မင်းက ဖန်မုပဲ
Vol. 105 Ch. 1459
ဒေါင် ဒေါင် ဒေါင် ဒေါင် .... ဒေါင် ဒေါင် ဒေါင် ဒေါင် .... ဒေါင် ဒေါင် ဒေါင် ဒေါင်... ထည်ဝါခံ့ညားသောခေါင်းလောင်းသံသည် မွန်မြတ်မှုကို ကိုယ်စားပြု၍ အားကျမနာလိုမှုများ ပေါက်ဖွားလာစေနိုင်သည့်တိုင် လောလောဆယ်တွင် ခေါင်းလောင်းသံမှာ လူသားတစ်ယောက် စိတ်ကြိုက်ဗုံတီးနေသကဲ့သို့ တဒေါင်ဒေါင် ဆက်တိုက်မြည်နေ၏။
ယခုလိုခေါင်းလောင်းမြည်နေပုံမှာ နဝမဂိုဏ်း၏သမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသလို၊ ထိုမျှအကြိမ်များစွာလည်း မမြည်ခဲ့ဖူးပေ။
“ဘာ...ဘာ...ဘာတွေ ဖြစ်နေတာလဲ။ ဘာတွေဖြစ်နေတာတုန်းဟ။ ခေါင်းလောင်းသံ ဒီလောက်မြည်နေရအောင် လူတွေဘယ်လောက်များများတောင် ရှိနေတာမလို့တုန်း”
“ဒါပေမဲ့ ... ဘယ်လိုလုပ်ပြီး တစ်ယောက်တည်းကြောင့် မြည်နေသလို ခံစားနေရတာပါလိမ့်။ မဟုတ်ရင် တအားတိုက်ဆိုင်နေရာမကျဘူးလား.... ဒါပေမဲ့ တကယ် လူတစ်ယောက်တည်းဆိုရင်လည်း ယုတ္တိမရှိဘူးလေ။ တစ်ယောက်တည်းကြောင့် မြည်တာမဟုတ်ဘဲ တိုက်ဆိုင်တာကမှ ပိုယုတ္တိရှိသေးတယ်”
နဝမဂိုဏ်းသည် ဖြစ်ပျက်နေသောအရာကြောင့် လုံးလုံးလျားလျား အုတ်အော်သောင်းနင်းဖြစ်နေ၏။ အင်မော်တယ်နယ်ပယ်ဖြစ်စေ၊ ရှေးဟောင်းနယ်ပယ်ဖြစ်စေ ကျင့်ကြံသူအားလုံးနီးပါး တောင်ထံ ပျံသန်းလာကြလေသည်။
လူအုပ်ကြီးကား တစ်သန်းမက သန်းနှင့်ချီလာတော့၏။ သူတို့သည် အာကာပြင်ကျယ်မော်ကွန်းတိုက်အား ပတ်ပတ်လည်မှာ ဝိုင်းထားကြလေသည်။ တချို့ကတော့ ပျံသန်းမလာဘဲ နတ်ဘုရားအာရုံဖြင့် တောင်ကို ကြည့်ကြနေ၏။
လေလယ်တွင် ယန်အာမှာ မျက်လုံးကလေးအဝိုင်းသားနှင့် ကြည့်နေလေသည်။ ခေါင်းလောင်းသံကို သူမ ကြားသည်။ ကျင့်ကြံသူများစွာ ပျံတက်လာကြသည်ကိုလည်း မြင်၍ အတန်ငယ်တုန်လှုပ်သွား၏။ ဤအဖြစ်အပျက်မှာ သူမဆရာကြောင့် ဖြစ်နေကြောင်း သူမ မယုံနိုင်သေးပေ။
အားလုံးထက် ပို၍ပင်တုန်လှုပ်နေကြသူများမှာတော့ လှေကားထစ်တစ်သောင်းအောက်ရှိ ကျင့်ကြံသူများပင်။ သူတို့မှာ ခေါင်းလောင်းသံကို နားထောင်ရင်း တောင်ထိပ်ကို မော့ကြည့်ကာ မှင်သက်နေကြတော့သည်။ သူတို့စိတ်အားလုံး ဗလာကျင်းနေပြီး ခပ်ဆင်ဆင်မေးခွန်းများကိုသာ တွေးမိနေကြသည်။
