အမှုကိုပြန်လည်စစ်ဆေးခြင်း
Vol. 42 Ch. 588
အခန်း (၅၈၈) အမှုကိုပြန်လည်စစ်ဆေးခြင်း
ရန်ကျောက်ကဲ ယင်လျိုဟွားကို စူးစိုက်ကြည့်လိုက်သည်။ ယင်လျိုဟွားမှာ သူမရှိနေသည့်အရံအတားထဲတွင် မတ်တတ်ရပ်ရင်းတစ်ကိုယ်လုံး တုန်ယင်လျှက် ရှိ၏။
သူမ လှည့်ထွက်ပြေးချင်သည့်တိုင် ထွက်ပြေးနိုင်စွမ်းမရှိဘဲ ဘိလပ်မြေနှင့်ကပ်ထားသည့်ပမာ ခြေထောက်များက လှုပ်ရှားမရ ဖြစ်နေသည်။
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“အရင်တုန်းက မင်းကို အပျင်းကြီးပြီး စိတ်ထားမမှန်တာလောက်ပဲရှိတယ်လို့ ထင်ခဲ့မိတာ ၊ အခုတော့ ဘယ်သူထင်မလဲ... မင်းမှာ တခြားအကြံအစည်တွေပါ ရှိနေတယ်”
ရန်ကျောက်ကဲက ယင်လျိုဟွားကို မကြည့်တော့ဘဲ ချန်ကျန်းကို ကြည့်လိုက်ပြီး...
“အခု အားလုံး ဒီနေရာမှာရှိနေပြီဆိုတော့... ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ငါထင်တယ်”
ဖူအန်းစုက အေးစက်စွာဖြင့်...
“အမှန်ပဲ ၊ ပြီးတော့ ပြဿနာတိုင်းကိုဖြေရှင်းနိုင်တဲ့ ဂိုဏ်းတူအစ်ကို’ချန်ကျန်း’ က ဒီပြဿနာကို ဘာ့ကြောင့် မဖြေရှင်းနိုင်ရသလဲ ကျွန်မ သိချင်မိတယ်”
ချန်ကျန်းက ဖူအန်းစုကိုကြည့်ရင်း ဖြည်းညင်းစွာဖြင့်...
“ဂိုဏ်းတူညီမလေး’ဖူ’ ၊ မင်း အန္တရယ်ကင်းကင်းပြန်ရောက်လာပြီဆိုတော့ အမှန်တရားက လင်းလက်လာမှာ သဘာဝပါပဲ ၊ ဒါပေမဲ့ မင်းတို့ မရှိခင်တုန်းကတော့ ဒီကိစ္စကို စီရင်ဆုံးဖြတ်နိုင်ဖို့ ခက်ခဲတာ အမှန်ပါပဲ”
ဖူအန်းစုက ပြတ်သားသည့်လေသံဖြင့်...
“ဘာတွေခက်နေတာလဲ ၊ လျိုဟွားလိမ်နေတာ ရှင်းနေတာပဲလေ ၊ သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်ကို အသုံးပြုပေမယ့် အဲဒါကလည်း အတုအယောင်ဖြစ်နိုင်တာပဲ မဟုတ်လား”
သူမက ဆက်ပြောသည်။
“ကျွန်မတပည့်အကြောင်း ကျွန်မ ကောင်းကောင်းသိတယ် ၊ သူက စိတ်ဓာတ်ပျော့ညံ့တယ် ၊ ဂိုဏ်းတူအစ်ကို’ချန်ကျန်း’ က ကျင့်ကြံခြင်းစွမ်းအားနည်းနည်းလောက်သုံးလိုက်တာနဲ့ သူ့ကို တစ်ချက်တည်းလွှမ်းမိုးနိုင်ပြီး သရုပ်မှန်ပေါ်လာမှာပဲ ၊ ဒီနေ့ ဒီအချိန်ထိ ဒီကောင်မလေးက ရှင့်ကို ဘယ်လိုလုပ် အရူးလုပ်ထားနိုင်မှာလဲ”
ဖူအန်းစုက ချန်ကျန်းကို စိုက်ကြည့်ရင်း...
“ဒီပြဿနာမှာ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေတာကို ရှင် မသိဘူးဆိုတာ ကျွန်မ မယုံဘူး ၊ ဒါပေမဲ့ ဘာလို့ ဒီလိုဖြစ်ရတာလဲ”
ချန်ကျန်းက တည်ငြိမ်အေးဆေးစွာဖြင့်...
