အိုရီ၏ စွမ်းအား
Vol. 29 Ch. 399
မဟာ ဝိညာဥ်စမ်းသပ်ပွဲနောက်ပိုင်း ကြယ်တာရာ အမြုတေ၏ အရွယ်အစားကို ဝေ့ဝူယင် တစ်ခါမှ ထုတ်မပြရသေးချေ။ ထိုစဥ်က သူ၏ ကြယ်တာရာ အမြုတေများမှာ တစ်စင်တီမီတာ အရွယ်အစားလောက်သာ ရှိခဲ့သော်လည်း ၎င်းကပင်လျှင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ထက် နှစ်ဆ ဖြစ်သည်။
ဝိညာဥ်ဆင်းတု အဆင့်ကို တက်လှမ်းပြီးနောက်တွင် မရေမတွက်နိုင်သော အဂ္ဂိရတ် ထုတ်ကုန်များ၏ အကူအညီနှင့် အတူ သူ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ်တို့ကို အကန့်အသတ် ရောက်အောင် ထပ်မံ သန့်စင်ခဲ့သည်။ အကျိုးဆက် အနေဖြင့် သူ၏ ကြယ်တာရာ အမြုတေများမှာ တဖြည်းဖြည်း ပိုမို ကြီးထွားလာကာ နောက်ဆုံး တစ်ဆယ် စင်တီမီတာလောက် အထိ ရောက်ရှိလာခဲ့သည်။
ကြယ်တာရာ အမြုတေ တစ်ခု၏ အရွယ်အစားသည် အတွင်းတွင် ရှိနေသည့် ကြယ်တာရာ အင်အား၏ အရည်အသွေးနှင့် အရေအတွက်ကို ကိုယ်စားပြုနိုင်စွမ်း ရှိသည်။ ကြယ်တာရာ အမြုတေ အရွယ်အစား တစ်မီလီမီတာ ကွာခြားချက်ကပင် တိုက်ပွဲတစ်ခု၏ ရလဒ်ကို များစွာ ပြောင်းလဲနိုင်စွမ်း ရှိသည်။
အိရှန်းယွမ်မှာ ကျင့်ကြံခြင်း အဆင့် များစွာ မြင့်မားသည့် ကြယ်တာရာ အမြုတေ အရည်အသွေးတွင်တော့ ဝေ့ဝူယင်ထက် သာလွန်ခြင်း မရှိချေ။ အရေအတွက်လား... မြေအောက်မြိုတော် တစ်ခုလုံးကိုပင် ကြယ်တာရာ အင်အားဖြင့် သူ ဖုံးလွှမ်းပစ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် ခရာတို အိရှန်းယွမ်ထံတွင် ရှုံးနိမ့်သွားခြင်း အပေါ် ဝေ့ဝူယင် မယုံကြည်နိုင်အောင် ဖြစ်သွားခြင်း ဖြစ်သည်။
အိရှန်းယွမ် အံ့အားသင့်နေစဥ်တွင် ဝေ့ဝူယင်က လက်ဟန် ပုံစံအမျိုးမျိုး ပြောင်းလဲလိုက်၏။ မူလ ဒြပ်စင် စွမ်းအင်များမှာ အရှိန်အဟုန်နှင့် အတူ စီးထွက်လာကာ သူ့ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ အဖြူရောင် အလင်းများ ကြားတွင် ပျောက်ကွယ်သွားတော့၏။
ဝှစ်...
အိရှန်းယွမ်မှာ အံ့အားသင့်နေမိသည့်တိုင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ သတိအပြည့် ရှိနေဆဲ ဖြစ်သည်။ သူမက လျှင်မြန်စွာပင် နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာကာ လေအင်အားကို ထုတ်ဖော်လျှက် ကောင်းကင်သို့ ပျံတက်လိုက်သည်။ အဆုံးမဲ့ ပျက်သုဥ်းခြင်း စွမ်းအင်များ ပြည့်နှက်နေသည့် နေရာတွင် ကောင်းကင်၌ ရပ်တည်ရသည်မှာ မလွယ်ကူသည့်တိုင် စောစောက ဝေ့ဝူယင် ထုတ်ဖော်ပြခဲ့သော စွမ်းရည်ကြောင့် သူမ မြေကြီးထဲကို ပြန်မဝင်ရဲတော့ချေ။
“မူလလောက... အသက်ဝင်စမ်း...”
