← Chapters

မဟာငလျင်မြို့တော်

Vol. 29 Ch. 403

မဟာငလျင်မြို့တော်

Vol. 29 Ch. 403

ချူလဲ့တောင်းက သက်ပြင်းတစ်ချက် ချလိုက်၏။

“ကျုပ်တို့လို ရတနာမုဆိုးတွေဟာ ပျက်သုဥ်းခြင်း နယ်မြေကို မလာခင် ဘယ်သူ့ကို ရှောင်ရှားသင့်တယ် ဘယ်သူ့ကို မစော်ကားသင့်ဘူး ဆိုတာ နားလည်အောင် ကြိုတင် ပြင်ဆင်ထားကြရတယ်... မြေပေါ် မြို့တော်တွေရဲ့ စည်းမျဥ်းတွေက တစ်ဖက်သတ် ဆန်တယ် ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် စခန်းတစ်ထောက်နားဖို့၊ ရိက္ခာဖြည့်ဖို့ အတွက် မဖြစ်မနေ အရေးပါနေသေးတယ်လေ... သူတို့ကို သွားပြီး ဆန့်ကျင်လို့ မရဘူး”

ဝေ့ဝူယင်မှာ စိတ်ရှုပ်ထွေးနေသော်လည်း ခေါင်းညိတ်လိုက်၏။

“ဟင်းလင်းပြင် ဂိတ်တံခါးက ဘယ်မှာလဲ...”

“ကျုပ်နောက်ကို လိုက်ခဲ့ပါ...”

ဝမ်ယုက ပင့်သက်တစ်ချက် ရှိုက်ရင်း ဦးဆောင်သူ နေရာကို ယူလိုက်၏။ တံတိုင်းကြီး၏ အောက်ခြေ အတိုင်း မိနစ်ပိုင်းမျှ လျှောက်ပြီးနောက်တွင် သူတို့မှာ သုံးမီတာ ရှည်လျားသော ငွေရောင် ပိရမစ်ငယ် တစ်ခုနားသို့ ရောက်ရှိလာခဲ့သည်။

ထိုအနားတွင်တော့ လေးလံ‌သော သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီး တစ်ယောက် ရှိ၏။ သူက မီးခိုးရောင် လှံတံတစ်ခုကို ကိုင်ဆောင်ထားကာ မြို့တော် တံတိုင်းကို မှီရင်း ပျင်းရိသော အမူအရာဖြင့် ရပ်နေခဲ့သည်။

ဝေ့ဝူယင် အကဲခတ်နေစဥ်မှာပင် ကျင့်ကြံသူ ဖြစ်ဟန်တူသူ တစ်ယောက်မှာ သူတို့ကို ကျော်တက်သွားကာ နံရံ၌ ရပ်နေသည့် အဘိုးအိုကို စိန်သဏ္ဌာန် သလင်းကျောက် တစ်ခုကို ပေးလိုက်၏။ အဘိုးအိုက ထိုကျောက်ကို တစ်ချက်မျှသာ ကြည့်ကာ အိတ်အတွင်း ပစ်ထည့်လိုက်သည်။

အဘိုးအိုကို ငွေပေးချေပြီးသည်နှင့် ကျင့်ကြံသူက ပိရမစ်ရှိရာသို့ လျှောက်သွားကာ လက်ဖြင့် ထိလိုက်သည်။ တစ်ခဏအတွင်းမှာပင် ရောင်စုံအလင်းတန်းများမှာ ပိရမစ်၏ နံရံများမှ စီးထွက်လာကာ ကျင့်ကြံသူကို ဖုံးအုပ်သွား၏။ ထို့နောက် မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ကျင့်ကြံသူမျာ တစ်ခါမှ ထိုနေရာတွင် မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့တော့၏။

နံရံ၌ မှီကာ ရပ်နေသည့် အဘိုးအို၏ မျက်လုံးများက ဝေ့ဝူယင်တို့ သုံးယောက်ထံသို့ ရောက်ရှိလာ၏။ အိပ်‌မောကျနေဟန် ရှိသည့် အိကျူးလင်ကို တွေ့သော အခိုက်၌ သူ့ မျက်လုံးများက အရောင် တောက်ပသွားသည်။

“မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်...”

