← Chapters

မဟာငလျင်မြို့‌တော်သို့

Vol. 29 Ch. 402

မဟာငလျင်မြို့‌တော်သို့

Vol. 29 Ch. 402

ဟူး... ဟူး...

ဝေ့ဝူယင်သည် လူလေးယောက်ကို သယ်ဆောင်ကာ ဥက္ကာပျံ တစ်စင်း၏ အမြန်နှုန်းမျိုးဖြင့် ပျံသန်းနေ၏။ အိကျူးလင်က မျက်လုံးများကို ပထမဆုံး အကြိမ် အဖြစ် ခပ်ဖြည်းဖြည်း ဖွင့်ကာ ဝေ့ဝူယင်၏ ချော‌မောသော မျက်နှာကို ခိုးကြည့်လိုက်၏။ ထို့နောက် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မျက်လည် မှိတ်လိုက်၏။

ဝေ့ဝူယင်မှာ သူမ၏ အပြုအမူ အပေါ် အနှောက်အယှက် မဖြစ်မိပါချေ။ စိတ်ခံစားချကများ ပြန်လည် တည်ငြိမ်လာြခင်းနှင့် အတူ နောက်ဆုံး၌ အရာရာတိုင်းကို ရှင်းလင်းစွာ သူ တွေးတောနိုင်ခဲ့ပြီ ဖြစ်သည်။ ရတနာ မုဆိုးများ၊ ပျက်သုဥ်းခြင်း ပုလဲ တည်ရှိနေသည့် နယ်မြေများ... ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ လောကကြီး အတွင်းရှိ ဖုံးကွယ်ထားမှုများကို ဖြတ်မြင်နိုင်သည့် အလား လျှို့ဝှက် ဆန်းကြယ်သော အလင်းဖြင့် တောက်ပနေ၏။

အကယ်၍ ထိုအတိုင်းသာ ဆိုပါက... ဤလောကတွင် သူ လိုအပ်သော အရာလည်း ရှိနေနိုင်သည်။ ထိုအရာမှာ သူ ဤနေရာသို့ ရောက်ရှိလာရသည့် အကြောင်းပြချက်လည်း ဖြစ်သည်။

နဂါးသွေးစွမ်းအင်...

ယခုအချိန်၌ ခရာတို၏ သွေးမျိုးဆက် ရင်းမြစ်မှာ ကုန်ခမ်းသလောက် ရှိနေခဲ့ပြီ ဖြစ်ပြီး တစ်ခုတည်းသော အဖြေက အန်နုပင် ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် ထိုအဇူရာ နဂါးကြီးကို ဝေ့ဝူယင် မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။ ထို့အပြင် လိုက်ရှာရန် လုံလောက်သော အစွမ်းအစလည်း သူ့တွင် မရှိချေ။

အကယ်၍ ဤလောကနယ်မြေပေါ်တွင် နဂါးသွေးစွမ်းအင် တည်ရှိနေပါက သူ လိုအပ်သည့် အရာလည်း ဤနေရာတွင် ရှိဖို့ အခွင့်အရေးများပေသည်။

ဟူး... ဟူး...

ဝေ့ဝူယင်မှာ တွေးတောရင်းပင် အလွန် လျှင်မြန်သော အရှိန်နှင့် ပျံသန်းနေ၏။ တစ်နာရီမျှအတွင်းမှပင် ခြေလျင်လျှောက်ရမည့် တစ်ပတ်စာ ခရီးကို သူတို့ ဖြတ်ကျော်ခဲ့ကြပြီး ဖြစ်သည်။ လမ်းတစ်လျှောက်၌ အခြား ရတနာမုဆိုး အချို့ကိုလည်း သူတို့ တွေ့ရှိကြရ၏။