ဝေ့ဝူယင်က “ဒြပ်စင်ကိုးပါး လောကဖန်တီးခြင်း ကျင့်စဥ်” ကို တစ်ဆင့်မြှင့်ထားသည့် ဒြပ်စင် ဝိညာဥ် ကျင့်စဥ်ကို ထုတ်ဖော်လိုက်၏။ မူလဒြပ်စင် စွမ်းအင်များမှာ လောကကြီး အနှံ့ စိမ့်ဝင်သွားကာ မီးခိုးရောင် သဲသောင်ပြင် တစ်ခုလုံးကို အုပ်မိုးသွားသည်။
အိရှန်းယွမ်မှာ အလွန် လျှင်မြန်သော အရှိန်ဖြင့် နောက်သို့ ဆုတ်ခွာနေသည့်တိုင် ပတ်ဝန်းကျင်ရှိ လောကကြီး တစ်ခုလုံးမှာ ထိန်းချုပ်မှု တစ်ခုခုအောက်သို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။ သူမက ကြယ်တာရာ အင်အား ပမာဏ အများအပြားကို ထပ်မံ ထုတ်လွှတ်ရင်း ကြယ်တာရာ အကာအကွယ် အလွှာကို အထပ်ထပ် အားဖြည့်လိုက်၏။
ထိုအခိုက်၌ အိရှန်းယွမ်၏ မျက်နှာမှာ မှောင်မည်းနေ၏။ မည်သို့အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်သည့်တိုင် ဆိုးရွားသည့် ခံစားချက် တစ်ခုက သူမ နှလုံးသားအတွင်း မြင့်တက်လာနေသည်။ ထိုခံစားချက်က မမှား။
ဘုန်း...
အဖြူရောင် အလင်းများမှာ ရုတ်ချည်း ပေါက်ကွဲသွားကာ လောကကြီး တစ်ခုလုံးကို စွန်းထင်းသွား၏။ ၎င်းက ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသည့် မြင်ကွင်းများ ကဲ့သို့ အလွန် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလွန်းလှသည်။
ဂါး... ဂါး...
မရေမတွက်နိုင်သော နဂါးများ အော်ဟစ်လိုက်သကဲ့သို့ ဟိန်းဟောက်သံကြီးများမှာ လောကကြီး အနှံ့ ပျံ့နှံ့သွားသည်။ ကောင်းကင်ထက်တွင်တော့ အဖြူရောင် နဂါးကိုးကောင်မှာ ထင်ရှားစွာပင် ပေါ်ထွက်လာကာ လူးလွင့် ကူးခပ်နေကြသည်။ ၎င်းတို့က မီတာထောင်ချီ ရှည်လျားကြကာ လက်သည်းကြီးများကို ဆန့်တန်းလျှက် တိမ်၊ လေနှင့် မြေထုတို့ကို ဖျက်ဆီးနေကြ၏။
နဂါးကိုးကောင်၏ မျက်လုံးများက ဒြပ်စင် ကိုးခု အငွေ့အသက်များနှင့် ရောင်စုံတောက်ပနေကာ လောကကို အထက်စီးဆန်စွာ ကြည့်နေကြသည်။ ၎င်းတို့၏ ကြီးမားလွန်းလှသော ဧရာမ ခန္ဓာကိုယ်ကြီးများကတော့ လေထုထဲတွင် လိမ့်လိုက်၊ မြေကြီးထဲ နစ်ဝင်သွားလိုက်၊ တိမ်များကို ထိုးဖောက်လိုက်နှင့် ဒေါသတကြီး လှုပ်ရှားနေကြ၏။
သူတို့အားလုံး၏ အလယ်ဗဟိုတွင်တော့ မီးရောင်လေများကို ဝန်းရံကာ ရပ်တည်နေသည့် ဝေ့ဝူယင်၏ ပုံရိပ် ရှိနေခဲ့သည်။ ထိုအခိုက်၌ သူ၏ ပုံစံက လောက၊ နဂါးနှင့် ဒြပ်စင် အားလုံးကို အစိုးရသည့် နတ်ဘုရား တစ်ပါး အလား ထည်ဝါနေခဲ့လေသည်။
အိရှန်းယွမ်၏ မျက်လုံးများက မယုံကြည်နိုင်မှုနှင့် အတူ ဝိုင်းစက်နေ၏။
“ဒီ... ဒီလို ဝင်္ကပါတစ်ခုကို ရှင် ဘယ်လို ခင်းကျင်းလိုက်တာလဲ...”