အိကျူးလင်၏ သေးသွယ် လှပသည့် ခန္ဓာကိုယ်လေးကို ကြည့်ရင်း သူက နှုတ်ခမ်းများကို သပ်လိုက်၏။ သူ၏ အမူအရာက မြင်ရရုံဖြင့်ပင် အတော်လေး ရွံရှာစရာ ကောင်းနေသည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်စဥ်မှာပင် လီဝမ်က ရယ်ရယ်မောမောဖြင့် မျက်နှာချိုသွေးကာ ဝင်‌ရောက် ပြောဆိုလိုက်၏။

“ဟဲဟဲ... ဟုတ်ပါတယ်... မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်ပါ... အကိုကြီးရဲ့ မျက်လုံးက တကယ် ကောင်းတာပဲ”

သူ၏ စကားလုံးများက အဘိုးအိုကို ချီးကျူးနေဟန် ရသည့်တိုင် သူ့မျက်လုံးများကတော့ ရွံရှာသော ခံစားချက်များဖြင့် ပြည့်ရွှမ်းနေသည်။ သို့သော်လည်း လူအိုကြီးကတော့ ဘာကိုမှ ဂရုစိုက်ဟန် မရချေ။ သူက မြေခွေးတစ်ကောင် ကဲ့သို့ စူးရှသည့် မျက်လုံးများဖြင့် ဝေ့ဝူယင်တို့ တစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်း အခြေခံကို အကဲခတ်နေခဲ့၏။

တစ်ခဏကြာပြီးနောက် သူ စိတ်ထဲမှ ကြိတ်ကာ နှာခေါင်းရှုံ့ လိုက်မိ၏။ သူသည် ကြယ်တာရာ အမြုတေ အဆင့်ငါး ဟင်းလင်းပြင် ပဲ့တင်သံ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ ထိုအုပ်စုထဲမှ အမြင့်ဆုံး ကျင့်ကြံသူကတော့ ဝိညာဥ်ဆင်းတု အဆင့်တွင်သာ ရှိသည်။

အိကျူးလင်အား ကြည့်သည့် သူ့ မျက်လုံးများက ပိုမို အရောင်တောက်ပလာခဲ့၏။ ဝါဝင်းသော အသားအရေနှင့် မီးခိုးရောင် ဝတ်စုံများ အရ ထိုမိန်းကလေးမှာ အိကလန်မှ ဖြစ်ကြောင်း ထင်ရှားလှသည်။ မီးခိုးရောင် အယ်ဗန် မျိုးနွယ်ဝင် တစ်ယောက်နှင့် ပျော်ပါးချင်ခဲ့သည်မှာ ဟိုးနဂိုတည်းက ဖြစ်သည်။ ယခုတွင်တော့ အခွင့်အရေးက သူ့ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ချေပြီ ဖြစ်သည်။

“အဲဒီ အယ်ဗန် ငါ့ကို ပေးစမ်း... စစ်ဆေးရမယ်”

သူက ခက်ထန်သော လေသံဖြင့် အမိန့်ပေးလိုက်၏။ ထို့နောက် ဝေ့ဝူယင်တို့ထံမှ စကားပြန်ကိုပင် မစောင့်တော့ပဲ လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။

ဘုန်း...

ရုတ်ချည်းပင် လေထုထဲ၌ အလွန် ကြီးမားသည့် လက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ဝေ့ဝူယင်တို့ အုပ်စုထံ တိုးဝင်သွားတော့၏။ သူက အိကျူးလင်ကို ယူဆောင်ရန် တစ်ခုတည်း မဟုတ်ပဲ ကျန်လူများကိုပါ သတ်ဖြတ်ရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ သို့မှသာ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်၏ သတိထားမှုကို ရှောင်လွှဲကာ မိန်းကလေးနှင့် တဝ ပျော်ပါးခွင့် ရလိမ့်မည် ဖြစ်သည်။ မျက်မြင်သက်သေ ဖြစ်လာမည့် မည်သူ့ကိုမှ သူ အသက်ရှင်လျှက် လွှတ်မပေးနိုင်ချေ။

“ဘာလဲ...”

ချူလဲ့တောင်းတို့၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ အိကျူးလင်ကို ထိုလူအိုကြီး မျက်စိကျနေကြောင်း အစောကတည်းကပင် သူတို့ ရိပ်မိပြီး ဖြစ်သည်။ သို့သော်လည်း ယခုလိုမျိုး ပေါ်တင် လှုပ်ရှားဝံ့လိမ့်မည် ဟု သူတို့ ထင်မထားခဲ့ချေ။

လီဝမ်တော့ ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်ရာ အသာအယာပြုံးရင်း ဝေ့ဝူယင်၏ နောက်ကိုသာ ဝင်ပုန်း လိုက်ကြသည်။ ဟွမ်ယုနှင့် ချူလဲ့တောင်းတို့မှာလည်း ခပ်မြန်မြန်ပင် လီဝမ်၏ လမ်းစဥ်အတိုင်း ထပ်ချပ် မကွာ လိုက်လိုက်ကြ၏။

လူအိုကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူ့တွင် နောက်ဆုတ်ရန် ဆန္ဒ မရှိချေ။ ဝိညာဥ်ဆင်းတု အဆင့်လေး တစ်ယောက်ကို သူက အဘယ်ကြောင့် ကြောက်နေရမည်နည်း။

ဝေ့ဝူယင်မှာ တည်ငြိမ်စွာပင် ရပ်နေသေးဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က အနည်းငယ်ပင် မလှုပ်ရှားသည့်တိုင် မျက်လုံးထဲတွင်တော့ ဆေဘာအလင်းမှာ ဖျပ်ခနဲ တောက်ပသွားခဲ့၏။

ဝှစ်...

ရုတ်ချည်းပင် ကြယ်တာရာ လက်ကြီးမှာ ဖျပ်ခနဲ ပျောက်ကွယ်သွား၏။ လူအိုကြီးကတော့ အလို ရမ္မက်များနှင့် ပြုံးနေသေးဆဲ ဖြစ်သည်။ လီဝမ်တို့မှာ မည်သည့် အရာများ ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်အောင် ဖြစ်သွားကြ၏။ သူတို့ သုံးယောက်မှာ တစ်ယောက်ကို တစ်ယောက် မေးငေါ့ရင်း အဖြေရှာရန် ကြိုးပမ်းလိုက်ကြသည်။

ထိုအချိန်တွင်ပင်...

ဟူး... ဟူး...

လူအိုကြီး၏ သံချပ်ကာ အင်္ကျီမှာ ဖုန်မှုန့်များ အဖြစ် ပြောင်းလဲကာ လေနှင့် အတူ လွင့်ပါသွား၏။ ထို့နောက် သူ၏ အဝတ်များမှာလည်း ပျောက်ကွယ်သွားသည်။

ထို့နောက် အရေပြား၊ ကြွက်သားနှင့် သွေးကြောများ...

တစ်ခဏအတွင်းမှာပင် လူအိုကြီးမှာ အရိုးစုတစ်ခု အဖြစ်သာ ကျန်ရစ်ခဲ့တော့၏။ လီဝမ်နှင့် အခြားလူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားကြသည်။ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် သူတို့မှာ ဒူးများ ကျိုးကျလုနီးပါး အထိ ဖြစ်နေကြ၏။

ဝေ့ဝူယင်တို့ အကြားတွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွား၏။ သို့သော်လည်း ထိုအခိုက်၌ စက္ကန့်တစ်ခုချင်းစီတိုင်းက တစ်နေ့လိုမျိုး ကြာမြင့်နေသယောင် ချူလဲ့တောင်းတို့ ခံစားနေရသည်။

သူတို့ ကဲ့သို့ပင် ဝေ့ဝူယင်မှာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။ သူ၏ အံ့အားသင့်မှုက လီဝမ်တို့ထက် လျော့နည်းခြင်း မရှိချေ။ မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သနည်း။

သူက လူအိုကြီးကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် ဆေဘာအင်အားကို အနည်းငယ်သာ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ယခုလောက် အခြေအနေအထိ ဖြစ်သွားလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်မိခဲ့လိမ့်မည်နည်း။ ထိုအခိုက်၌ သူကိုယ်တိုင်ပင် ကျောချမ်းနေမိခဲ့၏။

“ ... “

တံတိုင်းကြီး ဘေး၌ ဝေ့ဝူယင်တို့ လေးယောက်သားမှာ ကိုယ်စီ အတွေးများဖြင့် သဘာဝ မကျစွာ တိတ်ဆိတ် ငြိမ်သက် နေကြသည်။

အိကျူးလင်မှာ ထူးဆန်းသော လေထု အခြေအနေကြောင့် ခေါင်းလေးအား အနည်းငယ် စောင်းရင်း မျက်လုံးကို ဖွင့်လျှက် အပြင်ဘက်ကို ခိုးကြည့်လိုက်သည်။ ကံကောင်းသည်လား... ကံဆိုးသည်လားတော့ မပြောတတ်... သူမ ဘာမြင်ကွင်းကိုမှ မတွေ့လိုက်ရချေ။

အတန်ကြာပြီးနောက်မှ ဝေ့ဝူယင်က ပင့်သက်တစ်ချက် ရှိုက်ရင်း ဟွမ်ယုကို လှည့်ကြည့်လိုက်သည်။

“ကျုပ်တို့ သွားကြမလား...”

