နောက်လိုက်သုံးယောက်
Vol. 29 Ch. 400
တစ်ခါတစ်ရံ၌ ကျင့်ကြံသူများ အကြားရှိ တိုက်ပွဲများမှာ ပြင်းထန်သော စွမ်းအား၊ ပြတ်သားသော ဗျူဟာများနှင့် အတူ လျင်မြန်စွာပင် နိဂုံးချုပ် သွားလေ့ ရှိသည်။ ဤသည်မှာ ကျင့်ကြံခြင်း လောကတွင် ငြင်းဆန်၍ မရနိုင်သော နိယာမ သဘောတရား တစ်ခုပင် ဖြစ်သည်။
ဝေ့ဝူယင်သည် နဂါးများကို ခန့်ညားထည်ဝါစွာ ဝန်းရံရင်း ပြင်းထန်သော တိုက်ပွဲဝင် စိတ်ဓာတ်တို့ တဖွဲဖွဲ ပေါ်လာနေခဲ့၏။ နှလုံးသားထဲတွင် အချိန်ကာလ ကြာမြင့်စွာ ငုပ်လျှိုး ပျောက်ကွယ်နေခဲ့သည့် ပြင်းထန်သော ခံစားချက်များက ယခုမှ ပထမဆုံး အကြိမ် ပြန်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အနန္တ ဧကရာဇ်ဂိုဏ်းကို ရောက်ရှိစဥ်ကတည်းက သူ အဂ္ဂိရတ် လမ်းစဥ်ကိုသာ အဓိက အာရုံစိုက်ဖြစ်ခဲ့သည်။ ဘဝ တစ်လျှောက်လုံး ရုန်းကန်ခဲ့ရသည့် တိုက်ခိုက်ရေး လမ်းကြောင်းကို မေ့လျော့သလိုပင် ဖြစ်နေခဲ့သည်။ အိရှန်းယွမ်ကို ဝါးမျိုပစ်လိုက်သော နဂါးကြီးထံမှ တကျီကျီ အံကြိတ်သံများကို ဝေ့ဝူယင် ကြားနေရ၏။ ၎င်း၏ နှုတ်ခမ်းများကတော့ ပြုံးယောင်သမ်းနေသယောင်ပင်။
အဖြူရောင် စွန်းထင်နေသည့် လောကကြီးနှင့် ဝေးကွာသော တစ်နေရာတွင်တော့ ထိုမြင်ကွင်းကို ကြည့်နေခဲ့သည့် လူသားသုံ့ပန်းများ ရှိနေခဲ့သည်။ သူတို့၏ ပါးစပ်များက မေးရိုးမရှိတော့သည့် အလား အဟောင်းသား ဖြစ်နေကာ မျက်လုံးကတော့ လပြည့်ဝန်းများ ကဲ့သို့ ပြူးကျယ်နေ၏။
“သူ... သေသွားပြီလား...”
လူအိုကြီးက တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်၏။ အိရှန်းယွမ်မှာ သူတို့နှင့် အစိမ်းသက်သက် မဟုတ်ချေ။ သူမက မြေကြီး ရည်ရွယ်ချက်ကို အလွန် မြင့်မားသော အဆင့်တစ်ခု အထိ ကျင့်ကြံထားသူ ဖြစ်ကာ မြေအောက် မြို့တော်ကြီးတစ်ခုလုံးကိုပင် အုပ်စိုးနိုင်သည့် အရည်အချင်း ရှိသူ ဖြစ်သည်။ သူမ၏ ဂုဏ်သတင်းနှင့် ခွန်အားမှာ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်ကိုပင် ကျော်လွန်ကာ ထင်ရှားသည်။
သို့သော်လည်း ယခုတွင်တော့ နဂါးဖြူကြီး တစ်ကောင်မှာ သူမကို အရသာ ရှိစွာဖြင့် နေ့လည်စာ အဖြစ် သုံးဆောင်နေခဲ့ပြီ ဖြစ်သည်။ တကျိကျိ အသံများကို နားထောင်ရင်း သူတို့မှာ ဦးရေပြားများပင် ထုံကျင် လာခဲ့ကြ၏။
အိကျူးလင်မှာ တဖြည်းဖြည်း နိုးထလာ၏။ သူမက မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အဖြူရောင် လောကြီးနှင့် ပျံသန်းနေသည့် နဂါးကြီး ကိုးကောင်ကို တွေ့မြင်လိုက်ရသည်။
“ငါ ဘယ်နေရာကို ရောက်နေတာလဲ...”
