ဓားစာခံ
Vol. 29 Ch. 396
အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံသူများမှာ ဟင်းလင်းပြင် စွမ်းအင်များကို စုပ်ယူ သန့်စင်ကာ ပြန်လည် အသုံးချနိုင်သည့် ထူးခြားသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ ထိုအထဲ၌ ဟင်းလင်းပြင် အကျဥ်းထောင်နှင့် ဟင်းလင်းပြင် အမှတ်အသား ဟူသော စွမ်းရည်နှစ်မျိုးက အထူး ထင်ရှားသည်။
ဟင်းလင်းပြင် အမှတ်အသားဆိုသည်က ပစ်မှတ်ကို ဝိညာဥ်အာရုံဖြင့် အမှတ်အသား ပြုလုပ်ကာ ဟင်းလင်းပြင် စွမ်းအင်ကို သုံးလျှက် နောက်ယောင်ခံသည့် စွမ်းရည်တစ်မျိုး ဖြစ်သည်။ ဟင်းလင်းပြင် အကျဥ်းထောင်ကတော့ နာမည်အတိုင်းပင် ရိုးရှင်းကာ ရန်သူ ဘေးနားရှိ ဟင်းလင်းပြင် စွမ်းအင်များကို ထိန်းချုပ်လျှက် အကျဥ်းခန်းတစ်ခု သဖွယ် ဖန်တီးခြင်းမျိုး ဖြစ်သည်။
ကျင့်ကြံခြင်း အခြေခံက ပိုမို သန်မာလာလေလေ ထိုစွမ်းရည် နှစ်မျိုးမှာလည်း ပိုမို တိုးတက်လာလေလေ ဖြစ်သည်။ ကျင့်ကြံခြင်း အဆင့်တူသူ သို့မဟုတ် ပိုမို မြင့်မားသူများသာလျှင် ထိုတိုက်ခိုက်မှုများကို ခုခံရန် ဖြစ်နိုင်ချေ ရှိသည်။
ဟင်းလင်းပြင် အကျဥ်းထောင် စွမ်းအားကို ပထမဆုံး အကြိမ် ခံစားရင်း ဝေ့ဝူယင်၏ မျက်လုံးများက ငွေရောင် တောက်ပသွား၏။ သူက တည်ငြိမ်စွာပင် ခရာတိုနှင့် ဆက်သွယ်ကာ ဟင်းလင်းပြင် အင်အားကို ထုတ်လွှတ် လိုက်သည်။ ကျောက်တုံးတစ်ခု သဖွယ် မာကျောနေသည့် အကျဥ်းထောင်မှာ တစ်ခဏအတွင်းမှာပင် ရေသဖွယ် နူးညံ့ပျော့ပျောင်းသွားကာ ပြိုကျပျက်စီးသွား၏။
“ဘာလဲ...”
မိန်းမကြီး၏ မျက်နှာထက်၌ မယုံကြည်နိုင်ခြင်းများ အထင်းသား ပေါ်ထွက်လာ၏။ ဝေ့ဝူယင်မှာ နောက်သို့ မဆုတ်တော့ချေ။ သူက နဂါးအင်အားကို ဆက်သွယ်ကာ လက်သီးတွင် စုစည်းလိုက်၏။
“ဂါး...”
ကြောက်မက်ဖွယ် နဂါး အော်ဟစ်သံ တစ်ခုမှာ ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာ၏။ ခရမ်းရောင် လေထုမှာ ကြောက်မက်ဖွယ် ကောင်းအောင် တိုက်ခတ်လာကာ မြေအောက်မြို့တော်ကြီး တစ်ခုလုံးမှာ တုန်ရီ ယိမ်းထိုးသွား၏။
ဘုန်း...
စက္ကန့်ပိုင်း အတွင်းမှာပင် ပေါက်ကွဲသံ တစ်ခုကို အားလုံးကြားလိုက်ရ၏။ ထို့နောက် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာကာ ပုံရိပ်တစ်ခုမှာ နောက်သို့ အရှိန်အဟုန်နှင့် လွင့်ပျံသွား၏။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ၎င်းက အနီးအနားရှိ အဆောက်အအုံ တစ်ခုကို ဝင်ရောက် တိုက်ခတ်မိကာ အထဲသို့ပင် ဖောက်ဝင်သွားလေသည်။
မိန်းမကြီးအား တိုက်ခိုက်ပြီးသည်နှင့် ဝေ့ဝူယင်က ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ ချက်ချင်းပင် နောက်ကို ဆုတ်ခွာလိုက်၏။
ဘုန်း...
