မဖြစ်နိုင်ဘူး
Vol. 29 Ch. 397
မီးခိုးရောင် သဲသောင်မြေ တစ်နေရာ၌...
ဘုန်း...
မြေကြီးများမှာ လွင့်စဥ် ပေါက်ကွဲသွားကာ ပုံရိပ်အချို့ ထွက်ပေါ်လာ၏။ ဝေ့ဝူယင်က အနားယူခြင်း မပြုချေ။ လက်ဟန် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကာ အိကျူးလင်နှင့် အခြား သုံ့ပန်းများကို ကြယ်ပျံများ ကဲ့သို့ အဝေးတစ်နေရာဆီ ပစ်လွှတ်လိုက်၏။ ထို့နောက် သူက စောစောက ဖန်တီးထားခဲ့သော မြေကြီး အပေါက်ကြီးကို ကြည့်ကာ အသာအယာပင် ပြုံးလိုက်သည်။
“ဂန်းရှုလေး... မင်းက တော်တော် ယုံကြည်ချက် ရှိတာပဲ...”
တမူခြားကာ ဆွဲဆောင်နိုင်စွမ်း ရှိသည့် အသံတစ်ခုမှာ အောက်တည့်တည့်မှ ထွက်ပေါ်လာ၏။ ဝေ့ဝူယင်က အံ့သြခြင်း မရှိချေ။ သူက ပြုံးရုံသာ ပြုံးလိုက်၏။
“မင်းလည်း အတူတူပဲ မဟုတ်ဘူးလား... ငါ ရည်ရွယ်ချက် ရှိရှိ စောင့်နေတာကို သိတာတောင် နောက်က လိုက်လာရဲသေးတယ်... ငါက မင်းကို မသတ်နိုင်ဘူး ဆိုပြီး ယုံကြည်ချက် ရှိနေတယ်ပေါ့”
“ ... “
အောက်ရှိ အသံက တစ်ခဏမျှ တိတ်ဆိတ်နေ၏။ ထို့နောက် ၎င်းက တည်ငြိမ်စွာပင် ပြန်လည် ဖြေကြား လိုက်သည်။
“မင်းကြိုးစားကြည့်လို့ရတယ်...”
“ဟဟ...”
ဝေ့ဝူယင် ရယ်မောလိုက်စဥ်မှာပင် အောက်ရှိ မြေပြင်မှာ တဖြည်းဖြည်း စတင် တုန်ခါ လာခဲ့လေတော့၏။ ထို့နောက် ကျယ်လောင်သော မြည်ဟီးသံများနှင့် အတူ မီးခိုးရောင် ဆူးချွန်များမှာ မြေကြီးကို ဖောက်ကာ အပေါ်သို့ တိုးထွက်လာခဲ့သည်။ ၎င်းတို့မှာ အလွန်အမင်း ထူထပ်ကာ အရေအတွက် များပြားလွန်းရကား ဝက်သစ်ချပင် အုပ်အုပ်ကြီး တစ်ခုနှင့်ပင် တူနေသေးတော့၏။
ဝှစ်... ဝှစ်...
ဝေ့ဝူယင်က လျှင်မြန်စွာပင် ခြေလှမ်း အနည်းငယ် ဆုတ်ခွာလိုက်၏။ တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က မူလနေရာမှ မီတာရာဂဏန်း အထိ ကွာဝေးသွားသည်။
ရွှစ်... ရွှစ်...
မီးခိုးရောင် ဆူးချွန်များမှာ မျက်စိပါသည့် အလား ဝေ့ဝူယင် နောက်သို့ အဆက်မပြတ် လိုက်ပါလာကြကာ အဝတ်အစားများကိုပင် ထိုးဖောက်လုနီးပါး အထိ ဖြစ်သွားခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်က သရဲတစ္ဆေ တစ်ကောင်လိုပင် ပေါ်လိုက်ပျောက်လိုက်ဖြင့် ဆူးချွန်တစ်ခုချင်းစီကို အသာအယာပင် ရှောင်တိမ်းလိုက်သည်။
ရွှစ်... ရွှစ်...