“အဲဒါ ဘယ်သူလဲ”
“ရင်းနှီးသလိုလိုရှိပေမယ့် ဘယ်သူမှန်း သေချာမသိဘူး”
အများစုမှာ လုံးလုံးလျားလျား အံ့အားသင့်နေကြသော်လည်း နဝမဂိုဏ်းအတွင်းရှိ တချို့လူများကတော့ အာရုံမရှိကြပေ။ မှန်သည်၊ အကြီးအကဲများနှင့် တာအိုနယ်ပယ်ပညာရှင်များကတော့ အံ့အားမသင့်သော်လည်း စိတ်လေးလံနေသော အုပ်စုတစ်စုတော့ ရှိ၏။ သူတို့သည် နဝမဂိုဏ်း၏ လျှမ်းလျှမ်းတောက်နေများ၊ အာကာပြင်ကျယ်မော်ကွန်းတိုက်၏ ထိပ်ဆုံး (၁၀၀၀၀) စာရင်းဝင်များအနက် အားအနည်းဆုံးများ ဖြစ်ကြလေသည်။
သူတို့သည် ဖန်မုထံမှ ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မခံစားရသရွေ့ အုတ်အော်သောင်းနင်းဖြစ်နေမှုကို ဂရုစိုက်မည်မဟုတ်။
“တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ အဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ လှေကားထစ်ငါးသောင်းကို ဖြတ်မလာနိုင်သရွေ့ ဘောင်မဝင်ဘူး”
“လှေကားထစ်ငါးသောင်းကို ဖြတ်ကျော်နိုင်မှ ထိပ်ဆုံးအယောက်တစ်သောင်းထဲဝင်မှာ။ အဲဒီလိုပဲ ထိပ်ဆုံးအယောင်တစ်ထောင်ထဲ ဝင်ဖို့ဆို လှေကားထစ်ရှစ်သောင်းကို ဖြတ်ကျော်ရမယ်”
“တကယ်တမ်း အာကာပြင်ကျယ်တောင်က သိပ်အရေးမပါပါဘူး။ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို ရောက်မှ ရွေးချယ်ခံတစ်ယောက်ဖြစ်လာပြီး ထိပ်ဆုံးတစ်ရာထဲ ဝင်မှာ” ထိုလူအားလုံးတွင် ထူးခြားသောပင်ကိုယ်ပါရမီများ ရှိပြီး အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်ခဲ့တုန်းက အကြီးအကျယ် ပွက်လောရိုက်စေခဲ့လေသည်။ သို့ဖြစ်၍ သူတို့သည် ဤကိစ္စကို အာရုံမရှိသလို၊ ဂရုပင်မစိုက်ကြပေ။
သို့သော် အတန်ငယ်သိချင်လာ၍ တောင်ဆီ ပျံသန်းလာကြသော လူနည်းစုလည်း ရှိသည်။ အမှန်တွင် အယောက်တစ်ထောင်ခန့်ပင် ရှိလာ၏။ သူတို့၏ပန်းတိုင်ကား အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်ရန်တော့မဟုတ်၊ ခေါင်းလောင်းသံများမြည်နေစေသူက ... တစ်ယောက်တည်းလား... အုပ်စုတစ်စုလား သိရဖို့ပင်။
အုပ်စုတစ်စုသာဆိုလျှင် သိပ်ရေးကြီးခွင်ကျယ်မဟုတ်။ တစ်ယောက်တည်းဆိုလျှင်တော့ အခြေအနေက ကွဲပြားသွားလိမ့်မည် ...
