← Chapters

မြို့တော် ဝင်္ကပါ

Vol. 29 Ch. 405

မြို့တော် ဝင်္ကပါ

Vol. 29 Ch. 405

ဘုန်း...

သံချပ်ကာဝတ် လူငယ်မှာ စတင်ကာ လှုပ်ရှားလိုက်တော့၏။ သူက သံချပ်ကာ ဝတ်စုံဝတ် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဝေ့ဝူယင်ထံ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ထိုလက်သီးချက်တွင် ပါဝင်နေသည့် အင်အားက သုံးလွှာ ကြယ်တာရာ နယ်မြေရှိ ကမ္ဘာပြား တစ်ခုကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။

အောက်ရှိ လူများမှာ ထိုလက်သီးချက်ကို ကြည့်ရင်း ပင့်သက်များ ရှိုက်လိုက်မိကြ၏။ ကျူးကျော်သူ လူငယ်လေးမှာ တစ်စက္ကန့် သို့မဟုတ် ထိုထက် နည်းပါးသည့် အချိန်အတွင်း သွေးအိုင်တစ်ခု အဖြစ် ပြောင်းလဲ သွားရတော့မည်လော။

သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုသံချပ်ကာဝတ် လူငယ်ကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။ အကွာအဝေးက အလွန် နီးကပ်လှရာ လူငယ်ထံမှ ကြယ်တာရာ အင်အားများမှာ မျက်တောက်တစ်ခပ်စာ အတွင်းမှာပင် သူ့ထံ ရောက်ရှိလာ၏။

အိကျူးလင်မှာ ကြောက်ရွံ့နေမိသည့်တိုင် ထိုတိုက်ခိုက်မှု အပေါ်တွင်တော့ စိုးရိမ်စိတ် တစ်စက်မှ မရှိပါချေ။ သူမကလည်း ဝေ့ဝူယင် ကဲ့သို့ပင် မြိုတော်အတွင်းကို လှမ်းကာ ကြည့်နေခဲ့၏။ သူမ၏ အမြင်အရ ထိုသံချပ်ကာဝတ် လူငယ်မှာ အိရှန်းယွမ်၏ လက်တစ်ချောင်းမျှပင် ထိုက်တန်သူ မဟုတ်ချေ။ ယခု သူ၏ လှုပ်ရှားမှုက ဝေ့ဝူယင် အတွက် ရယ်စရာ သာသာ ဖြစ်နေမည်မှာ ကျိန်းသေလှသည်။

ဝေ့ဝူယင်က တစ်စက်မျှ မလှုပ်ချေ။ ထို့အစား အဖြူရောင် ကြယ်တာရာ အကာအကွယ် တစ်ခုကိုသာ ထုတ်လွှတ်လျှက် သူနှင့် အိကျူးလင်တို့ကို ဖုံးအုပ်လိုက်၏။

ဘုန်း...

သံချပ်ကာဝတ် လူငယ်၏ ကြယ်တာရာ အင်အားမှာ အကာအကွယ်နှင့် ပြင်းထန်စွာ တိုက်မိသွား၏။ ကမ္ဘာ လောကကြီး တစ်ခုလုံး တုန်ရီသွားကာ လေထုမှာ ကစဥ့်ကလျား ဖြစ်လျှက် မုန်တိုင်းတစ်ခု အသွင် ပြောင်းလဲသွားသည်။ ထိုမုန်တိုင်းမှာ မြို့တစ်မြို့လုံးကိုပင် ဖုံးလွှမ်းကာ တိုက်ခတ်သွား၏။

တစ်ခဏအတွင်းမှာပင် သံချပ်ကာဝတ် လူငယ်၏ မျက်လုံးများမှာ အရောင်ပြောင်းလဲ သွားသည်။ ကျူးကျော်သူမှာ ယခုအထိ မထိမခိုက်ရှိနေဆဲပင်။ သို့သော်လည်း... ထိုပုဂ္ဂိုလ်မှာ တစ်လျှောက်လုံး၌ ခြေတစ်လှမ်းပင် နောက်မဆုတ်ခဲ့သလို သူ့ကိုပင် တစ်ချက်မှ လှည့်ကြည့်ခဲ့သူ မဟုတ်ချေ။