ကြယ်တာရာ အင်အားကို အသုံးပြုကာ ပျံသန်းနေသည့် ဝေ့ဝူယင်တို့ကို ကြည့်ရင်း သူတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ဟင်းလင်းပြင် စွမ်းအင်၊ အလင်း စွမ်းအင်နှင့် မြေဆွဲအား စွမ်းအင်တို့ ကင်းမဲ့နေခြင်းက ဝေ့ဝူယင်မှာ ကြယ်တာရာ အမြုတေ အဆင့်သုံး ဝိညာဥ်ဆင်းတု အဆင့် တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေသည်။ သို့တိုင်အောင် သူက ကြယ်တာရာ အင်အားကို အဆုံးမဲ့ ပိုင်ဆိုင်ထားသည့် အလား သူကိုယ်တိုင်သာ မက အခြားလူများကိုပါ သယ်ဆောင်ကာ ပျံသန်းနေလိုက်သေးသည်။ မည်မျှ စိတ်ဝင်စားဖို့ ကောင်းလိုက်သနည်း။

အချို့လူများကတော့ နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ကြ၏။ သူတို့၏ ရည်ရွယ်ချက်က ဝေ့ဝူယင် ကြယ်တာရာ အင်အား ကုန်ဆုံးသွားမည့် အချိန်ကို စောင့်ဆိုင်းကာ လုယူရန် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ တစ်ချက်မှပင် ရပ်တန့်ခြင်း မရှိလေရာ အော်ဟစ်ဆဲဆိုကာ ရပ်သာ  ကျန်ရစ်ခဲ့ကြရ၏။

နှစ်နာရီခန့် ကြာမြင့်ပြီးနောက် ဤပျက်သုဥ်းခြင်း နယ်မြေတွင် အဘယ်ကြောင့် မည်သူမှ မပျံသန်းကြသည်ကို ဝေ့ဝူယင် နားလည်သွားသည်။ လေစွမ်းအင်ကို အသုံးပြု၍ ပျံသန်းခြင်းက မန်နာကို ထိန်းချုပ်၍ ပျံသန်းခြင်းလောက် မမြန်ဆန်သည့် အပြင် လွယ်လည်း မလွယ်ကူလှချေ။ ထို့အပြင် ကြယ်တာရာ အင်အား ကုန်ဆုံးနှုန်းကလည်း ကြောက်စရာ ကောင်းလွန်းသည်။ ဤနှစ်နာရီ အတောအတွင်းမှာပင် သူ ဆန်းကြယ် ဒြပ်စင် ကြယ်တာရာ အမြုတေ အတွင်းရှိ ကြယ်တာရာ အင်အား နှစ်ဆယ် ရာခိုင်နှုန်းခန့်ကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

ချူလဲ့တောင်းတို့မှာ ဝေ့ဝူယင်၏ ကြယ်တာရာ အင်အား အသုံးပြုနှုန်းကို ကြည့်ကာ စိုးရိမ်နေခဲ့၏။ သူတို့က အနားယူရန် အကြံပြုခဲ့သော်လည်း ဝေ့ဝူယင်က ခေါင်းခါခဲ့သည်။ သန့်စင်ထားသော ကြယ်တာရာစိန်လုံး အချို့ကို ထုတ်ယူကာ အားပြန်ဖြည့်ဖို့ ပေးပြန်တော့လည်း ယဥ်ကျေး သိမ်မွေ့သည့် အပြုံးဖြင့် ငြင်းဆန်ခဲ့ပြန်သည်။

ဝေ့ဝူယင်မှာ ဤနှုန်းအတိုင်း နှစ်ပတ်ခန့် အထိ ပျံသန်းနိုင်ပေသည်။ ထို့ကြောင့် တစ်နာရီ၊ နှစ်နာရီလောက်က သူ့ အတွက် စာဖွဲ့စရာ မဟုတ်ချေ။ ထို့အပြင် ပျက်သုဥ်းခြင်း မြေကြီး ရည်ရွယ်ချက်နှင့် အတူ ပတ်ဝန်းကျင်ရှိ ပျက်သုဥ်းခြင်း စွမ်းအင်များကို စုပ်ယူကာ ကြယ်တာရာ အင်အား အဖြစ် ပြောင်းလဲ၍ ပြန်လည် အားဖြည့်နိုင်ပေသေးသည်။

နာရီပေါင်း အနည်းငယ် ထပ်မံ ကုန်ဆုံးပြီးနောက်၌ မိုးကုပ်စက်ဝိုင်းအောက် တစ်နေရာတွင် တံတိုင်းကြီး တစ်ခုကို ဝေ့ဝူယင် လှမ်းကာ မြင်တွေ့လိုက်ရတော့၏။ ထိုတံတိုင်းကြီးကို တွေ့မြင်သည်နှင့် ဟွမ်ယုက လက်ညိုးထိုးရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။

“မဟာငလျင်မြို့တော်...”

