← Chapters

ဘယ်သူကျန်သေးလဲ

Vol. 105 Ch. 1456

ဘယ်သူကျန်သေးလဲ

Vol. 105 Ch. 1456

ရက်ရက်စက်စက် ချလိုက်သော လက်ဝါးရာကြောင့် ယန်အာ၏ပါးနုနုဖပ်ဖပ်လေးမှာ နီမြန်းယောင်ကိုင်းလို့နေသည်။ မန်ဟိုသည် ယန်အာ့မျက်နှာကို မြင်လျှင် ဘာမှမပြောပေ။ သို့သော် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အအေးဓာတ်ကား ပတ်ဝန်းကျင်တစ်ခုလုံးအား အေးခဲလာစေ၏။ မိုးနှင့်မြေက ဒေါသူပုန်ထနေသည့်အလား၊ တစ်ကမ္ဘာလုံး အမျက်ထွက်နေသည့်အလားထင်ရသည်။

မြေကြီးများ အက်ကွဲလာသဖြင့် ရေခဲအက်သံကဲ့သို့အသံများ ထွက်လာသည်။ စောစောက ပြိုကျသွားခဲ့သော တောင်တန်းများမှာတော့ သက်ရောက်လာသည့် ဖိအားကြီးကြောင်း အမှုန့်ထက် မပိုတော့ပေ။

လူငယ်မှာ သွေးအန်လျက် ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားသည်။ တာအိုဥသျှောင်လည်း သွေးအန်လိုက်ရပြီး ဒူးဆစ်များ ကျိုးကြေတော့မည့်အလား ခြေထောက်များ ပြင်းထန်စွာ တုန်ရီနေသည်။ ပတ်ဝန်းကျင်ရှိ ကျန်ကျင့်ကြံသူများလည်း ထိုနည်းတူပင်။

မိုးကောင်ကင်၏အမျက်ဒေါသ၊ မန်ဟို့ထံမှ ထုတ်လွှတ်နေသော အအေးဓာတ်၏ ဖိအားကို သူတို့ တောင့်ခံနိုင်စွမ်းမရှိကြပေ။

အနှစ်သာရ ၉ ခုအဆင့်သို့ တက်လုဆဲဆဲ အနှစ်သာရ ၈ ခုအဆင့် ခေါင်းဆောင်ကြီးချီဖုန်းပင်လျှင် အလားတူ ခံစားနေရသည်။

ဧရာမဖိအားကြီးက အပေါ်မှရိုက်ချနေသည့်အလား... ယန်အာ့ပါးလေးကို ရက်ရက်စက်စက် ချခဲ့သည့် လက်ဝါးချက်အတွက် ပြန်တုံ့ပြန်မည့် လက်ဝါးချက်အလားပင်။ မန်ဟို့အနေဖြင့် အမှန်တကယ်လှုပ်ရှားစရာမလိုပေ။ ဖိအားတစ်ခုတည်းကတင် အဋ္ဌမဂိုဏ်းအား အာကာပြင်ကျယ်ဂြိုဟ်အပေါ်မှ အမြစ်ဖြုတ်ဖယ်ရှားဖို့ လုံလောက်ဟန်တူသည်။

“အရှင်....အရှင်နဝမပါရာဂွန်...” တာအိုဥသျှောင်က ကတုန်ကယင် ဆိုသည်။ သူ့တွင် စကားပြောရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ မပြောပါက ထိုမယုံကြည်နိုင်ဖွယ်ဖိအားကြောင့် စမုံတုံးသွားလိမ့်မည်။

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် အလင်းတန်းများစွာ ကြောက်မခန်းလိလိအမြန်နှုန်းဖြင့် လေကိုခွင်းလာကြသဖြင့် ကောင်းကင်ထက်တွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်သွားသည်။ တခဏကြာသော် ဂိုဏ်းချုပ်သည် အနှစ်သာရ ၉ ခုပါရာဂွန်များနှင့်အတူ ပေါ်လာ၏။

