျန်းကတော့ အတော်လေး စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

သို့ပေသိ သူက တည်ငြိမ်အောင်ကြိုးစားရင်း ရန်ကျောက်ကဲကို နှုတ်ဆက်လိုက်သည်။

“ကျောက်ကဲ... မင်း စွမ်းအားတွေအများကြီးတိုးတက်လာပြီး ရန်သူတွေကို အနိုင်ယူခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”

ဒဏ်ရာရနေသည့်ဟယ်နင်ကလည်း ထိုစကားကို သဘောတူသည့်အနေဖြင့် ရန်ကျောက်ကဲကိုကြည့်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေသည်။

ရန်ကျောက်ကဲ ကောင်းကင်ထက်မှဆင်းသက်လာပြီးနောက် ဖူအန်းစုနှင့် ချန်ကျန်းကို နှုတ်မဆက်ခင် ဟယ်နင်ကို အရင်ဆုံး ဦးညွှတ်ဂါရဝပြုလိုက်၏။

ပြီးမှ သူက ချန်ကျန်းဘက်သို့ လှည့်လိုက်ပြီး...

“အခု ဒီမှာ ဘာပြဿနာဖြစ်နေတာလဲ”

ဖူအန်းစုက ချန်ကျန်းကို စိုက်ကြည့်လိုက်စဉ် အကြီးအကဲ’ချင်’ က ဖန်းယွင်ရှန်း ၊ ယင်လျိုဟွားတို့ စည်းကမ်းထိန်းသိမ်းရေးခန်းမတွင် စုံစမ်းစစ်ဆေးခံနေရသည့် အခြေအနေများကို ရန်ကျောက်ကဲအား ရှင်းပြသည်။

ထိုစကားများကို နားထောင်ပြီးနောက် ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့ နေထိုင်ရာ အဆောင်များဆီသို့ လှမ်းကြည့်လိုက်သည်။

သူတို့နှစ်ယောက်နေထိုင်သောအဆောင်များ အနီးတစ်ဝိုက် အရံအတားများ တပ်ဆင်ထားသည်ကို တွေ့ရ၏။ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ထိုအရံအတားများ ပြုလုပ်ထားခြင်းဖြစ်ပြီး အကာအကွယ်ပေးခြင်းထက် နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားသည့်သဘော သက်ရောက်သည်။

ကွမ်းမင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းတို့ ဝါဒတောင်ကို လာရောက်တိုက်ခိုက်သဖြင့် ပရမ်းပတာအခြေအနေများ ဖြစ်ပျက်ခဲ့သည်ကို ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့သည်လည်း သတိပြုမိခဲ့ကြသည်။

ယန်ကျန်းဟွာ ၊ တိန့်စန်းနှင့် အခြားသူများကို သုတ်သင်ရှင်းလင်းပြီးနောက် ဝါဒတောင်ရင်ဆိုင်ရသည့်အကျပ်အတည်း သက်သာရာရသွားတော့မှ မိန်းကလေးနှစ်ယောက်သည်လည်း အဆောင်အပြင်ဘက် ထွက်လာကြပြီး အရံအတားအတွင်းမှ အပြင်သို့ လှမ်းကြည့်ကြသည်။

ချန်ကျန်းနှင့် ဖူအန်းစုတို့ ဆက်တိုက်ဆိုသလို ရောက်လာကြသည်ကို တွေ့ရပြီး ဖူအန်းစုကိုတွေ့တော့ ယင်လျိုဟွားမျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး သူမအခန်းထဲ ပြန်ပြေးဝင်ကာ သတိလစ်သွားတော့သည်။

ဖန်းယွင်ရှန်းကတော့ ဆရာဖြစ်သူကို တွေ့သည်နှင့် မျက်နှာတစ်ခုလုံး ရွှင်လန်းသွားပြီး ရန်ကျောက်ကဲ ရောက်လာကြောင်း တွေ့ရသည့်အခါမှတော့ သူမမျက်နှာထက်မှအပြုံးက ပိုမိုထင်ရှားလာသည်။

