ကျုပ်ကိုကျုပ် မိတ်ဆက်ပါရစေ
Vol. 29 Ch. 406
ဝေ့ဝူယင်မှာ ဝင်္ကပါကို အသက်သွင်းရန် ကြိုးပမ်းနေမှုများကို ခံစားရ၏။ သူ့မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအခိုက်၌ ကြယ်တာရာ အင်အားကို အသုံးပြု၍ ဝင်္ကပါ၏ အမြုတေကို သန့်စင်ကာ ဖွဲ့စည်းပုံ တစ်ခုလုံးကို သူ ကိုးဆယ်ရာခိုင်နှုန်းခန့် ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သည်။ မီခိုးရောင် သံချပ်ကာဝတ် လူငယ်၏ တိုက်ခိုက်မှုများကို မတုန့်ပြန်ခဲ့ရသည့် အကြောင်းရင်းမှာ ထိုအခိုက်၌ အလွန် အရေးကြီးသော အခိုက်အတန့် တစ်ခုသို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။
ယခု၌ သူသည် နဝမတောင်တန်း ပျက်သုဥ်းခြင်း ကြယ်တာရာ ဝင်္ကပါကို အတွေးတစ်ချက်ဖြင့်ပင် အသက်သွင်းနိုင်နေပြီ ဖြစ်သည်။ အခြားလူများ ကဲ့သို့ ဝင်္ကပါ အလှံပင် မလိုအပ်ချေ။ ထို့အပြင် ဝင်္ကပါအား မောင်းနှင်ရန် လိုအပ်သည့် ကြယ်တာရာ အင်အားလည်း သူ့တွင် လုံလုံလောက်လောက် ရှိပေသည်။
"ဘာလဲ...”
မျှော်စင်ထဲမှ အာမေဋိတ်သံ တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ကြမ်းတမ်း ခက်ထန်စွာပင် စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာသည်။ ထိုစွမ်းအင်လှိုင်းသည် မျှော်စင်၏ ပတ်လည် မီတာတစ်ရာခန့် ဧရိယာကို သိမ်းပိုက်စိုးမိုးသွားကာ အတွင်းရှိ မန်နာ၊ ကြယ်တာရာ အင်အား၊ ချီစွမ်းအင် အကုန်လုံးကို သူ့ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းလိုက်၏။
လောကနယ်မြေ...
ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ ဤနေရာ၌ လောကသခင် တစ်ပါး ရှိနေသည်လား။ ထို့အပြင် ၎င်းက စန်းမျိုးနွယ်ရှိ လောကသခင်များလို ဆေးတစ်လုံးကို အားကိုး၍ အဆင့်တက်လှမ်းလာသည့် အတုအယောင် မဟုတ်ချေ။ ကိုယ်ပိုင်ခွန်အားကို သုံးကာ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ထားသည့် လောကသခင် အဆင့်ပင် ဖြစ်လေသည်။
အံ့အားသင့်ခြင်းလှိုင်း တစ်ခုက ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများထဲတွင် ဖြတ်ပြေးသွား၏။ ကံကောင်းတာ တစ်ခုက ထိုလောကနယ်မြေမှာ အလွန်အမင်း သေးလွန်းနေခြင်း ဖြစ်သည်။ ထို့ပိဟန်မှာ ထိုထက် ဆယ်ဆ ပိုမို ကြီးမားသည့် လောကနယ်မြေကိုပင် ဖြန့်ကျက်နိုင်စွမ်း ရှိသည်။
