လှေကားထစ်များ
Vol. 105 Ch. 1458
ရှေးဟောင်းခေါင်းလောင်းသံသည် နဝမဂိုဏ်းတစ်ခွင် ပျံ့လွင့်နေ၏။ ရှေးခေတ်မှ လေပြင်းတစ်ချက် တိုက်ခတ်လိုက်သကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းလုံး အုတ်အုတ်ကျွက်ကျွက် ဖြစ်သွားကြပြီး အကုန်လုံး အာကာပြင်ကျယ်မော်ကွန်းတိုက်တည်ရှိရာ တောင်ထိပ်သို့ လှမ်းကြည့်လိုက်ကြသည်။
“အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်နေတဲ့ တစ်ယောက်ယောက်တော့ ... လှေကားထစ် ၁၀၀၀ ကို ကျော်သွားပြီ”
“ဒါမျိုး မကြားရတာကြာပြီဟ။ အခုနှစ်ပိုင်း အဲဒီလိုလုပ်နိုင်တဲ့လူတွေ သိပ်မတွေ့ရတော့ဘူး”
“ဘယ်သူများပါလိမ့်။ လှေကားထစ်တစ်ထောင်ခေါင်းလောင်းက ကောင်းချီးပေးနိုင်တယ်။ ဒါပေမဲ့ ခေါင်းလောင်းသံက အဲဒီလှေကားထစ်တွေကို ပထမဆုံးအကြိမ် လျှောက်နိုင်တဲ့လူအတွက် မြည်မှာ။ ဒါကြောင့် အဲဒီတစ်ယောက်က လက်ရှိရွေးချယ်ခံတော့မဟုတ်ဘူး။ အသစ်တစ်ယောက်ပဲ ဖြစ်ရမယ်”
စကားသံများမှာ နေရာတိုင်းလိုလိုတွင် ဆူညံနေသည့်တိုင် အံ့ဩတုန်လှုပ်နေသံတော့ မပါပေ။ လှေကားထစ်တစ်ထောင်သာ မဟုတ်ပါလော...အများစုမှာ မည်သည့်ဂိုဏ်းသားက ပထမဆုံးအကြိမ် နာမည်ထင်ပေါ်လာသလဲဆိုသည်ကိုသာ သိချင်နေကြသည်။
သိချင်စိတ်မှာ မကြာခင် လျော့နည်းသွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အနီးနားရောက်နေခဲ့သော လူတစ်ရာခန့်မှအပ မည်သူမှ စပ်စုဖို့ အာကာပြင်ကျယ်မော်ကွန်းတိုက်သို့ ရောက်မလာပေ။ ထို့အပြင် နဝမဂိုဏ်းတွင် အဖွဲ့ဝင်သန်းချီရှိသည့်အတွက် တစ်ရာခန့်မှာ ... မပြောပလောက်သည်သာ။
သို့သော် လှေကားထစ်တစ်ထောင်အောက်ရှိ ဂိုဏ်းသားအားလုံး လုံးလုံးလျားလျား အံ့ဩတုန်လှုပ်နေကြသည်။ မန်ဟို သူတို့မလှမ်းနိုင်ခဲ့သော လှေကားထစ်များကို နင်းလျှောက်သွားခဲ့သည်ကို သူတို့ကိုယ်တိုင် မြင်ခဲ့ရသည်မဟုတ်ပါလော။ ထို့နောက် ခေါင်းလောင်းသံမြည်လာရာ သူတို့အားလုံး ပင့်သက်ရှိုက်မိကြတော့သည်။
သူ မည်သူမှန်း စဉ်းစားနေရန် သူတို့တွင် အချိန်မရှိသော်လည်း ဤပုဂ္ဂိုလ်သည် .... တော်ရုံတန်ရုံလူမဟုတ်ကြောင်း သူတို့အားလုံး ခံစားနေကြရလေပြီ။
