အလင်းပြန်ခြင်း အဆင့်
Vol. 29 Ch. 395
“သတိထား...”
လူအိုကြီးက အော်ဟစ် သတိပေးရင်း ဝေ့ဝူယင်ကို ကာကွယ်ပေးရန် ကြိုးစားလိုက်၏။ သို့သော်လည်း... ကျင့်ကြံခြင်း အခြေခံကို လှည့်ပတ်လိုက်သည်နှင့် ချက်ချင်းပင် ပျက်သုဥ်းခြင်း စွမ်းအင်များမှာ အနက်ရောင် သံကြိုးများထဲမှ အရှိန်အဟုန်နှင့် ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားသည်။ ထိုအခိုက်အတန့်တွင်ပင် လှံထိပ်ဖျားက ဝေ့ဝူယင်၏ အင်္ကျီစအား ဖောက်ဝင်သွားတော့၏။
တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှ အချိန်ကလေး အတွင်းမှာပင် ဝေ့ဝူယင်၏ လက်တစ်ဖက်က အလွန် လျှင်မြန်သော အရှိန်ဖြင့် ရွေ့လျားသွား၏။ သူ၏ လက်ညိုးက ညင်သာ တိကျစွာပင် လှံထိပ်ဖျားကို ထိလိုက်သည်။ လေထုမှာ ရုတ်တရက် ပေါက်ကွဲသွားကာ လှံမှာ လမ်းခုလတ်တွင်ပင် ရပ်တန့်သွား၏။
အစောင့်မှာ ရုတ်တရက် ကြောင်အသွား၏။ ထူးဆန်းသော အခြေအနေကြောင့် သူက ချက်ချင်းပင် လှံကို လက်လွှတ်ကာ နောက်သို့ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။ ထိုအခိုက်အတန့်တွင်ပင်...
“ဘုန်း...”
လှံမှာ အပိုင်းအစပေါင်း ထောင်ချီ အဖြစ် ပေါက်ကွဲသွား၏။ အစောင့်မှာ သွေးတစ်လုတ် အန်ထုတ်လိုက်ရကာ အဝတ်အစား အားလုံးမှာ အမှုန်အဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်က ယိမ်းယိုင်လာကာ ဒူးများခွေကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။ သူ၏ မျက်လုံးများကတော့ မယုံကြည်နိုင်ခြင်း၊ ထိတ်လန့် ကြောက်ရွံ့ခြင်းများနှင့် ပြည့်နှက်နေသည်။ မည်ကဲ့သို့ ဖြစ်သွားရသနည်း။ သူ နားမလည်နိုင်ချေ။
မကြာခင်မှာပင် သူ၏ အသိစိတ် အာရုံတစ်ခုလုံးမှာ အမှောင်ဖုံးသွား၏။ မကြာခင်မှာပင် သူ၏ မျက်နှာက ကြမ်းပြင်နှင့် မိတ်ဆက်ကာ လောကကြီးအား နှုတ်ဆက်ထွက်ခွာ သွားရတော့သည်။
“ ... “
အခြား အစောင့်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာများ ဖြူရော်သွားကြ၏။ သူတို့က ထိတ်လန့်တကြားဖြင့် နောက်ကို ကသောကမျော ဆုတ်လိုက်ကြရင်း အနီရောင် ပစ္စည်းတစ်ခုကို ထုတ်ယူကာ ကောင်းကင်ပေါ် ပစ်တင်လိုက်သည်။
ဘုန်း...