လောကနယ်မြေ၏ အရွယ်အစားမှာ လောကသခင်၏ အဆင့်ကို ကိုယ်စားပြုနိုင်ကြောင်း ဝေ့ဝူယင် ထို့ပိဟန်ထံမှ သိရှိခဲ့ရပြီး ဖြစ်သည်။ ဆိုလိုသည်က ထိုလောကသခင်မှာ ထို့ပိဟန်၏ ဆယ်ပုံတစ်ပုံလောက်သာ အစွမ်းထက်ပေသည်။
ထိုအခိုက်တွင်ပင် လောကသခင်မှာ လှုပ်ရှားလာကာ ဝင်္ကပါ၏ ဗဟိုရှိရာကို သွားလျှက် အခြားလူများနှင့် အတူ အသက်သွင်းရန် ကြိုးပမ်းနေသည်ကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူ အသာအယာပင် ပြုံးလိုက်ရင်း နဝမတောင်တန်း ပျက်သုဥ်းခြင်း ကြယ်တာရာ ဝင်္ကပါနှင့် အပြန်အလှန် ချိတ်ဆက်လိုက်သည်။
အံ့သြထိတ်လန့်သည့် အသံအချို့ ထွက်ပေါ်လာပြီးနောက် အရာရာမှာ ရုတ်ချည်းပင် တိတ်ဆိတ် ငြိမ်သက် သွား၏။
“ ... “
လောကနယ်မြေမှာ ပျောက်ကွယ်သွား၏။ လောကသခင်၏ အငွေ့အသက်မှာလည်း အစရှာ မရတော့။ ဝေ့ဝူယင် မျှော်စင်ဘက်ကို လှည့်ရင်း သူ့အား နှာခေါင်းရှုံ့ကာ အရူးဟု ခေါ်ခဲ့သည့် မြို့တော်သခင်ကို ကြည့်နေလိုက်၏။ ကြောက်ရွံ့ကာ ကစဥ့်ကလျား ဖြစ်နေသည့် အငွေ့အသက် တစ်ချို့က ထိုအထဲမှ ထွက်ပေါ်နေသည်။
အရာရာက ဤမျှ လောက်သည် လွယ်ကူလိမ့်မည်ဟု မျှော်လင့်မထားခဲ့ရာ ဝေ့ဝူယင်မှာ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ထို့အပြင် မြို့တော်သခင်မှာ လောကသခင် တစ်ပါး မဟုတ်ချေ။ စောစောက လောကသခင်မှာ မြို့တော် ကာကွယ်သူသာ ဖြစ်သည်။
ထို့အပြင် ထိုမြို့တော်ကာကွယ်သူမှာ ရူးမိုက်စွာဖြင့် ဝင်္ကပါ၏ အသန်မာဆုံး နေရာဖြစ်သည့် ဗဟိုသို့ သွားရောက်ကာ စစ်ဆေးရန် ကြိုးပမ်းခဲ့သည်။ လက်ခုပ်ထဲ ဝင်လာသည့် ငါးကို ဝေ့ဝူယင် မည်ကဲ့သို့ လွှတ်နိုင်ပါမည်နည်း။ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ကာ ထိုလောသခင်ကို ဝင်္ကပါ ဗဟိုတွင်ပင် သူ ချိတ်ပိတ် ပစ်ခဲ့သည်။
ယခု၌ မြို့တော်၏ လောကသခင်မှာ ထောင်ချောက် မိသွားခဲ့ပြီ ဖြစ်ပြီး ဝင်္ကပါများမှာလည်း သူ့ ထိန်းချုပ်မှု အောက်သို့ အလုံးစုံ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ မျှော်စင်ကြီးကို လှမ်းမျှော်ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွား၏။
“မင်းက ထွက်မလာဘူး ဆိုတော့ ငါကပဲ မင်းကို ဆွဲထုတ်ရတော့မှာပါ”
ထို့နောက် သူက ဝင်္ကပါကို ထိန်းချုပ်ရင်း လျှပ်စီးတန်း တစ်ခုကို ဖန်တီးကာ မျှော်စင်ရှိရာသို့ ပစ်လွှတ်လိုက်လေတော့သည်။
ဘုန်း...