ဆူးချွန်များမှာ အရေအတွက် ပိုမို များပြားလာကာ ပိုမို လျှင်မြန်လာ၏။ ၎င်းတို့က ဝေ့ဝူယင်၏ ထွက်ပေါက် အားလုံးကို ပိတ်ဆို့ကာ ရှောင်တိမ်းနိုင်သည့် နယ်မြေကို တဖြည်းဖြည်း ကျဥ်းမြောင်းပစ်လိုက်သည်။ စက္ကန့်ပိုင်းမျှ မကြာခင် ဝေ့ဝူယင်မှာ ချောင်ပိတ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
မီးခိုးရောင် သဲသောင်ပြင်ကျယ်တွင် အရိပ်တစ်ခု ကဲ့သို့ ကူးခပ်ကာ သူ့နောက်ကို အဆက်မပြတ် လိုက်နေသည့် ပုံရိပ်တစ်ခုကို ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် အတူ ဝေ့ဝူယင် တွေ့မြင်နေရ၏။ ထိုပုံရိပ်က တိကျသေချာမှု၊ ကျွမ်းကျင်မှုတို့နှင့် အတူ မြေကြီးအားလုံးကို ထိန်းချုပ်ထားကာ ကမ္ဘာကြီးကို ဖလှယ်နေသည်။
“မြေကြီး ရည်ရွယ်ချက်...”
ဝေ့ဝူယင် မှတ်ချက်ချရင်း ရှောင်တိမ်းနေသည့် လမ်းကြောင်းကို ပြောင်းလဲလိုက်၏။ ပြောရလျှင် သူ့တွင်လည်း မြေကြီး ရည်ရွယ်ချက် ရှိပေသည်။ ထိုထက်ပို၍ တိတိကျကျ ဆိုရလျှင် ၎င်းက ပျက်သုဥ်းခြင်း မြေကြီး ရည်ရွယ်ချက်ပင်။
ဝေ့ဝူယင် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ထို့နောက် သူက ခန္ဓာကိုယ် အနေအထားကို ပြောင်းလဲကာ မီးခိုးရောင် သဲသောင်ပြင်ထံ ကြယ်ကြွေတစ်စင်းလို ထိုးစင်းသွားသည်။
ဘုန်း...
သူ၏ ခြေထောက်နှစ်ဖက်က မြေကြီးနှင့် ထိတွေ့လေရာ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တဟုန်းဟုန်း တုန်ရီသွားချိန်တွင် သူ၏ မျက်လုံးများထဲ၌ အဖြူရောင် အလင်းတစ်ခုမှာ ဖျပ်ခနဲ လင်းလက်သွားသည်။
မူလ ဒြပ်စင် မြေကြီး ရည်ရွယ်ချက်...
ဝေ့ဝူယင် သူ့ကိုယ်ပိုင် ရည်ရွယ်ချက်ကို သုံးကာ မြေကြီးနှင့် ဆက်သွယ်လိုက်၏။ ရွည်ရွယ်ချက် နှစ်ခုမှာ လမ်းခုလတ်တွင်ပင် တိုက်ရိုက် တွေ့ဆုံသွားရာ အဆုံးမဲ့ မြေငလျင်လှိုင်းများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။ အကျိုးဆက် အနေဖြင့် အဆက်မပြတ် တိုးဝင်လာနေသည့် ဆူးချွန်များမှာ ရပ်တန့်သွားကာ မီးခိုးရောင် သဲသောင်ပြင်ပေါ် ပြန်လည် ပြုတ်ကျသွား၏။
သို့သော်လည်း... ဝေ့ဝူယင်က ရပ်တန့်ခြင်း မပြုချေ။
မူလ ဒြပ်စင် ပျက်သုဥ်းခြင်း မြေကြီး ရည်ရွယ်ချက်...
သူက ပတ်ဝန်းကျင်ရှိ ပျက်သုဥ်းခြင်း စွမ်းအင်များကို မြေကြီးများနှင့် ပေါင်းစပ်လိုက်၏။ ထို့နောက် သူက ပန်းချီစုတ်ချက် တစ်ခုကို ရေးဆွဲသကဲ့သို့ ညင်သာစွာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“ဟမ်...”
