← Chapters

စောင့်ကြိုနေသော ကံကြမ္မာ

Vol. 29 Ch. 393

စောင့်ကြိုနေသော ကံကြမ္မာ

Vol. 29 Ch. 393

“ ... “

ဝေ့ဝူယင်က အဂ္ဂိရတ် ထုတ်ကုန်များကို စိတ်ဝင်စားနေခြင်းကြောင့် လူအိုကြီး၏ မျက်နှာထက်တွင် နားမလည်နိုင်ခြင်းများ ပေါ်ထွက်လာ၏။ ထိုလူငယ်လေးက အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ရသည့် ကံကြမ္မာကို မကြားဖူးသည်လား။

သူက ပင်လယ်ကြီးလို လေးလံမှုမျိုးဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

“အဲ့တာက မင်းစမ်းသပ်ချင်မယ့် ကံကြမ္မာမျိုး မဟုတ်တာတော့ သေချာတယ်... ခုချိန်မှာ အကောင်းဆုံး လုပ်နိုင်တာက ဒီအယ်ဗန်တွေ ငါတို့ကို ပြောင်းလဲခြင်း စခန်းတွေဆီ ပို့ဖို့ပဲ... အနည်းဆုံးတော့ မသေခင် အချိန်အထိ ငါတို့ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တာပေါ့”

သူ့လေသံထဲတွင် ကံကြမ္မာကို လက်မြှောက် အရှုံးပေးထားသည့် ခံစားချက်များ ပါဝင်နေသည်။ ဝေ့ဝူယင် မျက်လုံးများကို ကျဥ်းမြောင်းရင်း လက်မှိုင်ချနေကြသည့် လူအားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ သူ၏ မျက်နှာထက်တွင်မူ နားမလည်နိုင်ခြင်း အချို့ ဖြစ်ပေါ်နေသည်။

“ခင်ဗျားတို့ ကိုယ့်ကိုယ်ကို သတ်သေလို့ မရဘူးလား...”

ကိုယ့်ကိုယ်ကို သေကြောင်းကြံကာ လွတ်လမ်းအား ရှာဖွေခြင်းကို ဝေ့ဝူယင် ဘယ်တုန်းကမှ အားမပေးခဲ့ချေ။ သို့သော်လည်း... ဆိုးရွား‌လွန်းသော ကံကြမ္မာများနှင့် ရင်ဆိုင်ရသည့် အချိန်တွင်တော့ ၎င်းက အကောင်းဆုံး ရွေးချယ်မှုများထဲမှ တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။ တစ်ပါးသူ လုပ်သမျှကို ကြက်ကလေး၊ ငှက်ကလေးများလို လည်စင်းခံနေရခြင်းထက် ကိုယ့်သင်္ချိုင်း ကိုယ်ရွေးချယ်ရခြင်းက ဘာပဲဖြစ်ဖြစ်... ပိုမို ကောင်းမွန်သည် မဟုတ်ပါလား။

လူအိုကြီးက ဖြူရော်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက လည်ပင်းတွင် ချည်နှောင်ထားသည့် သံကြိုးကို ညွှန်ပြလိုက်၏။

“ဒီကွင်းတွေက ငါတို့ ခွန်အားကို ထိန်းချုပ်ထားတယ်... လုံလောက်တဲ့ ပြင်ပ အကူအညီ မပါပဲ ဘယ်လိုမှ ကိုယ့်ကိုယ်ကို သတ်သေလို့ မရနိုင်ဘူး... တစ်ခါတည်း မအောင်မြင်ရင် ကြောက်ဖို့ကောင်းတဲ့ နာကျင်မှုတွေကို ခံစားရလိမ့်မယ်”

အားလုံး၏ လည်ပင်းများ၌ ချည်နှောင်ထားသည့် အနက်ရောင် သံကြိုးများကို ငုံ့ကြည့်ရင်း လူအိုကြီး၏ စကားက အမှန်တရား ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။ ထိုသံကြိုးများမှာ ပျက်သုဥ်းခြင်း  စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ကာ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ် အလုံးစုံကို ပိတ်ပင်ထားသည်။ ကြယ်တာရာ စွမ်းအင်ကို အသုံးမပြုနိုင်သည့် ကျင့်ကြံသူ တစ်ယောက်မှာ သေမျိုးများနှင့် ဘာများခြားနားတော့မည်နည်း။

သေမျိုးတစ်ယောက်၏ ခွန်အားဖြင့် ကြယ်တာရာ အမြုတေ အဆင့် ခန္ဓာကိုယ်ကို သတ်သေရန် ကြိုးပမ်းခြင်းမှာ သံမဏိ နံရံကို လက်ဗလာဖြင့် ထိုးခွဲရန် ကြိုစားနေခြင်းနှင့် အတူတူပင် ဖြစ်သည်။

“ခင်ဗျားပြောတာ မှန်တယ် ထင်တယ်...”