ယခု လှေကားထစ်များအတိုင်း လိုက်တက်လာခဲ့သော လူအတော်များများသည် လှေကားထစ် ၅၀၀၀၀ အောက် အမှတ်တစ်နေရာသို့ ရောက်ခဲ့ဖူးကြ၏။ သူတို့စိတ်ထဲတွင် အုပ်စုတစ်စု သို့မဟုတ် လူတစ်ယောက်ကို မှီအောင်လိုက်ဖို့ကား အလွယ်လေးဟု တွေးထင်နေကြသည်။
ယခုတွင် ဖန်မုသည် မျက်လုံးများပိတ်လျက် အထစ် ၁၀၀၀၀ မြောက်၌ ရပ်နေ၏။ ခေါင်းလောင်းသံမြည်နေစဉ် ကောင်းချီးတစ်ခုကို သူ ခံစားလိုက်ရသည်။ လူအများစုအတွက် ထိုဖြစ်စဉ်မှာ အချိန်အတော်ကြာမည်ဖြစ်သော်လည်း သူ့အတွက် အသက်ဆယ်ရှိုက်ခန့်သာ ကြာလိုက်လေသည်။
သူသည် အံဖွယ်ပင်ကိုယ်ပါရမီဖြင့် မွေးဖွားလာခဲ့ပြီးဖြစ်သဖြင့် ယခုလိုကောင်းချီးမျိုးမှာ ပြီးပြည့်စုံပြီးသားအရာတစ်ခုအပေါ် အဆင်တန်ဆာတစ်ခု မွမ်းမံပေးလိုက်သလိုပင်။ ၎င်းက သူ့အတွက် အကျိုးအမြတ်များသော်လည်း အံ့ဩစရာတော့မဟုတ်ပေ။
“မဆိုးဘူး” ဖန်မုက တွေးသည်။ “ဒီအာကာပြင်ကျယ်မော်ကွန်းတိုက်ကို ငါ လျှော့တွက်ခဲ့မိပုံပဲ” သူ၏မျက်လုံးများက ခေါင်းလောင်းသံများနှင့်ပတ်သက်၍ မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။
“ကဲ ဒါဆို နည်းနည်းလောက် အရှိန်တင်ဦးမှနဲ့တူတယ်” သူသည် ပြုံးရင်း ရိပ်ခနဲ လှုပ်ရှားလိုက်၏။ ဤတစ်ကြိမ်တွင် ခြေတစ်လှမ်းက ... အထစ်တစ်ရာရောက်သွားသည်။
ခြေဆယ်လှမ်း အထစ်(၁၀၀၀)၊ မကြာမီ အထစ် (၁၁၀၀၀) သို့ ရောက်ရှိသွားသည်။ အထစ် (၁၃၀၀၀) ၊ အထစ် (၁၅၀၀၀) ၊ အထစ် (၁၈၀၀၀) ၊ ထို့နောက် ... အထစ် (၂၀၀၀၀)။
ဖန်မုအတွက် အထစ် (၁၀၀၀၀) ကျော်ရန် ခြေလှမ်းတစ်ရာသာ လိုလိုက်သည်။ သို့သော် နတ်မီးလျှံစမ်းသပ်ပွဲ၏ ဤအပိုင်းသို့ ရောက်ရှိနေသော ကျင့်ကြံသူများအတွက်တော့ ... လေတစ်ချက်ဖြတ်တိုက်သွားသကဲ့သို့ပင် .....
