ဘာလို့ ဒီလောက် အားနည်းရတာလဲ
Vol. 29 Ch. 398
အိရှန်းယွမ်က မျက်မှောင်ကြုတ်လိုက်၏။ ဝိညာဥ်စွမ်းအင်က သူမ၏ ခန္ဓာကိုယ်တစ်လျှောက် ဖြည်းညင်းစွာ လှည့်ပတ်နေ၏။ မိန်းကလေး၏ လှပသော မျက်ဝန်းညိုများကတော့ မြေကမ္ဘာစွမ်းအင်များဖြင့် ရောင်ပြန်ဟပ်နေကာ မြေကြီး ကြယ်တာရာ ဝိညာဥ် အခြေခံ အုတ်မြစ်ကို လှစ်ဟာပြသနေသည်။
အိရှန်းယွမ်သည် ချီပျစ်ခဲခြင်း အဆင့်တွင် ရှိစဥ်ကတည်းက မြေကြီးချီ နှလုံးသားကိုသာ တည်ဆောက်ခဲ့သူ ဖြစ်သည်။ ထိုမှတစ်ဆင့် မြေကြီး ဇာတိဝိညာဥ်၊ မြေကြီး ကြယ်တာရာ ဝိညာဥ်တို့ အဖြစ် အဆင့်ဆင့် ဆင့်ကဲ ပြောင်းလဲကာ အခြေခံ ခိုင်မာအောင် တည်ဆောက်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့်ပင် အိရှန်းယွမ် ပိုင်ဆိုင်ထားသည့် မြေကြီး အမျိုးအစား ကြယ်တာရာ အင်အားမှာ အဆင့်တူ ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သည်။ ထို့အပြင် အဆင့်မြင့် မြေကြီး ရည်ရွယ်ချက်ကလည်း သူမ၏ ခွန်အားကို နောက်တစ်ဆင့်သို့ ခုန်ပေါက် တိုးတက်စေသည်။
ကောင်းကင်ဘုံ နတ်မျက်လုံးများမှ တစ်ဆင့် မိန်းကလေး၏ ကျင့်ကြံခြင်း အခြေခံကို ဝေ့ဝူယင် ရှင်းလင်းစွာပင် မြင်တွေ့ နေရ၏။
“ကြယ်တာရာ အမြုတေ အဆင့်ခြောက်... မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်...”
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ ကျင့်ကြံခြင်း လမ်းစဥ်တွင် အာကာသ ပဲ့တင်သံ အဆင့်၊ အလင်းပြန်ခြင်း အဆင့်နှင့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များကို ကြယ်တာရာ အမြုတေ အလွှာ၏ အလယ်ဆင့်များ အဖြစ် သတ်မှတ်ထားကြသည်။ ထိုအဆင့်များသို့ ရောက်ရှိသည်နှင့် ကျင့်ကြံသူများမှာ ထူးကဲသော စွမ်းအင်များကို ပိုင်ဆိုင်လာကာ ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက် လာကြသည်။ ဝိညာဥ်ဆင်းတု အဆင့်ဖြင့် သူတို့နှင့် ယှဥ်ပြိုင်တိုက်ခိုက်ရသည်က အမှန်တကယ်ပင် မလွယ်ကူလှချေ။
တစ်ချိန်တည်း၌ အိရှန်းယွမ်၏ မျက်လုံးများက ဝေ့ဝူယင်ကို ကြည့်ကာ အနည်းငယ် ကျဥ်းမြောင်းသွား၏။ ထိုလူငယ်၏ ခန္ဓာကိုယ်တွင် ဟင်းလင်းပြင် စွမ်းအင် တစ်စုံတစ်ရာ မရှိသလို၊ အလင်းစွမ်းအင် အရိပ်အယောင်လည်း ကင်းမဲ့နေသည်။ သူမ ကဲ့သို့ မြေဆွဲအား လွတ်မြောက်ခြင်း စွမ်းအား ဆိုလျှင် ဝေလာဝေးပင်။ အိရှန်းယွမ် အံ့အားသင့်မိသွား၏။
“မင်းက တကယ်ပဲ ဝိညာဥ်ဆင်းတု အဆင့်လား...”