ထိုအခိုက်တွင်ပင် ထိတ်လန့် တုန်လှုပ်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ကမ္ဘာမြေ အတွင်းပိုင်း တစ်နေရာတွင်တော့ ပျက်သုဥ်းခြင်း စွမ်းအင်များ ရောနှေနေသည့် မြေကြီးများမှာ ငမန်းအုပ် တစ်အုပ် ကဲ့သို့ ရိုင်းစိုင်း ကြမ်းတမ်းစွာ ရွေ့လျားနေသည်။ ၎င်းတို့မှာ မြေကြီးထု တစ်ခုလုံးကို အပိုင်စား ရထားဟန် ရကာ အတွင်းရှိ မည်သည့် ဖြစ်တည်မှုကိုမဆို ဖျက်ဆီးပစ်နိုင်ဟန် ရလေသည်။
“မင်း ဘယ်သူလဲ ဆိုတာ ကြည့်ရသေးတာပေါ့...”
ဝေ့ဝူယင်က ဖြည်းညင်းစွာ ရေရွတ်လိုက်ရင်း လက်ချောင်းများကို လှုပ်ရှားလိုက်၏။ အဖြူရောင် အလင်းတစ်ခုက သူ့မျက်လုံးများထဲ၌ စတင်ကာ တောက်ပလာက တစ်ခဏအတွင်းမှာပင် မြေကြီးအတွင်း စိမ့်ဝင်လျှက် ပျောက်ကွယ်သွား၏။
မူလဒြပ်စင် လေရည်ရွယ်ချက်...
ဝှစ်...
ရုတ်ချည်းပင် မြေကြီးများမှာ ပြင်းထန်သော ဓာတ်ပြုမှုတစ်ခုကို ခံလိုက်ရသည့် အလား လေစွမ်းအင်များ အဖြစ် အသွင် ပြောင်းလဲသွား၏။ တစ်စက္ကန့်မျှ မကြာခင် အချိန်ကလေး အတွင်းမှာပင် အလျား တစ်ကီလိုမီတာ၊ ထု မီတာငါးရာမျှ အတွင်းရှိ ထူထပ်သိပ်သည်းလှသော မြေကြီးများမှာ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေတော့သည်။
“ဘာလဲ...”
ထိတ်လန့်တကြား ရေရွတ်သံနှင့် အတူ မိန်းကလေး ပုံရိပ်တစ်ခုမှာ မြင်ကွင်းအတွင်း ပေါ်ထွက်လာခဲ့၏။ သူမက အသားဖြူဖြူ အညိုရောင် မျက်လုံး၊ ဆံနွယ်များနှင့် ဖြစ်သည်။ ပြင်းထန်သော မြေကြီး အရောင်အဝါများကတော့ သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေး၏ ပတ်လည်တွင် ပြင်းထန်စွာ လှည့်ပတ်နေ၏။ မိန်းကလေးမှာ အသက် အစိတ်ခန့် ရှိဟန်ရကာ မီးခိုးရောင် ဝတ်စုံကို ဆင်မြန်းထားပေသည်။
ဝေ့ဝူယင်မှာ ပထမဆုံး အကြိမ် ကြိုးပမ်းမှုတွင်ပင် အောင်မြင်သွားခြင်းကြောင့် ပျော်ရွှင်သွားမိ၏။ မြေကြီးမှ လေ၊ လေမှ ရေ၊ ရေမှ မီး၊ မီးမှ မြေကြီး... စသည်ဖြင့် ပြောင်းလဲနိုင်စွမ်း ရှိသည့် မူလ ဒြပ်စင် ရည်ရွယ်ချက်၏ တမူထူးခြားသော စွမ်းရည်ကို သူ စမ်းသပ်ချင်နေခဲ့သည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုမှသာ အခွင့်အရေးက ဆိုက်ဆိုက်မြိုက်မြိုက် ပေါ်လာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ထိုစွမ်းအားကို အသုံးချရသည်က စွမ်းအင် ကုန်ခမ်းနှုန်းလည်း မြင့်မားလွန်းလှသည်။ မဖြစ်မနေ အခြေအနေမှ လွဲ၍ အခြား အချိန်များတွင် အသုံးမချသင့်ချေ။