မိန်းကလေး၏ နှုတ်ခမ်းပါးမှ ထွက်ပေါ်လာသည့် စကားလုံးများကို ကြားသောအခိုက်၌ ဝေ့ဝူယင် ပြုံးလိုက်မိသည်။ အနန္တကုန်းမြေတိုက်ကြီးတွင် လုံချန်နှင့် တိုက်ခိုက်ခဲ့သည့်နေ့တုန်းကလည်း ထိုစကားလုံးများကို တစ်စုံတစ်ယောက်ထံမှ သူ ကြားဖူးခဲ့သည်။
နဂါးများကား ကြယ်တာရာ အမြုတေ အတွင်းရှိ အဆုံးမဲ့ ဒြပ်စင်အင်အားတို့ဖြင့် ဖန်တီးထားသည့် ဝိညာဥ် အစီအရင်တစ်ခုပင် ဖြစ်သည်။ နဂါးတစ်ကောင်ချင်းစီမှာ သူ့ မူလဒြပ်စင်အင်အား၏ ဆယ်ပုံတစ်ပုံစီကို ပိုင်ဆိုင်ထားသည်။ ထိုအခိုက်၌ အိုရီထံမှ ထွက်ပေါ်လာသည့် စိတ်လှုပ်ရှားခြင်းနှင့် ဂုဏ်ယူသည့် အငွေ့အသက် အချို့ကို ဝေ့ဝူယင် ခံစားရ၏။
သူ အသာအယာပင် ပြုံးရင်း လက်ဝါးတစ်ဖက်ကို ကောင်းကင်ဆီသို့ ဦးတည်ကာ မြှောက်ပင့် လိုက်၏။
ဂါး...
နဂါးကိုးကောင်မှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြရင်း လက်သည်းကြီးများကို ဆန့်တန်းလျှက် အိရှန်းယွမ်ကို စိုက်ကြည့်လိုက်ကြလေသည်။ ချက်ချင်းပင် သူမ တည်ရှိနေသည့် မိုင်တစ်ရာ ပတ်လည် မီးခိုးရောင် သဲသောင်ပြင် တစ်ခုလုံးရှိ အမတေများမှာ မှိန်ဖျော့သွားကာ အဆုံးမဲ့ အဖြူရောင် စွမ်းအင်လှိုင်းများနှင့် ပြည့်နှက်သွား၏။
အိရှန်းယွမ်မှာ ဆက်လက် မပြေးတော့ချေ။ ထို့အစား သူမက အနားစွန်းနှစ်ဖက်တွင် အညိုရင့်ရောင် လျှပ်စီးများ တောက်ပနေသည့် လှံတံတစ်ခုကိုသာ ဆွဲထုတ်လိုက်၏။ သူမ ထိုလက်နက်ကို ကျွမ်းကျင်စွာ ကိုင်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်သည်။
“ဂန်းရှုလေး... မင်းက အစွမ်းထက်တယ် ဆိုပေမဲ့ အရမ်းကို ငယ်လွန်းသေးတယ်... မင်းကို လွှတ်ပေးပြီး ကြီးထွားခွင့် ပြုလိုက်မယ် ဆိုရင် နောင်တစ်ချိန်ကျ ငါတို့ အယ်ဗန်မျိုးနွယ် တစ်ခုလုံးကိုပါ အဆုံးသတ်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်... ဒါကြောင့် မင်းကို ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားခွင့် မပြုနိုင်ဘူး”
လွန်ခဲ့သည့် နှစ်များအတွင်း ကမ္ဘာကြီး ငြိမ်းချမ်းနေရသည့် အကြောင်းရင်းမှာ အယ်ဗန်များနှင့် လူသားများ အကြားရှိ ခွန်အားက မျှချေ အခြေအနေ တစ်ခုတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း ဤလူငယ်လေးကတော့ ဝိညာဥ်ဆင်းတု အဆင့်ဖြင့်ပင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များကို အခက်တွေ့စေနိုင်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်... သို့မဟုတ် လောကသခင် အဆင့်များကို