မူလက သူ ရပ်ခဲ့သော နေရာကို ပါးလွှာသော ဓားတစ်စင်းက ကျဆင်းသွားကာ မြေပြင်ပြင် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ဓားအား ကိုင်ဆောင်ထားသူကတော့ စောစောက အယ်ဗန် ယောက်ျားကြီးပင်။
ဘုန်း... ဘုန်း...
ဓားပါးလေးနှင့် အတူ ရေတံခွန် ကဲ့သို့ ကြယ်တာရာ အင်အားလှိုင်းများမှာ ဝေ့ဝူယင်ထံ တစ်ဆင့်ပြီး တစ်ဆင့် တိုးဝင်လာ၏။ ထိုအခိုက်၌ ကမ္ဘာကြီး တစ်ခုလုံး တုန်ရီနေသည့်တိုင် ဝေ့ဝူယင်ကတော့ မထိမခိုက် ရှိနေသေးဆဲ ဖြစ်သည်။
ဓားပါးတွင် ခိုအောင်းနေသည့် အလင်း စွမ်းအင်များကို ကြည့်ရင်း ဤလူကြီးမှာလည်း ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်မှန်း ဝေ့ဝူယင် သိရှိလိုက်သည်။ ကြယ်တာရာ အင်အားလှိုင်းများကို ငါးတစ်ကောင်လို တည်ငြိမ်စွာပင် လိမ်ပတ် ရှောင်တိမ်းရင်း နဂါးအင်အားကို ဝေ့ဝူယင် နောက်တစ်ကြိမ် ပြန်လည် စုစည်းလိုက်၏။
ဘုန်း...
ပထမတစ်ကြိမ်ကလိုပင် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာကာ အရိပ်တစ်ခုမှာ နောက်သို့ လွင့်စဥ်လျှက် အဆောက်အအုံတစ်ခုထဲ ထိုးဖောက် ဝင်ရောက်သွား၏။ သို့သော်လည်း ယခုတစ်ကြိမ် နောက်သို့ လွင့်စဥ်သွားရသူကတော့ အယ်ဗန်မျိုးနွယ် မဟုတ်ချေ။ ဝေ့ဝူယင် ကိုယ်တိုင်ပင်။
ဝှစ်...
အယ်ဗန်မျိုးနွယ် လူကြီးမှာ ဝေ့ဝူယင်ကို တိုက်ခိုက်ပြီးသည်နှင့် အသက်လတ် မိန်းမကြီး လွင့်စဥ်သွားသည့် အဆောက်အအုံဘက်သို့ ပြေးလွှားသွား၏။ သူက ဝိညာဥ်အာရုံကို ဖြန့်ကျက်ရင်း အသံလှိုင်း တစ်ခုကို ပို့လွှတ် လိုက်သည်။
“မိန်းမ... မင်း အဆင်ပြေရဲ့လား...”
အယ်ဗန် လူကြီး၏ အသံက စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေ၏။ ထိုလေသံနှင့် အသုံးအနှုန်းတို့က သူနှင့် အသက်လတ် မိန်းမကြီးမှာ လင်မယားများ ဖြစ်ကြကြောင်း ဖော်ပြနေသည်။
“ကျွန်မ အဆင်ပြေတယ်...”
ပြန်လည် ဖြေကြားသံနှင့် အတူ မိန်းမကြီးမှာ အဆောက်အဦထဲမှ ထွက်ပေါ်လာ၏။ ထို့နောက် တစ်ခဏ အတွင်းမှာပင် ယောက်ျားဖြစ်သူ၏ နံဘေးသို့ ပြန်လည် ရောက်ရှိလာသည်။ သူမ၏ မျက်ဝန်းများထက်တွင်တော့ အံ့အားသင့်မှုနှင့် စိတ်ရှုပ်ထွေးမှု အချို့က ရောထွေးနေခဲ့သည်။
“သူက ဘယ်သူလဲ ရှင်သိလား...”
သူမက ယောက်ျားဖြစ်သူကို မေးလိုက်၏။ သို့သော်လည်း လူကြီးက ပြန်မဖြေချေ။ ထို့အစား ဝေ့ဝူယင် လွင့်ပျံသွားသည့် အဆောက်အဦ ရှိရာကိုသာ လှမ်းကြည့်နေ၏။
“ရှာဖွေလိုက်ကြတာပေါ့...”