ရောက်ရှိလာခဲ့သည့် အမြန်နှုန်းကို သူ အမှန်တကယ်ပင် အံ့အားသင့် နေခဲ့မိသည်။ ၎င်းက သုံးလကြာ နှင်ရမည့် ခရီးစဥ်ကို တစ်ရက်အတွင်း ရောက်ရှိလာခြင်း ဖြစ်သည်။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်နှင့် အတူ ခရီးသွားရသည်က ကမ္ဘာပေါ်တွင် အကောင်းမွန်ဆုံးသော အရာ ဖြစ်သည်ဟု သူ ခံစားလိုက်ရ၏။

မိုးကုပ်စက်ဝိုင်းအောက်ရှိ ခပ်ပျပျ မြို့တော်ကြီးကို လှမ်းကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွားသည်။ မဟာငလျင် မြို့တော်ကြီးမှာ အပြင်ဘက်မှ ကြည့်လျှင်ပင် ခမ်းနား ထည်ဝါလွန်းလှ၏။ မီတာနှစ်ရာခန့် မြင့်မားလှသည့် အနက်ရောင် တံတိုင်းကြီးများမှာ အိုမင်းရင့်ရော်ခြင်း၏ လက္ခဏာ အဖြစ် အက်ကြောင်း ခပ်ဖျော့ဖျော့ပင် ပေါ်ထွက်နေသော်လည်း အနည်းငယ်မျှပင် ယိမ်းယိုင်ဟန် မရပဲ  ခိုင်မာတောင့်တင်းနေဆဲ ဖြစ်သည်။

တံတိုင်း၏ မျက်နှာပြင်ရှိ အက်ကွဲကြောင်းများမှာ လူကြီး လက်မောင်းလုံးခန့် ရှိကာ နံရံတစ်လျှောက် ကျပန်း ပုံစံမျိုးဖြင့် ယှက်နွယ်နေသော်လည်း ပျက်သုဥ်းခြင်း စွမ်းအင် ဖျော့ဖျော့ဖြင့် လင်းလက်နေသည်ကို ဝေ့ဝူယင် တွေ့မြင်ရသည်။

ကြည့်ရသည်က ထိုအက်ကြောင်းများမှာ ပတ်ဝန်းကျင်ရှိ ပျက်သုဥ်းခြင်း စွမ်းအင်များကို စုပ်ယူကာ မြေကြီးအတွင်း ပို့လွှတ်နေပုံပင်။ ဤနည်းဖြင့် မြို့တော်မှာ ပျက်သုဥ်းခြင်း စွမ်းအင်များ၏ ဖုံးလွှမ်းခြင်း ဘေးဒဏ်မှ ကင်းလွတ်နိုင်လိမ့်မည် ဖြစ်သည်။ ၎င်းတို့က သေချာစွာ ပုံဖော်ကာ ဆွဲသားထားသည့် ဒီဇိုင်းလက်ရာ တစ်ခုလိုပင်။

ဟူး... ဟူး...

မြို့တော် တံတိုင်းနှင့် တစ်ကီလိုမီတာခန့် အကွာအဝေးသို့ ရောက်ရှိပြီးနောက် ဝေ့ဝူယင်က ကောင်းကင်ထက်မှ ဆင်းသက် လိုက်ကြ၏။ ချူလဲ့တောင်းတို့ သုံးယောက်မှာ မြေပြင်ပေါ် ခြေချရင်း အညောင်းအညာများ ဖြေလိုက်ကြသည်။

“ဟွမ်ယု... ဝင်ပေါက်က ဘယ်မှာလဲ...”