သံချပ်ကာ ဦးထုပ်‌အောက်ရှိ လူငယ်၏ မျက်နှာက အကျည်းတန်သွား၏။ မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့ သနည်း။ သူ လုံးဝ နားမလည်နိုင်တော့ချေ။

အဖြူရောင် ကြယ်တာရာ အကာအကွယ်ကို ကြည့်ရင်း ထိုအရာက အလွန် အစွမ်းထက်သည့် အကာအကွယ် ရတနာ တစ်ခု ဖြစ်လိမ့်မည်ဟု သူ မှတ်ချက်ချလိုက်မိ၏။ သူက နောက်ထပ်တစ်ကြိမ် ဟိန်းဟောက်လိုက်ရင်း ပိုမို ပြင်းထန်သော အင်အားဖြင့် လက်သီးချက်များကို ထုတ်ဖော်လိုက်ပြန်သည်။

ဘုန်း... ဘုန်း...

လူငယ်၏ လက်သီးချက်များမှာ ကြောက်မက်ဖွယ် ခွန်အားနှင့် အမြန်နှုန်းတို့ကို သယ်ဆောင်ကာ ဝေဝ့ဝူယင်ထံ နောက်တစ်ကြိမ် တိုးဝင်သွားပြန်၏။ ထိုလက်သီးချက်များ အတွင်းရှိ ဖျက်ဆီးခြင်း စွမ်းအားက ညှာတာမှု မရှိပဲ ဝေ့ဝူယင်၏ အကာအကွယ်အလွှာကို အဆက်မပြတ်ပင် ရိုက်ခတ်သွားသည်။ သို့သော်လည်း အချိန် အတော်ကြာသည့် အကာအကွယ် အလွှာက လုံးဝကို အကောင်းအတိုင်း ရှိနေသေးဆဲ ဖြစ်သည်။ အက်ကြောင်း တစ်ခုပင် ဖြစ်ပေါ် မလာခဲ့ချေ။

အောက်ရှိ မြို့တော်သူ မြို့တော်သားများနှင့် ရတနာ မုဆိုးများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပိုမို စိတ်လှုပ်ရှား လာကြ၏။ ကြည့်ရသည်က ဤတစ်ကြိမ် ကျူးကျော်မှုမှာ ပထမ အကြိမ်များကလို ရိုးရှင်းတော့မည် မဟုတ်ချေ။

သူတို့ စောင့်ကြည့်နေကြစဥ်မှာပင် ဝေ့ဝူယင်မှာ စတင် လှုပ်ရှားလာ၏။

“တော်လောက်ပြီ...”

သူက အော်ဟစ်လိုက်ရာ ဝိညာဥ်အင်အားလှိုင်း တစ်ခု ဖြစ်ပေါ်လာကာ သံချပ်ကာဝတ် လူငယ်ထံ တိုးဝင်သွား၏။ လက်သီးချက်များက ချက်ချင်းပင် ရပ်တန့်သွားသည်။

ထို့နောက်...

ဘုန်း...

လူငယ်၏ ဒူးများမှာ တံတိုင်းကြီး၏ မျက်နှာပြင်ထက်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူ၏ လက်နှစ်ဖက်က ဘေးတွင် ပျော့ခွေ၍ တန်းလန်းကျနေကာ သံချပ်ကာ ဦးထုပ်အောက်မှ နက်မှောင်သော မျက်လုံးများကတော့ အသိစိတ် ကင်းလွတ်နေဟန် ရသည်။ ထိုအခိုက်၌ သူ့ဦးခေါင်းကတော့ လည်ပင်း ခွန်အား ထိန်းချုပ်မှုကို ဆုံးရှုံးသွားသည့် အလား ရှေ့သို့ ငိုက်စိုက်ကျနေ၏။