ကျင်ယွင်ရှန်းနှင့် ရှကျုံတုံးပင်လျှင် အောက်ငုံ့ကြည့်ရင်း လေတွင် ပျံဝဲနေကြသည်။ စကားတော့မပြောကြပေ။

တချို့က အတွေးများဖြင့် ယန့်အာကို လှမ်းကြည့်ကြသည်။

မန်ဟိုသည် အနှစ်သာရ ၉ ခုပါရာဂွန်အုပ်စုရောက်လာသည်ကို အဖက်ပင်မလုပ်။ ဤကိစ္စကို သူ သေသေချာချာ တွေးထားပြီးဖြစ်၏။ ထို့ကြောင့် လျှို့ဝှက်ချက်လည်း ထားစရာမလိုပေ။

သူတို့ ယန်အာကို သိလျှင် အဆင်ပြေသည်။

မသိလည်း အဆင်ပြေသည်။

သူ၏လက်ရှိစိတ်အခြေအနေအရ လူတွေ ဘာတွေးတွေး သူ ဂရုကိုမစိုက်သည်သာ။

“ဘယ်သူ ရိုက်လိုက်တာလဲ” မန်ဟိုက ယန်အာကို ကြည့်ရင်း မေးသည်။ သူမ တုံ့ပင်မတုံ့ပြန်နိုင်ခင် သူ့အကြည့်သည့် ချီဖုန်း၏မြေး လူငယ်အပေါ် ကျရောက်သွား၏။ “သူလား”

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် ဖိအားတစ်ရပ်က မည်သည့်နေရာမှန်းမသိ လူငယ်အပေါ် ကျရောက်လာသည်။ လူငယ်သည် ဒဏ်ရာဒဏ်ချက်များမှ သွေးများပန်းထွက်နေရင်းတန်းလန်း စူးစူးဝါးဝါး အော်၍ အသည်းအသန် နောက်ဆုတ်၏။

“ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး” သူက တောင်းလျှိုးပန်လျှိုး အော်သည်။ “မသိ...မသိလို့ပါဗျာ။ ကျွန်...ကျွန်တော်...” လူငယ်မှာ သေးထွက်ကျမတတ် ကြောက်နေလေပြီ။ သူသည် ယန်အာကြောက်နေခဲ့တုန်းကထက်ပင် ပိုကြောက်ပြနေ၏။

သူ၏အဆိုးဆုံးအိပ်မက်များထဲ၌ပင် ယင်သွေးကြောကို နှစ်သက်ခြင်းက သူ့အား ယခုလိုဒုက္ခရောက်စေလိမ့်မည်ဟု မထင်ခဲ့ဖူးပေ။ အတိတ်တုန်းက ယင်သွေးကြောများစွာကို သူ စားခဲ့ဖူးသော်လည်း ဤတစ်ခေါက်တွင်တော့ ... သူ့ငယ်ထိပ် မြွေပေါက်ချေပြီ။

ဤအခိုက်အတန့်တွင် သူ၏တာအိုစောင့်ရှောက်သူအပေါ် မုန်းတီးမှုမှာ သူ့အရိုးထဲအထိ စိမ့်ဝင်သွားပြီဖြစ်သည်။ ထို့လူကို အရှင်လတ်လတ် အ‌ရေခွံစုတ်ပစ်ချင်လာသည်။ တာအိုစောင့်ရှောက်သူက သူ့ကို .... ဤမိန်းကလေးအား ကောင်းကောင်းသုံးဆောင်ပါဟု ပြောခဲ့သည်မဟုတ်ပါလော။

တာအိုစောင့်ရှောက်သူ၏ ထောက်ခံချက်မပါဘဲ လူငယ်သည် ထိုမျှမြင့်မားသောအဆက်အသွယ်များနှင့် မိန်းကလေးတစ်ယောက်အား ဘယ်တော့မှ ထိမည်မဟုတ်ပေ။