ထိုပစ္စည်းက လေထုထဲတွင်ပင် ပေါက်ကွဲသွားကာ တောက်ပသည့် မီးရှူးမီးပန်း တစ်ခု ဖြစ်ပေါ်လာသည်။ ရှင်းလင်းစွာပင် သူတို့မှာ အကူအညီ တောင်းခံလိုက်ကြခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ ထိုအရာကို သိသည့်တိုင် လောခြင်း မရှိပါချေ။ သူက တည်ငြိမ်စွာပင် နောက်ကို လှည့်ကာ ပါးစပ် အဟောင်းသား၊ မျက်လုံး အပြူသား ဖြစ်နေသည့် သုံ့ပန်းများကို ကြည့်လိုက်၏။
“ကျုပ်ကို ခဏလောက် စောင့်ကြဦး... ပြီးရင် ပြန်လာခဲ့မယ်”
ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် စွမ်းအင်များမှာ ထွက်ပေါ်လာကာ အားလုံး၏ ခန္ဓာကိုယ်များကို ဝန်းရံသွားသည်။ သူက သူတော်စင် တစ်ယောက် မဟုတ်သည့်တိုင် ကျေးဇူးကန်းတတ်သည့် လူမိုက်တစ်ယောက်လည်း မဟုတ်ပါချေ။
လူအိုကြီးနှင့် ကတုံးကြီးတို့မှာ သူ သိလိုသမျှ၊ မေးမြန်းသမျှကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးခဲ့သူများ ဖြစ်သည်။ အခြားလူများလား... သူတို့က လူအိုကြီးတို့နှင့် တစ်ဖွဲ့တည်း ဖြစ်နေ၍ ကံကောင်းသွားသည်။
အိကျူးလင် ဝင်ရောက်သွားသည့် အဆောက်အဦဘက်ကို ဝေ့ဝူယင် လှမ်းကြည့်လိုက်၏။ အထဲတွင် မိန်းကလေး ရှိနေသေးသည့် အရိပ်အယောင်ကြောင့် သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဝေ့ဝူယင် တုန့်ဆိုင်းမနေတော့ပဲ ထိုနေရာကို ဦးတည်လိုက်တော့၏။
လက်တွေ့ကို ပြန်သွားရပါက ယခုက ပြိုင်ပွဲတစ်ခု အတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ တိုကင် ကိုးခုကို ရအောင် ရှာဖွေရဦးမည်။
သူ့တွင် အချိန် သိပ်မရှိချေ။ ဝမ်ယုထျန်း၏ ပြောစကားအရဆိုလျှင် တိုကင် ကိုးခုအနက် သုံးခုက လင်းမင်ထံတွင် ရှိနေသည်။ ထိုတိုကင်များကို ရလျှင် အခြား တိုကင်များကို ရရှိဖို့ လမ်းစလည်း ပေါ်ကောင်း ပေါ်လာနိုင်ပေသည်။ ဝေ့ဝူယင်၏ ခြေလှမ်းများမှာ ပိုမို သွက်လာ၏။
ထိုအခိုက်တွင်ပင်
ဘုန်း... ဘုန်း... ဘုန်း...
ကြောက်မက်ဖွယ် စွမ်းအင် အချို့မှာ ပတ်ဝန်းကျင် နေရာများမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ဤသည်က မြို့တော်ကြီး ဖြစ်လေရာ အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိနေသည်က မထူးဆန်းချေ။ တစ်ခဏအတွင်းမှာပင် အော်ဟစ်သံ အချို့နှင့် လျှင်မြန်စွာ ချည်းကပ်လာသည့် အသံများကို သူ ကြားလိုက်ရ၏။
ပတ်ဝန်းကျင်ကို တစ်ချက် ဝှေ့ကြည့်ရင်း ဝေ့ဝူယင်၏ မျက်ခုံးနှစ်ခု ကြားတွင် မှုန်မှိုင်းသည့် အရိပ်အယောင် အချို့ ဖြစ်ပေါ်လာ၏။ သူက တည်ငြိမ်စွာပင် ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း အိကျူးလင် ရှိနေသည့် အဆောက်အအုံကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ခြေထောက်တစ်ဖက်ကို မြှောက်ကာ မြေပြင်ပေါ် အရှိန်အဟုန်နှင့် ဆောင့်နင်းလိုက်လေတော့၏။
ဘုန်း...
မြေအောက်မြို့တော်ကြီး တစ်ခုလုံးမှာ ငလျင်လှုပ်သလို ယိမ်းယိုင် တုန်ခါသွားသည်။ ပင့်ကူအိပ် ကဲ့သို့ မြေကြီး အက်ကွဲကြောင်းကြီးများမှာ ဝေ့ဝူယင်၏ ပတ်လည် မီတာရာချီကို ဖြန့်ကျက်သွား၏။
“ဒီမြေကြီးက အတော်မာတာပဲ...”
ဝေ့ဝူယင် တအံ့တသြ မှတ်ချက်ချလိုက်၏။ ထိုစဥ်မှာပင် ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ မြေပြင်တွင် တောက်ပလာကာ အက်ကွဲကြောင်းများအား ဖုံးလွှမ်းသွားသည်။ ထို့နောက် စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ၎င်းတို့မှာ ပြန်လည် မှေးမှိန်သွားကာ အက်ကွဲကြောင်းများမှာလည်း ပျောက်ကွယ်သွားသည်။
“မင်း ဘယ်သူလဲ...”
ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ ဝေ့ဝူယင် အသံလာရာသို့ လှမ်းကြည့်လိုက်ရာ အယ်ဗန်မျိုးနွယ် ယောက်ျားကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။
သူက အသက်လတ် အရွယ်ခန့် ရှိကာ ရှည်လျားသည့် မီးခိုးရောင် ဆံပင်များကို ပိုင်ဆိုင်ထားသည့်တိုင် အသားအရေကတော့ လူငယ်တစ်ယောက်လို ကြည်လင်နေသည်။ ထိုအယ်ဗန်မှာ မီးခိုးရောင် အဝတ်အစားများကို ဝတ်ဆင်ထားကာ သူရှိရာထံသို့ ပေါက်ကွဲမတတ် ခြေလှမ်းများနှင့် အတူ ချဥ်းကပ် လာနေခဲ့သည်။
အယ်ဗန်များ၏ တုန့်ပြန်မှု ကြာမြင့်နေရသည့် အကြောင်းရင်းကို ဝေ့ဝူယင် နားလည်သွား၏။ ဤသည်က မန်နာများ ကန့်သတ်ခံထားရသည့် ဆုတ်ယုတ်မှု ရာသီ မဟုတ်ပါလား။
ဤရာသီ၌ ပျံသန်း၍ မရချေ။ ပျံသန်းရန် ကြိုးစားသည်နှင့် ကြယ်တာရာ စွမ်းအင်များမှာ ဝေသာလီပြည် ဘီလူးကျသလို အငမ်းမရ ကုန်ဆုံးသွားလိမ့်မည် ဖြစ်သည်။ ထို့အစား မြေပြင်ပေါ်တွင် ပြေးလွှားခြင်းကသာလျှင် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပေသည်။
ဝေ့ဝူယင်က အယ်ဗန် ယောက်ျားကြီး၏ မေးခွန်းကို ပြန်မဖြေချေ။ ထို့အစား အိကျူးလင် ရှိနေသည့် အဆောက်အဦကိုသာ လှမ်းကြည့်နေခဲ့၏။ မကြာခင်မှာပင် အိကျူးလင်နှင့် လူအချို့မှာ တရွေ့ရွေ့ ပေါ်လာကာ အဆောက်အဦ အတွင်းမှ ထွက်ခွာလာခဲ့၏။ သူတို့က ဝိညာဥ်အာရုံများကို ဖြန့်ကျက်ရင်း အခြေအနေကို စစ်ဆေး နေကြပုံ ပေါ်သည်။
အိကျူးလင်၏ ဘေးတွင်တော့ အသက်လတ် အရွယ် အယ်ဗန်မျိုးနွယ် မိန်းမကြီး တစ်ယောက် ရှိသည်။ သူမနှင့် အိကျူးလင်မှာ ရုပ်ရည်သွင်ပြင်ချင်း အတော်လေး ဆင်တူလှ၏။
“ဝိညာဥ်ဆင်းတု အဆင့်...”
ဝေ့ဝူယင်ကို ကြည့်ရင်း ထိုမိန်းမကြီး၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူမ၏ လေသံကတော့ မသေချာ မရေရာခြင်း၊ မယုံကြည်နိုင်ခြင်း အချို့ စွက်နေခဲ့၏။
အိကျူးလင်ကတော့ ဝေ့ဝူယင်၏ လွတ်မြောက်နေသော အခြေအနေကို ကြည့်ရင်း အတော်လေး အံ့အားသင့်နေဟန် ရသည်။ သူမက မျက်လုံးများကို ဘယ်ပြန်ညာပြန် ရွေ့လျားရင်း ဝေ့ဝူယင်အား လွှတ်ပေးသည့် အဆင့်မြင့် ကျင့်ကြံသူကို လိုက်ရှာနေ၏။
ဝှစ်...
သူမ ကြည့်နေစဥ်မှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ဝေဝါးလာကာ ရုတ်တရက် ပျောက်ကွယ်သွား၏။ ဘာကြောင့်မှန်းမသိ... အိကျူးလင်မှာ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရရာ ချက်ချင်းပင် ကြယ်တာရာ အကာအကွယ် အလွှာကို ထုတ်ဖော်ကာ လက်နက်ကို အသင့်ပြင်ထားလိုက်သည်။ သို့သော်လည်း မျက်တောင် တစ်ခပ်စာမျှ မကြာခင် အချိန်အတွင်းမှာပင် ဝေ့ဝူယင်မှာ သူမ မျက်စိရှေ့သို့ ရောက်လာခဲ့ပြီး ဖြစ်သည်။
“ရပ်စမ်း...”