ရောက်ရှိသွားပါက ထိုမျှချေမှာ လုံးဝ ပျက်စီးသွားကာ အယ်ဗန်မျိုးနွယ် တစ်ခုလုံး ကပ်ဘေးနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်လာမည်ကို သူမ ခွင့်မပြုနိုင်ချေ။ ထို့ကြောင့်ပင် ဆက်လက် မပြေးတော့ပဲ သူမ ရပ်တန့်လိုက်ခြင်း ဖြစ်၏။ ယနေ့၌ သူမ သေလျှင်ပင် မသေလျှင် ထိုလူငယ်လေး သေရပေမည်။
မြေအောက်မြို့တော်ကို နောက်ဆုံး သတင်းစကား ပေးပို့ပြီးနောက် ပြင်းထန်သော သန္နိဋ္ဌာန်နှင့် အတူ သူမ အော်ဟစ်လိုက်၏။ ထို့နောက် လက်ထဲရှိ အညိုရင့်ရောင် မိုးကြိုး လှံတံနှင့် အတူ ဝေ့ဝူယင်ထံသို့ ဦးတည်ကာ တဟုန်ထိုး ပြေးဝင်လာလေတော့သည်။
ဝေ့ဝူယင်မှာ ရင်များ တဒိတ်ဒိတ် ခုန်သည် အထိ စိတ်လှုပ်ရှားလာခဲ့၏။ ထိုကဲ့သို့ စိန်ခေါ်သည့် စကားလုံးများ မကြားခဲ့ရသည်မှာ သူ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
နေသွေးနီနီဂိုဏ်းတွင် နေထိုင်ခဲ့စဥ်က သူကြီးထွားလာမည်ကို မလိုလားသည့် ရန်သူ မည်မျှ များပြားခဲ့သနည်း။ သူ့ အသက်ကို ရက်ရက်စက်စက် နှုတ်ယူချင်ခဲ့သည့် ရန်သူ မည်မျှ ရှိခဲ့သနည်း။ အရေအတွက်ကို သူ မေ့နေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူကတော့ ယနေ့တိုင် ဆက်လက် အသက်ရှင်ကာ ကောင်းမွန်စွာ ရပ်နေနိုင်ဆဲ ဖြစ်ပေသည်။
ဝေ့ဝူယင် လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ မီတာထောင်ချီ ရှည်လျားသော နဂါးကြီးများမှာ စတင်ကာ လှုပ်ရှားလာကြ၏။ မြေပြင်က မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များပင် မထိန်းချုပ်နိုင်သည့် အရှိန်နှုန်းဖြင့် တဟုန်းဟုန်း လှိုင်းထလာသည်။
“သေစမ်း...”
အိရှန်းယွမ်က လှံတံကို အရှိန်အဟုန်နှင့် ရှေ့သို့ ဆန့်ထုတ်ကာ နဂါးတစ်ကောင်ကို တိုက်ခိုက်လိုက်၏။ သို့သော်လည်း အလွန်ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ နည်းနည်းမျှ မှုပုံမရ။ ရှေ့သို့ ဆက်တိုးလာကာ သူမ၏ ခန္ဓာကိုယ်လေးကို ဝါးမျိုရန် ကြိုးစားလိုက်၏။
ဝှစ်...
အိရှန်းယွမ်က ထင်မှတ်မထားသော ပတ်လမ်းကို သုံးကာ ခန္ဓာကိုယ်အား လိမ်လျှက် ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူမက လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ မြေကြီးစွမ်းအင်များမှာ မီတာ တစ်ရာမျှ ရှိသော ကျောက်တုံးကြီးများ အဖြစ် ပြောင်းလဲကာ နဂါးနှစ်ကောင်စီ လွင့်ပျံသွား၏။
ဘုန်း... ဘုန်း...
