ကျူးကျော်သူ
Vol. 29 Ch. 404
အိကျူးလင်မှာ လေတိုးနေသည့် ခံစားချက်ကြောင့် မျက်လုံးများကို ခပ်မှေးမှေး ဖွင့်ရင်း ချောင်းကြည့်လိုက်၏။ ထိုအခါ မြို့တော်တံတိုင်းပေါ်သို့ အလွန် လျှင်မြန်စွာ ပျံတက်နေသည့် ဝေ့ဝူယင်ကို တွေ့မြင်လိုက်ရသည်။ အဖြစ်မှန်ကို ရိပ်မိသည်နှင့် သူမ၏ မျက်လုံးများမှာ လပြည့်ဝန်း တစ်ခုလို ပြူးကျယ်သွားခဲ့တော့၏။
“ရှင် ဘာလုပ်နေတာလဲ...”
သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ အယ်ဗန်မျိုးနွယ် တစ်ယောက် အနေဖြင့် လူသားတို့၏ မြို့တော်တံတိုင်းကို ဘယ်တော့မှ ခိုးဝင် ဖြတ်ကျော်ခြင်း မပြုရန် သူမ ငယ်ငယ်လေးကတည်းက သင်ကြားခံခဲ့ရသည်။ မိန်းကလေး၏ နှလုံးသားမှာ တဒိတ်ဒိတ် တုန်ရီနေ၏။ ထိုအရာက အဆုံးမဲ့ အန္တရာယ်တို့နှင့် ပြည့်နှက်နေသည့် ထောင်ချောက်တစ်ခုပင်။
“မင်းနိုးလာပြီလား... အိပ်လို့ကောင်းရဲ့လား...”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်ရင်း သူမ၏ ခါးကို ကိုင်ကာ မျက်နှာချင်းဆိုင်သို့ ဆွဲယူလိုက်၏။ မိန်းကလေးက ကြက်ခေါင်းဆိတ် မခံ ပြန်လည် ရန်တွေ့ရန် ဟန်ပြင်လိုက်သော်လည်း ဝေ့ဝူယင်၏ ချောမော ခန့်ညားသော မျက်နှာကို အနီးကပ် မြင်လိုက်ရသောကြောင့် စကားလုံးများ ပျောက်ရှသွားသည်။ သူမသည် ပုံမှန်အားဖြင့် ယောက်ျားများ၏ ရုပ်ရည်သွင်ပြင်ကို အလေးမထားသော်လည်း ဝေ့ဝူယင်ကတော့ လူသား တစ်ယောက် အနေဖြင့် အလွန် ချောမောကာ ဆွဲဆောင်မှု ရှိသည်ဟု တွေးလိုက်မိသည်။
“ကဲပါလေ... နောက်မှ ပြောကြတာပေါ့...”
ဝေ့ဝူယင်က ပြောရင်း သူမကို ပခုံးထက်သို့ ပြန်ပို့လိုက်၏။ မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ တံတိုင်းကြီး၏ ထိပ်အထိ ရောက်ရှိလာခဲ့သည်။
ဝေ့ဝူယင် ကောင်းကင်တွင်ပင် ရပ်ရင်း ငွေရောင် မျက်လုံးများဖြင့် တံတိုင်းအတွင်းရှိ မြို့တော်ကြီးကို လေ့လာလိုက်သည်။ မြို့တော်သားတို့၏ ဗိသုကာ လက်ရာနှင့် တိုတက် ထွန်းကားနေသော လူ့အဖွဲ့အစည်းကို စိတ်ထဲမှ ချီးကျူးရန် ဟန်ပြင်လိုက်စဥ်မှာပင် ဒေါသထွက်နေသည့် အသံတစ်ခုမှာ ထွက်ပေါ်လာခဲ့လေ၏။