“သူ သွားတာ မြန်လိုက်တာ”
“အစ်ကိုကြီးပိယွင်နဲ့ ကျန်တဲ့သူတွေတုန်းကလည်းမြန်ပေမယ့် .... သူတို့က ထိပ်ဆုံးတစ်ထောင်ထဲ ဝင်တဲ့သူတွေ။ တချို့ဆို ထိပ်ဆုံးတစ်ရာထဲတောင် ဝင်တယ်”
“ဒီလူက... ထိပ်ဆုံးတစ်သောင်းထဲ ဝင်ရင် ဝင်လောက်တယ်” လူတိုင်း အံ့ဩတုန်လှုပ်နေကြစဉ် ဖန်မုသည် အေးအေးလူလူ တစ်လှမ်းချင်း ဆက်သွားနေ၏။ သူ၏ခြေလှမ်းများက မမြန်သလို၊ နှေးလည်းမနှေး ဖြေးဖြေးမှန်မှန်သာ။
လှေကားထစ် ၁၂၀၀၊ လှေကားထစ် ၁၅၀၀။
ဖန်မု ကျန်ဂိုဏ်းသားများကို ဖြတ်ကျော်သွားသည့်အခါ ထိုလူများမှာ သူ အေးအေးလူလူလျှောက်နေသည်ကို ကြည့်ရင်း ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့ကြလေသည်။
ဖန်မု လှေကားထစ်များကို သက်တောင့်သက်သာနင်း၍ လျှောက်နေသောပုံစံက ပင့်သက်ရှိုက်သံများကို ပိုမိုကျယ်လောင်လာစေသည်။
လှေကားထစ် ၁၈၀၀... မကြာမီ သူကား ၁၉၉၉ ထစ်မြောက်နှင့် နီးကပ်နေချေပြီ။
ထိုလှေကားထစ်ပေါ်တွင် သက်လတ်ပိုင်းလူတစ်ယောက် ဟောဟဲဟောဟဲ အသက်ရှူလျက် ရပ်နေသည်။ အမောဖြေပြီးနောက် သူသည် အထစ် ၂၀၀၀ မြောက်အား နင်းဖို့ ရှိရှိသမျှ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ရင်း ခြေထောက်ကို မြှောက်လိုက်သည့်အခါ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ၏။
“မင်း လုပ်နိုင်တယ် ရွှီလျုတ်” သူက သူ့ကိုယ်သူ အားပေးသည်။ “မင်းလုပ်ဖို့ လိုတာက ခြေထောက်လေး ချလိုက်ရုံပဲ။ ပြီးရင် ခေါင်းလောင်းမြည်ပြီး မင်း ကောင်းချီးပေးခံရလိမ့်မယ်။ မင်းရဲ့ကျင့်ကြံခြင်းအခြေခံလည်း အဆင့်တက်မယ်။ ဂိုဏ်းထဲမှာ နာမည်လည်း ရလိမ့်မယ်” သို့သော် မြေကြီးမှ ပြန်ကန်နေသော တွန်းအားက သူ့ခြေထောက်ကို ပြန်ချဖို့ ခက်ခဲနေစေသည်။
ဤအခိုက်အတန့်တွင် သူသည် သူ့အနောက်၌ လူငယ်တစ်ယောက်ရှိနေကြောင်း ရုတ်တရက် သတိထားမိလိုက်၏။ လူငယ်သည် ချောမောခန့်ညားပြီး လှေကားထစ်များအတိုင်း တက်လာနေစဉ် ဘာဆိုဘာမှခံစားရပုံမပေါ်ပေ။ သူက ပြုံး၍ပင် လှမ်းကြည့်နေသေး၏။
