← Chapters

ကြယ်တာရာ ဝိညာဉ်များ၏ အကြံအစည်

Vol. 29 Ch. 394

ကြယ်တာရာ ဝိညာဉ်များ၏ အကြံအစည်

Vol. 29 Ch. 394

နောက်ဆုံး၌ ဤကမ္ဘာကြီးမှာ မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်း ဝေ့ဝူယင် သိရှိသွားခဲ့ပြီ ဖြစ်သည်။ မြို့ခံ  လူသားများမှာ အဘယ်ကြောင့် ထိုရည်ရွယ်ချက်များ အတွက် အယ်ဗန်များကို အသုံးမချသနည်း ဆိုသည့် မေးခွန်းကိုတော့ သူ မမေးတော့ချေ။ ပဋိပက္ခများကို ရှောင်လွှဲရန် ဖြစ်ကြောင်း သူ ခန့်မှန်းနိုင်ပေသည်။ ဒြပ်စင် တော်ဝင်မြေမှာ ဆုတ်ယုတ်မှု ရာသီမှ လွဲ၍ များစွာသော ရင်းမြစ်များနှင့် ပြည့်နှက် နေတတ်ပေသည်။ သို့သော်လည်း အပြင်ပတ်ဝန်းကျင်မှာ များစွာသော အန္တရာယ်များနှင့် ပြည့်နှက်ကာ အမြဲတစေ ခက်ခဲ ကြမ်းတမ်း နေတတ်သည်။

ထိုကဲ့သို့သော အခြေအနေများတွင် အယ်ဗန်များနှင့် စစ်တိုက်ခြင်းမှာ လက်တွေ့မကျသလို ရေရှည်ခံနိုင်ဖို့လည်း မလွယ်ချေ။ ကုန်သွယ်ခြင်း ကဲ့သို့ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် နည်းလမ်းကသာလျှင် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပေသည်။

ကိုယ်တိုင်က ခြောက်ပစ်ကင်း သဲလဲစင် သူတော်စင် တစ်ယောက် မဟုတ်လေရာ ဝေ့ဝူယင်မှာ ဘယ်သူ့ကိုမှ အပြစ်မတင်မိပါချေ။ ဖန်းဆီးခံရခြင်းက သူတို့ အားနည်းလို့ ဖြစ်သည်။ တန်ရာတန်ကြေးပေးကာ ကုန်သွယ်သည့် မြို့သားများတွင် အပြစ်မရှိသလို မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များတွင်လည်း အပြစ် မရှိချေ။ အကယ်၍ အပြစ်တင်ရမည် ဆိုလျှင် ကိုယ့်ကိုယ်သာ အပြစ်တင်သင့်သည်။

“မင်းမှာ ထွက်ဖို့ နည်းလမ်းရှိလား... လွတ်ဖို့လေ”

အတန်ကြာ တိတ်ဆိတ်ပြီးနောက်တွင် ကတုံးကြီးက မေးလိုက်၏။ ဝေ့ဝူယင်ထံမှ အဖြေကို စောင့်စားရင်း သူ၏ မျက်လုံးများက မျှော်လင့်ချက် ရောင်ခြည်များဖြင့် တဖိတ်ဖိတ် တောက်ပနေသည်။ အချုပ်ခန်း အတွင်းရှိ အခြား အကျဥ်းသားများမှာလည်း စတင်ကာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။

လူအိုကြီးက ဝေ့ဝူယင်ကို ကြည့်ရင်း အကဲခတ်လိုက်သည်။ ထို့နောက် သူက လေးလေးပင်ပင်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။

“တကယ်လို့ သူ့မှာ နည်းလမ်းရှိရင် အစောကြီးတည်းက ထွက်သွားပြီပေါ့... ပြင်ပ အကူအညီ မပါပဲ ဘယ်လိုမှ မဖြစ်နိုင်တာ ရှင်းပါတယ်”

“ ... “

လူအိုကြီး၏ စကားလုံးများက သုံ့ပန်းများ၏  မျက်လုံးများထဲမှ နောက်ဆုံး မျှော်လင့်ချက် ရေးရေးကို လွင့်ပါး ပျောက်ကွယ်သွားစေ၏။