"ဒီလောက် အတင့်ရဲတာ ဘယ်သူလဲ...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ သူသည် ကိစ္စရပ်များကို အမြဲတမ်းလိုလို အစီအစဥ်များ ဆွဲကာ ကိုင်တွယ်တတ်သော်လည်း ယခုတစ်ကြိမ်တွင်တော့ အထိန်းအကွပ်မဲ့ ပြုမူလိုသည့် စိတ်ရိုင်းက သူ့နှလုံးသား အတွင်း မြင့်တက်လာခဲ့သည်။ ကစားလိုသည့် အပြုံးတစ်ခုမှာ ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ ခိုအောင်း လာခဲ့၏။
“ ... “
အိကျူးလင်မှာ ထိတ်လန့်သွားကာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသွား၏။ ထိုအခိုက်၌ ဝေ့ဝူယင်၏ ပွေ့ဖက်မှုကို ခံထားရသည့်တိုင် မည်သည့် သက်တောင့်သက်သာ ရှိမှုကိုမှ သူမ မခံစားရတော့ချေ။ ဝေ့ဝူယင်မှာ အလွန် ပါရမီ မြင့်မားကာ အိရှန်းယွမ်ကို သတ်ဖြတ်နိုင်သည် အထိ အစွမ်းထက်သည့်တိုင် ဤသည်က လုံးဝ ခြားနားကာ အန္တရာယ်များသည့် ကိစ္စတစ်ရပ် ဖြစ်ပေသည်။
မြေပေါ်မြို့တော် ဆယ့်နှစ်ခုမှာ လောကကြီး၏ အကြမ်းတမ်း အခက်ထန်ဆုံးသော အန္တရာယ်များကို ကြံ့ကြံ့ခံ ကာကွယ်နိုင်ရန် ဒီဇိုင်းဆွဲကာ တည်ဆောက်ထားသည့် ခံတပ်ကြီးများ ဖြစ်သည်။ ထိုကြိုပမ်းမှု အတွက်လည်း သူတို့မှာ မယုံကြည်နိုင်လောက်အောင် အောင်မြင်ခဲ့သည်။ သို့သော်လည်း အိကျူးလင်၏ နှလုံးသားကို ထိတ်လန့် ကြောက်ရွံ့စေခဲ့သည်က ဒေါသထွက်နေသည့် အသံဖြစ်သည်။
ထိုအသံက သာမန် ကျင့်ကြံသူ တစ်ယောက်၏ အသံ မဟုတ်ချေ။ အယ်ဗန်မျိုးနွယ်များပင် ကြောက်ရွံ့ရသည့်၊ အိရှန်းယွမ် ဘယ်တော့မှ မယှဥ်နိုင်မည့် လူသားများထဲရှိ အမြင့်ဆုံး ဖြစ်တည်မှု၏ အသံပင် ဖြစ်လေသည်။
မဟာငလျင် မြို့သားများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။ ထိုအခါ မိန်းမပျို တစ်ယောက်ကို ပွေ့ချီကာ ရပ်နေသည့် ပုံရိပ်တစ်ခုကို သူတို့ တွေ့မြင်လိုက်ရသည်။
မြို့တော်အတွင်း တစ်နေရာ၌ လူအိုကြီး တစ်ယောက်မှာ ကုလားထိုင် တစ်ခုတွင် ထိုင်ကာ ဆေးတံကြီးကို ခဲနေခဲ့၏။ သူ့ရှေ့တွင်တော့ ကျားခုံတစ်ခု ရှိနေခဲ့သည်။ သူက မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ရင်း အသာအယာပင် ပြုံးလိုက်သည်။
“နောက်ထပ်တစ်ခါလား...”
“ခစ်ခစ်...”