ဤယန်အာတွင် ထိုကဲ့သို့နောက်ခံတစ်ခုရှိခြင်းက စိတ်ကူးယဉ်ဆန်လွန်းရာရောက်သည်ဟု သူကိုယ်တိုင်လည်း ထင်မြင်ခဲ့သည့်တိုင် .... ယန်အာက ဘာကြောင့် ဘာမှမပြောခဲ့သနည်း။ သူမသာ တစ်ခုခုပြောခဲ့ပါက မယုံလျှင်တောင်မှ အနည်းဆုံးတော့ သူ စစ်ဆေးခဲ့မိဦးမည်။ အဆိုးဆုံးက သူတို့အားလုံးကို စကားတစ်ခွန်းတည်းနှင့် သတ်ပစ်နိုင်လောက်အောင် အာဏာရှိသောတစ်စုံတစ်ယောက် နောက်ခံအဖြစ် ရှိနေသည့်တိုင် ... ထိုမိန်းမကား ဘာဆိုဘာမှမပြောခဲ့ပေ။

လူငယ်မှာ မတရားသဖြင့် ခံလိုက်ရသလို၊ ချောက်ချခံလိုက်ရသလို ခံစားနေရသည်။ သို့သော် သူ စကားနောက်တစ်ခွန်းမပြောနိုင်ခင် ယန်အာသည် သူ့ကို စိန်းစိန်းဝါးဝါး ကြည့်ကာ ကျယ်‌လောင်စွာ ဆို၏။ “ဟုတ်တယ် သူပဲ”

သူမစကားက သေမိန့်အလားပင်။ မန်ဟို လက်ချောင်းကို ဝှေ့ယမ်းလျက် အသတ်အဖြတ်စိတ်ဆန္ဒအား သူ့နဖူးထံ စေစားလိုက်သဖြင့် လူငယ်၏ကမ္ဘာကြီး မှောင်မိုက်သွားတော့သည်။

လူငယ်၏ခေါင်းသည် အသားစများအဖြစ် ဖောက်ခနဲ ပေါက်ကွဲသွား၏။ လူငယ်မှာ ပွဲချင်းပြီး သေဆုံးသွားလေပြီ။

မန်ဟိုက သူ့အား ကြက်ကလေးငှက်ကလေးသတ်သကဲ့သို့ လွယ်ကူစွာ သတ်ခဲ့သည်။ သို့သော် မန်ဟို့အမျက်ကား မပြေသေး။

“ပြီးတော့ သူရော” ယန်အာက တာအိုဥသျှောင်ကို လက်ညှိုးထိုးသည်။ “သူ.. သူက ကျွန်မဆရာ့ကို ပြဿနာသွားရှာမယ်လို့ စောစောကတင် ပြောခဲ့တာ” တာအိုဥသျှောင်မှာ ထိတ်ပျာသွားပြီး သေရတော့မည့်ခံစားချက်ကို ရလိုက်တော့သည်။ သူ့သားအပေါ် သူ၏မုန်းတီးမှုသည် သူ့သား တာအိုစောင့်ရှောက်သူအပေါ် မုန်းတီးမှုထက် နည်းနည်းမှမလျော့ပေ။

“ငါးပါးမှောက်ပြီ” သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပဲ မန်ဟို့မျက်လုံးများသည် အေးစက်စွာ တောက်ပသွား၏။ သူက ညာလက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ တာအိုဥသျှောင်၏ခေါင်းသည် သူ့သားနိဂုံးချုပ်သွားသည့်အတိုင်း ပေါက်ကွဲသွားတော့သည်။

မသေခင် တာအိုဥသျှောင်၏အမုန်းသည် ကြောက်ခမန်းလိလိ အမြင့်သို့ ရောက်ရှိသွားခဲ့၏။ ထူးဆန်းစွာနှင့် သူက မန်ဟို့အား သူ၏ဆန်ကုန်မြေလေးသားလောက် မမုန်းခဲ့ပေ။ သူ့တစ်ဘဝလုံး တည်ဆောက်ခဲ့ရသော ဂုဏ်သိက္ခာနှင့် အောင်မြင်မှုအားလုံး ဆန်ကုန်မြေလေးသား ရန်စခဲ့မိသည့် တစ်စုံတစ်ယောက်ကြောင့် မြောင်းထဲရောက်သွားလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။