ပြင်ပ အကူအညီ... မည်သူက မြေအောက်မြို့တော်ကို ကျူးကျော်ရဲမည်နည်း။ ကြယ်တာရာ အမြုတေ ထိပ်ပိုင်းအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများ အတွက် ဖြစ်ကောင်း ဖြစ်နိုင်သည့်တိုင် သူတို့က ထိုမျှ အရေးပါ အရာ‌ရောက်သော လူများ မဟုတ်ချေ။

ဝေ့ဝူယင်က ဘာမှ ပြန်မပြောပဲ အိကျူးလင် ဝင်သွားသည့် အဆောက်အအုံကြီးကိုသာ လှမ်းကြည့်လိုက်၏။ တစ်ခါတစ်ရံ ရယ်မောသံ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာသည်ကို သူကြားရသည်။ မကြာခင်မှာပင် ကောင်းကင်ရှိ အလင်းလုံးကြီးမှာ တဖြည်းဖြည်း စတင်ကာ အရောင်မှိန်လာသည်ကို သူ သတိထားမိလိုက်သည်။ ၎င်းက အချိန် ပြောင်းလဲခြင်းကို ညွှန်ပြနေသည့် လက္ခဏာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

ဝေ့ဝူယင် အချုပ်ခန်း အတွင်းရှိ သုံ့ပန်းများကို ကြည့်လိုက်၏။ အားလုံးက ယောက်ျားသားများပင် ဖြစ်သည်။ သူတို့က မိန်းကလေးများကို အခြားနေရာများတွင် ချုပ်နှောင်ထားခြင်း ဖြစ်ပေလိမ့်မည်။ သိုတည်းမဟုတ်... ပိုမို ဆိုးရွားသော ကံကြမ္မာများနှင့် ရင်ဆိုင်နေရခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“ဒီအချုပ်ခန်းထဲက လွတ်မြောက်ဖို့ ကြိုးစားမယ် ဆိုရင် လူသတ်တာကို ဘယ်လိုမှ ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး... အယ်ဗန်တွေနဲ့ တိုက်ပွဲဖြစ်ရင် အိကျူးလင်နဲ့ နီးစပ်ဖို့ အခွင့်အရေးက နည်းပါးသွားလိမ့်မယ်... ဒါမှမဟုတ် တိတ်တိတ်လေး  ထွက်သွားမယ် ဆိုရင်ရော... အခွင့်အရေးက ရှိတော့ ရှိဦးမှာပါ... ဒါပေမဲ့...”

ဝေ့ဝူယင် တိတ်တဆိတ် တွေးတောနေခဲ့၏။ အချုပ်ခန်းနှင့် အနက်ရောင် သံကြိုးများ အပါအဝင် သူအား တားဆီးထားသည့် အချုပ်အနှောင် မှန်သမျှက ကလေးကစားစရာ သာသာ ဖြစ်သည်။ နေရာဒေသသစ်ကို စိတ်ဝင်စားမှုကြောင့်သာ မဟုတ်ပါက ဤနေရာသို့ ရောက်လာစရာ အကြောင်းပင် မရှိချေ။ ပြောရလျှင် လေတစ်ချက် မှုတ်ရုံဖြင့်ပင် ဤနေရာတစ်ခုလုံးကို သူ ဖျက်ဆီးနိုင်စွမ်း ရှိသည်။

“ငါက အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဆိုတာ ပြေပြီး မီးခိုးရောင် သဲသောင်ပြင် မျိုးနွယ်ကို ဖြစ်ဖြစ်၊ အိကလန်ကို ဖြစ်ဖြစ် တိုက်ရိုက် ဝင်လိုက်မယ် ဆိုရင်ရော...”

ထိုအတွေးကို ဝေ့ဝူယင် ချက်ချင်းပင် ပယ်ချလိုက်၏။ ဤနေရာရှိ အဂ္ဂိရတ် ယဥ်ကျေးမှုက အပြင်လောကနှင့် လုံးဝ မတူကြောင်း လူအိုကြီးထံမှ သူ ကြားခဲ့ရပြီး ဖြစ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အဂ္ဂိရတ် ပညာရှင်များ လေးစားခံရခြင်းမှာ ထာဝရ ဧကရာဇ် ချန်ရစ်ခဲ့သည့် ပုံရိပ်ကြောင့် ဖြစ်သည်။ ဤနေရာတွင်တော့ အဂ္ဂိရတ်သမားများမှာ ကျေးကျွန်များနှင့် မခြားနားလှချေ။