ဝေ့ဝူယင်က ကတုံးကြီးကို ကြည့်ကာ မေးလိုက်၏။ တံတိုင်းကြီး တစ်လျှောက်တွင် များပြားလှသော အက်ကွဲကြောင်းများမှ လွဲ၍ မည်သည့် ဂိတ်တံခါး၊ အပေါက်မှ ရှိမနေချေ။

“မဟာငလျင်မြို့တော်မှာ တံခါးမရှိဘူး... ဝင်ချင်ရင် သူတို့ သတ်မှတ်ထားတဲ့ ဂိတ်တံခါးကိုသွား ပိုက်ဆံပေးပြီးပဲ ဝင်လို့ရတယ်”

ဟွမ်ယုက ဖြေလိုက်သည်။

“အဲဒီလိုလား...”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ တံတိုင်းကြီးကို မော့ကြည့်ရင်း သူ၏ ငွေရောင်မျက်လုံးများက အနည်းငယ် ရီဝေနေခဲ့၏။

တစ်ချိန်တုန်းက သူနှင့် စုမေ့တို့မှာလည်း ယခုကဲ့သို့ ရှည်လျား မြင့်မားလှသည့် တံတိုင်းကြီး တစ်ခုကို ကြုံတွေ့ခဲ့ဖူးပေသည်။ ထိုစဥ်က သူတို့နှစ်ယောက်မှာ လမ်းတစ်လျှောက် လုယက်ခဲ့ကြကာ များစွာသော မြို့သူ မြို့သားများ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ပြေးရင်းလွှားရင်း တံတိုင်းကြီးနှင့် ရင်ဆိုင်ရသော အခါ၌ ဝေ့ဝူယင်က လက်သီးကို ဆန့်ထုတ်ကာ အကုန်လုံးကို ဖြိုချ ဖျက်ဆီးပစ်ခဲ့ပေသည်။

အော်ဟစ် ဆဲဆိုကာ ကျိန်စာတိုက်ကျန်ရစ်ခဲ့သည့် မြို့သူမြို့သားများ၏ မြင်ကွင်းကို ကြည့်ရသည်က အတော်လေး ပျော်စရာ ကောင်းလှသည်။ အထိန်းအကွပ် ကင်းမဲ့စွာဖြင့် လွတ်လွတ်လပ်လပ် ဖြတ်သန်းခဲ့ရသည့် ထိုနေ့ရက်များကို ဝေ့ဝူယင် အနည်းငယ်  လွမ်းဆွတ်မိသွား၏။

ထိုနောက်ပိုင်းနှစ်များတွင်တော့ သူက အနန္တ ဧကရာဇ်နှင့် အာဏာရှင်များ အဖွဲ့ကို ကိုယ်စားပြုသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ လုပ်ရပ်တိုင်းက ထိုအဖွဲ့နှစ်ဖွဲ့၏ ဂုဏ်သတင်း အတွက် အလွန် အရေးပါသည်။ ထိုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် ကလေးဆန်သည့် လုပ်ရပ်မျိုး သူ လုပ်၍ မရတော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။

ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် ကတုံးကြီး ဟွမ်ယုက ရှင်းပြလိုက်၏။

“ဒီတံတိုင်းကြီးက မဟာငလျင် မြို့တော်ရဲ့ ပထမဆုံး အကာအကွယ်မျဥ်းပဲ... အဲဒါက ပတ်ဝန်းကျင်မှာ ရှိတဲ့ ပျက်သုဥ်းခြင်း စွမ်းအင်တွေကို စုပ်ယူပြီး လုံခြုံ ဘေးကင်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးနိုင်တယ်... မြို့တော်ထဲမှာ ပျက်သုဥ်းခြင်း စွမ်းအင် တစ်စက်မှ ရှိမနေတာ ဒီတံတိုင်းကြီးရဲ့  စွမ်းဆောင်မှုကြောင့်ပေါ့...”

“သူ့ကျေးဇူးကြောင့်ပဲ မြို့တော်ထဲမှာ ဘယ်ကြယ်တာရာ အကာအကွယ်ကိုမှ မလိုပဲ အေးအေးဆေးဆေး အနားယူလို့ ရတယ်... ပြောရရင် ဒီတံတိုင်းကြီးက မြို့သူမြို့သား အားလုံး အတွက် မရှိမဖြစ် အသုံးဝင်တဲ့ ဇိမ်ခံပစ္စည်း တစ်ခုလိုပါပဲ”

ဝေ့ဝူယင်က တံတိုင်းကြီး၏ အသုံးဝင်ပုံကို နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်၏။ တင်စားရမည် ဆိုပါက ၎င်းမှာ ကန္တာရထဲမှ အိုအေစစ် တစ်ခုလိုပင်။

“ဟမ့်... တစ်နာရီနေတာနဲ့ တစ်နာရီစာ ပိုက်ဆံပေးရတာလည်း ထည့်ပြောဦး..”