သူမက ရေရွတ်ရင်း ကြယ်တာရာ အင်အားကို လှည့်ပတ်ကြည့်ရန် ကြိုးပမ်းလိုက်၏။ ကံဆိုးစွာပင် သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ တစ်စုံတစ်ရာ၏ ပိတ်ဆို့မှုကို ခံထားရသည်။ ယခုအချိန်၌ သူမက သာမန် သေမျိုး တစ်ယောက်နှင့် မခြားနားတော့ချေ။
ဂါး...
နဂါးဖြူကြီးများမှာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ၎င်းတို့မှာ အောင်ပွဲကြောင့် အတော်လေး စိတ်လှုပ်ရှားနေဟန် ရကာ ကောင်းကင်နှင့် မြေကြီးအကြား လူးလွင့်ပျံသန်းနေသည်။
ဝေ့ဝူယင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း လက်ဟန်ချိပ်တံဆိပ် တစ်ခုကို အသက်သွင်းလိုက်၏။ နဂါးဖြူကြီးများမှာ ဟိန်းဟောက်ရင်းပင် အဖြူရောင် အမှုန်အမွှာများ အဖြစ် ပြိုကွဲသွား၏။ ထို့နောက် ၎င်းတို့က လျှင်မြန်စွာပင် ပြန်လည် စုစည်းကာ အဖြူရောင် အလင်းစတစ်ခု အဖြစ် ဝေ့ဝူယင်၏ မျက်လုံးများ အတွင်း ပြန်လည် စိမ့်ဝင်သွားသည်။ တစ်ချိန်တည်း၌ ပတ်ဝန်းကျင်ရှိ အဖြူရောင် မြူခိုးများမှာလည်း အရှိန်အဟုန်ပြင်းစွာပင် သူ့ပါးစပ်အတွင်း စီးတင်လာသည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အကယ်၍ သူသာ ဝိညာဥ်စွမ်းအင်ကိုသာ ဖြတ်တောက်လိုက်ပါက နဂါးကြီးများမှာ ပတ်ဝန်းကျင်နှင့် လျှင်မြန်စွာ ပေါင်းစပ်သွားကာ အစစ်အမှန် သက်ရှိများ အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် သူနှင့် အိုရီတို့ပင် ထိန်းချုပ်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
၎င်းက မူလ မိုးကုပ်စက်ဝိုင်း အဆင့် ထာဝရ တည်မြဲခြင်း စွမ်းအား၏ အားသာချက် ဖြစ်သလို အားနည်းချက်လည်း ဖြစ်ပေသည်။
ဟူး... ဟူး...
တစ်မိနစ်ခန့် အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အဖြူရောင် လောကကြီးမှာ ပုံမှန် မီးခိုးရောင် သဲသောင်ပြင် အဖြစ် ပြန်လည် ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် အသက်ပြင်းပြင်းရှူလိုက်၏။ အိရှန်းယွမ်အား သတ်ဖြတ်ရန် အတွက် သူ ကြယ်တာရာ အင်အား နှစ်ဆယ် ရာခိုင်နှုန်းခန့်ကိုပင် အသုံးပြုခဲ့ရသည်။
၎င်းက သူ့အတွက် ပြောပလောက်သော ပမာဏ မဟုတ်သည့်တိုင် တစ်ဆယ်စင်တီမီတာ အရွယ်အစား ကြယ်တာရာ အမြုတေနှင့် တွက်လျှင်တော့ အလွန် များပြားလွန်းသော ရင်းမြစ်များ ဖြစ်သည်။ ကုန်ကုန် ပြောရလျှင် ထိုစွမ်းအင်မှာ ကုန်းမြေတိုက်ကြီးနှင့် ဂြိုဟ်ငယ် အချို့ကို ဖျက်ဆီးပစ်ရန်ပင် လုံလောက်ပေသည်။
“သူက ဒီလောက်လည်း မဟုတ်ပါဘူး...”