“ဟုတ်... ဟုတ်ကဲ့...”

ကတုံးကြီး ဟွမ်ယုမှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။ သူ့ထက်စာလျှင် ချူလဲ့တောင်းမှာ အတော်လေး ပြန်လည် တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။

“စီနီယာ... ဂိတ်တံခါးကို ဖြတ်သန်းဖို့ တစ်ယောက်ကို ကြယ်တာရာစိန် သုံးလုံး ပေးရပါတယ်... စီနီယာ အတွက် ကျွန်တော် ပေးလိုက်ရမလား”

သူက ဝေ့ဝူယင်ကို ကြည့်ရင်း တလေးတစားပင် မေးလိုက်၏။ ထိုလူငယ်လေးမှာ ပျက်သုဥ်းခြင်း ပုလဲကိုပင် မကြားဖူးရာ သူ့တွင် ကြယ်တာရာစိန် ရှိဖို့ထက် မရှိဖို့ကသာ ပိုမို များပြားပေသည်။

ဝေ့ဝူယင်က တစ်ခဏမျှ တွေးလိုက်၏။ ထို့နောက် သူက အက်ကွဲကြောင်းများ ပြည့်နှက်နေသည့် တံတိုင်းကြီးကို တစ်ချက်မျှ မော့ကြည့်လိုက်သည်။

“ပိုက်ဆံပေးဖို့ ကျုပ်မှာ ပေးဖို့ ရည်ရွယ်ချက် မရှိဘူး...”

ချူလဲ့တောင်းတို့မှာ ချူဝေ့ဝူယင်၏ စကားကို နားမလည်နိုင်အောင် ဖြစ်သွားကြ၏။ ထိုအရာက ဘာအဓိပ္ပာယ်နည်း။

ဝေ့ဝူယင်မှာ သူတို့အား အသေးစိတ် ရှင်းပြရန် စိတ်မဝင်စားချေ။ သူက ပခုံးထက်ရှိ အိကျူးလင်ကိုသာ တစ်ချက်မျှ ကြည့်လိုက်၏။

“ခင်ဗျားတို့ သုံးယောက် ဒီဂိတ်တံခါးက သွားလေ... အထဲရောက်ရင် ကျုပ်လာရှာမယ်”

ထို့နောက် ဝေ့ဝူယင်မှာ သူတို့ထံမှ စကားပြန်ကိုပင် မစောင့်တော့ချေ။ ကြယ်တာရာ အင်အားကို လှည့်ပတ်ကာ ဖြည်းညင်းစွာပင် ကောင်းကင်သို့ ပျံတက်လိုက်တော့၏။ သူ၏ ရည်ရွယ်ချက်ကတော့ ရှင်းလင်းပေသည်။

“သူ... သူက မြို့ထဲကို ဒီအတိုင်း ဝင်တော့မလို့လား...ဒါ... ဒါပေမဲ့”

ဟွမ်ယုတို့ သုံးယောက်မှာ ဝေ့ဝူယင်၏ လုပ်ရပ်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွား၏။ သူတို့သုံးယောက်ထဲ၌ ချူလဲ့တောင်းမှာ အမြဲတမ်း ကိုယ့်ကိုယ်ကို ပထမဆုံး ထိန်းချုပ်နိုင်သူ ဖြစ်ပေသည်။ သူက ပိရမစ်အား ထိလိုက်ရင်း ပထမဆုံး ပျောက်ကွယ်သွား၏။

ကတုံးကြီး ဟွမ်ယုက သက်ပြင်းတစ်ချက် ချလိုက်သည်။ ကြည့်ရသည်က အရာရာမှာ လွယ်ကူ ရိုးရှင်းတော့မည့်ပုံ မရချေ။ သူက လေးပင်စွာပင် ပိရမစ် အနားသို့ လျှောက်သွားကာ ဝိညာဥ်အာရုံဖြင့် အသက်သွင်းလိုက်၏။ ထို့နောက် သူသည်လည်းပဲ ပျောက်ကွယ်သွားတော့သည်။

လီဝမ်က ကောင်းကင်ကို မော့ရင်း ဝေ့ဝူယင်၏ ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးများကတော့ လေးစားသော အငွေ့အသက်တို့ဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ ထို့နောက် သူက တစ်ချက် ပြုံးလိုက်ရင်း ပိရမစ်အား ထိကာ ဟွမ်ယုတို့ နောက်သို့ လိုက်ပါသွားလေတော့သည်။

***

All Chapters