အသက်လတ် မိန်းမကြီးက ပြင်းထန်စွာ အော်ဟစ်လိုက်ရင်း သူမ၏ ကျင့်ကြံခြင်း အခြေခံ စွမ်းအားများကို အလုံးစုံ ထုတ်ဖော်လိုက်၏။ ချက်ချင်းပင် အာကာသမှာ တုန်ခါသွားကာ အလင်းရောင်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူမက ဝေ့ဝူယင် နောက်သို့ ဆုတ်သွားစေရန် ရည်ရွယ်ချက်ဖြင့် လက်ဝါးကို ဆန့်ထုတ်ကာ ရိုက်ချလိုက်ခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွား၏။ ထိုမိန်းမကြီးကား ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့် တစ်ယောက်ပင်။ ချက်ချင်းပင် ဝေ့ဝူယင် လက်နှစ်ဖက်ကို အကာအကွယ် ပုံသဏ္ဌာန်သို့ ပြောင်းလဲ လိုက်ရသည်။
ဘုန်း...
လေထုထဲတွင် ကြီးမားသည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။ အနီးကပ်ဆုံး၌ ရှိနေသည့် အိကျူးလင်မှာ နောက်သို့ ပြင်းထန်စွာ လွင့်စဥ်သွားကာ သူမ ထွက်လာသည့် အဆောက်အဦကြီးထဲကိုပင် ပြန်လည် ဖောက်ဝင်သွား၏။ ထို့နည်းတူစွာပင် အနီးအနားရှိ အခြားလူ အချို့မှာလည်း သွေးများအန်ကာ ဝေးကွာသော အရပ်များသို့ လွင့်စဥ်သွားကြသည်။
ဝေ့ဝူယင်မှာ မိန်းမကြီးကို ကြည့်ကာ အံ့အားသင့်သွားခဲ့၏။ သူမ၏ ကျင့်ကြံခြင်း အခြေခံက အလွန်အမင်း မြင့်မားသလို ထင်မှတ် မထားလောက်အောင် သန့်စင်လှသည်။ ထိုအခိုက်၌ အလင်းနှင့် ဟင်းလင်းပြင် စွမ်းအင် အချို့မှာ သူ့လက်မောင်းများမှ တစ်ဆင့် စိမ့်ဝင်ကာ သွေးကြောများထဲ အထိ ကျူးကျော်ရန် ကြိုးစားနေသည်ကိုပင် သူ ခံစားနေရသည်။ ဝေ့ဝူယင် ချက်ချင်းပင် ကြယ်တာရာ အင်အားကို ထုတ်လွှတ်ကာ ကိုပြင်ပစွမ်းအင်များကို ဖျက်ဆီးပစ်လိုက်၏။
တစ်ချိန်တည်း၌ မိန်းမကြီး၏ အမူအရာမှာလည်း ဝေ့ဝူယင်ကို ကြည့်ကာ ပြောင်းလဲသွားခဲ့သည်။ ဝိညာဥ်ဆင်းတု အဆင့် လူငယ်လေး တစ်ယောက်က သူမ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်လား။ မခံချင်စိတ်မှာ ဒေါသတရားနှင့် အတူ သူမ၏ နှလုံးသား အတွင်း ပေါက်ဖွားလာ၏။
ဝေါ... ဝေါ...
ရုတ်တရက် ကြောက်မက်ဖွယ် အော်ဟစ်သံများက ဘယ်ဆီဘယ်ဝယ်ကမှန်း မသိ ထွက်ပေါ်လာသည်။ တဖြည်းဖြည်း ပြောင်းလဲလာနေသည့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အလွှာကို ကြည့်ရင်း ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲသွားသည်။
“ဟင်းလင်းပြင် အကျဥ်းထောင်...”
သူ မျက်ခုံးများကို ပင့်လိုက်မိ၏။ ကြည့်ရသည်က မျှော်လင့်ထားသည်ထက် အနည်းငယ် ပို၍ ခက်ခဲတော့မည့်ပုံပင်။
ဒိတ်... ဒိတ်... ဒိတ်...
ဝေ့ဝူယင်၏ နှလုံးသားက စိတ်လှုပ်ရှားမှုနှင့် အတူ ပြင်းထန်စွာ တုန်ရီလာခဲ့လေတော့၏။
***