သက်လတ်ပိုင်းလူခမျာ မှင်သက်သွားသည်။ သူ့မှာ သူ့မျက်စိသူမယုံနိုင်ဖြစ်နေစဉ် ဖန်မုက သူ့ဘေးမှ ဖြတ်ကာ အထစ် ၂၀၀၀ မြောက်အပေါ် နင်း၍ ဆက်လျှောက်သွားလေပြီ။
“မဖြစ်နိုင်တာ” သက်လတ်ပိုင်းလူမှာ ချာချာလည်မူးဝေနေပြီး မယုံကြည်နိုင်ပေ။ သူက ဖန်မုကို လှမ်းကြည့်ပြီးနောက် သူ့ခြေထောက်သူ ငုံ့ကြည့်သည်။ သူ့အတွက် ထိုတစ်ထစ်မှာ အတိုင်းထက်အလွန် ခက်ခဲနေခဲ့သော်လည်း ဤလူငယ်က မြေညီကို နင်းသွားသကဲ့သို့ အေးအေးဆေးဆေး လျှောက်သွားလေသည်။ သက်လတ်ပိုင်းလူသည် သူ ယခုလေးတင် မြင်ခဲ့သည့်အရာကို ယုံကြည်ဖို့ ခဲယဉ်းနေ၏။
ထစ်ချုန်းသံများ သူ့စိတ်ထဲတွင် ပြည့်နှက်သွားပြီး သူ့အတွေးများ ကမောက်ကမဖြစ်ကုန်သည်။ အားကြီးတစ်ရပ်က သူ့ကို တွန်းနေသဖြင့် ထိုအထစ် ၂၀၀၀ အပေါ် သူ ခြေမချနိုင်ဖြစ်နေသည်။ သူ့မှာ ဆက်တက်သွားသော ဖန်မုကျောပြင်ကို ကြည့်ရင်း နောက်ယိုင်သွားလေသည်။
ထိုအချိန်မှာပဲ ခေါင်းလောင်းသံ ဒုတိယမ္ပိထွက်ပေါ်လာသည်။ ဤတစ်ခေါက်တွင် နှစ်ကြိမ်မြည်၏။
ဒေါင် ဒေါင်...
အာကာပြင်ကျယ်မော်ကွန်းတိုက်မှ အသံက နဝမဂိုဏ်းတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်သွားကာ အံ့ဩတုန်လှုပ်ခြင်းတို့ ပျံ့နှံ့သွားစေတော့သည်။
အံ့ဩတုန်လှုပ်ရသည့်အကြောင်းရင်းမှာ ပထမခေါင်းလောင်းသံနှင့် ဒုတိယခေါင်းလောင်းသံအကြား အချိန်သိပ်မကွာ၍ပင်။ အမွှေးတိုင်တစ်တိုင်ထွန်းစာထက်ပင် နည်း၏။
“ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ဟာသပဲ။ ပထမဆုံး လှေထားထစ် ၁၀၀၀ ကို တစ်ယောက်ရောက်တယ်။ နောက်တစ်ယောက်က လှေထားထစ် ၂၀၀၀ ကို ရောက်တယ်တဲ့လား”
“စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။ ပြီးရင် အထစ် ၃၀၀၀ ကို တစ်ယောက်ယောက် ရောက်ဦးမလားမသိဘူး” နမဝဂိုဏ်း၏ကျင့်ကြံသူများသည် အံ့အားသင့်နေကြသော်လည်း ရယ်ရယ်မောမောဖြင့် ဟာသလုပ်နေကြ၏။ တစ်ယောက်တည်းက ခေါင်းလောင်းကို နှစ်ကြိမ်မြည်စေနိုင်ခြေကို သူတို့မတွေးမိခြင်းမဟုတ်ပေ။ သို့သော် အမွှေးတိုင်တစ်တိုင်ထွန်းစာမျှသာ ကြာကြောင်း သတိထားမိသောအခါ ထိုအတွေးများကို ခေါင်းထဲမှထုတ်လိုက်ခြင်း ဖြစ်သည်။