ဖန်မု အထစ် (၂၀၀၀၀) မြောက်အပေါ် နင်းချလိုက်သောအခါ ခေါင်းလောင်းသံနှစ်သံ ကြားလိုက်ရသည်။ သို့သော် ၎င်းတို့သည် ပို၍ရှေးဆန်၏။ ပို၍အံ့အားသင့်ဖွယ်ကောင်း၏။
အသံ ပဲ့တင်ထပ်လာသည်နှင့်တစ်ပြိုင်နက် တောင်ပေါ်ရှိလူတိုင်း မှင်သက်ကုန်ကြတော့သည်။
ခေါင်းလောင်းသံများ ထွက်ပေါ်နေစေသည့် လူကို မြင်ရဖို့ တောင်ပေါ်တက်လာနေသော လူများအနက် အမြန်ဆုံးမှာ ဖန်မုထံမှ လှေကားထစ်တစ်သောင်းမျှ ဝေးကွာသေးလေသည်။ ထိုလူများမှာ တုန်လှုပ်နေကြပြီး မယုံကြည်နိုင်လွန်း၍ မျက်လုံးများဝိုင်းစက်ပြူးကျယ်နေကြသည်။
“နှစ်သောင်း.... လှေကားထစ် နှစ်သောင်း”
“အမွှေးတိုင်တစ်တိုင်ထွန်းစာလောက်တောင် မကြာဘူး။ အသက်ဆယ်ရှိုက်စာလောက်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီး လှေကားထစ်နှစ်သောင်းအတွက် ခေါင်းလောင်းမြည်နေရတာတုန်း”
တောင်အပြင်ရှိ လူအုပ်ကြီးထံမှ ထိုကဲ့သို့အော်ဟစ်သံများ ပဲ့တင်ထပ်နေရာ အသံလှိုင်းကြီးတစ်လှိုင်းအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေတော့၏။
ဖန်မုမှာမူ ခေါင်းလောင်းသံမှ ကောင်းချီးကြောင့် တုန်ရီနေသည်။ ကျင့်ကြံခြင်းအဆင့် တက်တော့မည်ကို ခံစားလိုက်ရသဖြင့် သူ၏မျက်လုံးများက လင်းလက်တောက်ပလာလေသည်။
သူက ပြုံးရင်း ထပ်လှမ်းလိုက်ပြန်သည်။ လှေကားထစ် ၂၃၀၀၀။ လှေကားထစ် ၂၇၀၀၀၊ နောက်ဆုံးတော့ လှေကားထစ် .... ၃၀၀၀၀။
ခေါင်းလောင်းသံ တဒေါင်ဒေါင်ဆက်တိုက်မြည်နေ၍ အားလုံး အံ့ဩမဆုံးဖြစ်နေကြတော့သည်။
“ဒီနေ့ .. ဘာတွေဖြစ်နေတာတုန်းဟ။ ဘာလို့ ဒီလောက်အများကြီးတိုးတက်နေတာတုန်း ဟားဟားဟား ... ထူးဆန်းလိုက်တာ...”
မကြာခင် ဆွေးနွေးစကားပြောသံများ ငြိမ်ကျသွား၏။
ဤအချိန်ရောက်သည့်တိုင် ခေါင်းလောင်းသံများ မြည်နေစေသူမှာ အုပ်စုတစ်စုမဟုတ်ဘဲ ... လူတစ်ယောက်တည်းဖြစ်ကြောင်း သဘောမပေါက်လျှင်တော့ သူတို့ထက်ပို၍ တုံးအသူ ရှိတော့မည်မဟုတ်ပေ။
သို့သော်လည်း မည်သူမှ မစဉ်းစားဝံ့ကြ။ ခေါင်းလောင်းက လူတစ်ယောက်တည်းအတွက် အမှန်တကယ် မြည်နေလျှင် ... လက်ဖျားခါဖွယ် အဖြစ်အပျက်ပင်။
အစကတည်းက ဤအခိုက်အတန့်အထိ အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်သာ ကြာသေးသည်။ တစ်ယောက်တည်းဆိုပါက ထိုလူ့အတွက် ပထမလှေကားထစ်မှ ... လှေကားထစ် ၃၀၀၀၀ သို့ လှမ်းဖို့ ထိုအချိန်လေးသာ ကြာခဲ့သည်။ တစ်ယောက်ယောက်သာ ထိုအကြောင်းထပြောပါက ယုံကြည်ပေးဖို့ ခက်ခဲလိမ့်မည်။ နဝမဂိုဏ်း၏သမိုင်းတစ်လျှောက် ထိုကဲ့သို့အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပေ။
“တစ်ခုခုလွဲနေတာ ဖြစ်လောက်တယ်....တောင်နဲ့ပတ်သက်ပြီး တစ်ခုခုချို့ယွင်းနေတာလား....”
“တိုက်ဆိုင်တာကြီးများလား... တစ်ယောက်တည်းမဟုတ်တာမျိုးလေ....”