ချိုသာလှသော ရယ်မောသံလေး တစ်ခုမှာ လူအိုကြီး၏ ရှေ့နားမှ ထွက်ပေါ်လာ၏။ သူမက ချောမောလှပသော မိန်းမငယ်လေး တစ်ယောက်ပင်။ သူမ၏ တောက်ပသော မျက်လုံးလေးများမှာ ကျားခုံပေါ်တွင်သာ အာရုံရောက်နေ၏။ အပြင်ပန်း အခြေအနေကို တစ်စက်မျှပင် စိတ်ဝင်စားပုံ မပေါချေ။
“ဒီတစ်ကြိမ် အရှုံးက ရုန်းထွက်နိုင်မယ် ထင်နေတာလား အဘိုးကြီး... ကျွန်မ စိတ်မရှုပ်ဘူး”
တစ်ချိန်တည်း၌ မြို့သူမြို့သားများမှာ သူတို့၏ လုပ်ငန်း ဆောင်တာများကို ရပ်တန့်ကာ စိတ်ဝင်စားမှု၊ သနားမှု ပြည့်ရွှမ်းသော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်နေကြ၏။ မိခင် အချို့ကတော့ သွေးထွက်သံယို မြင်ကွင်းကို မမြင်စေချင်သည့် အလား သူတို့ ကလေးများ၏ မျက်လုံးများကို ပိတ်လိုက်ကြသည်။ သူတို့အား ကြည့်ရသည်က ကျူးကျော်ဝင်ရောက်သူ တစ်ယောက် ရင်ဆိုင်နိုင်ရသည့် အကျိုးဆက်များနှင့် ရင်နှီးနေခဲ့ပုံ ရသည်။
သို့သော်လည်း ဒေသခံ မဟုတ်သော ရတနာ မုဆိုးများမှာ ထိုကဲ့သို့ ကိစ္စမျိုးကို မမြင်ဖူးရာ အစီအရင် ပေါင်းစုံကို သုံးကာ မျက်လုံး အမြင်အာရုံကို တိုးမြှင့်လိုက်ကြ၏။ ထိုအထဲ၌ မြို့တော်ကို ဝင်ကြေးပေးကာ ဝင်ရောက်လာသည့် လီဝမ်၊ ချူလဲ့တောင်းနှင့် ဟွမ်ယုတို့လည်း အပါအဝင်ပင် ဖြစ်သည်။ သူတို့က မတူကွဲပြားသော အမူအရာများနှင့် အတူ ဘေးချင်းယှဥ်ကာ ရပ်နေကြ၏။
“သူ ဘာလုပ်နေတာလဲ...”
ဟွမ်ယုက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။ ဒေသခံ တစ်ယောက် ဖြစ်သည့်တိုင် သူ့အား ကယ်တင်ခဲ့သည့် လူငယ် ပါရမီရှင်လေး တစ်ယောက် အသက် ဆုံးရှုံးသွားမည်ကို သူ မမြင်လိုချေ။ သို့သော်လည်း သူ၏ နိမ့်ကျသည့် ကောင်းကင်အုပ်စိုးသူ ကျင့်ကြံခြင်း အခြေခံဖြင့် ဘာများ လုပ်ပေးနိုင်မည်နည်း။
လီဝမ်ကတော့ ခါတိုင်းလိုပင် ခန့်မှန်းရခက်သော အမူအရာဖြင့် တိတ်ဆိတ်နေ၏။ မည်သည့်အရာများ ဖြစ်ပျက်မည်ကို သူ အမှတ်တကယ်ပင် စိတ်ဝင်စားနေမိသည်။
အားလုံးနှင့် ခြားနားစွာပင် ချူလဲ့တောင်း၏ မျက်လုံးများကတော့ တဖိတ်ဖိတ် တောက်ပနေ၏။ ဝေ့ဝူယင်မှာ ဝိညာဥ်ဆင်းတု အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်ကိုပင် အဖက်ဖက်မှ အသာစီး ရယူကာ သတ်ဖြတ်နိုင်သူ ဖြစ်သည်။ ထို့အပြင် သူ့အား ကြည့်ရသည်က ဘာကိုမှ မစဥ်းစား မဆင်ခြင်ပဲ လုပ်တတ်သည့် အရူးတစ်ယောက်နှင့် မတူချေ။
အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ အခြားလူများ၏ အတွေးများ၊ အကြည့်များကို စိတ်ဝင်စားခြင်း မရှိပါချေ။ သူက တံတိုင်းကြီး၏ မျက်နှာပြင်ထက်၌ တည်ငြိမ်စွာပင် ရပ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့၏။ နံရံကြီးများမှာ ရှည်လျားရုံမျှသာ မက၊ ထူလည်း အတော်ထူသည်။ နံရံမျက်နှာပြင်ထက်တွင်တော့ အလွန် သေးငယ်သော မီးခိုးရောင်နှင့် ခုနစ်ရောင်ခြယ် မြူနှင်းများမှာ ခိုးကပ်ကာ စဥ်ဆက်မပြတ် စီးဆင်းနေသည်ကို သူ တွေ့မြင်ရသည်။
ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ တံတိုင်းကြီး အတွင်း ရှိနေသည့် မြို့တော်ကြီး တစ်ခုလုံးနှင့် ချိတ်ဆက်ထားသော ဝင်္ကပါများကို ဝေ့ဝူယင် လေ့လာလိုက်၏။ ထို့နောက် ဖြည်းညင်းစွာပင် ဝင်္ကပါ ဗဟိုချက်ကို ရှာဖွေကာ ဟင်းလင်းပြင်နှင့် ဧဒင်အင်အားကို အသုံးပြုလျှက် ပိတ်ဆို့လိုက်၏။
ထိုကဲ့သို့ နည်းဗျူဟာမျိုးကို မြေအောက်မြို့တော်တွင်လည်း သူ အသုံးပြုခဲ့ဖူးသည်။ ဝင်္ကပါများမှာ မြို့တော်များ၏ အသက် ဖြစ်ရာ သူ လျစ်လျူရဲခြင်း မရှိပါချေ။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် ဆိုလျှင် ဝိညာဥ်ဆင်းတု အဆင့် တစ်ယောက် ပင်လျှင် ဂိုဏ်းစောင့် ဝင်္ကပါနှင့် အတူ လောကသခင် အဆင့်များကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
ကံကောင်းထောက်မစွာပင် အဂ္ဂိရတ် တာအိုမှာ လောကအတွင်း တည်ရှိနေသည့် အမျိုးမျိုးသော စွမ်းအင်များနှင့် အပြန်အလှန် ချိတ်ဆက်နိုင်စွမ်း ရှိသည်။ အဂ္ဂိရတ် တာအို၏ ဝိသေသ ခုနစ်ပါးအနက်မှ တစ်ခုဖြစ်သော ချုပ်နှောင်ခြင်း စွမ်းအားသည် ဝင်္ကပါများ၏ ဝိညာဥ်စွမ်းအားကို ပိတ်ဆို့ကာ အဝေးမှ မထိန်းချုပ်နိုင်အောင် စွမ်းဆောင်နိုင်စွမ်း ရှိသည်။ အကယ်၍ လုံလောက်သော အချိန်သာ ရပါက ဝင်္ကပါ၏ ဖွဲ့စည်းပုံကို အသွင်ပြောင်းပစ်ကာ ကိုယ်ပိုင် ထိန်းချုပ်မှု အောက်သို့ သွတ်သွင်းရန်ပင် ဝေ့ဝူယင်တွင် ယုံကြည်ချက် ရှိပေသည်။
ဟူး... ဟူး...
အင်အားကြီးသော ဝိညာဥ်အာရုံ တစ်ခုမှာ ဝေ့ဝူယင်ထံသို့ ရောက်ရှိလာကာ အပြန်အလှန် စစ်ဆေးလျှက် တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင်မှာ ထိုဝိညာဥ်အာရုံထံမှ အံ့သြမှင်သက်မှုကို ရှင်းလင်းစွာပင် ခံစားနိုင်ပေသည်။
မည်သို့ပင် ဆိုစေ... သူက ကြယ်တာရာ အမြုတေ အဆင့်သုံး ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ပေသည်။ ထိုကဲ့သို့ လူတစ်ယောက်က မြေပေါ် မြို့တော် တစ်ခုကို အတင့်ရဲကာ ကျူးကျော်ရဲလိမ့်မည်ဟု မည်သူက ထင်မိလိမ့်မည်နည်း။
ဟူး... ဟူး...
အင်အားကြီးသော ဝိညာဥ်အာရုံမှာ ဝေ့ဝူယင်ကို နှံ့နှံ့စပ်စပ် စစ်ဆေးပြီးနောက် နောက်သို့ ပြန်လည် ဆုတ်ခွာသွား၏။ မကြာခင်မှာပင် ၎င်းထက် အားနည်းသော ဝိညာဥ်အာရုံတစ်ခုက အစားထိုး ရောက်ရှိလာသည်။ သို့တိုင်အောင် ၎င်းမှာ အလွန် အစွမ်းထက်နေဆဲ ဖြစ်သည်။
ဝှစ်..