လီဝမ်က နှာခေါင်းရှုံ့ရင်း ဝင်ရောက် ပြောလိုက်၏။ မဟာငလျင် မြို့တော်မှာ လူကြားကောင်းသော စည်းမျဥ်းများဖြင့် ဧည့်သည်များ အပေါ် အမြတ်ထုတ်ကာ အကြီအကျယ် ခေါင်းပုံဖြတ်နေသည်က အသိသာကြီးပင်။

ဟွမ်ယု စကားတစ်ခွန်းမှ မဆိုနိုင်ခင်မှာပင် လီဝမ်က ဝေ့ဝူယင်ဘက်ကို လှည့်ကာ မကျေမနပ် ပုံစံဖြင့် ဆက်လက် ပြောလိုက်၏။

“စီနီယာ... ဒီမြို့တော်မှာ အဓိကက ပိုက်ဆံပဲ... ကျုပ်တို့ ဗဟိုနယ်မြေတွေမှာလို လူသားဆန်မှု၊ နားလည်မှု၊ ရိုင်းပင်းမှု ဘာဆို ဘာတစ်ခုမှကို မရှိတာ... တကယ်လို့ ပိုက်ဆံ မပေးနိုင်ဘူး ဆိုရင် ဒီတံတိုင်းကြီးက အကျဥ်းထောင် တစ်ခုနဲ့ အတူတူပဲ... လွတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး... ကိုယ့်ရဲ့ ကျင့်ကြံခြင်း အခြေခံက အားနည်းပြီး နောက်ခံကောင်းကောင်း မရှိဘူး ဆိုရင် တပ်ချင်တဲ့ ပုဒ်မတပ် ဖမ်းတာ ခံရပြီး အဂ္ဂိရတ် ကျေးကျွန် အဖြစ်ပါ ရောင်းစားခံရရောပဲ”

လီဝမ်က ထိန်ချန်မထားပဲ မြို့တော်၏ မကောင်းကြောင်းများကို တစ်ခုပြီး တစ်ခု ပြောလေတော့၏။ မကြာခင်မှာပင် ဝေ့ဝူယင်မှာ မြို့တော်အတွင်း လည်ပတ်နေသည့် ပုံစံကို အကြမ်းဖျဥ်း နားလည်လာခဲ့သည်။ ဤနေရာ၌ တရားမျှတမှု မရှိချေ။ မြို့တော်ဝန်နှင့် သူ့နောက်လိုက်များ၏ စကားကသာ အတည် ဖြစ်သည်။ အကယ်၍ နောက်ခံ ကောင်းကောင်းမရှိပါက သူတို့ သေဆိုသေ ရှင်ဆို ရှင်ရမည့် ဘဝမျိုး ဖြစ်သည်။

“ ... “

ဟွမ်ယုမှာ တိတ်ဆိတ်နေ၏။ ကိုယ့်မြို့အကြောင်း မကောင်း‌ပြောသည်ကို မကြိုက်သည့်တိုင် လီဝမ် စကားထဲ၌ အမှားမပါကြောင်း သူ ကောင်းစွာ သိပေသည်။

အိကျူးလင်ကတော့ ဆက်လက် အိပ်ချင်ယောင်ဆောင်နေဆဲ ဖြစ်သည်။ တစ်ပတ်လုံးလုံး မလှုပ်မယှက် နေနိုင်သည့် သူမကို ကြည့်ငုံ့ရင်း ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်မိသည်။ မိန်းကလေး၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သေးသည့်တိုင် ဘာပဲဖြစ်ဖြစ် ထိုဟန်ဆောင်မှုက ချစ်စရာ ကောင်းသည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။

ဤသို့နှင့် တဖြည်းဖြည်းလျှောက်ရင်း သူတို့မှာ တံတိုင်းကြီးနှင့် ပိုမို နီးကပ်လာခဲ့တော့သည်။

***

All Chapters