လိုအပ်သည့် အရာ
Vol. 29 Ch. 401
မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်တို့၏ မြေအောက်မြို့တော်မှ လွတ်မြောက်ခဲ့သည်မှာ ရက်ပေါင်း အနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ဦးတည်ရာကို ဆုံးဖြတ်ပြီးနောက်တွင် ဝေ့ဝူယင်နှင့် အခြားလူများမှာ ခြေလျင်သာ လျှောက်လာခဲ့ကြသည်။
ချူလဲ့တောင်းတို့၏ အဆိုအရဆိုလျှင် ပျက်သုဥ်းခြင်း နယ်မြေအတွင်း၌ ဖြတ်သန်းသွားလာနိုင်သည့် ဂိတ်တံခါး အချို့ ကို တည်ဆောက်ထားသည်ဟု ဆိုသည်။ သို့သော် ၎င်းတို့ကို လွယ်လွယ်နှင့်တော့ ဖြတ်သန်းခွင့် ရှိလိမ့်မည် မဟုတ်ချေ။
ထိုဂိတ်တံခါး တစ်ခုချင်းစီမှာ များစွာသော ဝင်္ကပါများ၊ အစီအရင်များ၏ အကာအကွယ်နှင့် အဆင့်မြင့် ကျင့်ကြံသူတို့၏ စောင့်ကြပ်မှု အောက်၌ တည်ရှိနေသည်။ ဂိတ်တံခါးတစ်ခုကို ဖြတ်သန်းမည် ဆိုလျှင် များစွာသော အစစ်အဆေးများကို ဖြတ်ကျော်ရသည်။ ထို့အပြင် ပေးချေရသည့် စျေးနှုန်းကလည်း အလွန် မြင့်မားလှသည်။
အခကြေးငွေကို အဝင်ဂိတ်ပေါက်တွင် ပေးရသလို အထွက် ဂိတ်ပေါက်တွင်လည်း ထပ်မံ ပေးချေရသည်။ သွားရမည့် နေရာဝေးလျှင် ဝေးသလို ပေးဆောင်ရသည့် နှုန်းထားကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ ထို့ကြောင့်ပင် ချူလဲ့တောင်းတို့က ခြေလျင်သာ သွားရောက်ကြရန် ဝေ့ဝူယင်ကို အကြံပြုခဲ့ကြခြင်း ဖြစ်သည်။
အယ်ဗန်တို့၏ မြေအောက်မြို့တော်ကြီးများနှင့် ခြားနားစွာပင် မဟာငလျင် ကဲ့သို့သော မြေပေါ်မြို့တော်များကို ဒေသခံ လူသားမျိုးနွယ်များက စိုးမိုးထားသည်။ အရေအတွက်အားဖြင့် စုစုပေါင်း ဆယ့်နှစ်မြို့သာ ရှိသော်လည်း မြို့တော် တစ်ခုချင်းစီက အလွန်အမင်း ကြီးမားလှသည်။
ဝေ့ဝူယင်သည် ခရီးစဥ် တစ်လျှောက် မေးခွန်းများ မေးရင်း များစွာသော အရာများကို သိရှိလာခဲ့ရ၏။ ပျက်သုဥ်းခြင်း နယ်မြေ ဒေသခံ ဟွမ်ယု၏ စကားအရ ဆိုလျှင် ဤပျက်သုဥ်းခြင်း နယ်မြေတွင် လူသားနှင့် အယ်ဗန်များ အပြင် ပျက်သုဥ်းခြင်း မိစ္ဆာတို့ ကဲ့သို့သော အခြား သက်ရှိ အမျိုးအစားများလည်း များစွာ နေထိုင်ကြပေသည်။
ထိုသက်ရှိများမှာ အလွန် အစွမ်းထက်ကာ ကြောက်ဖို့လည်း ကောင်းလှသည်။ ဆုတ်ယုတ်မှု ရာသီ ပြီးဆုံးသည်နှင့် ယင်းတို့မှာ အစီအရီ ပေါ်ထွက်လာကြကာ တွေ့မြင်သမျှကို ကြမ်းတမ်း ခက်ထန်စွာ တိုက်ခိုက် တတ်ကြသည်။ ထို့ကြောင့်ပင် အစက မြို့ပေါင်းများစွာ ရှိခဲ့သည့် အနက် စုစုပေါင်း ဆယ့်နှစ်မြို့သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