ဝေ့ဝူယင် မှတ်ချက်ချရင်း အိရှန်းယွမ်၏ ဟင်းလင်းပြင် လက်စွပ်ကို ယူလိုက်၏။ ထိုမိန်းကလေးမှာ မြေကြီး ရည်ရွယ်ချက်ကို အလွန် မြင့်မားစွာ ကျင့်ကြံထားနိုင်သည့်တိုင် အခြေခံ အုတ်မြစ်ကတော့ သိပ်မခိုင်မာလှချေ။ သူမက ကွင်းခုနစ်ကွင်း ဝိညာဥ်ဆင်းတု၊ ဟင်းလင်းပြင်လှိုင်း ခြောက်လှိုင်းနှင့် အဝါရောင် မူလအလင်းကိုသာ ပိုင်ဆိုင်ထားပေသည်။
ထို့အပြင် ကြယ်တာရာ အင်အားမှာလည်း ထာဝရ တည်မြဲမှု မရှိလေရာ မိန်းကလေး၏ ကြယ်တာရာ ဝိညာဥ်က သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကိုပင် မရောက်တာ သေချာသည်။ ခန့်မှန်းချေအားဖြင့် အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ် သေမျိုး အဆင့်လောက်၌ ရှိနေနိုင်သည်။ အတိအကျတော့ သူလည်း မပြောနိုင်ချေ။
ဘာပဲဖြစ်ဖြစ်... အိရှန်းယွမ်မှာ ထို့ပိဟန်၏ ယခင်ပိုင်ဆိုင်ခဲ့သည့် ကျင့်ကြံခြင်း အုတ်မြစ်ထက်တော့ ပိုမို သာလွန်နေဆဲ ဖြစ်သည်။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ထိုမိန်းကလေးမှာ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်၏ ကလန်ကြီး ကိုးခုထဲမှ တစ်ခု၏ ခေါင်းဆောင်မျှသာ ဖြစ်သည်။ အခြားကလန်များတွင် သူမထက် ပိုမို အစွမ်းထက်သည့် ပုဂ္ဂိုလ်များ ရှိနေမည်မှာ ကျိန်းသေလှသည်။ ဤကမ္ဘာ၏ ကျင့်ကြံခြင်း လောကက မည်မျှ အဆင့်အတန်း မြင့်မားနေသနည်း။
ဝေ့ဝူယင် အတွေးစများကို ဖြတ်ရင်း သုံ့ပန်းများ ရှိနေသည့် ဘက်ကို ပြန်လည် ပျံသန်းလာခဲ့၏။ ရောက်ရှိပြီးနောက်၌ အသိစိတ် လွတ်ကာ မေ့မျောနေဟန်ဖြင့် မြေကြီးထက်၌ လှဲလျောင်းနေသည့် အိကျူးလင်ကို သူ တွေ့လိုက်ရသည်။ ထိုမိန်းကလေး၏ လုပ်ရပ်က စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးတောမိသော်လည်း သူ တိုက်ရိုက်ပင် လျစ်လျူကာ သုံ့ပန်များ ဘက်သို့ လှည့်လိုက်၏။
သူတို့အားလုံးမှာ ထိတ်လန့်တကြား အမူအရာများဖြင့် ဝေ့ဝူယင်ကို မျက်လုံး အဝိုင်းသား ကြည့်နေခဲ့၏။ လူအိုကြီးမှာ အချုပ်အနှောင်များမှ လွတ်မြောက်သွားပြီ ဖြစ်ရာ သူ ဝိညာဥ်ဆင်းတု အဆင့် ကျင့်ကြံခြင်း အခြေခံကို ပြန်လည် ရရှိခဲ့ပြီး ဖြစ်သည်။ ထွက်ပေါ်နေသော အရောင်အဝါများ အရ သူက ကွင်းငါးကွင်း ဝိညာဥ် ဆင်းတုကို ပိုင်ဆိုင်ထားပေသည်။
သူက လက်နှစ်ဖက်ကို ယှက်ရင်း လေးလေးနက်နက် အမူအရာဖြင့် ဦးညွှတ်လိုက်၏။
“ကျုပ်တို့ အသက်တွေကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် စီနီယာ...”