သူမ၏ နှလုံးသားက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားသည်။ ကြောက်ရွံ့သည့် ခံစားချက် အချို့ ပင်လျှင် မိန်းကလေး၏ မျက်လုံးများထဲ၌ ဖြစ်ပေါ်လာသည်။
ထိုလူငယ်လေးမှာ အလင်းပြန်ခြင်း အဆင့် နှစ်ယောက်နှင့် တိုက်ခိုက်ကာ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။ ယခုတစ်ဖန်လည်း သူမကို ခုခံနိုင်ခဲ့သည်။ ထိုအရာက...
ဝေ့ဝူယင်မှာ သူမ၏ မေးခွန်းကို နောက်တစ်ကြိမ် ထပ်မဖြေတော့ချေ။ ထို့အစား ငြိမ်သက်စွာသာ တစ်စုံတစ်ရာကို စဥ်းစားနေဟန် ရ၏။ ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ပတ်ဝန်းကျင်ရှိ ပျက်သုဥ်းခြင်း လေစွမ်းအင်များက တုန်ခါလာကာ သူ့ခန္ဓာကိုယ်မှာ ရုတ်ချည်းပင် ကြယ်ပျံတစ်ခုလိုမျိုး အိရှန်းယွမ်ဆီ တိုးဝင်သွားတော့သည်။
ဘုန်း...
သူတို့ နှစ်ယောက်ကြားရှိ အကွာအဝေးက ကျင့်ကြံသူများ အတွက် အလွန် နီးကပ်ကာ မျက်တောင်တစ်ခပ်စာမျှ မကြာခင် အချိန်ကလေး အတွင်းမှာပင် ဝေ့ဝူယင်မှာ အိရှမ်းယွမ် ရှေ့သို့ ရောက်ရှိသွား၏။
အိရှန်းယွမ်၏ မျက်လုံးများမှာ အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွား၏။ သူမက ချက်ချင်းပင် အဆုံးစွန်သော ခွန်အားကို သုံးကာ မြေဆွဲအားကို ထုတ်ဖော်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ကြောက်မက်ဖွယ် ကောင်းအောင် အရောင်ပြောင်းလဲသွားကာ လေထု၏ အလေးချိန်မှာ ထင်မှတ်မထားလောက်သည် ပမာဏ အထိ တိုးမြင့်သွား၏။
သို့သော်လည်း ဝေ့ဝူယင်ကတော့ မြေဆွဲအား တိုးမြင့်လာခြင်း အပေါ် ဂရုစိုက်ခြင်း မရှိပါချေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ နားမလည်နိုင်သည့် အဆင့်တစ်ခု၌ ရှိနေသည့် အပြင် နဂါးအင်အားကလည်း သူ့ခန္ဓာကိုယ် တစ်လျှောက် လှည့်ပတ်ကာ ဟိန်းဟောက်သံ ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေ၏။ ဝေ့ဝူယင် တိုက်ရိုက်ဆန်စွာပင် လက်သီးကို အိရှန်းယွမ်၏ ခေါင်းတည့်တည့်ကို ဦးတည်ကာ ထိုးလိုက်လေတော့၏။
မြေဆွဲအားက ဝေ့ဝူယင် အပေါ် အလုပ်မဖြစ်ကြောင်း တွေ့မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အိရှန်းယွမ်က ကိုယ်ပိုင် ကြယ်တာရာ အကာအကွယ်တစ်ခုကို ထုတ်ဖော်လိုက်၏။ ထို့နောက် သူမက အညိုရောင် ကြယ်တာရာ စွမ်းအင်များ ဝန်းရံနေသည့် လက်ဖဝါးကို ဝေ့ဝူယင်၏ လက်သီးထံသို့ ဦးတည်ကာ တွန်းထုတ် လိုက်လေတော့သည်။
ဘုန်း...
လေထုထဲ၌ ကျယ်လောင်သည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ ပုံရိပ်နှစ်ခုမှာ နောက်သို့ မီတာ ဒါဇင်ပေါင်းများစွာ ကွာဝေးသည် အထိ လွင့်စဥ် သွားကြ၏။
“ဘာလဲ...”