သူမက တောက်ပစွာပြုံးရယ်ရင်း ရန်ကျောက်ကဲထံသို့ လက်မထောင်ပြလိုက်၏။

လွမ်းဆွတ်နေရပါသော ချစ်ရသူမိန်းကလေးကို တွေ့သည့်အခါ ရန်ကျောက်ကဲ အခြားကိစ္စများ ဘေးဖယ်ထားလိုက်ပြီး သူမဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

ယခုတော့ သူ့ထံမှထွက်ပေါ်နေသော လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့်အရှိန်အဝါများ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် လေပြေလေညင်းလေးပမာ နူးညံ့သိမ်မွေ့သွားသည်။

ရန်ကျောက်ကဲလုပ်ရပ်ကိုမြင်တော့ ချန်ကျန်း မျက်တောင်တစ်ချက်ခတ်လိုက်၏။

အကြီးအကဲ’ချင်’ က ...

“အန်းစု... ဒီအဘိုးကြီး တွေ့ကြုံရသမျှ အကုန်ပြောပြပြီးပြီ ၊ တကယ်တော့ ယင်လျိုဟွားနဲ့ ဟုန်ကျားချီတို့က ဖန်းယွင်ရှန်းကို တမင်သက်သက် လုပ်ကြံဖန်တီး စွပ်စွဲတယ်ဆိုတာ ရှင်းနေတာပဲ”

ချန်ကျန်း ငြိမ်သက်နေ၏။

စည်းမျဉ်းများအရဆိုလျှင် ဖန်းယွင်ရှန်း မှားယွင်းစွပ်စွဲခံရပြီး အမှန်တရားထွက်ပေါ်လာပြီးသည့်နောက် စည်းကမ်းထိန်းသိမ်းရေးခန်းမအနေဖြင့် ထိန်းချုပ်ထားသည့်အရံအတားကို ဖယ်ရှားပေးရမည် ဖြစ်သည်။

သို့ပေသိ ယခု ရန်ကျောက်ကဲ ဖန်းယွင်ရှန်းအနား လျှောက်လှမ်းသွားသည်ကို သူ မည်သို့တားဆီးရဲပါမည်နည်း။ ရန်ကျောက်ကဲ၏လုပ်ရပ်က သူ့ကိုပိုပြီး စိတ်မသက်မသာ ခံစားရစေသည်။

ရန်ကျောက်ကဲကိုကြည့်ရင်း ဖန်းယွင်ရှန်းက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“ရှင် ဘာမှမဖြစ်နိုင်ဘူးဆိုတာ ကျွန်မ အစောကြီးကတည်းက သိသားပဲ ၊ အရေးကြီးဆုံးအချိန်မှာ ပြန်လည်ထွက်ပေါ်လာဖို့ တစ်နေရာရာမှာပုန်းအောင်းပြီး စောင့်ဆိုင်းနေခဲ့တာ မဟုတ်လား”

ရန်ကျောက်ကဲက ကြည့်မဝသည့်ပမာ ဖန်းယွင်ရှန်းမျက်နှာလေးကို ငေးစိုက်ကြည့်နေသည်။ အခက်အခဲများစွာ ကြုံတွေ့ရသည့်တိုင် ထိုမိန်းကလေးထံတွင် စိတ်ဓာတ်ကျသည့်အရိပ်အယောင် တစ်ချက်ပင် မတွေ့ရပေ။

သူမ အောင်မြင်မှုရရှိရန် အလွန်တရာ နီးကပ်နေပြီဖြစ်သော်လည်း အခြားသူများ၏ အကောက်ကြံမှုကြောင့် နေ့အလင်းရောင်ပင်မမြင်နိုင်သော ချောက်နက်ကြီးအတွင်းသို့ တစ်ဖန်ပြန်လည် ကျရောက်ခဲ့ရသည်။