ပုံရိပ်တစ်ခုမှာ လေထုကို ဖြတ်သန်းကာ အလွန် လျှင်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းလာ၏။ မကြာခင်မှာပင် ၎င်းက ရောက်ရှိလာကာ တံတိုင်းကြီး၏ အစွန်းတစ်ဖက်၌ ခြေချလိုက်သည်။ ဝေ့ဝူယင် ထိုပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ သူက ပျက်သုဥ်းခြင်း စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသည့် မီးခိုးရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည့် ယောက်ျား တစ်ယောက်ပင် ဖြစ်သည်။
ထိုပုဂ္ဂိုလ်မှာ ဦးခေါင်းထက်တွင် သံချပ်ကာ မျက်နှာကွယ် ဦးထုပ်တစ်လုံးကို ဆောင်းထား၏။ သူ၏ အနက်ရောင် မျက်လုံးများက သံချပ်ကာ ဦးထုပ်ကြားမှ တဖိတ်ဖိတ် တောက်ပနေသည်။ သူက ကျင့်ကြံခြင်း အခြေခံကို ဖုန်းကွယ်မထားပဲ ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်တစ်ယောက် ဖြစ်ကြောင်း ထုတ်ဖော်ပြသထားသည်။
တစ်ချက်တစ်ချက်... သူ့ အနက်ရောင် မျက်လုံးများမှာ အဝါရောင် မူလအလင်းဖြင့် လင်းလက်နေ၏။ အလင်းပြန်ခြင်း အဆင့်တစ်ယောက် အတွက် သူ ပိုင်ဆိုင်ထားသည့် မူလ အလင်းအရောင်မှာ ပိုင်ဆိုင်ထားသည့် စွမ်းအားကို ကိုယ်စားပြုနိုင်စွမ်း ရှိသည်။ မည်သည့် အလင်းမှ မပါဝင်သည့် အနက်ရောင်မှာ အနိမ့်ဆုံး ဖြစ်ကာ အဖြူရောင်ကတော့ အမြင့်ဆုံးပင်။ မူလ အလင်းများကို နိမ့်ရာမှ မြင့်ရာသို့ စီစဥ်ပြရပါက အနက်၊ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းနှင့် အဖြူရောင် အလင်းတို့ပင် ဖြစ်သည်။
အဝါရောင် မူလအလင်းကို စတုတ္ထမြောက် အလင်း အဆင့် အဖြစ် သတ်မှတ်နိုင်ကာ ၎င်းက ကွင်းလေးကွင်း ဝိညာဥ်ဆင်းတု၊ ဟင်းလင်းပြင် ပဲ့တင်သံလှိုင်း လေးထုတို့နှင့် တူညီပေသည်။ အိရှန်းယွမ်မှာလည်း အဝါရောင် မူလ အလင်းကိုပင် ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
ဝေ့ဝူယင်မှာ ပုံရိပ်ထံမှ ငယ်ရွယ်နုပျိုသော အငွေ့အသက်အချို့ကို ခံစားလိုက်ရ၏။ သူက အေးတိအေးစက်ပင် ထိုလူငယ်ကို လျစ်လျူလိုက်ရင်း မြို့တော်အတွင်း လှမ်းကြည့်လိုက်သည်။
“ငါ့နာမည်က ဝေ့ဝူယင်... မြို့တော် သခင်နဲ့ တွေ့ဖို့ လာခဲ့တာပဲ... မင်း ကိုယ်တိုင် ထွက်လာရင်လာ... မလာရင် ငါ လာပြီး မင်းကို ဆွဲထုတ်မယ်”
“ ... “
ဝေ့ဝူယင်၏ စကားလုံးများက ကြားရသူတိုင်းကို ပါးစပ် အဟောင်းသား ဖြစ်သွားစေ၏။ သူတို့က ချင်ချင်းပင် မြင်ကွင်း ပိုမို ရှင်းလင်းမည့် အမြင့်နေရာများကို ခုန်တက်လိုက်ကြသည်။ ကြည့်ရသည်က ပွဲမှာ ပိုမို ကြည့်ကောင်းတော့မည့်ပုံပင်။
သံချက်ကာဝတ် လူငယ်မှာ သူ့အား လျစ်လျူကာ မြို့တော်ဝန်ကို တိုက်ရိုက် ခြိမ်းခြောက်လိုက်သည့် စကားလုံးများကြောင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွား၏။ ဝိညာဥ်ဆင်းတု အဆင့် တစ်ယောက်က ထိုမျှ အတင့်ရဲရသလော။ ဝေ့ဝူယင်လောက် သေချင်နေသည့် လူမျိုး သူ အသက်နှင့်တစ်ကိုယ် ယခုမှသာ ပထမဆုံး စတွေ့ဖူးခြင်း ဖြစ်သည်။
***