“ဂိုဏ်းတူညီမလေး’ဖူ’ ... မင်း စကားတွေက မလွန်လွန်းဘူးလား ၊ အခု မင်းရောက်လာမှ တူမလေး’ယင်လျိုဟွား’ က လိပ်ပြာလွင့်မတတ် အကြောက်လွန်ပြီး ဒီလိုဖြစ်သွားတာပါ ၊ ငါ သူ့ကို စစ်ဆေးမေးမြန်းတုန်းကတော့ လုံးဝ မူမမှန်တာမရှိဘူး ၊ တည်တည်ငြိမ်ငြိမ်ပါပဲ”
သူက ဖူအန်းစုကို တည်ငြိမ်စွာကြည့်ရင်း...
“ဂိုဏ်းတူညီမလေး’ဖူ’ ၊ မင်းက မင်းရဲ့တပည့်အကြောင်း မင်း သိပ်နားမလည်တာ ဖြစ်နိုင်တယ် ၊ မဟုတ်ရင် အစကတည်းက ဒီမိန်းကလေးစိတ်ထား မရိုးဖြောင့်ဘူးဆိုတာ သိရမှာပေါ့ ၊ ပြင်ပလူတွေနဲ့ပူးပေါင်းပြီး တခြားတပည့်တစ်ယောက်ကို အကောက်ကြံတာမျိုး လုပ်နိုင်တာကို မသိခဲ့ဘူးလား”
ထိုစကားကိုကြားတော့ ဖူအန်းစုက ဒေါသတကြီးဖြင့် မျက်ခုံးတစ်ချက်ပင့်ရင်း...
“ချန်ကျန်း... ရှင်က ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ”
အကြီးအကဲ’ချင်’ က မျက်မှောင်ကြုတ်ရင်း...
“တပည့်တွေကို သင်ပြပေးတဲ့အခါမှာ ဆရာဖြစ်တဲ့သူက တပည့်တွေရဲ့ စိတ်ထားဘယ်လိုရှိသလဲဆိုတာ ဖိအားပေးပြီး စစ်ဆေးလို့မှ မရတာ ၊ ဒီလိုလုပ်မယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေးခန်းမမှာ စစ်ဆေးမေးမြန်းတာနဲ့ သွားတူနေမှာပေါ့”
ဖူအန်းစုက ချန်ကျန်းကို အေးစက်စွာကြည့်ရင်း...
“ပြီးတော့ ရှင့်မှာအပြစ်မရှိဘူးဆိုရင် ဘာလို့ ဒီလောက်အရေးကြီးတဲ့အချိန်မှာ ဒီနေရာကို ရောက်နေရတာလဲ”
“ဒီကိစ္စမှာ မတရားခံရတဲ့သူက ယွင်ရှန်းဆိုပေမယ့် ရှင် ဒီနေရာကို ရောက်လာတာက ယွင်ရှန်းအတွက် မဟုတ်ဘဲ ၊ လျိုဟွားအတွက်ဖြစ်နေမှာ ကျွန်မ စိုးရိမ်မိပါတယ်”
ထိုစကားကိုကြားတော့ ယင်လျိုဟွား တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ သူမက ချန်ကျန်းမျက်ဝန်းများကို လှမ်းကြည့်ရင်း အခြေအနေ မည်သို့ဖြစ်လာမည်ကို နားမလည်သည့်အတွက် ထိတ်လန့်ကြောက်ရွံ့လာမိသည်။
ချန်ကျန်းက ဖန်းယွင်ရှန်းကို ဆက်တိုက် စစ်ဆေးမှုများ ပြုလုပ်နေသည့်တိုင် သူမက စည်းကမ်းလိုက်နာသူဖြစ်သည့်အတွက် အမှားများစွာ ရှာမတွေ့ခဲ့ပေ။
သို့သော် သူက အမြဲတမ်း ယင်လျိုဟွားကို လျှို့ဝှက်စွာ ကူညီနေခဲ့သည်။
ဖူအန်းစု တောင်ပေါ်ပြန်ရောက်လာပြီးနောက် အမှန်တရားလင်းလက်လာခဲ့ပြီး ဖန်းယွင်ရှန်းအပေါ် ချန်ကျန်း၏ကိုင်တွယ်ပုံက အလွန်တရာ တင်းကျကြောင်း သိမြင်ကြရသည်။