စောင့်ကြည့်နေသူများမှာ လေးကြိမ်မြောက်ခေါင်းလောင်းသံကို ကြားရရန် သိပ်မကြာလိုက်ပေ။ လူတိုင်း အံ့အားသင့်နေကြပြီး ခေါင်းလောင်းသံက သူတို့အား တုန်လှုပ်သွားစေ၏။ သူတို့မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပလာကာ သူတို့၏စိတ်များ ချာချာလည်ကုန်ကြသည်။
နောက်ဆုံးတော့ ယန်အာ တောင်အနား ရောက်လာသည်။ သူမမျက်ဝန်းလေးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး သူမနှလုံးသားလေးသည် တဒိန်းဒိန်းခုန်နေ၏။
အထစ် (၄၀၀၀၀) မြောက်လှေကားထစ်အတွက် ခေါင်းလောင်းသံက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေသည်။ လိုက်မှီမလားမျှော်လင့်ရင်း လှေကားထစ်များအတိုင်း လိုက်တက်လာခဲ့သော လူများမှာ လုံးလုံးလျားလျား ကြက်သေသေကုန်ကြပြီး လက်လျှော့လိုက်ကြ၏။ ယခုတွင် သူတို့မေးခွန်းအတွက် အဖြေရသွားလေပြီ။
သို့သော် ထိုအုပ်စုအနက် တစ်ယောက်တော့ လက်မလျှော့သေး။ သူက အံတင်းတင်းကြိတ်လျက် ဆက်တက်နေသည်။
သူ၏အမြန်နှုန်းက တကယ်တော့ မန်ဟို့ထက် မြန်သည်။ ဖန်မု လှေကားထစ် ၄၅၀၀၀ မြောက်သို့ ရောက်သည့်အချိန်တွင် သူက လှေကားထစ် ၄၀၀၀၀ မြောက်တွင် ဖြစ်သည်။ သူ့မှာ ဟောဟဲဟောဟဲ လှိုက်နေ၏။ သူ၏နောက်ဆုံးအကန့်အသတ်က လှေကားထစ် ၄၅၀၀၀ နှင့် ၄၈၀၀၀ အကြားတစ်နေရာတွင် ဖြစ်သော်လည်း တစ်ခါတည်း လှေကားထစ် ၄၀၀၀၀ အထိ ရောက်အောင် အရှိန်တင်ခြင်းက လွယ်ကူသောအလုပ်တော့ မဟုတ်ပေ။
ဤအခိုက်အတန့်တွင် သူသည် လှေကားထစ် ၅၀၀၀ အကွာရှိ လူတစ်ယောက်၏အရိပ်ကို မြင်သည်ဆိုရုံကလေး လှမ်းမြင်လိုက်၏။ ဤသို့ခေါင်းလောင်းသံများ မြည်နေသည်မှာ အုပ်စုတစ်စုမဟုတ်ကြောင်း သေချာသွားလေပြီ။
လူတစ်ယောက်တည်းဖြစ်ကြောင်း မြင်သောအခါ သူ့မှာ ပင့်သက်ရှိုက်သွားပြီး ချာချာလည်မူးဝေသွား၏။ သူသည် တောင်ပေါ်တက်နေသော အခြားသူများနည်းတူ လမ်းတစ်လျှောက်ရှိ ဂိုဏ်းသားများအား မေးမြန်းခဲ့၍ အမှန်ကို သိထားပြီးဖြစ်သော်လည်း မတုန်လှုပ်မိဘဲ မနေသေးပေ။
မျက်စိဖြင့် တပ်အပ်အတည်ပြုနိုင်လိုက်ခြင်းက သူ့နှလုံးသားတွင် အံ့ဩခြင်းလှိုင်းများ ထန်သွားစေသည်။ သူ သေချာကြည့်ဖို့ ဆက်ကြိုးစားတက်လိုက်သည့်အချိန်မှာပင် ဖန်မုကား လှေကားထစ် ၄၇၀၀၀ မြောက်ကို ကျော်သွားလေပြီ။ ထို့နောက် နောက်ခြေလှမ်းဆယ်လှမ်းက သူ့အား ၄၈၀၀၀ မြောက်သို့ ခေါ်သွား၏။ နောက်ဆယ်လှမ်းပြီးသော် ၄၉၀၀၀ သို့ ရောက်သွားလေပြီ။