ထိုလူငယ်လေးမှာ ငယ်ရွယ်သည့် ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားသည့်တိုင် မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်တို့၏ မြို့တော်သခင် တစ်ယောက်ကိုပင် အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။ အကယ်၍ သူ့ထက်ငယ်သည် ဆိုလျှင်ပင် အဆုံးစွန်သော လေးစားမှုများနှင့် ထိုက်တန်သူ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်... စီနီယာ”
အခြားလူများကလည်း ဦးညွှတ်ရင်း သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်ကြ၏။ အားလုံးထဲ၌ ကတုံးကြီး၏ ဦးညွှတ်မှုကတော့ အနက်ရှိုင်းဆုံးနှင့် အတက်ကြွဆုံးပင်။
ဝေ့ဝူယင်မှာ သူ့ထက် အသက်ရာချီ ပိုမို ကြီးသူမျာ၏ စီနီယာ ဟူသော အသုံးအနှုန်းကြောင့် အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်သွား၏။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် သူ့ကို မင်းသားဝေ့၊ အရှင်ဝေ့၊ ကောင်းကင် ဧကရာဇ်ဝေ့၊ အာဏာရှင် အင်ပါယာဝေ့ စသည့်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသည့်တိုင် စီနီယာ ဆိုသော အသုံးအနှုန်းကိုတော့ သူ ယခုမှ ကြားဖူးခဲ့ခြင်း ဖြစ်သည်။
“မြေအောက်မြို့တော်က ဆက်ပြီး လိုက်လာတော့မယ့်ပုံ မပေါ်ဘူး... မင်းတို့ အားလုံး လွတ်လပ်သွားပြီ”
ဝေ့ဝူယင်၏ စကားလုံးများက သုံ့ပန်းများ တစ်ဖြစ်လည်း ရတနာ မုဆိုးများကို ရွှင်မြူးသွားစေ၏။ စွမ်းအင် ကူးပြောင်းသူများ၊ အဂ္ဂိရတ် ကျေးကျွန်များ အဖြစ် ရောင်းချခံရတော့မည်မဟုတ်ချေ။ ၎င်းက ရှည်လျားလွန်းလှသော ဘဝ တစ်လျှောက်လုံးတွင် သူတို့ ကြားဖူးခဲ့သည့် မင်္ဂလာ အရှိဆုံး သတင်း ဖြစ်ပေသည်။
ထို့အပြင် မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များ သူတို့နောက် မလိုက်မည်မှာ ကျိန်းသေသလောက်ပင်။ အကယ်၍ လိုက်လာမည် ဆိုလျှင်ပင် ထိုအရာက ဝေ့ဝူယင် အတွက် သာ ဖြစ်ပေလိမ့်မည်။ ထိုလူငယ်နှင့် ယှဥ်ပါက သူတို့၏ ဖြစ်တည်မှုများက ယင်ကောင်လောက်သာ ရှိပေသည်။ မည်သူမှ အရေးတယူနှင့် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
ရတနာမုဆိုး အများစုမှာ နေအိမ်များသို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြ၏။ အချို့ကလည်း မီးခိုးရောင် သဲသောင်ပြင်တွင် ကျဥ်လည်ရင်း ရတနာများကို ဆက်လက် ရှာဖွေရန် ဆုံးဖြတ်ထားကြသည်။ သူတို့က ပတ်ဝန်းကျင်ရှိ ပျက်သုဥ်းခြင်း စွမ်းအင်ကို ကာကွယ်ရန် အတွက် အမျိုးမျိုးသော ပစ္စည်းများ၊ ဝတ်စုံများကို ထုတ်ဖော် ဝတ်ဆင်ကာ အရပ်မျက်နှာ အသီးသီးကို လူစုခွဲကာ ထွက်ခွာသွားကြသည်။
နောက်ဆုံး၌ ထိုနေရာတွင် သုံးယောင်သာ ကျန်ရစ်ခဲ့၏။ ကတုံးကြီး၊ လူအိုကြီးနှင့် အခြား တစ်ယောက်တို့ပင်။ သူတို့၏ နာမည်များကတော့ ဟွမ်ယု၊ ချူလဲ့တောင်းနှင့် လီဝမ် ဟူ၍ အသီးသီး ဖြစ်ကြပေသည်။
လူအိုကြီး ချူလဲ့တောင်းက တလေးတစားပင် ဝေ့ဝူယင်ကို မေးလိုက်၏။
“စီနီယာက ဘယ်နေရာကို သွားမှာလဲ မသိဘူး...”