ဝေ့ဝူယင်မှာ ဝိညာဥ်အင်အားကို ထုတ်ဖော်ကာ သံချပ်ကာဝတ် လူငယ်၏ အသိစိတ် ပင်လယ်နှင့် ကြယ်တာရာ ဝိညာဥ်တို့ကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်။ ဝေ့ဝူယင်၏ ဝိညာဥ်အင်အားမှာ ကြယ်တာရာ ဝိညာဥ် တစ်ခုတည်းမှ မဟုတ်ပဲ လေးခုမှ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့အပြင် သူ၏ ကြယ်တာရာ ဝိညာဥ်တစ်ခုချင်းစီမှာ သာမန် ကျင့်ကြံသူများ မနှိုင်းယှဥ်နိုင်သည့် အမြင့်ဆုံးသော ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည်။ ထိုအထဲမှ သုံးခုမှာ ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတုများကို ပိုင်ဆိုင်ထားကြကာ အသက် အကြီးဆုံး ကြယ်တာရာ ဝိညာဥ်ဖြစ်သည့် အိုရီကတော့ ကောင်းကင်၏ အလိုဆန္ဒကိုပင် ကျော်လွန်နေသည့် ကွင်းဆယ်ကွင်း ဝိညာဥ်ဆင်းဆု အဆင့်ကို ပိုင်ဆိုင်ထားပေသည်။ သို့ဖြစ်လေရာ သံချပ်ကာဝတ် လူငယ် မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

လူငယ်မှာ ကြိုးပြတ်သွားသည့် ရုပ်သေးရုပ် တစ်ရုပ်လိုမျိုး ကြမ်းပြင်ထင်တွင် ဒူးထောက်လျှက် ရှိ၏။ ဝေ့ဝူယင် တစ်ချက်ပင် လှည့်မကြည့်ပဲ မြို့တော်ရှိရာကိုသာ စူးစိုက်ကြည့်နေခဲ့၏။ သူ၏ ငွေရောင်မျက်လုံးများက ဖြန့်ကျက်ကာ မြို့တွင်းရှိ လူတစ်ယောက်ချင်းစီ၏ မျက်နှာများကို သေချာစွာ စူးစမ်းနေခဲ့သည်။ ကံဆိုးစွာပင် ရင်းနှီးသည့် မည်သည့် မျက်နှာ အငွေ့အသက်ကိုမှ သူ မတွေ့ရ‌။

စန်းမျိုးနွယ်မှ လူများ အထဲတွင် ရှိကောင်းရှိနိုင်သော်လည်း သူက သူတို့ကို မတွေ့ဖူးပြန်ချ။ ထို့ကြောင့်ပင် သူက နာမည်ကို ထုတ်ဖော်ကာ သူ့အား မှတ်မိသူ ရှိ၊ မရှိ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မည်သည့် တုန့်ပြန်မှုကိုမှ မရခဲ့ချေ။

ဤလောကနယ်မြေက အလွန်အမင်း ကျယ်ဝန်းလှရာ သုံးလွှာ ကြယ်တာရာ နယ်မြေမှ လာသူ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် မဆုံတွေ့နိုင်သည်က သဘာဝ ကျလှပေသည်။ ထို့အပြင် ဤနေရာက အတော်လး ရက်စက်ကြမ်းကြုတ်လှရာ အချို့မှာ ဒေသခံများ၏ ဖမ်းဆီးခြင်းကိုပင် ခံခဲ့ရပြီး ဖြစ်နိုင်သည်။ သူ ကိုယ်တိုင်ပင် မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။

ချင်ချူးမူနှင့် တရှန်းတို့ အကြောင်း ပြန်လည် တွေးမိသော အခိုက်၌ အေးစိမ့်သော ခံစားချက်မှာ ဝေ့ဝူယင်၏ ကျောရိုးတစ်လျှောက် စီးဆင်းသွား၏။ ဘာကြောင့်မှန်း မသိသော်လည်း သူတို့ ဒုက္ခရောက်နေသည် ဟု သူ ခံစားလိုက်ရသည်။ သို့သော်လည်း ထိုအထဲ၌ ပြင်းပြင်းထန်ထန် အန္တရာယ် အငွေ့အသက်များ မပါဝင်ရာ လောလောဆယ်၌ အသက် အန္တရာယ် မရှိသေးဟု ဆိုလိုပေသည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ အစီအစဥ်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။ သူက ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်လိုက်သည်။

“မြို့တော်သခင်... ကျုပ် ဒီကိုလာတာ ခင်ဗျားကို တွေ့ဖို့ပဲ... ‌နောက်လိုက်ခွေးတွေကို ရင်ဆိုင်ဖို့ ကျုပ်မှာ အချိန် မရှိဘူး... ခင်ဗျား ထွက်မလာရင် ကျုပ် ကိုယ်တိုင် လာခဲ့တော့မယ်”