အာကာပြင်ကျယ်မော်ကွန်းတိုက်၏ ထိပ်ဆုံး ၁၀၀၀ စာရင်းဝင်သော တစ်စုံတစ်ယောက် လှေကားထစ်များအတိုင်း တက်နေခြင်းမဟုတ်သရွေ့ ... မဖြစ်နိုင်ခြေမရှိသည်သာ။
ယန်အာပင်လျှင် အာကာပြင်ကျယ်မော်ကွန်းတိုက်သို့ ပျံသန်းရင်း အံ့အားသင့်နေသည်။ ရုတ်တရက် ပြင်းပြသော မျှော်လင့်ချက်တို့သည် သူမနှလုံးသားထဲတွင် ပေါက်ဖွားလာ၏။
“မဟုတ်မှ ... ဆရာက ခေါင်းလောင်းသံတွေနဲ့ ပတ်သက်နေတာလား” ယခင်အတိုင်းဆိုလျှင် သူမ ထိုသို့စဉ်းစားမိမည်မဟုတ်ပေ။ သို့သော် ယခုတွင် နဝမပါရာဂွန်နှင့် သူမဆရာက အလွန်ဆင်နေသည့်ခံစားချက်ကို ရင်ထဲမှ ထုတ်မရဖြစ်နေ၏။ သူတို့နှစ်ယောက်မှာ ခွဲမရအောင် ရုပ်ချင်းမဆင်သော်လည်း သူတို့နှင့်ပတ်သက်၍ တစ်စုံတစ်ခု၊ သူတို့အရှိန်အဝါနှင့်ပတ်သက်၍ တစ်စုံတစ်ခုက တစ်ထပ်တည်းကျနေသယောင်ပင်။
ယန်အာ ရင်ခုန်လာသည်။ သူမသည် ဆေးတစ်လုံးထုတ်၍ စားပြီးနောက် အရှိန်တင်လိုက်၏။
ခေါင်းလောင်းသံနှစ်သံက ဂိုဏ်းသားများကို စုဝေးလာစေသည်။ အစက တစ်ရာခန့် ရှိခဲ့သော်လည်း ယခုမူ တစ်ထောင်ကျော်နေလေပြီ။ အကုန်လုံးက အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိတ်ဝင်တစား ကြည့်နေကြ၏။
“လှေကားထစ်တစ်ထောင်ကို ဖြတ်ကျော်သွားတာ ဘယ်သူမှန်း မသိရတာ ဆိုးတာပဲ။ လှေကားထစ်နှစ်ထောင်ကို ဖြတ်သွားတာကတော့... အစ်ကိုကြီးရွှီလျုတ်များ ဖြစ်နေမလား။ အရင်နှစ်တွေတုန်းက သူ ၁၉၉၉ ထစ်မြောက်မှာ တစ်နေခဲ့တာလို့ ငါ ကြားဖူးတယ်”
“အာကာပြင်ကျယ်မော်ကွန်းတိုက်မှာ လှေထားထစ် စုစုပေါင်းတစ်သိန်း ရှိတယ်။ ပထမအထစ်တစ်သောင်းမှာ တစ်ထောင်ရောက်တိုင်း ခေါင်းလောင်းမြည်မယ်။ ပြီးရင် အထစ်တစ်သောင်းတိုင်း မြည်မယ်။ အထစ်ရှစ်သောင်းကို ရောက်ရင်တော့ ထိပ်ဆုံး ၃၀၀၀ စာရင်းဝင်မယ်။ မင်းနာမည်ဟာ အာကာပြင်ကျယ်ကျောက်တိုင်ထက်မှာ ပေါ်လာလိမ့်မယ်”
“ခေါင်းလောင်းတတိယအကြိမ် မြည်မှာကို ငါတော့ ကြားချင်နေပြီဟေ့” လူတိုင်း ရယ်ရယ်မောမော ပြောနေကြသော်လည်း တတိယခေါင်းလောင်းသံကို အမှန်တကယ် မျှော်လင့်နေသူများတော့ မရှိကြပေ။ သို့သော် ...