မျှော်စင်ကြီးထက်၌ ကြီမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအပေါက်ကြီးက ပလ္လင်ကဲ့သို့ ထိုင်ခုံ တစ်ခုပေါ်၌ ထိုင်နေသည့် ပုဂ္ဂိုလ်၏ ရှေ့နားအထိ ရောက်ရှိသွားသည်။ ဝင်္ကပါများ ဆုံးရှုံးသွားခြင်းနှင့် အတူ ယခု အချိန်၌ မြို့တော်သခင်၏ စံအိမ်မှာ သာမန် အဆောက်အအုံတစ်ခုနှင့် ခြားနားခြင်း မရှိတော့ချေ။
မြို့တော်သခင်မှာ အသက်လတ် အရွယ်ရှိကာ နက်မှောင်သော ဆံပင်များကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အနည်းငယ် ပိန်ပါးသည့်တိုင် သူ၏ အညိုရောင် မျက်လုံးများက ဧကရာဇ် တစ်ပါး၏ မွေးရာပါ ခန့်ညား ထည်ဝါမှုမျိုးကို သယ်ဆောင်ထား၏။
ထိုမျက်လုံးများက ကြောက်ရွံ့မှု အငွေ့အသက် အချို့ဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူသည် ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် ဖြစ်သည့်တိုင် လက်သီးများကို တင်းတင်းဆုပ်ခြင်းမှ အပ ဘာကိုမှ မတတ်နိုင်ခဲ့ချေ။ မည်သို့ပင် ဆိုစေ... မြို့တော်၏ အသက်သွေးကြော ဖြစ်သည့် ဝင်္ကပါများမှာ ဝေ့ဝူယင်၏ လက်အောက်သို့ ရောက်ရှိနေခဲ့သည် မဟုတ်ပါလား။ သူ ဘာလုပ်နိုင်ဦးမည်နည်း။
ပြန်လည် ခုခံမည့်ပုံ မရသည့် မြို့တော်သခင်၏ အမူအရာကို ကြည့်ရင်း ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ကောင်းတယ်... မင်းကို သိထားစေချင်တာ တစ်ခုက ခုအချိန်က စပြီး ဒီမြို့တော်ဟာ ငါ့အပိုင် ဖြစ်သွားပြီ ဆိုတာကိုပဲ”
စကားဆုံးသည်နှင့် သူက လေထုကို ဖနှောင့်ဖြင့် ပေါက်လိုက်၏။ ကြီးမား ရှည်လျားလှသော မီးရောင် အလင်းတိုင်ကြီး ရှစ်တိုင်မှာ ပေါ်ထွက်လာကာ မြို့တော်ကို ဝန်းရံသွားသည်။ ထိုပျက်သုဥ်းခြင်း အလင်းတိုင်ကြီးများမှာ အဆုံးမဲ့ တောင်တန်းကြီးများ ကဲ့သို့ အရပ်မျက်နှာ ရှစ်ဖက်မှ မြို့တော်ကို ဝန်းရံ သွား၏။ ထိုတောင်တန်းများထံမှ အလင်းရောင် ဟပ်မှုတွင် ဝေ့ဝူယင်၏ ချောမော ခန့်ညားသော ရုပ်သွင်မှာ အများ၏ မြင်ကွင်းတွင် ပိုမို ထင်ရှားလာခဲ့တော့၏။
“ဘာကြီးတွေလဲ...”