သူ၏ အသံက အကြွင်းမဲ့ အာဏာကို သယ်ဆောင်ကာ မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအခိုက်၌ သူ၏ ငွေရောင် မျက်လုံးများမှာ မြို့တော်အလယ်ရှိ မျှော်စင်ကြီးကို စိုက်ကြည့်နေခဲ့၏။ ထိုမျှော်စင်ကြီးမှာ မီတာ နှစ်ရာခန့် မြင့်မားပြီး ခန့်ညား ထည်ဝါသော အငွေ့အသက်များကို ထုတ်လွှတ်နေလေရာ မြို့တော်သခင်၏ အိမ်တော် ဖြစ်ကြောင်း ထင်ရှားလှသည်။

ဝေ့ဝူယင်၏ အသံက ဝိညာဥ်ရောင်ဝါ တစ်ခုကို သယ်ဆောင်ကာ မျှော်စင်ကြီးထဲသို့ တိုက်ရိုက် ဖောက်ဝင်သွား၏။  ထို့နောက် ပေါက်ကွဲသံ တစ်ခုနှင့် အတူ အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ခုက ကောင်းကင်ဆီသို့ ပျံ့လွင့်လာသည်။

ဘုန်း...

ထိုနှာခေါင်းရှုံ့သံက အားနည်းသူများ အတွက်တော့ မိုးကြိုးထစ်ချုန်းသံ တစ်ခုလိုပင်။ သူတို့က ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် နားများကို ပိတ်လိုက်မိကြ၏။

နှာခေါင်းရှုံ့သံနှင့် အတူ ခန့်ညား ထည်ဝါသော အမိန့်ပေးသံ တစ်ခုမှာ မြို့တော်သခင်၏ အိမ်တော် အတွင်းမှ ထွက်ပေါ်လာ၏။

“ဒီအရူးကို ဖမ်းလိုက်စမ်း... နဝမတောင်တန်း ပျက်သုဥ်းခြင်း ကြယ်တာရာ ဝင်္ကပါကို အသက်သွင်းလိုက်...”

ထိုအသံက ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်နေ၏။ သူ နည်းနည်းမျှ မစိုးရိမ်ချေ။ သည်ကျူးကျော်သူ ကဲ့သို့ ယုံကြည်ချက် မြင့်မားသည့် လူအများအပြားမှာ နဝမတောင်တန်း ပျက်သုဥ်းခြင်း ကြယ်တာရာ ဝင်္ကပါအောက်တွင် ကျဆုံးခဲ့ရပြီး ဖြစ်သည်။

ဤသို့နှင့် စက္ကန့် အနည်းငယ်မျှ ကြာမြင့်သွား၏။ အရာရာက သုသာန်တစ်စပြင် ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။ ဘာထူးခြားမှုမှ မရှိ။

"..."

မြို့တော်သူ မြို့တော်သားများနှင့် ရတနာ မုဆိုးများမှာ တစ်ခုခု မှားယွင်းနေသလို ခံစားလာရသည်။ မြို့တော်၏ ဒဏ္ဍာရီလာ အခြေခံ အုတ်မြစ်ဖြစ်သော နဝမတောင်တန်း ပျက်သုဥ်းခြင်း ကြယ်တာရာ ဝင်္ကပါမှာ ထိပ်တန်း အဆင့် ကျင့်ကြံသူများနှင့် ပျက်သုဥ်းခြင်း မိစ္ဆာတို့ကဲ့သို့သော ရန်သူများစွာကိုပင် သုတ်သင်နိုင်ခဲ့သည့် ဝင်္ကပါ ဖြစ်သည်။

အထူးသဖြင့် မြို့တော်သခင် အမိန့်ပေးပြီး ဤအချိန်လောက် ဆိုလျှင် ဝင်္ကပါမှာ အသက်ဝင်နေပြီး ဖြစ်သင့်သည်။ တစ်ခုခု မှားယွင်းစရာ အကြောင်း မရှိချေ။

စက္ကန့်အနည်းငယ် ထပ်မံ ကြာမြင့်သွား၏။

“ ... “

သို့သော်လည်း ဘာတုန့်ပြန်မှုမှ မရှိ။

***

All Chapters