ဝေ့ဝူယင်က ခေါင်းညိတ် လိုက်၏။ ကျင့်ကြံခြင်း လောကတွင် လူတစ်‌ယောက်၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သည့် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိပေသည်။ နေသွေးနီနီဂိုဏ်းသား ဘဝတွင် ကျင်လည်စဥ်တုန်းက ဖမ်းဆီးရမိသော သုံ့ပန်းများကို ထိန်းချုပ်ရန် အတွက် သူ ကိုယ်တိုင်လည်း ထိုကဲ့သို့သော နည်းလမ်းများကို သုံးခဲ့ဖူးသည်။

နေ့နေ့ညည လက်တွင် သွေးစတို့ စွန်းထင်းခဲ့သော နေ့ရက်များကို ပြန်လည် တွေးရင်း ဝေ့ဝူယင်၏ မျက်လုံးများက ရီဝေလှိုက်‌မောသွား၏။ အကယ်၍  ဖြတ်သန်းခဲ့ရသော ဘဝတစ်လျှောက်လုံးကို အပိုင်းများ ခွဲထုတ်ရမည် ဆိုလျှင်  နေသွေးနီနီဂိုဏ်း နေ့ရက်များမှာ ရင်ထိတ်သည်းဖိုစရာ အကောင်းဆုံး အပိုင်းများပင် ဖြစ်ပေလိမ့်မည်။

လူအိုကြီးမှာ ဝေ့ဝူယင်၏ တွေဝေ ငေးမောသွားသော မျက်နှာကို ကြည့်ရင်း အနည်းငယ် ကျေနပ်သွား၏။ သူက သက်ပြင်းတစ်ချက် ချရင်း ဆက်လက် ရှင်းပြလိုက်သည်။

“ပြောင်းလဲခြင်း စခန်းဆိုတာကို မင်း မသိသေးဘူး မလား... ငါ ရှင်းပြမယ်... အဲဒီနေရာကို ရောက်ရင် ငါတို့လို သုံ့ပန်းတွေဟာ ခန္ဓာကိုယ်နဲ့ ကျင့်ကြံခြင်း အခြေခံ အတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ အမတေ ကျောက်တုံးတွေ၊ သတ္တုရိုင်းလို  မသန့်စင်တဲ့ အရာတွေကို စုပ်ယူရတယ်... အဲဒီနောက် သူတို့က ဝင်္ကပါတွေ၊ အစီအရင်တွေကို သုံးပြီး ငါတို့ ခန္ဓာကိုယ်ထဲက စစ်ထုတ်ထားတဲ့ စွမ်းအင်တွေကို ပြန်ထုတ်ပြီး ကျင့်ကြံကြတယ်... ပြောရရင် ငါတို့က သက်ရှိရေစစ်တွေကို သဘောမျိုးပေါ့ကွာ”

“ ... “

ဝေ့ဝူယင် တစ်ယောက် ဆွံ့အသွား၏။ သက်ရှိများကို ရေစစ်အဖြစ် အသုံးပြု၍ ကျင့်ကြံခြင်း... မည်မျှ ရက်စက် ကြမ်းတမ်းလိုက်သည့် နည်းလမ်းနည်း။

“ကျင့်ကြံခြင်း အခြေခံကို အတင်းအကြပ် ပြောင်းလဲပစ်ပြီး အဂ္ဂိရတ် ထုတ်ကုန်တွေ ဖော်စပ်ခိုင်းတယ် ဆိုတာကရော...”