တင်းတင်းကျပ်ကျပ် ထိန်းချုပ်လွန်းသည့်အတွက် ဖန်းယွင်ရှန်းမှာ ထူးကဲယင်ပြိုင်ပွဲမှာပင် ပါဝင်ခွင့်မရတော့ဘဲ ရှေးရိုးဆန်သောအတွေးအခေါ်များကြား အခြေအနေတစ်ခုလုံး ထိခိုက်ခဲ့ရသည်။ အလေးအနက်ဆိုရသော် ဤသို့ဖြစ်ရသည်မှာ ချန်ကျန်း၏ ပညာမဲ့ခြင်းနှင့် တာဝန်ပျက်ကွက်ခြင်းကြောင့်သာ ဖြစ်သည်။
သို့သော် ဖူအန်းစုက ယင်လျိုဟွားကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ချန်ကျန်း၏ ပြဿနာကိုင်တွယ်ပုံ အသေးစိတ်ကို သိရှိခဲ့ပြီး သူ့တွင် မကောင်းသောရည်ရွယ်ချက်တစ်ခုရှိနေကြောင်း ရိပ်မိခဲ့၏။
ယနေ့ ချန်ကျန်း ဤနေရာသို့ ရောက်လာသည်မှာ အကြောင်းရှိသည်။ ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်များ လာရောက်တိုက်ခိုက်သည်ကို အခွင့်ကောင်းယူပြီး တိုက်ပွဲတွင် မတော်တဆ ထိခိုက်ဟန်ဖြင့် အဓိကသက်သေများကို နှုတ်ပိတ်ရန် ဖြစ်၏။
သို့သော် သူ နှုတ်ပိတ်ရန် ကြံစည်ထားသူမှာ ဖန်းယွင်ရှန်းကို စွပ်စွဲရန်ရောက်ရှိလာသော အရှေ့ပင်လယ်မှ တစ်ကိုယ်တော် သိုင်းကျင့်ကြံသူ ဟုန်ကျားချီနှင့် ယင်လျိုဟွားတို့ ဖြစ်သည်။
ထိုအချက်ကို နားလည်သွားသည်နှင့် ယင်လျိုဟွားက ဖူအန်းစုအရှေ့ မြေပြင်ထက်တွင် ဒူးထောက်ချလိုက်ပြီး...
“ဆရာ... ဆရာ စိတ်မဆိုးပါနဲ့ ၊ ဒီတပည့်က နေသူတော်စင်ဂိုဏ်းက ခွေးတွေရဲ့ လှည့်ဖြားမှုကိုခံရပြီး ခဏလောက် စဉ်းစားဉာဏ်ကင်းမဲ့သွားခဲ့ပါတယ် ၊ ဆရာ ခွင့်လွှတ်ပါ...”
“ဒီအမှုကို စစ်ဆေးနေတုန်း ဆရာဦးလေး’ချန်ကျန်း’ က ကျွန်မကို အများကြီး ကူညီပေးခဲ့ပါတယ် ၊ သူက နေသူတော်စင်ဂိုဏ်းက သူလျှို ဖြစ်နိုင်ပါတယ်”
ချန်ကျန်းက ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့် ယင်လျိုဟွားကို စိုက်ကြည့်ရင်း စိတ်ထဲက ကျိန်ဆဲလိုက်သည်။
“ဘယ်နေရာမှာမှ သောက်သုံးမကျတဲ့ ကောင်မစုတ်လေး...”
ယင်လျိုဟွားက ထိုသို့ ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားလာသည့်တိုင် ချန်ကျန်းက မျက်နှာပျက်သွားခြင်း မရှိပေ။
သူက...
“စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ပထမအဆင့် ထိပ်တန်းအကြီးအကဲဖြစ်တဲ့ ငါက ... ဒီကိစ္စကို လွဲမှားစွာ ကိုင်တွယ်ဖြေရှင်းခဲ့မိတယ် ၊ ဒီတော့ ငါ့အမှားအတွက် ရာထူးကနှုတ်ထွက်ပြီး တံခါးပိတ်ကျင့်ကြံရင်း အပြစ်ကို ပြန်လည်သုံးသပ်မယ်”
“ဒါပေမဲ့ တူမလေး’ယင်လျိုဟွား’ က ငါ့ကို ဒီလို စော်ကားတဲ့စွပ်စွဲမှုမျိုး မပြောသင့်ဘူး”
ထို့နောက် ချန်ကျန်းက ကျယ်လောင်သည့်အသံဖြင့်...