“ဒါက ... ဒါက...” သူ့အနောက်ရှိ ကျင့်ကြံသူမှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်တော့ပေ။ ဖန်မု မည်မျှမြန်မြန်သွားနေပြီး မည်မျှသက်တောင့်သက်သာရှိနေသည်ကို ထည့်တွက်ရင်း ဤလူသည် ... မကြာမီ နဝမဂိုဏ်းတွင် ယခုထိတစ်ခါမှ ပေါ်ထွန်းလာခဲ့ဖူးသော ရွေးချယ်ခံတစ်ဦး ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း ခံစားလိုက်ရ၏။
“မင်းက ဘယ်သူလဲ” သူက အဆုတ်ကွဲလုမတတ် အော်လိုက်သည်။
မန်ဟိုက တုံ့ခနဲ ရပ်ပြီး မေးခွန်းထုတ်နေသောအမူအရာဖြင့် ပြန်လှည့်ကြည့်သည်။ သူက ဘာမှမပြောသော်လည်း ကျင့်ကြံသူသည် သူ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရ၏။
ထိုသို့ဖြစ်ပျက်သောအခါ ထိုလူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ ကျန်ရှိသူများအနေဖြင့် ဖန်မုနှင့်ပတ်သက်၍ သိပ်ထူးထူးခြားခြား သတိမထားမိလျှင် သတိမထားမိလိမ့်မည်၊ ဤလူကတော့ ဖန်မု ပြစ်ဒဏ်ကျော်လွားခဲ့သည်ကို ကြည့်နေခဲ့၍ သူ့အား ချက်ချင်း မှတ်မိလိုက်သည်။
“ဖန်မု... မင်းက ဖန်မုပဲ” သူ့မှာ အအံ့ဩလွန်း၍ စိတ်နှလုံးတုန်လှုပ်သွားပြီး ကျင့်ကြံခြင်းအခြေခံပင် မငြိမ်မသက်ဖြစ်သွားသည်။ သူသည် ဆက်မတက်နိုင်တော့၍ တောင်၏အပြင်သို့ နေရာရွှေ့ပြောင်းခံလိုက်ရသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။
သူက အပြင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် တောင်အပြင်ရှိ ကျင့်ကြံသူအားလုံး ကြားရသည့်တိုင်အောင် အကျယ်ဆုံးအော်လိုက်သည်။
“ငါ သူ့ကို မြင်လိုက်တယ်။ အုပ်စုမဟုတ်ဘူး တစ်ယောက်တည်း... ဖန်မု။ လွန်ခဲ့တဲ့ဆယ်နှစ်က သေမျိုးအဖြစ်ကနေ အင်မော်တယ်အဆင့်တက်သွားတဲ့ တစ်ယောက်... ဖန်မု။ သူက အခုလေးတင် ပထမလှေကားထစ်ကနေ အထစ်ငါးသောင်းအထိ တောက်လျှောက်တက်သွားခဲ့တာ။ ရပ်တောင်မရပ်ဘူး”
ထိုလူ့အသံက လူတိုင်း ကြားရသည့်တိုင်အောင် ဟိန်းထွက်နေသည်။
လူတိုင်း မှင်သက်သွားကြ၏။ ယန်အာပင် ပါဝင်သည်။ ယခုတွင် လူတိုင်း ဖန်မုနာမည်ကို တွေးနေကြလေပြီ။
ပင့်သက်ရှိုက်သံများ ကြားလိုက်ရပြီး တခဏကြာသော် ဝုန်းဒိုင်းကြဲဆူညံသွားတော့သည်။ ထို့နောက် ငါးကြိမ်မြောက် ခေါင်းလောင်းသံအား ကြားလိုက်ရ၏။
ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် .....
နှိုင်းယှဉ်မရအောင် ရှေးဆန်ထည်ဝါခြင်း။ ခေါင်းလောင်းသံသည် အတိုင်းထက်အလွန် ရင်သပ်ရှုမောဖွယ်ကောင်းပြီး ဂိုဏ်းတခွင် ပဲ့တင်ထပ်နေစဉ် ကြားလိုက်ရသူတိုင်း၏ နှလုံးသားထဲ ဝင်ရောက်ကာ သူတို့စဉ်းစားနေသောနာမည်နှင့် ပေါင်းစည်း၍ မယုံနိုင်သောခံစားချက်ကို ပေါက်ဖွားလာစေတော့သည်။