သို့တိုင် မိန်းမပျို၏မျက်ဝန်းများသည် အရှေ့ထန်နိုင်ငံတွင် သူတို့နှစ်ယောက် စတင်ဆုံတွေ့စဉ်အချိန်ကလိုပင် တောက်ပကြည်လင်လျှက် ရှိသည်။

သူမ ရင်ဆိုင်ရသော ကံကြမ္မာအတွက် မိုးကောင်းကင်ကို အပြစ်တင်နေခြင်းမရှိသလို စိတ်ဓာတ်ကျကာ အရှုံးပေးလဲပြိုနေခြင်းလည်း မရှိပါပေ။

ရန်ကျောက်ကဲနှင့် ပြန်လည်ဆုံတွေ့သည့်အခါ သူမ ပထမဆုံးပြောဆိုသည့်စကားမှာ သူမခံစားရသည့် ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းခံစားရခြင်းများ မဟုတ်ခဲ့ပေ။ တောက်ပသည့်အပြုံး ၊ ရွှင်လန်းသည့်စကားများ ပြောဆိုလျှက် စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် သူ့ကို ဆီးကြိုခဲ့သည်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း....

“ဒီတစ်ခေါက်ကိစ္စကတော့ အရမ်းကို ကြီးကျယ်သွားတယ်”

ပြောပြီးသည်နှင့် သူက ဖန်းယွင်ရှန်းလက်လေးများကို အသာလှမ်းယူကာ ဆုပ်ကိုင်လိုက်သည်။

ရန်ကျောက်ကဲမျက်ဝန်းများနှင့် ရင်ဆိုင်ရသည့်အခါ ထိုမျက်ဝန်းထဲမှ ခံစားချက်တစ်စုံတစ်ရာကို ဖန်းယွင်ရှန်း ခံစားနားလည်မိသည်။

များသောအားဖြင့် သူရဲကောင်းဆန်ဆန် ရဲရင့်ထက်မြက်သော ဖန်းယွင်ရှန်းမျက်နှာထက် ရှားရှားပါးပါး ရှက်ရွံ့ဟန်လေးပေါ်လာပြီး ချက်ချင်းပြန်လည် ပျောက်ကွယ်သွားသည်။ သို့သော် သူမ မျက်နှာထက်မှအပြုံးက ပိုမိုတောက်ပလာသည်။

ရန်ကျောက်ကဲလုပ်ရပ်ကိုကြည့်ရင်း လူတိုင်း အံ့အားသင့်သွားကြသည်။

သမုဒ္ဒရာကမ္ဘာတွင် ရန်ကျောက်ကဲ ခွင့်တောင်းထားပြီးကတည်းက ဖူအန်းစု စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ထိုလူငယ်က ယခုကဲ့သို့ လူအများရှေ့တွင် ဖန်းယွင်ရှန်းကို တရားဝင်ဖွင့်ပြောလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဖန်းယွင်ရှန်းကိုကြည့်ရင်း ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ကိုယ်က စွန့်စားရတာကို သဘောကျတယ် ၊ ကြီးမားတဲ့ရည်မှန်းချက်တွေလည်း အများကြီးရှိတယ် ၊ ဒါကြောင့် တစ်ချိန်ချိန်မှာ အဲဒီအလုပ်တွေထဲ အရမ်းနစ်မျောသွားမှာ စိုးရိမ်လို့... မင်းက ကိုယ့်ကို ဂရုစိုက်ပေးမယ့် ပါရမီဖြည့်ဘက်တစ်ယောက် ဖြစ်ပေးနိုင်မလား...”

ဖန်းယွင်ရှန်းက ပြုံးရင်း...