“မိုးနဲ့မြေကို သက်သေတည်ပြီး ငါ ကျိန်ဆိုနိုင်တယ် ၊ ငါ ချန်ကျန်းက ဝါဒတောင်မှာကြီးပြင်းလာတဲ့ တပည့်တစ်ယောက်ပဲ ၊ နေသူတော်စင်ဂိုဏ်းနဲ့ တစ်ခါမှ အဆက်မသွယ် မရှိခဲ့ဘူး ၊ ဖြောင့်မတ်စွာ လျှောက်လှမ်းခဲ့တဲ့အတွက် ဘာကိုမှ မကြောက်ရွံ့ဘူး ၊ ဘယ်နေရာရောက်ရောက် ဒီအမှန်တရားကို ထိန်းသိမ်းထားမယ်”
သူက ယင်လျိုဟွားကိုကြည့်ရင်း...
“မင်း ငါ့ကိုစွပ်စွဲတာက မင်းကျူးလွန်ခဲ့တဲ့အပြစ်တွေကို လျော့နည်းသွားစေမှာ မဟုတ်ဘူး ၊ မင်းက ရန်သူနဲ့ပူးပေါင်းပြီး ငါတို့ဝါဒတောင် ထူးကဲယင်သရဖူ ရရှိမယ့်အစီအစဉ်ကိုလွဲချော်စေပြီး ဂိုဏ်းတူညီအစ်မအချင်းချင်း အကောက်ကြံခဲ့တယ် ၊ ဒီလို ပြစ်မှုမျိုးက သေဒဏ်ကျခံရမှာပဲ”
“တူမလေး’ဖန်းယွင်ရှန်း’ ကတော့ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့တယ် ၊ အရှေ့ပင်လယ်မှာ ဂိုဏ်းတူညီမလေး’ဖူအန်းစု’ တိုက်ခိုက်ခံရတာက ယင်လျိုဟွားနဲ့ပတ်သက်နေတယ် ၊ သူ့ဆီက သတင်းပေါက်ကြားခဲ့ပြီး ဒီလို ဖြစ်ပျက်ခဲ့တာပဲ ၊ ကြည့်ရတာ... မင်းက တူမလေး’ဖန်း’ ကို အကောက်ကြံဖို့အတွက် တမင်သက်သက် နေသူတော်စင်ဂိုဏ်းကို သတင်းပို့ခဲ့တယ်လို့တောင် ယူဆနိုင်တယ်”
“ပြီးတော့ ... အခု အကြီးအကဲတစ်ယောက်ကို မှားယွင်းစွပ်စွဲနေတာကလည်း သေဒဏ်ထိုက်တယ်နော်”
ထိုစကားကိုကြားတော့ ယင်လျိုဟွားက တုန်လှုပ်ခြောက်ခြားစွာဖြင့်...
“အဲဒါ ကျွန်မဟုတ်ဘူး ၊ ရှင် ခံရမှာ... ရှင် ခံရမှာ”
ချန်ကျန်းက သူမနှင့် အငြင်းအခုံဆက်မလုပ်တော့ဘဲ ဒီအတိုင်း ကြည့်နေလိုက်သည်။
သူက ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ ဖူအန်းစုနှင့် အကြီးအကဲ’ချင်’ တို့ကို ကြည့်ရင်း လေးနက်သည့်လေသံဖြင့်...
“သူတစ်ပါးလှည့်စားတာနဲ့ အမှန်ကို မမြင်နိုင်ဘူး ဖြစ်သွားတယ် ၊ ငါက ဒီပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ အရမ်းသတိထားနေတာကြောင့် တူမလေး’ဖန်း’ မလိုအပ်ဘဲ ဒုက္ခတွေရောက်ခဲ့ရပြီး ထူးကဲယင်ပြိုင်ပွဲပါဝင်ဖို့အတွက် ထိခိုက်ခဲ့ရတယ် ၊ ဒါတွေ အားလုံး ငါ့အမှားတွေပါ ၊ ဒါပေမဲ့ ငါက နေသူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ လုံးဝ မဟုတ်ဘူး”
သူက ဖူအန်းစုကို လှမ်းကြည့်ရင်း...
“ငါ ဒီနေရာကို ရောက်နေတာက သူတို့တွေ အန္တရယ်ကင်းရဲ့လား လာကြည့်တာပါ ၊ ငါ့ကို အထင်မလွဲပါနဲ့”
ဖူအန်းစုက လှောင်ပြောင်ရယ်မောရင်း...