မဟာငလျင်မြို့တော်မှာ ထိုဆယ့်နှစ်မြို့အနက် တစ်မြို့ ဖြစ်ကာ မရေမတွက်နိုင်သော ဒေသခံ ကျင့်ကြံသူများနှင့် ရတနာမုဆိုးများ အိမ်ပြုနေထိုင်ကြပေသည်။
ဝေ့ဝူယင်သည် “ရတနာမုဆိုး” ဆိုသည့် အသုံးအနှုန်းကို သူတို့ထံမှ မကြာခဏ ဆိုသလို ကြားနေရ၏။ ထို့ကြောင့်ပင် သူက စိတ်ဝင်စားကာ ရတနာမုဆိုးများ အကြောင်းကို မေးမြန်းလိုက်သည်။
ဟွမ်ယု၏ အဆိုအရ ရတနာ မုဆိုး အများစုမှာ ဗဟိုနယ်မြေများမှ ဖြစ်ကာ ဤနေရာကို “ပျက်သုဥ်းခြင်း ပုလဲ” တွေ့လိမ့်နိုး မျှော်လင့်ချက်ဖြင့် ရောက်ရှိ လာကြသူများ ဖြစ်သည်။
ပျက်သုဥ်းခြင်း ပုလဲ...
ပျက်သုဥ်းခြင်း ပုလဲ ဆိုသည်က သုံးလွှာ ကြယ်တာရာ နယ်မြေရှိ အမတေ ကျောက်တုံးရိုင်းများ ကဲ့သို့ပင် ဖြစ်သည်။ အစွန်းလေးဖက် လောကနယ်မြေသားများမှာ ပျက်သုဥ်းခြင်း ပုလဲများကို ကြယ်တာရာ စိန်များ အဖြစ် သန့်စင်ကာ အသုံးပြုကြသည်။
ကြယ်တာရာစိန်များမှာ ဤနေရာ၌ သုံးစွဲသည့် အဓိက ငွေကြေး ဖြစ်ကြောင်းကိုတော့ ဝေ့ဝူယင် အစောကတည်းက သိရှိပြီးသည်။ အကြမ်းဖျဥ်းအားဖြင့် ဆိုရသော် ကြယ်တာရာ စိန်တစ်လုံးသည် တန်ကြေးအားဖြင့် သုံးလွှာ ကြယ်တာရာ နယ်မြေရှိ ကြယ်တာရာ ကျောက်တုံး သုံးတုံးကို ကိုယ်စားပြုနိုင်ပေသည်။
သို့သော်လည်း ပျက်သုဥ်းခြင်း ပုလဲ အကြောင်းကိုတော့ ယခုမှသာ ပထမဆုံး အကြိမ် သူ ကြားဖူးခြင်း ဖြစ်ပေသည်။
“စီနီယာ...”
ဟွမ်ယုက ဝေ့ဝူယင် လေ့လာဖို့ အတွက် ပျက်သုဥ်းခြင်း ပုလဲတစ်ခုကို ထုတ်ယူကာ လှမ်းပေး၏။ ၎င်းက သာမန်ပုလဲလုံးများနှင့် သိပ်မခြားနားသော်လည်း အထဲ၌ ဆန်းကြယ်သည့် စွမ်းအင် တစ်ခု ပါဝင်နေကြောင်း ဝေးဝေးမှပင် သူခံစားနိုင်ပေသည်။
“စိတ်ဝင်စားစရာပဲ...”
ဝေ့ဝူယင်က ၎င်းအား လှမ်းယူကာ သေချာစွာ စစ်ဆေးကြည့်လိုက်၏။ မကြာခင်မှာပင် သူ၏ မျက်လုံးများက တဖြည်းဖြည်းနှင့် ကျဥ်းမြောင်းသွားကာ ကြမ်းတမ်း ခက်ထန်သော ရောင်ဝါများဖြင့် ပြည့်နှက်သွား၏။
ဘုန်း...
အင်အားပြင်းထန်သော စွမ်းအင်လှိုင်း တစ်ခုမှာ ဝေ့ဝူယင်ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ဘေးနား၌ ရှိနေသည့် ဟွမ်ယုတို့ သုံးယောက်မှာ အချိန်မီ မခုခံနိုင်လိုက်ရကား လွင့်စဥ်ကာ မြေပြင်ပေါ် ဒလိမ့်ခေါက်ခွေး ပြုတ်ကျသွားကြတော့၏။
“ဘာဖြစ်တာလဲ...”