“ကျွန်မ အနိုင်ကျင့်တာတော့ ခံရမှာနော် ၊ အဆင်ပြေရဲ့လား”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းခန္ဓာကိုယ်လေးကို သူ့အနားအသာဆွဲယူပွေ့ဖက်လိုက်ရင်း နဖူးပြင်ထက်ဆီ မြတ်နိုးယုယစွာ အနမ်းတစ်ပွင့် ခြွေလိုက်သည်။

“မင်း အနိုင်ယူမယ်ဆိုရင် ကိုယ်က အရှုံးပေးဖို့ အသင့်ပါဗျာ”

ဖန်းယွင်ရှန်းက ခေါင်းငုံ့ရင်းပင် မရပ်မနားရယ်မောလျှက်...

“အင်း... ကြည့်သေးတာပေါ့ ၊ ရှင့်အတွက်တော့ တကယ်ခက်ခဲမှာနော်”

ထို့နောက် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းလက်လေးကို ကိုင်ဆွဲလျှက် အရံအတားအပြင်သို့ ခေါ်ထုတ်လာပြီး ဖူအန်းစုကို ပြုံးပြလိုက်သည်။

“ဆရာဒေါ်လေး ‘ဖူ’ ... ဆရာဒေါ်လေး’ဖူ’ ရဲ့ တပည့်ကို ကျွန်တော် လုယူသွားပြီနော်...”

ဖူအန်းစုက သူမအရှေ့မှ လူငယ်နှင့်မိန်းမပျိုကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှ အနည်းငယ် ပြုံးရင်း...

“ဒါကတော့ မင်းအရည်အချင်းပဲလေ”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျွန်တော့်ကောင်မလေးကို ခေါ်မသွားခင် ဖြေရှင်းရမယ့်ပြဿနာတွေ ရှိသေးတယ်”

ထိုစကားကိုကြားတော့ ချန်ကျန်း မျက်နှာပျက်သွားခြင်းမရှိသည့်တိုင် စိတ်ထဲ ဆောက်တည်ရာမရ ဖြစ်သွားသည်။

သူက ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲကို အကဲခတ်လိုက်၏။

ဆီလျော်စွာဆိုရလျှင် ရန်ကျောက်ကဲ၏အရှိန်အဝါဖြင့် သူ့ချစ်သူ အပြစ်မရှိကြောင်း ဘက်လိုက်ဆုံးဖြတ်လိုက်လျှင်လည်း မည်သူမှ အထွန့်တက်ရဲကြမည် မဟုတ်ပေ။

သို့သော် ရန်ကျောက်ကဲက ထိုသို့ပြုလုပ်ရန် ဆန္ဒမရှိဘဲ သိက္ခာစောင့်ထိန်းရင်း ရိုးရှင်းစွာ အမှုမှန်ပေါ်အောင် ဆောင်ရွက်လိုဟန် ရှိ၏။

ဤသည်က ချန်ကျန်းကို စိတ်မသက်မသာခံစားရစေပြီး နေ့ခင်းကြောင်တောင် တစ္ဆေအရိပ်များ လွှမ်းမိုးခံရသည့်ပမာ မရေရာမှုနှင့် ကြောက်ရွံ့ခြင်းများကို ခံစားရစေသည်။

ရန်ကျောက်ကဲပုံစံက ဖန်းယွင်ရှန်း အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်မည်ဟု အပြည့်အဝ ယုံကြည်နေရုံသာမက...

“ငါ့ ကောင်မလေးကို ငါကိုယ်တိုင်ကာကွယ်ပေးမယ် ၊ သူ့ကိုဘယ်သူထိရဲသလဲ”

ဟူသော အာမခံချက်များနှင့် ပြည့်နက်နေသည်။

ထိုခဏတွင်...

ရန်ကျောက်ကဲ အကြည့်များက ချန်ကျန်းနှင့် ယင်လျိုဟွားဆီသို့ ဖြတ်သန်းသွားလေရာ သူတို့မှာ ကျောရိုးထဲအထိ အေးစိမ့်လျှက် စိတ်နှလုံးများ တုန်လှုပ်သွားကြရလေ၏။

All Chapters