“အပြစ်လွတ်အောင် ရှောင်ပြေးမနေနဲ့ ၊ ရှင်ပြောသလိုဆိုရင် ရှင်က နည်းနည်းပါးပါး တာဝန်လစ်ဟင်းရုံလောက်ပဲ အပြစ်ရှိတာပေါ့လေ”
ချန်ကျန်းက တိုးတိတ်သည့်လေသံဖြင့်...
“ကိုယ်အပြစ်ကင်းတာ ကိုယ်ပဲသိပါတယ်”
ထိုအချိန် ဖန်းယွင်ရှန်းက ရုတ်တရက် ဝင်ပြောသည်။
“ဒါဆို ဆရာဦးလေး’ချန်ကျန်း’ က ကျွန်မကို ဘာလို့ အကောက်ကြံခဲ့တာလဲ”
ထိုစကားကြောင့် ချန်ကျန်း မျက်မှောင်ကြုံ့သွားပြီး...
“မင်း ဘာပြောလိုက်တာလဲ”
ဖန်းယွင်ရှန်းက သူ့ကို စူးစိုက်ကြည့်ရင်း...
“ဒီပြဿနာကို စတင်စုံစမ်းစစ်ဆေးတော့... ကျွန်မရဲ့ အရိပ်ကျုံ့အိတ်ထဲမှာ အရိပ်ဝိညာဉ်အင်းစက္ကူတွေတွေ့တယ်လို ဆရာဦးလေး ပြောတယ်လေ ၊ အဲဒီပစ္စည်းတွေက ကျွန်မပစ္စည်းမှ မဟုတ်တာ ၊ ပြီးတော့ ကျွန်မရဲ့ အရိပ်ကျုံ့အိတ်ကို ယင်လျိုဟွားက ထိကိုင်နိုင်သလားလို့တောင် ဆရာဦးလေး မေးခဲ့သေးတယ်”
သူမက ဆက်ပြောသည်။
“ပြီးတော့ စည်းကမ်းထိန်းသိမ်းရေးခန်းမက ယင်လျိုဟွားကို စုံစမ်းစစ်ဆေးတိုင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူက အကုန်လုံးကို ငြင်းဆိုခဲ့တာချည်းပဲ...”
ထိုစကားကိုကြားတော့ ချန်ကျန်းမျက်ဝန်းများ အေးစက်သွားသည်။
ဖန်းယွင်ရှန်းက...
“ဟုတ်တယ်... ယင်လျိုဟွား ကျွန်မရဲ့ အရိပ်ကျုံ့အိတ်ကို ထိကိုင်နိုင်ခြေက နည်းပါးတယ် ၊ ဒါပေမဲ့... ကျွန်မရဲ့ အရိပ်ကျုံ့အိတ်ကို ထိကိုင်နိုင်တဲ့သူက ကျွန်မဆီက အရိပ်ကျုံ့အိတ်ကို ယူသွားတဲ့ ဆရာဒေါ်လေး’ဝမ်’နဲ့ အဲဒီအရိပ်ကျုံ့အိတ်ကို သိမ်းထားခဲ့တဲ့ ဆရာဦးလေး’ချန်ကျန်း’ တို့ပါပဲ”
“ပြီးတော့ အရိပ်ဝိညာဉ်အင်းစက္ကူက ကျွန်မပစ္စည်းမဟုတ်သလို ယင်လျိုဟွားရဲ့ ပစ္စည်းလည်း မဟုတ်ဘူး ၊ ဒါဆို ဒီပစ္စည်းတွေက ဆရာဒေါ်လေး’ဝမ်’ နဲ့ ဆရာဦးလေး’ချန်ကျန်း’ တို့နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေပဲ ဖြစ်မှာပေါ့ ၊ စိတ်ထဲမရှင်းဘူးဆိုရင် ဆရာဦးလေးအနေနဲ့ ဆရာဒေါ်လေး’ဝမ်’ ကို ဒီနေရာကို ဖိတ်ခေါ်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်”
ချန်ကျန်းက မပြောင်းလဲသည့်မျက်နှာအမူအရာဖြင့် ဖန်းယွင်ရှန်းကို စူးစိုက်ကြည့်နေသည်။
ဖန်းယွင်ရှန်း၏ မျက်ဝန်းများက တောက်ပနေပြီး သူမ အမူအရာက တစ်စက်လေးပင် အကြောက်အရွံ့မရှိပေ။