ပတ်ဝန်းကျင်ရှိ လူတိုင်း တုန်လှုပ်နေကြသည်။

“အဲဒီလူတွေရောပဲ” ယန်အာက လူအုပ်ကြီးကို လက်ညှိုးထိုးရင်း အံကြိတ်ထားသည့်ကြားမှ ဆိုသည်။ “သူတို့အားလုံးက ကျွန်မဆရာကို ဒုက္ခသွားပေးချင်နေကြတာ” သူမ လက်ညှိုးထိုးနေသည်က မည်သူမည်ဝါမှန်း အတိအကျမပြောနိုင်သော်လည်း သူမလက်ညှိုး လူအုပ်ကြီးအပေါ် ဖြတ်သွားစဉ် သူတို့အားလုံး သေမင်းတမန်တော်၏အကြည့်များ သူတို့ကို ကြည့်နေသကဲ့သို့ ခံစားကြရလေသည်။

“သူလား” မန်ဟိုက နဝမမြေထုသို့ သွားဖို့ ပြင်နေခဲ့သော ချီဖုန်း၏သွေးဆက်မှ အဘိုးအိုတစ်ဦးကို လက်ညှိုးထိုးသည်။ အဘိုးအိုမှာ တုန်ရီသွားပြီး စကားတစ်ခွန်းပင် မပြောနိုင်ခင် သူ့ခေါင်းသည် ပေါက်ကွဲသွား၏။

“သူရောလား”

“သူရော”

“ဒီလူရောပါလား”

မန်ဟို့အသံသည် အေးစက်နေ၏။ သူ တစ်ခွန်းပြောလိုက်တိုင်း ယန်အာက ခေါင်းညိတ်မည်။ ထို့နောက် ခေါင်းများ ပေါက်ကွဲကုန်သည်။ တစ်ယောက်မှ အော်သံပင် မထွက်နိုင်ခဲ့ပေ။

မကြာမီ မြေကြီးတွင် သွေးများချောင်းစီးနေချေပြီ။ မန်ဟိုသည် ချီဖုန်း၏သားနှင့်အတူ နဝမမြေထုဆီ သွားဖို့ ပြင်နေခဲ့သော လူဒါဇင်ပေါင်းများစွာအား ရက်ရက်စက်စက် သတ်ပစ်ခဲ့၏။

တွန့်ဆုတ်နေခဲ့သူများနှင့် ပတ်သက်၍မူ မန်ဟို သူတို့အကြောင်း မမေးပေ။

ချီဖုန်းသားနှင့် လိုက်သွားဖို့ ပြင်ဆင်ခဲ့သော လူတချို့ ကျန်သေးသည်။ သူတို့သည် ယန်အာ သူတို့အား လက်ညှိုးထိုးမည်ကို ရင်တုန်ပန်းတုန်ဖြင့် မျက်နှာဖြူဖျော့လျက် စောင့်နေကြ၏။ သို့သော် ယန်အာမှာ လူစေ့မမှတ်မိ၍ သူတို့နှင့်ပတ်သက်လာသည့်အခါ ခေါင်းခါလေသည်။ ထိုကျင့်ကြံသူများမှာ အသက်ဘေးမှ ကပ်သီကာ လွတ်သွားခဲ့ကြောင်း သဘော‌ပေါက်လိုက်သဖြင့် မျက်ရည်များကျလာတော့သည်။ သူတို့သည် ယန်အာ့အား ကျေးဇူးတင်လို့မဆုံးတော့ပေ။

အဋ္ဌမဂိုဏ်းတစ်ဂိုဏ်းလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည်။ မန်ဟို သေမင်းသဖွယ် သူ၏အမျက်ကိုဖြေနေစဉ် လူတိုင်း ဒူးထောက်လျက် တုန်ရီနေကြလေသည်။

ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ်က ချောင်းဟန့်သည်။

“နဝမပါရာဂွန် စိတ်အေးအေးထားပါ.... ဒဏ်ခတ်သင့်သလောက်လည်း ခတ်ပြီးပြီပဲ။ အဋ္ဌမဂိုဏ်းတစ်ဂိုဏ်းလုံးကို တကယ်အပြတ်ရှင်းမှာ‌တော့မဟုတ်ဘူးမလား”

မန်ဟိုက ဂိုဏ်းချုပ်ကို ကြည့်ကာ ပြောသည်။ “ကျုပ်အနေနဲ့ ဂိုဏ်းတစ်ဂိုဏ်းလုံးကို သုတ်သင်ချင်မှ သုတ်သင်နိုင်လိမ့်မယ်။ ဒါပေမဲ့ စာရင်းရှင်းပြီးပြီလို့တော့ မထင်နဲ့”

ထို့နောက် သူသည် အဋ္ဌမဂိုဏ်း၏အတွင်းထဲအား ကြည့်ကာ မိုးခြိမ်းသံကဲ့သို့ အသံကြီးဖြင့် ပြော၏။

“ချီဖုန်း ဒီကိုထွက်လာခဲ့စမ်း” သူက အင်္ကျီလက်စခါလိုက်ရာ မိုးနှင့်မြေတွင် ထစ်ချုန်းသံများ ဆူညံသွားသည်။ ခေါင်းဆောင်ကြီးချီဖုန်းသည် သားနှင့်မြေးအား မုန်းတီးနာကြည်းစွာဖြင့် ဂိုဏ်းထဲမှ ထွက်လာ၏။ သူ့မျက်နှာမှာ ခါးသီးမှုကြောင့် ရှုံ့မဲ့နေသလို၊ လူသေကောင်လိုလည်း ဖြူဖျော့နေသည်။ စိတ်ထဲတွင် သူသည် ဒေါသတကြီး ဆဲဆိုနေ၏။ မန်ဟို့ကိုမဟုတ်၊ သူ့သားနှင့်မြေးကိုပင်။

သူ့အတွက် သေခြင်းကပင် ထိုနှစ်ယောက်ကျူးလွန်ခဲ့သော အပြစ်အား ဆေးကြောဖို့ မလုံလောက်ပေ...

သူသည် မဆိုင်းမတွထွက်လာပြီး မန်ဟို့အရှေ့သို့ ပျံသွားကာ ကပျာကယာ လက်ယှက်အရိုအသေပေးလိုက်၏။

“ချီဖုန်း...ဂါဝရပြုပါတယ် ..အရှင်ပါရာဂွန်” ချီဖုန်းသည် သားနှင့်မြေး၏အလောင်းများအား အဖက်မလုပ်ပေ။ တတ်သာတတ်နိုင်လျှင် သူ့ကိုယ်သူပင် အဆုံးစီရင်ပစ်ချင်နေ၏။

ဒေါသထွက်နေသော မန်ဟို့ကို ရင်ဆိုင်ရခြင်းက ဘာနှင့်တူသည်ကို တခြားသူများ မသိကောင်းမသိလိမ့်မည်။ သူကတော့ မည်ကဲ့သို့မသိဘဲနေမည်နည်း။ သင်္ချိုင်းထဲတွင် မန်ဟို အဋ္ဌမပါရာဂွန်အား သတ်ခဲ့သည်ကို သူကိုယ်တိုင် မြင်ခဲ့ရသည်သာမက ကျင်ယွင်ရှန်းနှင့်မန်ဟို့တိုက်ပွဲကိုလည်း မျက်မြင်တွေ့ခဲ့ရလေသည်။ မန်ဟိုက သင်္ချိုင်း၏ရှင်ဘုရင်ပမာဖြစ်ပြီး အလွန်ကြောက်စရာကောင်းမှန်း သူ ကောင်းကောင်းသိသည်။