တောင်တန်းကြီးများကဲ့သို့ အုပ်မိုးသွားသည့် အလင်းတိုင်ကြီးများကို ကြည့်ရင်း မြို့တော်သခင်၏ အမူအရာက ရုပ်ဆိုးသွား၏။ ဒေသခံများ၊ ရတနာမုဆိုးများ၊ ကျားကစားနေသည့် လူအိုးကြီးနှင့် မိန်းမပျို၊ လမ်းမထက်တွင် စကား နေသည့် ကလေးများ အပါဝင် အားလုံး၏ မျက်လုံးများကလည်း လပြည့်ဝန်းများ ကဲ့သို့ ပြူးကျယ်သွားသည်။
မယုံကြည်နိုင်ခြင်း၊ မသေချာ မရေရာခြင်းတို့ ပြည့်နှက်နေသည့် ရှုပ်ထွေးသော အတွေးများဖြင့် သူတို့ အားလုံးမှာ ကောင်းကင်ထက်တွင် ရပ်တည်နေသည့် ဝေ့ဝူယင်ကို ကြည့်လိုက်မိကြ၏။ လက်တစ်ဖက်ဖြင့် ဖက်ကာ သယ်ဆောင်ထားသည့် မီခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ် မိန်းကလေးကို မြင်သော အခိုက်၌ သူတို့၏ စိတ်များက ပိုမို ရှုပ်ထွေးသွားသည်။
ထိုချေမောသော လူငယ်က မည်သူနည်း။ သူက အဘယ်ကြောင့် မဟာငလျင် မြို့တော်ကို တိုက်ခိုက်ရသနည်း။ သူက ဘယ်လောက်ကြာကြာ ဤမြို့တော်ကို သိမ်းပိုက် စိုးမိုးမည်နည်း။
မရေမတွက်နိုင်သော မေးခွန်းများမှာ သူတို့ အတွေးများထဲ ပြွတ်ချာသိပ်နေ၏။ ကံကောင်း ထောက်မစွာပင် သူတို့ ကြာမြင့်စွာ မစောင့်လိုက်ရပါချေ။ ဝေ့ဝူယင်က အားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီး တစ်မြို့လုံး ကြားနိုင်သည့် အသံဖြင့် ပြောလိုက်၏။
“ကျုပ်ကိုကျုပ် မိတ်ဆက်ပါရစေ... ကျုပ် နာမည်က ဝေ့ဝူယင်ပါ... အခု ဆိုရင် မဟာငလျင် မြို့တော်က ကျုပ် အပိုင် ဖြစ်သွားပါပြီ... ဒီမြို့တော်ရဲ့ စီးဆင်းပုံတွေ၊ ရိုးရာတွေကို ပြောင်းလဲပစ်ဖို့ ကျုပ်မှာ အစီအစဥ် မရှိပါဘူး... ဒီအတိုင်း ရိုးရိုးလေး မြို့တော်သခင် ပြောင်းသွားတယ်လို့သာ မှတ်ယူပေးပါ... ခင်ဗျားတို့ ထွက်သွားဖို့ ဆန္ဒရှိတယ် ဆိုရင်လည်း ထွက်သွားလို့ ရပါတယ်... ကျုပ် တားဆီးမှာ မဟုတ်ပါဘူး”
ထိုစကားလုံးများကို ပြောဆိုပြီးနောက် ဝေ့ဝူယင်က အိကျူးလင်ကို သယ်ဆောင်ကာ မြို့တော် အလယ်ရှိ မျှော်စင်ရှိရာသို့ ပျံသန်းလာခဲ့၏။ ထို့နောက် သူက လျှပ်စီးချက် ထိမှန်ထားသော အပေါက်အတိုင်းပင် အထဲသို့ ဝင်လာခဲ့သည်။ သူ အထဲသို့ ရောက်ရှိသည်နှင့် ထိုအပေါက်ကြီးမှာ မျက်စိဖြင့်ပင် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် ပြန်လည် ပြည့်သွားကာ အကောင်း ပကတိ ဖြစ်သွား၏။
“ ... “
အပြင်ဘက်ရှိ လူများမှာ သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။ ထိတ်လန့်မှုများက သူတို့ နှလုံးသား အတွင်း ဆက်လက် စီးဆင်းနေဆဲ ဖြစ်သော်လည်း ထိုလူငယ်ပြောသည့် အတိုင်းဆို ဤဖြစ်ရပ်က သူတို့၏ နေ့စဥ် ဘဝကို ထိခိုက်လိမ့်မည် မဟုတ်ချေ။
သူတို့က ထိုဖြစ်ရပ်ကို မေ့ပစ်ကာ ကိုယ်လုပ်စရာ ရှိသည်များကိုသာ ဆက်လက် လုပ်ကိုင်ကြရန် ဆုံးဖြတ်လိုက်ကြတော့၏။
***