ဝေ့ဝူယင် ဆက်လက် ‌မေးလိုက်၏။ လူများက ထိုအရာကို အဘယ်ကြောင့် ပြောင်းလဲခြင်း စခန်းများထက်ပင် ပိုမို ကြောက်နေရသနည်း။ သူ အမှန်တကယ်ပင် စိတ်ဝင်စားနေမိ၏။

“မင်းက ဒီလောက်တောင် မသိဘူးလား... ဘာမှ အသုံးမကျဘူး... ဘယ်တောက တက်လာတာလဲ”

ကတုံးကြီးက ကြားဖြတ်ကာ ဝင်ရောက်ပြောလိုက်၏။ ဝေ့ဝူယင်က သူ့အား တစ်ချက် စောင်းကြည့်ရင်း တည်ငြိမ်စွာပင် ပြုံးပြလိုက်သည်။

“ဟိုလူတွေ လာခေါ်မယ့် အချိန်ကို စောင့်စရာ မလိုအောင် ကျုပ် လုပ်ပေးရမလား”

“ ... “

သူ၏ ချောမောသော မျက်နှာ၊ တောက်ပသော အပြုံးနှင့် ငွေရောင်မျက်လုံးများကို ကြည့်ရင်း လှောင်အိမ် အတွင်းရှိ များစွာသော လူများမှာ တုန်လှုပ်ချောက်ချားသည့် ခံစားချက်များကို ခံစားလိုက်ကြရ၏။ သို့သော်လည်း ကတုံးကြီးကတော့ ဟိုကြည့်ဒီကြည့်ဖြင့် သူ၏ ကတုံးပြောင်ပြောင်ကိုသာ ပွတ်လိုက်သည်။ ထို့နောက် သူက ဝေ့ဝူယင် အနားသို့ ပိုမို တိုးကပ်လိုက်ရင်း တီးတိုးလေသံဖြင့် မေးလိုက်သည်။

“ဒီကနေ ထွက်ဖို့ မင်းမှာ နည်းလမ်း ရှိတာလားကွ... ဒါမှမဟုတ် စီနီယာကြီးတွေ ငါတို့ကို လာကယ်တော့မှာလား”

ဝေ့ဝူယင် ထိုစိတ်ပျက်စရာလူကို လုံးဝ လျစ်လျူလိုက်၏။ ထို့နောက် သူက လူအိုကြီးဘက်ကို ပြန်လှည့်လိုက်ရင်း...

“ကျုပ်ရဲ့ မေးခွန်းကို ဖြေပေးနိုင်မလား”

လူအိုကြီးမှာ ဝေ့ဝူယင်ကို ကြည့်ရင်း မျှော်လင့်ချက် ခပ်ရေးရေးကို ခံစားလိုက်ရ၏။ တိကျသေချာသော အကြောင်းပြချက် သူ့တွင် မရှိသည့်တိုင် ထိုအရာက ကျင့်ကြံသူတို့၏ ဆဋ္ဌမ အာရုံ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“သူတို့က ငါတို့ရဲ့ ကျင့်ကြံခြင်း အခြေခံကို ထူးဆန်းတဲ့ နည်းတစ်မျိုးနဲ့ သန့်စင်ပစ်လိမ့်မယ်... နောက်ပြီး အဂ္ဂိရတ် ဝိညာဥ်ကို အတင်းအကြပ် ကျင့်ကြံခိုင်းတယ်... အောင်မြင်တာနဲ့ မသေမချင်း အဂ္ဂိရတ် ထုတ်ကုန်တွေကို ဖော်စပ်ခိုင်းတော့တာပဲ

“အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်လား...”

ဝေ့ဝူယင် အံ့သြသွား၏။ သူတို့အားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများ ဖြစ်သည်။ လူတို့၏ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်ကို ဖျက်ဆီးကာ အသစ်တစ်ဖန် ပြန်လည် စတင်ရန် နည်းလမ်းပေါင်း များစွာ ရှိသည့်တိုင် ထိုအရာက ချီပျစ်ခဲခြင်း အဆင့်နှင့် အောက်အဆင့်များ အတွက်သာ ဖြစ်သည်။ ကြယ်တာရာ အမြုတေ အလွှာကို ရောက်ရှိပြီးသည်နှင့် ထိုကျင့်ကြံခြင်း အခြေခံက ထာဝရ တည်မြဲနေတော့မည် ဖြစ်သည်။ သို့သော်လည်း တစ်ခုရှိသည်က... ဒြပ်စင် ကြယ်တာရာ ဝိညာဥ် ဖျက်ဆီးခံ၍ ပြန်လည် ကျင့်ကြံလျှင်ပင် ရရှိလာမည့် အရာမှာ ဒြပ်စင် ကြယ်တာရာ ဝိညာဥ်သာ ဖြစ်ပေလိမ့်မည်။ ဘယ်လိုနည်းနှင့်မှ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

“ဟုတ်တယ်... အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ပဲ...”