လူကြီး၏ မျက်လုံးများက တောက်ပလာကာ ကြယ်တာရာ အင်အားကို စတင် စုစည်းလိုက်သည်။ သူက အစွမ်းထက်သည့် ကျင့်စဥ်တစ်ခုကို ထုတ်ဖော်တော့မည့်ပုံ ရသည်။
“နေဦး...”
ရုတ်တရက် မိန်းမကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ လူကြီးက နားမလည်ဟန်ဖြင့် လှည့်ကြည့်လိုက်ရာ ဇနီးဖြစ်သူ၏ မျက်နှာတစ်ခုလုံးမှာ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်လိုက်ရလေသည်။
“ကျူး... ကျူးအာ အဲဒီအထဲမှာ”
“ဘုန်း....”
စကားမဆုံးသေးခင်မှာပင် အဆောက်အဦ အတွင်းမှ ပေါက်ကွဲသံ တစ်ခုကြားလိုက်ရ၏။
“နောက်ကျသွားပြီ...”
ထို့နောက် လှောင်ရယ်သံနှင့် အတူ ပုံရိပ် တစ်ခုမှာ ခေါင်မိုးကို ဖောက်ကာ ထွက်ပေါ်လာည်။ ထိုပုံရိပ်က အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဝေ့ဝူယင်ပင် ဖြစ်ကာ မိန်းကလေး တစ်ယောက်ကို ခါးမှ ကိုင်ကာ ပွေ့ချီထား၏။ သူမကတော့ အိကျူးလင်ပင်။
ထိုအခိုက်၌ အိကျူးလင်မှာ အသိစိတ် လွတ်နေသည့် အခြေအနေ တစ်ခုတွင် ရှိနေကာ သူမ၏ အရောင်အဝါမှာလည်း တင်းကြပ်စွာ ချည်နှောင်ခံထားရသည်။ ရှင်းလင်းစွာပင် သူမ အဖမ်းခံလိုက်ရပြီ ဖြစ်လေသည်။
အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်အား တစ်ပြိုင်နက်တည်း ယှဥ်၍ တိုက်ခိုက်ရန် မလွယ်ကူကြောင်း ဝေ့ဝူယင် သိရှိပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူက အကွက်ချကာ အိကျူးလင်အား အရင်ဦးဆုံး ဖမ်းဆီးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ထိုအစီအစဥ်က အလုပ်ဖြစ်လေရာ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
“ဂန်းရှု... သူ့ကို လွှတ်လိုက်စမ်း...”
အသက်လတ် လူကြီးက အမိန့်ပေးလိုက်၏။ သူ၏ မျက်လုံးများကတော့ ပြင်းထန်သော ဒေါသတရားဖြင့် တဟုန်းဟုန်း လောင်ကျွမ်းနေသည်။ သို့သော်လည်း ကံဆိုးစွာပင် ထိုဒေါသတရားကို ဖောက်ခွဲ၍ မရ။ အိကျူးလင်မှာ ယခုမှ ဝိညာဥ်ဆင်းတု အဆင့် ဖြစ်သည်။ တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးဒဏ်ကို သူမ ဘယ်လိုမှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
အသက်လတ် လူကြီး၏ ပြင်းပြင်းထန်ထန် တုန့်ပြန်ပုံနှင့် မိန်းမကြီး၏ ရုပ်ရည်သွင်ပြင်တို့ကို အကဲခတ်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တလက်လက် တောက်ပသွား၏။
“မိဘတွေလား...”