အာကာပြင်ကျယ်မော်ကွန်းတိုက်နှင့်တောင်တစ်တောင်လုံး တုန်ခါလာကာ တတိယခေါင်းလောင်းသံအား ... ကြားလိုက်ရတော့သည်။
ဒေါင် ဒေါင် ဒေါင်
ခေါင်းလောင်းသံသုံးချက်က ရှေးဟောင်းအရှိန်အဝါကို သယ်ဆောင်လျက် ပဲ့တင်ထပ်လာသည်။ ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှာ ကြက်သေသေသွားကြပြီး မျက်လုံးပြူးကုန်ကြ၏။ လူတိုင်း အာကာပြင်ကျယ်မော်ကွန်းတိုက်အား မော့ကြည့်လိုက်ကြလေသည်။
ထိုအုပ်စုလေးသာမဟုတ်။ နဝမဂိုဏ်းရှိ ဂိုဏ်းသားအတော်များများလည်း အာကာပြင်ကျယ်မော်ကွန်းတိုက်ရှိရာသို့ တအံ့တဩ လှည့်ကြည့်လိုက်ကြ၏။
“တတိယခေါင်းလောင်းသံ”
“အမွှေးတိုင်တစ်တိုင်ထွန်းစာတောင် မကြာသေးဘူး”
“ဒီခေါင်းလောင်းသံက ဘယ်သူ့အတွက်တုန်းဟ ... အံ့ဩစရာကောင်းချက်ပဲ၊ လှေကားထစ် ၁၀၀၀ အတွက် တစ်ယောက်၊ ၂၀၀၀ အတွက် တစ်ယောက်၊ ၃၀၀၀ အတွက် တစ်ယောက်တဲ့လေ...”
အားလုံးနှင့်ဆန့်ကျင်ဘက်ကတော့ လှေကားထစ် ၃၀၀၀ ၏ အောက်ရှိ ဂိုဏ်းသားများပင်။ ခေါင်းလောင်းသံများကို မြည်စေခဲ့သည်မှာ လူသုံးယောက်မဟုတ်ဘဲ ... တစ်ယောက်တည်းဖြစ်ကြောင်း သူတို့ သိကြသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့အားလုံး ချာချာလည်မူးဝေနေကြတော့သည်။
အမွေးတိုင်တစ်တိုင်ထွန်းစာပင် မကြာသေး .. ဖန်မုက လူတိုင်းကို ကျော်တက်သွားခဲ့သည်။ သူသည် ခေါင်းလောင်းသံသုံးချက်ကို မြည်စေခဲ့သောလူပင် ဖြစ်၏။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ အမွှေးတိုင်တစ်တိုင်ထွန်းစာလေးအတွင်းနဲ့ လှေကားထစ်တစ်ထောင်တဲ့လား...”