အိကျူးလင်နှင့် နီးစပ်ခွင့် ရရန် များစွာသော နည်းလမ်းများကို တစ်ခုပြီး တစ်ခု တွေးရင်း ဝေ့ဝူယင် လေးပင်စွာ သက်ပြင်းချလိုက်မိသည်။ အတားအဆီးများက များလွန်းလှသည်။ ရောင်းချခံရပြီးနောက် ဤနေရာကို စတိုင်မလိုင်နှင့် ပြန်လည် ရောက်ရှိလာခဲ့လျှင်ရော အိကျူးလင်က သူ့ကို သဘောကျမည်လား။

ဝေ့ဝူယင် ခေါင်းကို ဘယ်ပြန်ညာပြန် ခါယမ်းလိုက်၏။ သူ ဘယ်လိုမှ စဥ်းစားလို့ မရခင်မှာပင် အသံတစ်ခုက သူ့စိတ်အတွင်း တိုးဝင်လာသည်။

“ဒီအတိုင်း သူ့ကို ခေါ်ပြီး ထွက်ပြေးလေ...”

ထိုစကားလုံးများကား အမြဲလိုလို ကလေးဆန်သည့် အိုရီထံမှ ထွက်ပေါ် လာခြင်းပင် ဖြစ်သည်။ ပြန်ပေးဆွဲရန် အကြံကြောင့် ဝေ့ဝူယင်မှာ ဖြူရော်စွာ ပြုံးလိုက်မိ၏။

ထိုအခိုက်တွင်ပင် ခရာတိုက ထပ်ပြောလိုက်သည်။

“ခွန်အားဆိုတာက အချစ်ရဲ့ အခြေခံ အုတ်မြစ်ပဲ... လုံလောက်တဲ့ ခွန်အားသာ ရှိရင် ဘယ်လို အတားအဆီး၊ ဘယ်လိုနံရံဖြစ်ဖြစ် သောက်ဂရုစိုက်စရာ မလိုဘူး... ဟင်းလင်းပြင်ကို ကျုပ် ပိုင်တယ်”

ပထမ၌ ဟုတ်မလိုလို ရှိသော်လည်း နောက်ဆုံးတွင် အဖျားရှူးသွားသည့် စကားလုံးများကြောင့် ဝေ့ဝူယင်မှာ ဟတ်ကော့ကြီး ဖြစ်ကျန်ခဲ့၏။ သို့သော်လည်း ဧဒင်ကတော့ အလေးအနက် အမူအရာနှင့် ခေါင်းညိတ်ကာ ခရာတိုကို ထောက်ခံလိုက်သည်။

“ဆင်းရဲဆင်းရဲ ချမ်းသာချမ်းသာ ခွန်အားက အဓိကပဲ...”

ခရာတိုကတော့ ဘာမပြော။ ထုံးစံအတိုင်း “ချွင်” ဆိုသည့် အသံတစ်ခုကိုသာ ပြုသည်။ သို့သော်လည်း အသံနေ အသံထားအရ ဆိုလျှင်တော့ “အရမ်းအတွေးမလွန်နဲ့” ဟု ပြောနေသယောင်ပင်။

ဝေ့ဝူယင် အနည်းငယ် တွေဝေသွား၏။ သူတို့အားလုံး ပြောတာ မှန်ပေသည်။ သူက တစ်ချိန်လုံး တလွဲကြီး တွေးနေခြင်း ဖြစ်သည်။ ဤကိစ္စ၌ ပို၍ တိုက်ရိုက်ဆန်သင့်သည်။ အိကျူးလင်၏ အချစ်ကို ရရှိဖို့ သိမ်မွေ့ညင်သာသော နည်းလမ်းများ သုံးရန် သူ့တွင် အချိန် မရှိချေ။ ထိုမိန်းမက သူ့ကို ပစ္စည်းတစ်ခုလိုမျိုး သဘောထား၍ ရောင်းချချင်လျှင် သူ့ဘက်ကလည်း တူညီသော တုန့်ပြန်မှုမျိုး ပေးရမည် ဖြစ်သည်။