သူ့နှုတ်ခမ်းထက်တွင် ဖြူရော်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ အိကျူးလင်၏ မိဘများကို ရိုက်နှက်ခြင်းက အကြံကောင်း တစ်ခုတော့ မဟုတ်ချေ။ မည်ကဲ့သို့ လုပ်ရမည်နည်း၊။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ရင်း ကောင်းကင်တွင် ထွန်းလင်းနေသည့် အလင်းစက်ဝန်းကြီးကို မော့ကြည့်လိုက်၏။ ထို့နောက် သူ၏ ငွေရောင်မျက်လုံးများက အနည်းငယ် အရောင်ပြောင်းလဲသွားကာ အယ်ဗန်စုံတွဲကို ပြန်လည် ကြည့်လိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက်က ကျုပ် ပြိုင်ဘက် မဟုတ်ဘူး... အေးအေးဆေးဆေး နောက်ဆုတ်ပေးပါ... ကျုပ် ခင်ဗျားတို့ကို အန္တရာယ် မပြုချင်ဘူး”
“ ... “
အယ်ဗန် မျိုးနွယ် လင်မယား နှစ်ယောက်မှာ လုံးဝ ဆွံ့အသွား၏။ ဝိညာဥ်ဆင်းတု အဆင့် ကျင့်ကြံသူလေး တစ်ယောက်က သူတို့ကို ပြိုင်ဘက် မဟုတ်ဟု ပြောလိုက်သည်လား။ အကယ်၍ အခြား အခြေအနေ တစ်ခုတွင် ထိုကဲ့သို့ စကားလုံးများကို ကြားမိပါက သူတို့ အော်ဟစ်ကာ ရယ်မောမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ သူတို့ မရယ်နိုင်ကြပါချေ။ ထိုလူငယ်လေးမှာ သူတို့ နှစ်ယောက်၏ တိုက်ခိုက်မှုများကို မထိမခိုက် ရှောင်တိမ်းနိုင်ခဲ့သည့် အပြင် အိကျူးလင်ကိုပါ လက်ရ ဖမ်းဆီးထားနိုင်ခဲ့သည် မဟုတ်ပါလား။
“သူက ကျင့်ကြံခြင်း အခြေခံကို ဖွက်ထားတာလား... ထူးဆန်းတဲ့ ရတနာ တစ်မျိုးမျိုးကို ပိုင်ထားလို့လား... ဒါမှမဟုတ် သူ့နောက်မှာ အင်အားကြီး အဖွဲ့အစည်းတစ်ခုခု ရှိနေလို့လား”
ဘာပဲဖြစ်ဖြစ်... ထိုလူငယ်မှာ သူတို့ ပိုင်နက်ထဲကို ဝင်ကာ သူတို့ သမီးကို ဖမ်းဆီးထားခဲ့သူ ဖြစ်သည်။ သူ့စကားကို နားထောင်စရာ အကြောင်း မဟုတ်ချေ။ ပြင်းထန်သော ဒေါသတရားက တရိပ်ရိပ်နှင့် သူတို့ မျက်လုံးများထဲတွင် ပြန်လည် တောက်လောင်လာခဲ့၏။
တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ ထိုဖြစ်ရပ်ကို အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်က စောင့်ကြည့်နေသလို ခံစားနေရ၏။ ထိုပုဂ္ဂိုလ်မှာ သူတို့ကိုသာမက မြေအောက်မြို့တော်ကြီး တစ်ခုလုံးကိုပါ ကုန်းမြေတိုက်ကြီး စောင့်ရှောက်သူလိုမျိုး အုပ်မိုးကာ ကြည့်ရှုနေခဲ့ခြင်း ဖြစ်သည်။
ထိုကျင့်ကြံသူမှာ အလွန် အစွမ်းထက်ပုံရကာ အနိမ့်ဆုံး အလင်းရောင်ပြန်ခြင်း အထွတ်အထိပ် အဆင့်၌ ရှိနေနိုင်ပေသည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် သို့မဟုတ် လောကသခင် အဆင့်ပင် ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ရင်း အရာအားလုံးကို တစ်ခဏ လျစ်လျူထားလိုက်၏။ လောလောဆယ် အရေးအကြီးဆုံးက ဤမြေအောက်မြို့တော်မှ လွတ်မြောက်ဖို့ ဖြစ်ပေသည်။
တစ်ချိန်တည်း၌ အိကျူးလင်၏ မိဘနှစ်ပါးမှာလည်း တစ်ယောက်ကို တစ်ယောက် ဝိညာဥ် အာရုံဖြင့် ဆက်သွယ်ကာ ဆွေးနွေးနေကြ၏။
“ဝင်္ကပါတွေ ဘာလို့ အသက်ဝင်မလာသေးတလဲ...”