သူတို့က လူးလဲထရင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ထိတ်လန့် တုန်လှုပ်မှုနှင့် အတူ နားမလည်နိုင်ခြင်းများမှာ သူတို့၏ မျက်လုံးများထဲ၌ စိုးမိုး နေ၏။ စီနီယာက အဘယ်ကြောင့် ရုတ်တရက်ကြီး ထကာ ပေါက်ကွဲရသနည်း။
တစ်ချိန်တည်း၌...
ဘုန်း... ဘုန်း...
ပြင်းထန်သော ဒေါသမုန်တိုင်း တစ်ခုမှာ ခရာတို၏ ကြယ်တာရာ ဝိညာဥ်ကို ဝန်းရံကာ ပြင်းထန်စွာ တိုက်ခတ်နေ၏။ အလားတူပင် ဝေ့ဝူယင်၏ မျက်လုံးများမှာလည်း ဝမ်းနည်းမှု၊ ဒေါသထွက်မှုတို့နှင့် ပြည့်နှက်နေသည်။
သူ၏ လက်များက အလိုအလျောက် တုန့်ပြန်မှုဖြင့် အိကျူးလင်၏ ပေါင်တံများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိ၏။ မိန်းကလေးမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသွားသည့်တိုင် မျက်လုံးများကိုတော့ ဆက်လက် မှိတ်ထားဆဲ ဖြစ်သည်။
စက္ကန့်အနည်းငယ် ကြာမြင့်ပြီးနောက်မှ ဝေ့ဝူယင်မှာ စိတ်ခံစားချက်ကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့၏။ သူက အသက်ကို ပြင်းပြင်းရှူရင်း သူ့အရှေ့၌ လွင့်မြောနေသည့် ပျက်သုဥ်းခြင်း ပုလဲလေးကို ကြည့်လိုက်သည်။
“နဂါးစွမ်းအင်... တကယ့်ကို နဂါးစွမ်းအင်...”
အဆုံးမဲ့ ဝမ်းနည်းခြင်းလှိုင်းများက ဝေ့ဝူယင်၏ နှလုံးသား အတွင်း ရိုက်ခတ်နေသည်။ ထိုပုလဲလုံးလေး အတွင်းတင် တည်ရှိနေသည့် သွေးစွမ်းအင်ကို သူ ကောင်းစွာ ခံစား၍ ရပေသည်။ ၎င်းမှာ လုံးဝ လတ်ဆတ်နေကာ အသက်ရှင်သန်နေသော နဂါးတစ်ကောင်ထံမှ နှစ်တစ်ရာ မပြည့်ခင် အချိန် အတွင်း ထုတ်ယူထားခြင်းပင်။
ဝေ့ဝူယင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ ထိုအခိုက်၌ ဟွမ်ယု ပြောသည့် ပျက်သုဥ်းခြင်း မိစ္ဆာများ အပါအဝင် ထူးဆန်းသည့် သက်ရှိများ ဆိုသည့် စကားကို ပြန်လည် ကြားယောင်နေမိခဲ့၏။ ဖြစ်နိုင်ချေများကို တွေးတောရင်း သူ့နှုတ်ခမ်းများက တဆတ်ဆတ် တုန်ရီလာသည်။ ထိုကဲ့သို့ မဖြစ်သင့်ချေ။
ဝေ့ဝူယင် ကိုယ့်ကိုယ်ကို တည်ငြိမ်ရန် မနည်းကြိုးစားနေရ၏။ စောစောက ပေါက်ကွဲမှု အတွက် ဟွမ်ယုတို့အား သူ မတောင်းပန်မိသလို တောင်းပန်ရန်လည်း ဆန္ဒ မရှိချေ။ ထိုအခိုက်၌ သူ၏ အသိစိတ် အာရုံတစ်ခုလုံးမှာ လုံးဝကို ကစဥ့်ကလျား ဖြစ်နေခဲ့၏။
“သွားကြမယ်...”