၎င်းတို့က အနီးကပ်ဆုံးတွင် ရှိနေသည် နဂါးကြီး နှစ်ကောင်၏ ခန္ဓာကိုယ်များကို ထိမှန်သွားသည်။ နဂါးနှစ်ကောင်မှာ အနည်းငယ် တုန်ရီသွားကြသော်လည်း သူတို့ ပိုင်ဆိုင်ထားသည့် အဖြူရောင် အကြေးခွံများမှာ သစ်သား၏ ပျော့ပျောင်းမှု၊ ရေ၏ လိုက်လျောညီထွေရှိမှုနှင့် သတ္တု၏ အကြမ်းခံမှုတို့ကိုဖြင့် ပေါင်းစပ်ထားပုံ ရလေသည်။ ကျောက်တုံးကြီး နှစ်တုံးကို ထိခိုက်မှု တစ်စုံတစ်ရာပင် မရှိပဲ လွယ်လွယ်ကူကူပင် ချေဖျက်လိုက်နိုင်၏။
အိရှန်းယွမ်၏ မျက်နှာထက်ရှိ ထိတ်လန့်မှုက ပိုမို ထင်ရှားလာသည်။ စွမ်းအင်ကို များစွာ အသုံးပြုလိုက်ရခြင်းကြောင့် သွေးစသွေးန အချို့မှာ သူမ၏ ပါးစပ်နှင့် နှာခေါင်းတို့မှ စီးကျလာ၏။
နဂါးများအား ဖျက်ဆီးရန်က အဖြေရှာ မရသော ပုစ္ဆာတစ်ခုပင်။ ၎င်းတို့နှင့် ထိပ်တိုက် ရင်ဆိုင်ကာ ဆက်လက်၍ တိုက်ခိုက်နေရပါက အချိန်တိုအတွင်းမှာပင် ကြယ်တာရာ အင်အားများ ကုန်ခမ်းသွားတော့မည် ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းတို့ကို နောက်ကွယ်မှ ထိန်းချုပ်နေသည့် ဝေ့ဝူယင်အား ရှာဖွေရန် သူမ ဆုံးဖြတ်လိုက်၏။ အကယ်၍ လိုအပ်ပါက အသေခံကာ ခန္ဓာကိုယ်အား ဖောက်ခွဲပစ်ရန်ပင် သူမ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း နဂါးကြီး တစ်ကောင်၏ ဦးခေါင်းထက်၌ ရပ်နေခဲ့၏။ သူ့ကို လိုက်ရှာရန် ကြိုးပမ်းနေသည့် အိရှန်းယွမ်ကို ကြည့်ရင်း လှောင်ပြောင်သော အပြုံးတစ်ခုက သူ့နှုတ်ခမ်းများထက်တွင် ပေါ်ထွက်လာသည်။ အိရှန်းယွမ် နဂါးသုံးကောင်ဖြင့် တိုင်ပတ်နေချိန်တွင် သူ့ပတ်ဝန်းကျင် နဂါးခြောက်ကောင်ခန့် ရှိနေသေးဆဲ ဖြစ်သည်။
နောက်ဆုံး၌ အိရှန်းယွမ်မှာ ပြုံးစစဖြင့် သူမကို ကြည့်နေသည့် ဝေ့ဝူယင်ကို တွေ့မြင်သွား၏။ ထိုလူငယ်က သူ့အား နဂါးများနှင့် ကစားနေခြင်း ဖြစ်ကြောင်း သဘောပေါက်သွားသော အခိုက်၌ သူမ၏ မျက်လုံးများက ချင်းချင်းနီသွားသည်။ ထိုအခိုက်၌ ဝေ့ဝူယင်အား သတ်ဖြတ်ရန်မှ လွဲ၍ သူမ ဘာကိုမှ မသိတော့။
“ခွေးသားလေး... သေစမ်း...”
သူမက ခန္ဓာကိုယ်ကို ကြယ်ပျံတစ်စင်း အသွင် ပြောင်းလဲကာ ဝေ့ဝူယင် ရှိရာဆီ တဇွတ်ထိုး တိုးဝင်လေတော့၏။ သို့သော်လည်း... လမ်းခုလတ်တွင်ပင် အလွန် ကြီးမားသော အမြီးကြီး တစ်ခုက အလင်း၏ အမြန်နှုန်းမျိုးဖြင့် သူမထံ တိုးဝင်လာသည်။
အိရှန်းယွမ်မှာ ချက်ချင်းပင် သတိဝင်သွားကာ နောက်သို့ ဆုတ်ခွာရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း နောက်ဖက်သို့ လှည့်လိုက်ချိန်၌ သူမ မြင်တွေ့လိုက်ရသည်ကတော့ နဂါးကြီး တစ်ကောင်၏ အလွန် ကြီးမားလှသည့် ပါးစပ်ကြီးပင်။
ဖွေးလျချွန်ထက်နေသည့် သွားများ၊ တွဲလောင်းကျနေသည့် လျှာကြီးနှင့် ရွှဲနစ်နေသည့် သွားရည်များ...
ဂျွပ်...
သူမ ဆက်လက် မတွေးတောနိုင်ခင်မှာပင် နဂါးကြီးက ပါးစပ်ကို စိလိုက်၏။
နဂါးတစ်ကောင်၏ ဦးခေါင်းထက်တွင်တော့ ဝေ့ဝူယင်က စိတ်မကောင်းဖြစ်ဟန်ဖြင့် သက်ပြင်းတစ်ချက်သာ ချလိုက်သည်။
“ငါ့ကို သတ်ဖို့ကြိုးစားတာ မင်းမှားတာပဲ...”
***