မိန်းမကြီးက မေးလိုက်သည်။ မြို့တော်ထဲတွင် အဓိက ဝင်္ကပါ နှစ်ခု ရှိပြီး တစ်ခုမှာ မြို့တော်ကြီး တစ်ခုလုံးနှင့် ချိတ်ဆက်ထားကာ အခြားတစ်ခုမှာမူ ရဲတိုက်ကြီး အတွင်းတွင် ရှိသည်။ လွန်ခဲ့သည့် မိနစ်ပိုင်း အတွင်းတွင် ကြယ်တာရာ အမြုတေ အဆင့် တိုက်ပွဲ နှစ်ခု ဖြစ်ပွားခဲ့ရာ ထိုဝင်္ကပါ နှစ်ခုမှာ အလိုအလျောက် အသက်ဝင် လာသင့်သည်။
ဖခင်ဖြစ်သူမှာ ဒေါသထွက်နေဆဲ ဖြစ်သည့်တိုင် စိုးရိမ်ပူပန်မှုများက သူ့မျက်လုံးများထဲ၌ ပေါ်ထွက်နေသည်။
“ငါ ရဲတိုက်ဝင်္ကပါကို အသက်သွင်းဖို့ ကြိုးပမ်းပြီးပြီ... အလုပ်မဖြစ်ဘူး... နောက်ပြီး မြို့တော် ဝင်္ကပါနဲ့လည်း ခုထိ ဆက်သွယ်လို့ မရဘူး”
“ဘာဖြစ်တာလဲ... ဘာလို့လဲ”
မိန်းမကြီးက မေးလိုက်သော်လည်း ယောက်ျားဖြစ်သူထံတွင် အဖြေရှိပုံ မရချေ။ သူက မသေချာ မရေရာစွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်၏။
အယ်ဗန် လင်မယား၏ တုန့်ဆိုင်းနေပုံကို ကြည့်ကာ ဝေ့ဝူယင်မှာ စိတ်သက်သာရာ ရသွားသည်။ အိကျူးလင်၏ အသက်ကို ပဓာန မထားပဲ သူတို့ တဇွတ်ထိုး တိုက်ခိုက်လာမည်ကိုသာ သူ စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။ ဝင်္ကပါးများအတွက်ကိုတော့ သူ စိတ်မပူပါချေ။ အစောကတည်းကပင် ကောင်းကင်ဘုံ နတ်မျက်လုံးကို သုံး၍ ဝင်္ကပါ ဗဟိုကို ရှာဖွေကာ အဂ္ဂိရတ် စွမ်းအင်ဖြင့် ထိန်းချုပ်ထားပြီး ဖြစ်သည်။
သို့သော်လည်း... အချိန်အကြာကြီးတော့ ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။ အလွန်ဆုံး မိနစ်ပိုင်းလောက်သာ သူ့တွင် အချိန်ရပေတော့သည်။
“ကောင်းပြီလေ... ကျုပ် ထွက်သွားတော့မယ်...”
ဝေ့ဝူယင်က အိကျူးလင်နှင့် အခြား သုံ့ပန်းများကိုပါ အတန်းလိုက် ဆွဲခေါ်ရင်း ကောင်းကင်ပေါ်သို့ ပျံတက်လိုက်၏။ ထိုအခိုက်၌ သူက သေမျိုး မူလ အဆင့် မန်နာ ထိန်းချုပ်သည့် စွမ်းအင်ကို မသုံးပဲ လေဒြပ်စင် ကြယ်တာရာ အင်အားကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။ ထိုနည်းလမ်းက အခြားလူများ အတွက် စွမ်းအင်များစွာ ကုန်ဆုံးနိုင်သည့်တိုင် သူက မူလ မိုးကုပ်စက်ဝိုင်း အဆင့် ကြယ်တာရာ ဝိညာဥ်လေးခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ တစ်လကြာအောင် ပျံသန်းမည် ဆိုလျှင်ပင် သူ ပိုင်ဆိုင်ထားသည့် ကြယ်တာရာ အင်အားများမှာ ကုန်ခမ်းသွားလိမ့်မည် မဟုတ်ပါချေ။
ဟူး... ဟူး...
အိကျူးလင် အပါအဝင် အခြား လူသား သုံ့ပန်းများနှင့် အတူ ဝေ့ဝူယင်မှာ လျှင်မြန်စွာပင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
အိကျူးလင်၏ မိဘများမှာ နောက်မှ တိတ်တိတ်လေး လိုက်ရန် ဟန်ပြင် လိုက်ကြ၏။ သို့သော်လည်း သဘာဝ မကျစွာပင် သူတို့၏ လှုပ်ရှားမှုများက ရုတ်ချည်း ရပ်တန့်သွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။ သူတို့၏ မျက်နှာထက်တွင်တော့ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ် နေကြလေ၏။
ကောင်းကင်ထက်တွင်တော့ ဝေ့ဝူယင်က ပျံသန်းရင်း တစ်ချက် ပြုံးလိုက်သည်။
“မင်း ဘာလုပ်ပြနိုင်မလဲ ကြည့်ရသေးတာပေါ့...”
သူက တိတ်တဆိတ် ရေရွတ်လိုက်၏။ ထိုအခိုက်၌ သူ၏ ငွေရောင် မျက်လုံးများကတော့ စိတ်လှုပ်ရှားမှုများဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေသည်။
***