သူက ပျက်သုဥ်းခြင်း ပုလဲကို ဟွမ်ယုထံ ပြန်လည် ပစ်ပေးလိုက်ကာ စတင် ထွက်ခွာလိုက်၏။ ဟွမ်ယုတို့မှာ မေးခွန်းပေါင်းများစွာ ရှိနေသည့်တိုင် ပါးစပ် မဟရဲပါချေ။ လောလောဆယ်တွင် ဝေ့ဝူယင် စကားပြောရန် ဆန္ဒ မရှိသေးကြောင်း သူတို့ ခန့်မှန်းနိုင်ပေသည်။ ထို့ကြောင့် တိတ်တဆိတ်ပင် သူဦးဆောင်ရာနောက်ကို လိုက်ပါ လာခဲ့၏။
နေ့ရက်ပေါင်း အနည်းငယ် ကြာမြင့်ပြီး နောက်ဆုံး၌ ဝေ့ဝူယင် စိတ်ခံစားချက်များကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့သည်။ သူက ဟွမ်ယုတို့ကို စတင် စကားပြောလာကာ သိချင်သည့် မေးခွန်း အနည်းငယ်ကိုပင် မေးမြန်းနေခဲ့သည်။ ဥပမာအားဖြင့်... မဟာငလျင် မြို့တော်က မည်မျှ ကွာဝေးသနည်း ဆိုသည့် မေးခွန်းမျိုးပင်။ သူတို့ ခရီးထွက်လာခဲ့သည်မှာ တစ်ပတ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် မီးခိုးရောင် သဲသောင်ပြင်နှင့် တောင်ကတုံး ထီးထီးများမှ လွဲ၍ ဘာကိုမှ မတွေ့ရသေးချေ။
ဟွမ်ယုက အကြမ်းဖျဥ်း သုံးလမျှ ကြာမြင့်နိုင်ကြောင်း ပြောပြသော အချိန်တွင်တော့ သူ့ စိတ်ရှည်မှုများက ကုန်ခမ်း သွားခဲ့တော့၏။ သုံးလ... သူ့တွင် ထိုမျှလောက် အချိန်မရှိချေ။ ဟွမ်ယုတို့ သုံးယောက်သားကတော့ ဝေ့ဝူယင်၏ တုန့်ပြန်ပုံကို ကြည့်ကာ လက်မှိုင်ချ နေမိကြ၏။
သုံးလ...
သူတို့မှာ ရာချီ ရှင်သန် နေထိုင်ခဲ့ကြပြီး ဖြစ်သည်။ နှိုင်းယှဥ်ရလျှင် သုံးလဆိုသည်က သူတို့ အတွက် မျက်တောင် တစ်ခပ်စာမျှသာ ကြာမြင့်ပေသည်။ သို့သော်လည်း စီနီယာကြီးကတော့ ထိုသုံးလကို တစ်သက်စာလို သဘောထားနေပုံပင်။
ဝေ့ဝူယင်က ပျံသန်းရန် ဆုံးဖြတ်လိုက်၏။ သူက အိကျူးလင်ကို ထမ်းရင်း အခြား သုံးယောက်ကို ကြယ်တာရာ အင်အားဖြင့် ဝန်းရံလိုက်သည်။
“မင်း လမ်းညွှန်... ငါ ပျံလို့ရတယ်”
ထိုသို့ ပြောပြီးနောက် သူက ဟွမ်ယုကို သူ့ရှေ့သို့ ပို့လိုက်၏။ ကတုံးကြီး ဟွမ်ယုမှာ အံ့အားသင့်သွား၏။ ပျက်သုဥ်းခြင်း နယ်မြေတွင်... အထူးသဖြင့် ဤကဲ့သို့ ဆုတ်ယုတ်မှု ရာသီမျိုး၌ ပျံသန်းရသည်က အလွန်ပင် ကြယ်တာရာ အင်အား ကုန်ခမ်းသော အလုပ် ဖြစ်သည်။ သို့သော်လည်း စီနီယာကတော့ အိကျူးလင် အပါအဝင် လေးယောက်ကိုပါ သယ်ဆောင်လျှက် ကောင်းကင်သို့ ပျံတက်နေချေပြီ ဖြစ်သည်။
မပျံသန်းရသည်မှာ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ ဟွမ်ယုမှာ စိတ်လှုပ်ရှားသွား၏။ သူက တက်ကြွစွာပင် အရပ်မျက်နှာ တစ်ခုကို လက်ညိုးထိုးပြလိုက်သည်။
“အဲဒီလမ်းပဲ စီနီယာ...”
***