“ဒီနေ့ကတော့ တစ်ခုခုပဲဟေး” ဤလူတစ်ယောက်မှ လှေကားထစ်များအား ဆက်တက်လိုစိတ်မရှိတော့ပေ။ အရှေ့ရှိ လှေကားထစ်များကို မော့ကြည့်လိုက်သောအခါ သူတို့သည် တစ်ထစ်ပြီးတစ်ထစ် တက်သွားနေသော ဖန်မုကို မြင်နေရသကဲ့သို့ မောဟိုက်ပင်ပန်းလာကြ၏။
ဖန်မုအတွက်တော့ အမှန်တကယ် အပန်းမကြီးပေ။ ဤအခိုက်အတန့်တွင် သူသည် လှေကားထစ် ၃၅၀၀ ကို တက်ခဲ့ပြီးသည့်အပြင် ဖိအားကိုလည်း အနည်းအကျဉ်းမျှ မခံစားရပေ။ ထိုမျှသာမက ခေါင်းလောင်းသံသုံးချက်က သူ့အား ကောင်းချီး၏အထိတွေ့များကို ခံစားရစေခဲ့သည်။
ကံဆိုးစွာနှင့် ခေါင်းလောင်းသံသည် သူ့ကို အပြည့်အဝကောင်းချီးပေးနိုင်သော အမှတ်သို့ မရောက်ရှိသေးသည့်အလား ခံစားချက်မှာ မပြည့်စုံသလိုပင်။
“စိတ်ဝင်စားစရာပဲ” သူက တွေးသည်။ “ခေါင်းလောင်းသံများများမြည်ဖို့ လိုတဲ့ပုံပဲ။ အကောင်းဆုံးက အဆက်မပြတ် မြည်နေအောင် လုပ်ဖို့ ဖြစ်မယ်” သူသည် ဆက်လျှောက်နေသော်လည်း တစ်လှမ်းလျှင် တစ်ထစ်တက်မည့်အစား သုံးထစ် စတက်၏။
သူ၏လှမ်းနှုန်းက သုံးဆမြန်သွား၍ မကြာခင်မှာပဲ ၃၇၀၀ ထစ်မြောက်သို့ ရောက်ရှိလာတော့သည်။ ထို့နောက် ၃၈၀၀၊ ၃၉၀၀၊ ၄၀၀၀။
သူကား အထစ် ၃၀၀၀ နှင့် အထစ် ၄၀၀၀ အကြားရှိ ကျင့်ကြံသူအားလုံးကို လျင်မြန်စွာ ကျော်ဖြတ်သွားလေပြီ။ သူတို့မှာ လေတစ်ချက်အဝှေ့နှင့်အတူ ဝါးတားတားအရိပ်တစ်ခု ဖြတ်သွားသည်ကိုသာ မြင်လိုက်ကြရ၏။
“ဘယ်... ဘယ်သူကြီးလဲ”
လူတိုင်း မှင်သက်လျက် ကျန်ခဲ့စဉ် လေးကြိမ်မြောက် ခေါင်းလောင်းသံ မြည်လာသည်။
အသံက နဝမဂိုဏ်းတစ်ဂိုဏ်းလုံးအား တုန်လှုပ်သွားစေ၏။ တောင်အနား၌ စုဝေးလာကြသော ကျင့်ကြံသူများ တစတစများပြားလာသည်။ ယခုတွင် ထောင်ချီနေပြီဖြစ်ပြီး သူတို့၏စကားသံများကား ပွက်ပွက်ညံနေတော့သည်။
သို့သော် .... သိပ်မဆူညံနိုင်ခင်မှာပင် ငါးကြိမ်မြောက်ခေါင်းလောင်းသံ ထွက်လာသည်။
ဖန်မုက အရှိန်ထပ်တင်ပြန်သည်။ တစ်လှမ်းလျှင် သုံးထစ်တက်မည့်အစား ဆယ်ထစ်တက်နေချေပြီ။ ထိုနှုန်းကြောင့် ခြောက်ကြိမ်မြောက်ခေါင်းလောင်းသံ မြည်လာပြီး အချိန်အနည်းငယ်ကြာသော် ခုနစ်ကြိမ်မြောက်ခေါင်းလောင်းသံ ထွက်လာသည်။ ၎င်းတို့က တစ်ပြိုင်တည်း မြည်နေကြလေ၏။
ခုနစ်ကြိမ်မြောက်ခေါင်းလောင်းသံ မရပ်တန့်ခင် ရှစ်ကြိမ်မြောက် ခေါင်းလောင်းသံ မြည်လာသည်... မည်မျှအံ့ဩစရာကောင်းပေနည်း။ ထို့နောက် ကိုးကြိမ်မြောက်ခေါင်းလောင်းသံက တစ်ဂိုဏ်းလုံးအား အံ့အားသင့်သွားစေတော့သည်။ ထို့နောက် ဆယ်ကြိမ်မြောက် .... အကုန်လုံး မျက်လုံးပြူး၍ ပါးစပ်အဟောင်းသား ဖြစ်နေချေပြီ။