ချီဖုန်း အံတင်းတင်းကြိတ်ထားသည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့်ကိစ္စအတွက် လျော်ကြေးတစ်ခုခု ကမ်းလှမ်းသင့်ကြောင်း သူ သိသည်။ မဟုတ်လျှင် အသတ်ခံရလိမ့်မည်။

အများပြည်သူအတွက် သူသည် မကြာခင် အနှစ်သာရ ၉ ခုအဆင့်တက်ကာ အဋ္ဌမဂိုဏ်း၏ခေါင်းဆောင် ဖြစ်တော့မည့် အနှစ်သာရ ၈ ခုအဆင့်ပါရာဂွန်တစ်ဦးဖြစ်၏။ သို့သော် အဋ္ဌမပါရာဂွန်အသစ် ဖြစ်လာလျှင်တောင်မှ မန်ဟို့ကို ဦးညွှတ်ရဦးမည်ဖြစ်ကြောင်း သူ သိလေသည်။ ဖြစ်ပျက်ခဲ့သည့်ကိစ္စအတွက် မန်ဟို လျော်ကြေးတောင်းမည်ကိုပဲ သူ စောင့်နေ၍မဖြစ်ပေ။ ဝန်ခံ၍ တာဝန်ယူဖို့ လိုအပ်သည်။ ထို့ကြောင့် သူသည် လျင်မြန်စွာ လက်မြှောက်ကာ သူ့နဖူးသူ ရိုက်ချလိုက်၏။

ဖြန်းးးး။ သူ့နဖူးသည် ဟက်တက်ကွဲသွားပြီး သွေးများက ရေပန်းလို ပန်းထွက်လာ၏။ ထို့နောက် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။

သူ့ဝိညာဉ်က ပျံထွက်လာကာ တုန်ရီစွာဖြင့် မန်ဟို့အား လက်ယှက်အရိုအသေပေးလေသည်။

“နဝမပါရာဂွန် ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ခင်ဗျာ..” သူက ဒူးထောက်ဝပ်တွားရင်း‌ ပြောလေသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ မြင်နေရသောအရာကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အဋ္ဌမဂိုဏ်းသားတိုင်း သေချာအာရုံစိုက်နေကြ၍ ယခုတွင် သူတို့အားလုံး မန်ဟို့ကို ကြည့်ရင်း ကြောက်ဒူးတုန်နေကြလေပြီ။

မန်ဟိုက ချီဖုန်း၏ဝိညာဉ်ကို ကြည့်ပြီး အတော်လေး ဒေါသပြေသွားသည်။ ချီဖုန်းသာ အကင်းမပါးဘဲ မန်ဟို စကားပြောမည်ကို စောင့်နေခဲ့လျှင် သေတော့သေမည်မဟုတ်သော်လည်း အနှစ်သာရ ၉ ခုအဆင့်သာ ဘယ်တော့မှ တက်နိုင်လိမ့်မည်မဟုတ်ပေ။

ယခုတွင် အပြင်အားကိုယ်ပျက်စီးသွားခြင်းက သက်ရောက်မှုတော့ရှိ‌သော်လည်း သူ၏ကိုးခုမြောက်အနှစ်သာရအား မရယူနိုင်အောင် မဟန့်တားနိုင်ပေ။

မန်ဟိုသည် ချီဖုန်းကို လေးနက်စွာ ကြည့်ပြီးနောက် ယန်အာ့ကို ခေါ်လျက် အဋ္ဌမမြေထုမှ လှည့်ထွက်သွား၏။

သူထွက်သွားသည်နှင့် အဋ္ဌမဂိုဏ်းအပေါ် သက်ရောက်နေသော ဖိအားလည်း အားနည်းပျောက်ကွယ်လာသည်။ ထိုအခါမှ လူတိုင်း ဟင်းချနိုင်ကြတော့လေသည်။

ယနေ့အား အဋ္ဌမဂိုဏ်း၏ကျင့်ကြံသူများ ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။

All Chapters