သူ့အား ထိတ်လန့်တကြားဖြင့် မော့ကာ ငေးကြည့်နေသည့် ပုံရိပ်လေးကို ကြည့်ရင်း ဝေ့ဝူယင် အသာအယာပင် ပြုံးလိုက်သည်။ သူသည် ကောင်းကင်တွင် ရပ်နေခြင်း ဖြစ်ကာ လေစွမ်းအင်များမှာ မုန်တိုင်းတစ်ခုလို သူ့ခန္ဓာကိုယ် ဝန်းရံကာ တိုက်ခတ်နေ၏။ ထိုအခိုက်၌ သူ၏ ပုံစံက ကောင်းကင်နှင့် မြေကြီး အကြားရှိ အဆုံးမဲ့ လေထုကို အစိုးရသော နတ်ဘုရား တစ်ပါးလိုပင်။
“မင်းက ဘယ်လိုမှ ဝိညာဥ်ဆင်းတု အဆင့် မဖြစ်နိုင်ဘူး... ဘာလို့ ကျင့်ကြံခြင်း အခြေခံကို ဖုံးကွယ်ထားရတာလဲ”
မိန်းကလေးက မေးလိုက်၏။ အမှန်အတိုင်း ဝန်ခံရပါက မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း ယခုအထိ သူမ နားမလည်နိုင်သေးချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် မြေကြီးအားလုံးမှာ လေထု အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
မိန်းကလေး၏ နာမည်မှာ အိရှန်းယွမ် ဖြစ်၏။ သူမက မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များကြားတွင် အလွန်အမင်း ထူးချွန်သူ ဖြစ်ကာ မြေကြီး ရည်ရွယ်ချက်ကိုပါ အလွန် မြင့်မားသည့် အဆင့်တစ်ခု ရောက်အောင် ကျင့်ကြံထားနိုင်သူ ဖြစ်သည်။ ပြောရလျှင် သူမ၏ ပါရမီက မီးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်တွင်သာ မက အယ်ဗန်မျိုးနွယ်တစ်ခုလုံးတွင်မှာပါ ထိပ်တန်း အဆင့်၌ ရှိသည်။ အိကလန် ယနေ့ အခြေအနေအထိ ရောက်ရှိလာခြင်းတွင် အိရှန်းယွမ်၏ စနက် များစွာ ပါဝင်နေသည်။
သို့သော်လည်း ယနေ့တွင်တော့ သူမ၏ ဂုဏ်ယူခဲ့ရသည့် အရာ အားလုံးမှာ ဝိညာဥ်ဆင်းတု အဆင့် လူငယ်လေး တစ်ယောက်၏ လက်ထဲ၌ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ အိရှန်းယွမ် မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။ ထိုလူသားမှာ ဝိညာဥ်ဆင်းတု အဆင့် ဘယ်လိုမှ မဖြစ်နိုင်ပေ။ ကျင့်ကြံခြင်း အခြေခံကို ဖုံးကွယ်ထားသည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်နိုင်ပေသည်။
ဝေ့ဝူယင်က လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ကုန်ခမ်းသွားသည့် ဝိညာဥ်စွမ်းအင်များက စက္ကန့်ပိုင်း အတွင်းမှာပင် အရှိန်အဟုန်နှင့် အတူ ပြန်လည် ပြည့်ဝလာသည်။ သူက အသာအယာပင် ပြုံးရင်း မိန်းကလေး၏ မေးခွန်းကို မေးခွန်းဖြင့် ပြန်လည် တုန့်ပြန်လိုက်၏။
“ငါက ဝိညာဥ်ဆင်းတု အဆင့်ပဲ လို့ ပြောရင် မင်း ယုံမှာလား”
***