“အစကတော့ ယင်လျိုဟွားက အပြင်လူတွေနဲ့ပေါင်းပြီး ကျွန်မကို အကောက်ကြံတယ်လို့ ထင်ခဲ့မိတယ် ၊ ဒါပေမဲ့ ကျွန်မရဲ့ အရိပ်ကျုံ့အိတ်ထဲမှာ အရိပ်ဝိညာဉ်အင်းစက္ကူတွေရှိနေတယ်လို့ ဆရာဦးလေး ပြောလာတော့... ကျွန်မကို မကောင်းကြံတဲ့သူက ယင်လျိုဟွားတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိခဲ့ရတယ်”
“ကျွန်မကို မကောင်းကြံတဲ့သူက စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ပထမအဆင့် ထိပ်တန်းအကြီးအကဲ ဆရာဦးလေး’ချန်’ ဖြစ်နိုင်သလို အပေါင်းပါဘယ်နှစ်ယောက်ရှိမလဲဆိုတာ မသေချာဘူး ၊ ဒီတော့ ကျွန်မ မတရားခံရတာကို ဘယ်သူ့ကို တိုင်ကြားရမှန်းလည်း မသိတဲ့အတွက် စိတ်ရှည်ရှည်စောင့်ဆိုင်းရင်း ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တယ် ၊ ဆရာနဲ့ အစ်ကို’ကျောက်ကဲ’ အမြန်ပြန်ရောက်လာတာ ကျွန်မအတွက် အရမ်းကံကောင်းတာပဲ”
ချန်ကျန်းက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“တူမလေး’ဖန်း’ ၊ မင်း ငါ့ကို မကျေနပ်တာ ငါသိပါတယ် ၊ ဒါပေမဲ့ ဒီလိုပုံစံနဲ့ ငါ့ကို လက်စားချေဖို့ ကြိုးစားတာတော့ မကောင်းပါဘူး ၊ အဲဒီတုန်းက ငါက ကိုယ့်အလုပ်ကိုယ် လုပ်ခဲ့တာပဲ ရှိတာပါ ၊ အခုလည်း ငါ့အပြစ်ငါသိလို့ စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ပထမအဆင့် ထိပ်တန်းအကြီးအကဲရာထူးကနေ နှုတ်ထွက်တော့မှာပါ”
“နောက်တစ်ချက်က အကြီးအကဲတွေကို စွပ်စွဲပြောဆိုတာဟာ ဘယ်လောက်အပြစ်ကြီးသလဲ မင်းသိသင့်တယ် ၊ ဒါကြောင့် ခဏတာဒေါသနဲ့ အမှားမကျူးလွန်မိပါစေနဲ့ ၊ ပြီးတော့ ငါတို့ဂိုဏ်းက အရိပ်ဝိညာဉ်အင်းစက္ကူကို အသုံးမပြုရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး”
ဖန်းယွင်ရှန်းက တည်ငြိမ်စွာဖြင့်...
“ဆရာဦးလေး’ချန်’ အတည်ကြီးမလုပ်ပါနဲ့ ၊ ကျွန်မက ကျွန်မစိတ်ထဲကသံသယကို ရိုးရိုးသားသား ပြောပြရုံပါ”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ ဆရာဦးလေးရဲ့ လုပ်ရပ်က ဟာကွက်ရှိနေတာတော့ အမှန်ပဲ ၊ အဲဒီတုန်းက ကျွန်မကို အပြစ်ပေးနိုင်ဖို့ အတော်လေး စိတ်ထက်ထက်သန်သန်နဲ့ ကြိုးစားခဲ့တယ် ၊ ဒါပေမဲ့ မတတ်နိုင်ခဲ့တဲ့အတွက် အချိန်အကြာကြီးအပြစ်ကမလွတ်အောင် လုပ်ထားခဲ့တယ် ၊ ကြည့်ရတာ အကြောင်းတစ်ခုခုတော့ ရှိမယ်ထင်တယ်”
“ဆရာဦးလေးသာ နေသူတော်စင်ဂိုဏ်းက သူလျိုမဟုတ်ဘူးဆိုရင် ကျွန်မကို ဒီလိုလုပ်လို့ ဘာအကျိုးအမြတ် ရှိမှာတဲ့လဲ”
ချန်ကျန်းက သူမစကားကို ပြန်လည်ချေပရန် ဟန်ပြင်လိုက်စဉ် ရန်ကျောက်ကဲက သိမ်မွေ့စွာ ဝင်ပြောလိုက်သည်။
“သူ ဘာကြေင့် အဲဒီလိုလုပ်ရသလဲဆိုတာ ငါ သိတယ်”