အိရှန်းယွမ်က ခန္ဓာကိုယ် အရှိန်ကို သတ်ရန် ကြိုးစားရင်း ဝေ့ဝူယင်ကို ထိတ်လန့်တကြား ကြည့်လိုက်မိ၏။ ထိုလူငယ်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက သူမကို အလွန်အမင်း အံ့အားသင့်သွားစေသည်။ ထိပ်တိုက် ရင်ဆိုင်မှု အပြီးတွင် သူမ၏ လက်ပင် အတော်လေး နာကျင်နေခဲ့၏။
သို့သော်လည်း ဝေ့ဝူယင်၏ လက်ကို မြင်ရသော အခိုက်၌ သူမ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ ၎င်းက သွေးစသွေးန အချို့ဖြင့် ဖုံးအုပ်နေကာ အထဲရှိ အရိုးနှင့် အရွတ်များပင် ကျိုးပဲ့သွားခဲ့ပုံ ရသည်။
အိရှန်းယွမ်သည် ထိုထိပ်တိုက် ရင်ဆိုင်မှုတွင် သူမ၏ ခွန်အားကို တစ်အောင်စမျှပင် ထိန်ချန်ထားခြင်း မပြုခဲ့။ သန့်စင်ထားသော အလင်းစွမ်းအင် ကြယ်တာရာ အင်အားနှင့် အတူ တစ်ရာ ရာခိုင်နှုန်းသော မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ခွန်အားများကို သူမ ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ အဆင့်တူများပင် ထိုတိုက်ခိုက်မှုကို တောင့်ခံရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
ပုံပျက်ပန်းပျက် ဖြစ်နေသည့် လက်သီးကို ငုံ့ကြည့်ရင်း ဝေ့ဝူယင်၏ မျက်နှာက အနည်းငယ် ရှုံ့တွသွား၏။ သို့သော်လည်း ထိုရှုံ့တွမှုမှာ နာကျင်မှု ရင်းမြစ်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ မယုံကြည်နိုင်ခြင်း တည်းဟူသော အကြောင်းရင်းကြောင့်သာ ဖြစ်သည်။
“ဘာလို့ ဒီလောက်တောင် အားနည်းရတာလဲ...”
ခရာတို၏ အားမလို အားမရ အသံက ဝေ့ဝူယင်၏ စိတ်အတွင်း ဝင်ရောက်လာ၏။ ဝေ့ဝူယင်က အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“အဲဒီမေးခွန်းကို ငါလည်း မင်းကို မေးချင်နေတာ...”
“ကျုပ်အမှား မဟုတ်ဘူးလေဗျာ...”
“ ... “
ဝေ့ဝူယင်မှာ ခရာတိုအား ကြည့်ကာ ရယ်ရမလား ငိုမရမလားပင် မသိတော့ချေ။ ထိုကောင်လေးမှာ မိမိ အားချက်ကို ဖုံးကွယ်ရန် အတွက် ဖခင် ဖြစ်သူကိုပင် ပြန်လည် အပြစ်တင်လိုက်သေးသည်။
အမှန်အတိုင်း ဝန်ခံရပါက... ခရာတို၏ နဂါးအင်အားက အိရှန်းယွမ်၏ တိုက်ခိုက်မှုကို ခုခံရန် လုံလောက်လိမ့်မည်ဟု ဝေ့ဝူယင် တွေးထားခဲ့ခြင်း ဖြစ်သည်။ ယခုလို ရုပ်ပျက်ဆင်းပျက် အဖြစ်မျိုးကို သူ လုံးဝ မျှော်လင့် မထားခဲ့ချေ။
ထိုဟင်းလင်းပြင်နဂါး ဝိညာဥ်လေးမှာ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များစွာကို နေ့စဥ်နေ့တိုင်း ထမင်းစား ရေသောက်သလို အကန့်အသတ်မရှိ စားသောက်နေသည်မှာ အားလုံး အသိပင် ဖြစ်သည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ဆယ်ယောက်ပေါင်းပင်လျှင် သူ့လောက် ရင်းမြစ်များကို ဖြုန်းတီးလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း လက်တွေ့၌ ထွက်ပေါ်လာသည့် ရလဒ်ကတော့ ပြောင်းပြန်နီးပါး အချိုးကျနေခဲ့သည်။ ဝေ့ဝူယင် မည်ကဲ့သို့ ယုံကြည်နိုင်မည်နည်း။
“ သွေးမျိုးဆက် ရင်းမြစ်...”
တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ဧဒင်က ရုတ်တရက် ပြောလိုက်၏။ သူ့စကားက ထိုမျှသာ ဖြစ်သော်လည်း ဝေ့ဝူယင်၏ အမူအရာကိုတော့ များစွာ ပြောင်းလဲသွားစေခဲ့သည်။
မှန်သည်။ ယခု၌ ခရာတို၏ သွေးမျိုးဆက် ရင်းမြစ်မှာ အားနည်းသော အခြေအနေ တစ်ခုတွင် ရှိနေခြင်း ဖြစ်သည်။ သူ့အနေဖြင့် အစစ်အမှန် နဂါးစွမ်းရည်များကို မထုတ်ဖော်နိုင်သေးသလို နဂါးအသွင်ကိုပြင် ပြောင်းလဲနိုင်စွမ်း မရှိသေးချေ။ ထိုအချက်ကပင် သူ့ခန္ဓာကိုယ် ခွန်အားနှင့် သက်လုံကို ကန့်သတ်ထားကာ အလားတူပင် ခရာတို၏ နဂါးအင်အားကိုလည်း လျော့ကျသွားစေသည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း ခရာတို၏ ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတုကို ထုတ်ဖော်ကာ ခွန်အားကို နောက်တစ်ဆင့်သို့ မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူ ဆက်သွယ်လိုက်သည်နှင့် ခရာတိုထံမှ ငြင်းဆန်ရန် အသနားခံသည့် အရိပ်အယောင်များကို ခံစားလိုက်ရ၏။ ထိုအခိုက်အတန့်၌ ထိုနဂါးဝိညာဥ်လေးမှာ သူ့ဝိညာဥ်ဆင်းတုကို ထုတ်ဖော်ပြသရန် ဆန္ဒမရှိပုံ ရသည်။
ဝေ့ဝူယင်မှာ နားလည်သွားကာ ချက်ချင်းပင် ရပ်တန့်လိုက်၏။ သွေးမျိုးဆက် ရင်းမြစ် အားနည်းနေခြင်းနှင့် အတူ ဝိညာဥ်ဆင်းတုမှာလည်း ပုံမှန် အခြေအနေထက် နိမ့်ပါးနေမည်မှာ သေချာလှသည်။ ကြည့်ရသည်က ခရာတိုမှာ သူ၏ အားနည်းနေသည့် ပုံစံကို အခြားလူများအား မမြင်တွေ့စေချင်ပုံပင်။
ဝှစ်... ဝှစ်...
ဝေ့ဝူယင် အသက်မြက် သစ်သား ရည်ရွယ်ချက်ကို ဆင့်ခေါ်လိုက်၏။ ချက်ချင်းပင် မြစိမ်းရောင် စွမ်းအင်များမှာ သူ့လက်သီးထက်၌ လင်းလက်လာကာ ကျိုးပဲ့သွားသော အကျိုးနှင့် အရွတ်များကို မျက်တောင် တစ်ခပ်စာ အတွင်း ပြန်လည် ကုသလိုက်သည်။
“သစ်သား အင်အား...”