ဝေ့ဝူယင် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် လူအိုကြီးက ခေါင်းကို ညိတ်လိုက်၏။

“ဘယ်လို... “

ဝေ့ဝူယင်မှာ အသိစိတ် အာရုံအားလုံး ချာချာလည် သွားသလို ခံစားလိုက်ရ၏။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ၎င်းက ကျင့်ကြံခြင်း၏ အခြေခံ အကျဆုံး စည်းမျဥ်းများကို တိုက်ရိုက်ပင် သွေဖီနေသည်။

ဝေ့ဝူယင်၏ ပြင်းထန်သော တုန့်ပြန်ပုံကို ကြည့်ရင်း ကတုံးကြီးက ထိပ်ပြောင်ပြောင်ကို ပွတ်သပ် လိုက်၏။

“အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ဆိုပေမဲ့ တကယ့် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်တော့ မဟုတ်ဘူးပေါ့... နောက်ပြီး ငါတို့ကို တိုက်ရိုက် ဆေးဖော်စပ်ခိုင်းမှ မဟုတ်ဘူး... သူတို့ရဲ့ အဂ္ဂိရတ် ပညာရှင်တွေက ငါတို့ ထုတ်ပေးတဲ့ အဂ္ဂိရတ် စွမ်းအင်တွေကို သုံးပြီး ဆေးဖော်စပ်ကြမှာ... ကြားဖူးသလောက် ကောလဟလတွေ အရ ဆိုရင် အဲ့တာက စက္ကန့်တိုင်းမှာ သေခြင်းတရားကို တောင်းဆိုရတဲ့ အထိ အရမ်းကို နာကျင်ရတယ် တဲ့”

“အစစ်အမှန် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် မဟုတ်ဘူးကိုး...”

ထိုအခါတွင်မှ ဝေ့ဝူယင်မှာ စိတ်ထဲတွင် အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ စိတ်ထဲမှာ လျှင်မြန်စွာ တွက်ချက်ရင်း မကြာခင်မှာပင် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် နည်းလမ်းတစ်ခုကို သူ ရှာတွေ့သွားသည်။ ဝေ့ဝူယင် မျက်ခုံးကို ပင့်တင်လိုက်မိ၏။

“အလွန်အကျွံတွေးတာက မကောင်းဘူး... ငါ့အနေနဲ့ ကိုယ့်ကိုယ်ကို သတိထားဖို့ လိုနေပြီ”

ငရဲကို ကိုယ်တိုင် ကြုံတွေ့ခံစားဖူးသည့် သေမျိုး တစ်ယောက်၊ ကောင်းကင်တာအို၏ တည်ရှိမှုကို မြင်နိုင်စွမ်း ရှိသည့် အမွေခံ အပြစ်သား တစ်ယောက်အနေဖြင့်... တစ်ခါတစ်ရံ သူ့အတွေးမျာက သမာရိုးကျ အကန့်အသတ်များကို ကျော်လွန်ကာ ဘေးသို့ ချော်ထွက်သွားတတ်သည်။ ဤသို့နှင့် အမှန်တရားက နောက်တွင် မျက်စိမှောက်ကာ ကျန်ရစ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ်... ၎င်းက ကောင်းမွန်သော အရာ မဟုတ်လေရာ သူ့အနေဖြင့် သတိထား ဆင်ခြင်ဖို့ လိုအပ်သည်။

“ကျုပ် နားလည်ပြီ... လူတွေကို ရုပ်သေးရုပ်တွေလို သဘောထားပြီး သုံးနေတာ အတော် စိတ်ဝင်စားစရာပဲ... ဒါပေမဲ့ ကျုပ်မှာ မေးခွန်းတစ်ခု ရှိသေးတယ်... ကျုပ်တို့ကို ဘယ်သူ့ဆီ ရောင်းမှာလဲ”