ကြီးမားသည့် ကြွက်သားများနှင့် တောင့်တင်းခိုင်မာနေသည့် လူအိုကြီးကို ကြည့်ရင်း အတော်လေး သတိရှိသည်ဟု ဝေ့ဝူယင် မှတ်ချက်ချလိုက်မိသည်။ ထို့အပြင် ထိုလူအိုကြီးမှာ စိတ်လည်းရှည်ကာ သူသိလိုသမျှကို မချွင်းမချန် ပြောပြခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် လူအိုကြီးအပေါ် လေးစားမှု တစ်ချို့ သူ့တွင် ရှိပေသည်။
“ဘယ်ကို သွားရမလဲ ဆိုတာ ကျုပ်လည်း မသိသေးဘူး... အမှန်အတိုင်း ပြောရရင် ဒီပျက်သုဥ်းခြင်း နယ်မြေကို ကျုပ်တစ်ခါမှတောင် ရောက်ဖူးတာ မဟုတ်ဘူး... ခုရောက်နေတဲ့ နေရာနဲ့ အနီးဆုံး လူသားမြို့တော် တစ်ခုခုကိုများ ခင်ဗျား လမ်းညွှန်ပေးနိုင်မလား”
“ကျုပ်... ကျုပ် သိတယ်...”
ကတုံးကြီး ဟွမ်ယုက စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက် ပြောလိုက်သည်။ ဝေ့ဝူယင်က သူ့အား လှည့်ကြည့်လိုက်၏။ ကလေးဆန်ကာ စိတ်ထဲ ရှိသည့် အတိုင်း ပြုမူတတ်သည့် ထိုကတုံးကြီး အပေါ် သူ့တွင် မကောင်းမြင်စိတ် မရှိချေ။
“ဒီအနားမှာ မဟာငလျင်မြို့တော် လို့ ခေါ်တဲ့ မြို့တစ်ခု ရှိတယ်... အဲဒီမှာ ကျုပ်ရဲ့ ကလန်နဲ့ အိမ်ရှိတယ်... တကယ်လို့ စီနီယာ... စီနီယာ စိတ်ဝင်စားရင် ခေါ်သွားပေးမယ်လေ”
ဟွမ်ယုက အနည်းငယ် တွ့န်ဆုတ်၊ တွန့်ဆုတ်ဖြင့် ပြောလိုက်၏။ သူ့လေသံက ဝေ့ဝူယင် ကမ်းလှမ်းချက်ကို လက်မခံမှာ စိုးရိမ်နေပုံပင်။
ဝေ့ဝူယင်က ပထမဆုံး အကြိမ် အဖြစ် ကတုံးကြီးကို ရင်းနှီးစွာ ပြုံးပြလိုက်၏။
“ကောင်းပြီလေ...”
ဟွမ်ယု ထခုန်မတတ် ဝမ်းသာသွားချိန်တွင် ချူလဲ့တောင်းမှာ ဝေ့ဝူယင်၏ လက်ခံမှုကြောင့် အနည်းငယ် အံ့သြသွားပုံ ရ၏။ လီဝမ်ကတော့ ဘာစကားမှ မဆိုချေ။ တိတ်တဆိတ်ပင် ဝေ့ဝူယင်တို့၏ စကားဝိုင်းကို နားထောင်နေ၏။
သို့သော်လည်း ဝေ့ဝူယင်တို့နှင့် အတူ မဟာငလျင်မြို့တော်ကို ခရီးနှင်ဖို့ သူ စိတ်ထဲမှ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူက ဗဟိုနယ်မြေမှ လာရောက်သည့် လူတစ်ယောက် ဖြစ်ရာ ဝေ့ဝူယင် ကဲ့သို့ပင် ဤနေရာနှင့် အစိမ်းသက်သက် ဖြစ်ပေသည်။
ဝေ့ဝူယင်က လက်တစ်ဖက် ဝှေ့ယမ်းကာ အိကျူးလင်ကို ပခုံးထက် တင်လိုက်၏။ မသိမသာပင် ခန္ဓာကိုယ်လေးက တုန်ရီသွားသည့်တိုင် မိန်းကလေးမှာ ဆက်လက် အိပ်ပျော်ချင်ယောင် ဟန်ဆောင်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်ကလည်း သူမအား မနှောက်ယှက်။
“သွားကြမယ်...”
***