အိရှန်းယွမ်မှာ ထိုအရာကို ကြည့်ကာ အလွန်အမင်း အံ့အားသင့်သွား၏။ ဝေ့ဝူယင်၊ ဧဒင်နှင့် ခရာတိုတို့ အကြားရှိ စကားဝိုင်းက ကြာမြင့်သယောင် ထင်ရသည့်တိုင် ဒဏ်ရာ ကုသပြီးစီးသည့် အချိန်အထိ သုံးစက္ကန့်မျှသာ ကြာမြင့်ခဲ့ပေသည်။
ဝေ့ဝူယင်က အိရှန်းယွမ်ဘက်ကို လှည့်လိုက်၏။ ဆေဘာအလင်းက သူ၏ ငွေရောင် မျက်လုံးများထဲတွင် ဖျပ်ခနဲ တောက်ပသွားသည်။ သတ်ဖြတ်လိုသော ဆန္ဒတစ်စုံကတော့ သူ့နှလုံးသား အတွင်း တရိပ်ရိပ် မြင့်တက်လာနေခဲ့သည်။
ဝေ့ဝူယင် ဒြပ်စင် (ဆေဘာ) ကို ဆွဲထုတ်ရန် ဟန်ပြင်လိုက်၏။ အကိုကြီး၏ စကားအတိုင်း ဆိုလျှင် ဓားအိမ်မှ ချွတ်ပြီးသော ဓားတစ်စင်းမှာ အသက်တစ်သက်ကို ကယ်လျှင်ကယ်၊ မကယ်လျှင် အသက် တစ်သက်ကို သတ်ဖြတ်ရမည် ဖြစ်သည်။
အိရှန်းယွမ်မှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရရာ နှလုံးသား တစ်ခုလုံး တုန်ရီသွား၏။ သူမက ချက်ချင်းပင် ကြယ်တာရာ အကာအကွယ်များကို အထပ်ထပ် ဆင့်ခေါ်ရင်း ထူထဲလှသော မြေကြီးစွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။ ထိုအခိုက်၌ ပတ်ဝန်းကျင် ကမ္ဘာကြီး တစ်ခုလုံးက ရက်စက် ကြမ်းကြုတ်လွန်းလှသာ အဆုံးမဲ့ သတ်ဖြတ်မှုများ ပြည့်နှက်နေသည့် ငရဲခန်းကြီး တစ်ခုအသွင် ပြောင်းလဲသွားသလို သူမ ခံစားနေရ၏။
ဓားအား ဆွဲထုတ်လု ဆဲဆဲမှာပင် ဝေ့ဝူယင် အိုရီ၏ အသံကို ကြားလိုက်ရ၏။ ချက်ချင်းပင် သူ စိတ်ကို ပြောင်းလဲကာ မျက်လုံးများကို တစ်ချက် မှိတ်လိုက်သည်။ ပြန်လည် ဖွင့်လိုက်သော အခိုက်၌ ဆေဘာအငွေ့အသက်များ အစား အဖြူရောင် အလင်းတစ်ခုသာလျှင် သူ့ ငွေရောင် မျက်လုံးများထဲ၌ ကျန်ရှိတော့၏။
ထျန်းတျန် အတွင်း၌ ရှိနေသည့် ဒြပ်စင် ကြယ်တာရာ အမြုတေကို ဝေ့ဝူယင် ဖြည်းညင်းစွာပင် ထိတွေ့လိုက်သည်။
ဟူး... ဟူး...
လျှင်မြန်စွာပင် ကြယ်တာရာ အမြုတေမှာ အဖြူရောင် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပလာ၏။ ၎င်းတို့မှာ အလွန် လင်းလက်လွန်းရကား အပြင်လောကအထိပင် ဖောက်ထွက်သွားသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း အိရှန်းယွမ်မှာ နှလုံးသား တစ်ခုလုံး တုန်ရီသွား၏။ သူမ၏ မျက်လုံးများက ဝိုင်းစက်စွာဖြင့် ဝေ့ဝူယင်၏ ဝမ်းဗိုက်ကို စိုက်ကြည့်နေကာ နူးညံ့သော နှုတ်ခမ်းပါးများမှာ တဆတ်ဆတ် တုန်ရီနေသည်။
“ဘာလို့ ဒီလောက်တောင် ကြီးရတာလဲ...”
စကားလုံးများက သူမ၏ နှုတ်မှ အလိုအလျောက် ထွက်ခွာသွား၏။ အဘယ်ကြောင့် ဆိုသော်...
၎င်းက...
၎င်းက...
တစ်ဆယ်စင်တီမီတာမျှ အထိ ရှိနေခဲ့သည် မဟုတ်ပါလား။
***