ထို့အပြင်... ဤသည်က အနန္တ ဧကရာဇ်ဂြိုဟ်တွင် တရှန်း၊ နယ်လာရှားတို့ကို အချိန်ပေးကာ လိုက်ခဲ့သလို အခြေအနေမျိုး မဟုတ်ချေ။ မတူညီသည့် ကမ္ဘာ၊ ကွဲပြားသော ဓလေ့ထုံးတမ်း၊ အကန့်အသတ် ရှိသော အချိန်တို့တွင် သူ့အနေဖြင့် လိုက်လျောညီထွေ ပြောင်းလဲဖို့ လိုအပ်သည်။

“မှန်တယ်...”

ဝေ့ဝူယင်က ထိုင်ရာမှ ထရပ်လိုက်၏။ အချုပ်ခန်း အတွင်း သုံ့ပန်းများမှာ ပထမ လန့်ဖျန့်သွားကြကာ သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။

“ဟုတ်ပြီ... လုပ်ထား...”

အိုရီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူ့လေသံထဲမှ အူမြူးနေသည့် အော်ဟစ် ရယ်မောသံများကိုပင် ဝေ့ဝူယင် ကြားနိုင်ပေသည်။

ဟူး... ဟူး...

ခရာတို၊ ဧဒင်နှင့် ဘုရင်တို့က တိတ်တဆိတ်ပင် သူတို့၏ စွမ်းအင်များကို ထုတ်လွှတ်လိုက်၏။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထက်ရှိ အနက်ရောင် သံကြိုးများမှာ တစ်ခုပြီး တစ်ခု ပျက်စီးကာ ကြမ်းပြင်ပေါ် တချွင်ချွင် ပြုတ်ကျသွားကြသည်။

ဝေ့ဝူယင်၏ မျက်လုံးများက ငွေရောင် မျက်လုံးများက ကောင်းကင်တွင် ထွန်းလင်းနေသည့် အလင်းစက်ဝန်းထံသို့ တဖြည်းဖြည်း ရောက်ရှိသွား၏။

“စောင့်ကြည့်နေတဲ့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ရှိနေတယ်...”

သူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားစဥ်မှာပင်...

“ပျော်ဖို့ကောင်းတယ်ဟေ့... သောက်ရမ်း ပျော်စရာကြီး”

အိုရီ၏ စိတ်လှုပ်ရှားသော အသံက အထွတ်အထိပ်ထိ ‌ရောက်အောင် ထွက်ပေါ်လာ၏။ ဝေ့ဝူယင် အနည်းငယ် ရယ်မောလိုက်ရင်း ထိန်းချုပ်ထားသည့် စွမ်းအင်များကို ပြန်လည် ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် လေထုမှာ အေးခဲသွားကာ ပတ်ဝန်းကျင်တွင် ကြီးမားသော ဖိအားတစ်ခု ဖြစ်ပေါ်လာ၏။

ဘေးနားရှိ လူအိုကြီးမှာ ဝေ့ဝူယင်ကို ကြည့်ရင်း မျက်လုံးများ ပြူးထွက်လာ၏။

“မင်း... မင်း ဘယ်သူ...”

“ဘုန်း...”

သူ့မေးခွန်း မဆုံးသေးခင်မှာပင် အချုပ်ခန်းကြီး တစ်ခုလုံးမှာ ပေါက်ကွဲကာ ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားတော့၏။

သုံ့ပန်းများမှာ ဝေ့ဝူယင်၏ ကျယ်ပြန့်သော နောက်ကျောပြင်ကို ကြည့်ရင်း လည်ချောင်းများ ချောက်ကပ်သွားသလို ခံစားလိုက်ကြရသည်။ လူအိုကြီး၏ နှလုံးသားကတော့ တစ်စက္ကန့်လျှင် အကြိမ် တစ်ထောင်နှုန်းဖြင့် ခုန်ပေါက်နေ၏။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။

နုံနုံအအနှင့် ဗဟုသုတ နည်းပါးသည်ဟု သူ ထင်မိခဲ့သော လူငယ်က ရုတ်ချည်းပင် အတားအဆီး အားလုံးကို ဖျက်ဆီးကာ ကြောက်မက်ဖွယ် ဝိညာဥ်ဖိအား တစ်ခုကို ထုတ်လွှတ်လာသည်။ ထိုဖိအား၏ အောက်တွင် သူ၏ ကြယ်တာရာ ဝိညာဥ်ပင်လျှင် ကြောက်ရွံ့စွာ တုန်ရီနေ၏။