ဝေ့ဝူယင်က မသေချာ မရေရာသည့် လေသံမျိုးဖြင့် မေးလိုက်၏။ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များ ကိုယ်တိုင်လည်း ထိုနည်းလမ်း နှစ်မျိုးကို သုံး၍ ရပေသည်။ အဘယ်ကြောက့် ရောင်းချရမည်နည်း။ ၎င်းက ရေရှည် အကျိုးအမြတ်ထက် ရေတို အကျိုးအမြတ်နောက်ကို လိုက်သည့် သဘောမျိုးပင်။

“ပျက်သုဥ်းခြင်း  နယ်မြေမှာ ရှိတဲ့ အင်အားစုတွေဆီ... အဲဒီနေရာမှာ နေထိုင်တဲ့ ငါတို့လို လူသားမျိုးနွယ်တွေဆီကိုပေါ့”

လူအိုကြီးက စတင်ကာ အသေးစိတ်ကို ရှင်းပြလိုက်ရာ ဝေ့ဝူယင်၏ နှလုံးသားမှာ တဖြည်းဖြည်း အေးစက် လာခဲ့လေ၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်ရှိ ရတနာမြေ လေးခုကို လာရောက် ရှာဖွေကြသည် ရတနာမုဆိုးများ အားလုံးနီးပါးမှာ ဗဟိုနယ်မြေ‌ ဖြစ်သည့် “ဒြပ်စင်တော်ဝင်မြေ”မှ ဖြစ်ကြပေသည်။

ဗဟိုနယ်မြေတွင် နေထိုင်ကြသည့် လူသား အင်အားစုများ အပြင် အန္တရာယ် နယ်မြေများတွင် မြို့များ တည်ထောင်ကာ နေထိုင်ကြသည့် လူသားမျိုးနွယ်များလည်း ရှိပေသေးသည်။ ရတနာ မုဆိုးများမှာ မကြာခဏ ဆိုသလို ရိက္ခာများ ဖြည့်တင်းရန် သို့မဟုတ် အနားယူရန် အတွက် ထိုမြို့များကို သွားရောက်လေ့ ရှိရာ ယင်းတို့မှာ အမြဲလိုလို ထိပ်တန်း ကျင့်ကြံသူများနှင့် ပြည့်နှက်နေလေ့ ရှိသည်။

အယ်ဗန်များနှင့် မြို့ခံ အင်အားစုများ ရောင်းဝယ် ဖောက်ကားသည့် အ‌ကြောင်းကို ရတနာ မုဆိုးများ မသိကြသည် မဟုတ်။ ကောင်းကောင်းကြီး သိကြပေသည်။ သို့သော်လည်း သူတို့ လုပ်နိုင်သော အရာ မဟုတ်ချေ။ ထိုမြို့များမှာ စွန့်စား ရှာဖွေသူများ အတွက် မရှိမဖြစ် အရေးပါနေသည် မဟုတ်ပါလား။

ထို့အပြင် ဤပတ်ဝန်းကျင်များမှာ လုံးဝ ဖုန်ဆိုးမြေသဖွယ် ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံ တိုးတက်အောင် မဆိုမထားနှင့် ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန်ပင် အထောက်အပံ့ ရင်းမြစ်များ လိုအပ်သည်။ စွမ်းအင် ကူးပြောင်းသူများ နှင့် အဂ္ဂိရတ် ကျေးကျွန်များမှာ ခွန်အားကို မြှင့်တင်ရန် အကောင်းဆုံးနှင့် ထိရောက်မှု အရှိဆုံး ရင်းမြစ်များပင် ဖြစ်သည်။

ထို့အပြင် စွမ်းအင် ကူးပြောင်းသူများမှာ ကျင့်ကြံခြင်း အခြေခံ ပျက်သုဥ်းသွားပြီးသည့်နောက်... သို့မဟုတ် ကျင့်ကြံခြင်း အတွက် အသုံးမဝင်တော့သည့်နောက်တွင် ဤမြို့များတွင် လွတ်လပ်စွာ နေထိုင်နိုင်ကြမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ၎င်းက အနာဂတ် မရှိသည့် ကြောက်မက်ဖွယ် သေခြင်းတရားထက် စာလျှင် အများကြီး ပိုကောင်းသည် မဟုတ်ပါလား။

***

All Chapters