အစောင့်များမှာ အချုပ်ခန်း ပျက်စီးသွားမှုကြောင့် ချက်ချင်းပင် ပြေးလာကြ၏။ သူတို့က ကြယ်တာရာ အကာအကွယ်များကို ထုတ်ဖော်ရင်း လက်နက်များကို ဆွဲထုတ်ကာ ဝေ့ဝူယင်ကို ထိုးချိန်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်၏။

“ကောင်းကောင်းမွန်မွန် အဖမ်းခံစမ်း... မဟုတ်ရင် သေတာထက် ပိုဆိုးတဲ့ ဝေဒနာတွေ ခံစားရအောင် လုပ်ပစ်လိုက်မယ်”

သို့သော်လည်း ၎င်းက မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်၏ ကိုယ်ပိုင် ဘာသာစကား ဖြစ်လေရာ ဝေ့ဝူယင်မှာ တစ်ခွန်းမှ နားမလည်ချေ။ သူက စွမ်းအင် လေးမျိုးဖြင့် တဖြည်းဖြည်း ‌တောက်ပလာသည့် လက်များကိုသာ ကျေနပ်စွာ ငုံ့ကြည့်လိုက်၏။

“မတိုက်ခိုက်ရတာ‌တောင် အချိန်အတော်ကြာခဲ့ပြီပဲ... သိပ်ပြီး လက်မလွန်သွားဖို့ပဲ မျှော်လင့်တယ်”

ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိပြီးနောက်တွင်တွင် တိုက်ပွဲများနှင့် ဝေးကွာနေခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့် အတောအတွင်း သူ တိုက်ခိုက်ခဲ့ရသည့် အကြိမ် အရေအတွက်က လက်ငါးချောင်းပင် မပြည့်ချေ။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က မဟာ ဝိညာဥ် စမ်းသပ်ပွဲကို အခွင့်အရေး တစ်ခု အဖြစ် ယူဆခဲ့သည့်တိုင် ပြိုင်ပွဲဝင်များမှာ ကျူးဟိုင်နှင့် စုမေ့တို့ကြောင့် သူ့အား တိုက်ခိုက်ရန် ရှောင်တိမ်းခဲ့ကြသည်။ မည်မျှ ရယ်စရာ ကောင်းလိုက်သနည်း။

သူ့အား ရန်လိုစွာ ကြည့်နေသည့် အစောင့်များကို ကြည့်ရင်း နေသွေးနီနီဂိုဏ်းရှိ နေ့ရက်များကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်၏။ တိုက်ပွဲကို တောင့်တနေသည့် သူ၏ သွေးသားတို့က လျှင်မြန်စွာပင် လှည့်ပတ်ရင်း ပွက်ပွက်ဆူလာသည်။

ထိုအချိန်တွင်ပင်...

“ခွေးမသား... ပြောနေတာ မကြားဘူးလား”

ဒေါသကြီးဟန်ရသည့် အစောင့်တစ်ယောက်က စိတ်မရှည်စွာ အော်ဟစ်ရင်း သူ့လက်ထဲရှိ လှံကဲ့သို့ လက်နက်ဖြင့် ဝေ့ဝူယင်ကို ပြေးကာ ထိုးလိုက်လေတော့၏။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ထိုတိုက်ခိုက်မှုက လေအလျင်အလား ဝေ့ဝူယင် ရှိရာသို့ ရောက်ရှိလာကာ နှလုံးသား တည့်တည့်ကို ထိုးဖောက်ရန် ကြိုးစားလေတော့သည်။

“ဝိညာဥ်ဆင်းတု အဆင့်...”

အ‌စောင့်၏ ကျင့်ကြံခြင်း အဆင့်ကို ကြည့်ကာ ဝေ့ဝူယင် အထင်ကြီးမိသွား၏။ သို့သော်လည်း တစ်ချိန်တည်းတွင် လှံကတော့ သူ့ရင်ဘတ်သို့ ဖောက်ဝင်ရန် တစ်လက်မ အလိုခန့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters