မင်းလက်မခံလည်း ငါကမင်းကိုသတ်မှာပဲ
Vol. 42 Ch. 589
အခန်း (၅၈၉) မင်းလက်မခံလည်း ငါကမင်းကိုသတ်မှာပဲ
ရန်ကျောက်ကဲက ချန်ကျန်းကို အေးစက်တည်ငြိမ်သောအကြည့်ဖြင့် ကြည့်လိုက်ရာ ချန်ကျန်းမှာ ရင်တုန်ပန်းတုန်ဖြစ်သွားသည်။
“ခင်ဗျား တစ်ခုခုရှာနေတာမဟုတ်လား ၊ အဲဒီပစ္စည်းက ယွင်ရှန်းဆီမှာ ရှိမယ်လို့ ခင်ဗျား ထင်နေခဲ့တာ...”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကိုလှည့်ကြည့်ရင်း...
“အရှေ့ပင်လယ်မှာ မင်း ပစ္စည်းတစ်ခုခု ရခဲ့သေးလား ၊ နောက်ပိုင်း အဲဒီပစ္စည်းက ပျက်ဆီးသွားတယ်လေ”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းမျက်ဝန်းများ လက်ခနဲ တောက်ပသွားပြီး...
“ပုတီးစေ့လိုလို... ပုလဲလုံးလိုလို ပစ္စည်းတစ်ခု ကျွန်မ ရခဲ့တယ် ၊ အဲဒါ ဘာမှန်းမသိတာနဲ့ တောင်ပေါ် ယူလာခဲ့တာ ၊ တောင်ပေါ်ပြန်ရောက်တော့လည်း အဲဒီပစ္စည်းကို သိပ်အရေးမစိုက်မိဘူး ၊ ဒါပေမဲ့ ဟုန်ကျားချီတောင်ပေါ်ရောက်မလာခင် တစ်ညမှာပဲ အဲဒါက အလိုလို အက်ကွဲပျက်ဆီးသွားတယ်”
ဖန်းယွင်ရှန်းစကားကြားသည့်အခါ ချန်ကျန်းမျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ့ခန္ဓာကိုယ်ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သို့သော် ချက်ချင်းပင် အိန္ဒြေဆည်လိုက်၏။
ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...
“အဲဒါက ရှားပါးရတနာပစ္စည်းတစ်ခုပဲ ၊ ‘ကောင်းကင်သူလျှိုစက်ဝန်း’ လို့ခေါ်တယ် ၊ အဝေးထိန်းစနစ်နဲ့ ထောက်လှမ်းရေးလုပ်တဲ့ ပစ္စည်းတစ်ခုပဲ ၊ မြင်ကွင်းတွေ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ထားနိုင်စွမ်း ရှိတယ်”
သူက ဆက်ပြောသည်။
“ဒီပစ္စည်းကို မိခင်စက်ဝန်းနဲ့ သားသမီးစက်ဝန်းဆိုပြီး နှစ်မျိုးခွဲခြားထားတယ် ၊ သားသမီးက စောင့်ကြည့်ထောက်လှမ်းတဲ့အလုပ်ကို လုပ်တယ် ၊ သူတို့မြင်သမျှကို မိခင်စက်ဝန်းပိုင်ရှင်က အရာအားလုံးတွေ့မြင်နိုင်ပြီး မှတ်တမ်းယူထားနိုင်တယ်”
ရန်ကျောက်ကဲက ချန်ကျန်းကို အလေးအနက်ကြည့်ရင်း...
“‘ကောင်းကင်သူလျှိုစက်ဝန်း’နဲ့ မှတ်တမ်းတင်ထားတာတွေက ပျက်ဆီးနိုင်ပေမယ့် အတုအယောင်လုပ်လို့မရသလို ပြောင်းလဲလို့လဲမရဘူး ၊ တကယ့် သံမဏိ အထောက်အထားလို့ ယူဆလို့ရတယ်”
စကားပြောနေရင်း ရန်ကျောက်ကဲ လက်ဖဝါးထက်တွင် စက်ဝန်းတစ်ခု ပေါ်လာသည်။ ထိုစက်ဝန်းကိုမြင်သည့်အခါ ချန်ကျန်းက အသာမျက်လွှာချလိုက်၏။
ဖန်းယွင်ရှန်းက ထိုစက်ဝန်းကို သေသေချာချာကြည့်ရင်း...
“အဲဒါက ကျွန်မရခဲ့တဲ့ပစ္စည်းနဲ့ ဆင်တူပေမယ့် နည်းနည်းပိုကြီးတယ်”
ရန်ကျောက်ကဲက ‘ကောင်းကင်သူလျိုစက်ဝန်း’ ကို လက်ညိုးလက်ခလယ်ဖြင့်အသာထိုးညွှန်လိုက်ရာ ထိုစက်ဝန်းအတွင်းမှ မှတ်တမ်းတင်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
အဆုံးမဲ့တောင်တန်းမှ ဝါရင့်အကြီးအကဲ လီကျင်းထူကို အရှေ့ပင်လယ်တွင် ချန်ကျန်းက သတ်ဖြတ်လုပ်ကြံပြီး မိုးဖြိုပုဆိန်ကို ရယူရန်ကြိုးစားသောမြင်ကွင်းမှတ်တမ်း ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကိုတွေ့တော့ ဖန်းယွင်ရှန်း ၊ ဖူအန်းစုနှင့် အကြီးအကဲ’ချင်’ တို့အားလုံး အံ့အားသင့်သွားကြ၏။
ရန်ကျောက်ကဲက...
“ချန်ကျန်း ဖုံးကွယ်ထားချင်တာ ဒီကိစ္စပဲ”
သူက ဆက်ပြောသည်။
“ကျွန်တော် နေသူတော်စင်ဂိုဏ်းက ဟွမ်ကျိကို သတ်ဖြတ်ပြီးတဲ့နောက် သူ့ဆီကနေ ဒီပစ္စည်းရခဲ့တယ် ၊ ဒီ မှတ်တမ်းမြင်ကွင်းကိုတွေ့မြင်ရတဲ့အတွက် တောင်ပေါ်ကို ချက်ချင်းပြန်လာခဲ့တာပဲ ၊ ယွင်ရှန်းအခြေအနေ ဘယ်လိုရှိလဲ အတိအကျမသိတော့... နေသူတော်စင်ဂိုဏ်းရဲ့ အကျပ်ကိုင်မှုကြောင့် ချန်ကျန်း တစ်ခုခု လှုပ်ရှားလိုက်မှာကို စိုးရိမ်နေမိတာ”
“အခု အဖြစ်အပျက်တွေကို နားလည်သွားတော့မှ... ‘ကောင်းကင်သူလျိုစက်ဝန်း’ ဘယ်သူလက်ထဲမှာ ရှိတာလဲဆိုတာ ချန်ကျန်း မသိမှန်း သိလိုက်ရတာ”
သူက ‘ကောင်းကင်သူလျှိုစက်ဝန်း’ ကို အသာဝှေ့ယမ်းလိုက်ရာ မျက်နှာပြင်ထက်တွင် အဝိုင်းကွက် (၃)ကွက် ထွက်ပေါ်လာသည်။ တစ်ခုက တောက်ပလျှက်ရှိသော်လည်း ကျန်နှစ်ခုကတော့ မှေးမှိန်နေသည်။
“ပုံမှန်ဆိုရင် ‘ကောင်းကင်သူလျှိုစက်ဝန်း’ မှာ မိခင်စက်ဝန်းနဲ့ သားသမီးစက်ဝန်း တစ်ခုပဲ ရှိနိုင်ပေမယ့် ဟွမ်ကျိမှာရှိတဲ့ပစ္စည်းက သားသမီးစက်ဝန်း (၃)ခုပါရှိတယ် ၊ အဲဒါ ထူးခြားချက်ပဲ ၊ သားသမီးစက်ဝန်းတစ်ခုက ချန်ကျန်းက လီကျင်းထူကို သတ်ဖြတ်ခဲ့တဲ့အကြောင်း မှတ်တမ်းတင်ခဲ့တယ် ၊ ဒါပေမဲ့ ချန်ကျန်းက ရှာတွေ့ပြီး ဖျက်ဆီးပစ်လိုက်တယ် ၊ ဒီတော့ သားသမီးစက်ဝန်း (၂)ခုပဲ ဟွမ်ကျိလက်ထဲ ကျန်ခဲ့တယ်”
ရန်ကျောက်ကဲက လက်ဝှေ့ယမ်းလိုက်ရာ သေးငယ်သောစက်ဝန်းလေး သူ့လက်ဖဝါးထက် ကျရောက်လာသည်။
ချန်ကျန်း ခေါင်းမော့ကြည့်လိုက်၏။
သူက ငတုံးတစ်ယောက်မဟုတ်လေရာ ရန်ကျောက်ကဲလက်ထဲမှ စက်ဝန်းကိုတွေ့လိုက်သည်နှင့် စောစောက ပြောသည့်စကားအဓိပ္ပါယ်ကိုပေါင်းစပ်ပြီး ဤ ‘ကောင်းကင်သူလျှိုစက်ဝန်း’ မှာ မိခင်စက်ဝန်းတစ်ခု ၊ သားသမီးစက်ဝန်း (၃)ခုဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ရန်ကျောက်ကဲက...
“တတိယမြောက် သားသမီးစက်ဝန်းက ယွင်ရှန်းလက်ထဲရောက်သွားတယ် ၊ ဒီတော့ ဟွမ်ကျိက ယွင်ရှန်းရသွားတာဟာ မိခင်စက်ဝန်းလို့ ထင်သွားအောင် ချန်ကျန်းကို လှည့်စားခဲ့တယ် ၊ ဒါကြောင့် ချန်ကျန်းက ယင်လျိုဟွား ၊ ဟုန်ကျားချီတို့နဲ့အတူ ပုံမှန်းရိုက်တဲ့ဇာတ်ကွက်ဆင်လိုက်တာက ယွင်ရှန်းဆီမှာရှိနေတဲ့ စက်ဝန်းကို ရှာဖွေဖို့ပဲ ၊ ဒါဆိုရင် သူ့လျှို့ဝှက်ချက်ကို ဘယ်သူမှ မသိနိုင်တော့ဘူးလေ”
“ကံမကောင်းတာက ဟွမ်ကျိက မိခင်စက်ဝန်းရဲ့ အဝေးထိန်းစွမ်းအားနဲ့ ဖန်းယွင်ရှန်းလက်ထဲက သားသမီးစက်ဝန်းကို ဖျက်ဆီးပစ်လိုက်တယ် ၊ ဒီတော့ ချန်ကျန်း ဘယ်လောက်ရှာရှာ အဲဒီပစ္စည်းကို မတွေ့နိုင်တော့ဘူး”
ရန်ကျောက်ကဲက ချန်ကျန်းကို တည်ငြိမ်စွာကြည့်ရင်း...
“ချန်ကျန်း မင်း ရင်ဘတ်စည်တီးပြီး အော်မနေနဲ့ ၊ မင်းက နေသူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းနေတာ မဟုတ်ဘူးဆိုတာ ငါ သိတယ် ၊ မင်းက ဟွမ်ကျိရဲ့ ရုပ်သေးရုပ် ဖြစ်ခဲ့တာ ၊ ကဆိုရင် က လိုက် ၊ သီးချင်းဆိုဆိုရင် ဆိုလိုက်နဲ့... သူ ကြိုးဆွဲရာပေါ့”
ထိုစကားက ချန်ကျန်းကို မူးဝေသွားစေပြီး တစ်ကိုယ်လုံး အေးစက်သွားစေသည်။
တကယ်တော့ သူသည်လည်း အလွန်တရာ မာနကြီးသူဖြစ်လေရာ အမှန်တရား၏ရိုက်ချက်က သူ့အတွက် ပြင်းထန်လွန်း၏။
ချန်ကျန်းမျက်ဝန်းများထဲတွင် အဆုံးမရှိသော မြင်ကွင်းများကို မြင်ယောင်လာသည်။ သူလုပ်ခဲ့သည့်အလုပ်က သူကိုယ်တိုင်ပျက်ဆီးခြင်းသာမက မရေမတွက်နိုင်သောလူပေါင်းများစွာ၏ တံတွေးခွက်ထဲ ပက်လက်မျောရမည့် အဖြစ်ပင်။
ထိုသို့တွေးမိတော့ ချန်ကျန်းတစ်ကိုယ်လုံး တောင့်တင်းသွားသည်။
သို့သော် သူက ချက်ချင်းပင် သတိပြန်ဝင်လာပြီး အသက်ပြင်းပြင်းတစ်ချက်ရှူကာ ခေါင်းကိုမော့လျှက် အားလုံးကို ဝေ့ကြည့်လိုက်သည်။
“ဟုတ်တယ်... အဆုံးမဲ့တောင်တန်းက လီကျင်းထူကို ငါ သတ်ခဲ့တယ် ၊ ဒါပေမဲ ‘ကောင်းကင်သူလျှိုစက်ဝန်း’ အကြောင်းကိုတော့ ငါ မသိခဲ့ဘူး ၊ အဲဒီပစ္စည်းရှိတယ်ဆိုတာတောင် ငါ မရိပ်မိခဲ့ဘူး”
သူက ဆက်ပြောသည်။
“လီကျင်းထူကို သတ်ဖြတ်ခဲ့တာက ခဏတာ ရူးသွပ်တဲ့စိတ်ဝင်သွားပြီး ငါတို့ဝါဒတောင်ကို အင်အားမြှင့်တင်ချင်တဲ့ လောဘစိတ်ကြောင့် ဖြစ်သွားခဲ့တာ ၊ ဒါပေမဲ့ ဖန်းယွင်ရှန်းနဲ့ ယင်လျိုဟွားတို့ကိစ္စကို ငါ ဘာမှ မသိခဲ့ဘူး ၊ ဒီကိစ္စကို စည်းကမ်းထိန်းသိမ်းရေးခန်းမမှာ စစ်ဆေးတဲ့အခါ ငါ့မှာမကောင်းတဲ့ရည်ရွယ်ချက် လုံးဝမရှိဘူး ၊ ကောင်းကင်သူလျှိုစက်ဝန်း’ ရဲ့ တည်ရှိမှုကို မသိခဲ့လို့ ဖန်းယွင်ရှန်းဆီကလည်း ဘာပစ္စည်းမှ ရှာဖွေဖို့ မကြိုးစားခဲ့ဘူး”
ချန်ကျန်းက ရန်ကျောက်ကဲကို လက်ညှိုးထိုးရင်း...
“မင်းပြောတဲ့စကားတွေက မင်းရဲ့ ထင်မြင်ယူဆချက်တွေပဲ ၊ ဘာသက်သေမှ မရှိဘူး ၊ မင်းက အခု အရင်ကနဲ့ မတူအောင် စွမ်းအားကြီးမားတဲ့သူတစ်ယောက် ဖြစ်နေပြီ ၊ ဒါပေမဲ့ မင်းချစ်သူ ဖန်းယွင်ရှန်းအတွက် ဒေါသအားလုံး ငါ့ဆီပုံချတာမျိုးကို လက်မခံနိုင်ဘူး”
သူ့စကားမဆုံးခင်မှာပင် သူ့မျက်စိရှေ့မှ မြင်ကွင်းအားလုံး ဝေဝါးသွားသည်။
စိတ်ခံစားချက်များ ထိန်းချုပ်နိုင်စွမ်းမရှိတော့သော ချန်ကျန်းအား ရန်ကျောက်ကဲက အေးစက်စွာကြည့်ရင်း ဆန့်ထုတ်ထားသော သူ့လက်ကို လှမ်းကိုင်လိုက်သည်။ ထို့နောက် စွမ်းအားအသုံးပြုကာ ချန်ကျန်း၏ လက်ကောက်ဝတ်အရိုးများကို ဖိနှိပ်ဖျစ်ညှစ်လိုက်၏။
ပြင်းထန်သော နာကျင်မှုကြောင့် ချန်ကျန်း သတိဝင်လာချိန် ရန်ကျောက်ကဲက ရယ်မောရင်း...
“ဒီပြဿနာရဲ့ အသွားအလာကို ငါသိရင် လုံလောက်ပြီ ၊ မင်းယုံအောင် ပြောပြနေစရာ မလိုဘူး”
ပြောပြီးသည်နှင့် သူက ချန်ကျန်းလက်ကို ဆောင့်ဆွဲလိုက်ရာ လက်ချောင်းများအက်ကွဲကျိုးပျက်သွားပြီး လက်ဖျံရိုးမှတစ်ဆင့် ပခုံးအထိ အက်ကွဲကြောင်းများ ထင်ဟပ်သွားသည်။ လက်မောင်းသားများ စုတ်ပြဲလျှက် သွေးများရွှဲနစ်ထွက်ပေါ်လာပြီး အသွေးအသားများသာမက အဖြူရောင်အရိုးများအထိ အက်ကွဲကြေမွသွားသည်။
ချန်ကျန်းမှာ သူ့လက်ချောင်းများမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ဖိနှိပ်ဝင်ရောက်လာသော ကြီးမားသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြိတ်ဆုံထဲ ထည့်ကြိတ်ခံရသလို ပြင်းထန်စွာနာကျင်ခံစားရသည်။
ရန်ကျောက်ကဲက...
“မင်း လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ငါက မင်းကို သတ်ပစ်မှာပဲ”
အက်ကွဲလျှက် တစ်စစီကြွေကျနေသော ချန်ကျန်း၏လက်ကို ရန်ကျောက်ကဲ လွှတ်ပေးလိုက်သည်။ သို့သော် ခြေဖျားမှ ဦးခေါင်းထိပ်ဖျားအထိ ချန်ကျန်းခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲလျှက် သွေးများစီးကျနေလေသည်။
ချန်ကျန်းက ဒေါသတကြီး ရုန်းကန်အော်ဟစ်ရင်း...
“မင်း ငါ့ကို သတ်ပိုင်ခွင့်မရှိဘူး ၊ ငါက စည်းကမ်းထိန်းသိမ်းရေးခန်းမက ထိပ်တန်းအကြီးအကဲ မဟုတ်တော့ဘူးဆိုရင်တောင် ငါ့ကို ဂိုဏ်းချုပ်ကပဲ အပြစ်ပေးခွင့်ရှိတယ်”
“ဟုတ်တယ်.. အခု ဂိုဏ်းချုပ်က တောင်ပေါ်မှာမရှိဘူး ၊ ဒါဆိုရင် ဂိုဏ်းရဲ့အကြီးအကဲတွေက ငါ့ကို ဘယ်လိုအပြစ်ပေးမလဲဆိုတာ မဲခွဲဆုံးဖြတ်ကြရမယ် ၊ မင်းအနေနဲ့ ငါ့ကို ဖမ်းချုပ်ထားလို့ ရချင်ရမယ် ၊ ငါ့ကို သတ်လို့မရဘူး”
သူက ဒေါသတကြီးဖြင့် အာခေါင်ခြစ်ကာ အော်ဟစ်လိုက်သည်။
“မင်း ငါ့ကို သတ်ခွင့်မရှိဘူး”
သူ ရုန်းကန်ချင်သော်လည်း ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့အနောက်သို့ ရောက်လာပြီး ချုပ်ကိုင်လိုက်သဖြင့် လှုပ်ရှားမရတော့ပေ။
ရန်ကျောက်ကဲက ချန်ကျန်းကို အရေးမစိုက်ဟန်ဖြင့် ကြည့်ရင်း...
“မင်း ပြောတာမှန်ပါတယ် ၊ ဒါပေမဲ့ အခု ငါ အရမ်းဒေါသထွက်နေတယ် ၊ ကွမ်းမင်ဂိုဏ်းသားတွေနဲ့ နေသူတော်စင်ဂိုဏ်းကလူတွေကို ဒေါသထွက်တာထက် ပိုပြီးဒေါသထွက်နေတယ်”
သူက ဆက်ပြောသည်။
“ငါက တခြားကမ္ဘာကရန်သူတွေကို တစ်ယောက်ပြီးတစ်ယောက် ကြိုးစားသုတ်သင်နေချိန်မှာ မင်းက ငါ့နောက်ကျောကို ဓားနဲ့ထိုးတယ် ၊ မင်းကိုမှမသတ်ရင် ငါ ဘယ်သူ့ကို သတ်ရမလဲ”
ချန်ကျန်းကိုကြည့်ရင်း ရန်ကျောက်ကဲက ဖြည်းညင်းစွာဆိုသည်။
“မင်း သိပ်ပြီး အော်မနေနဲ့ ၊ မီးတောက်မိစ္ဆာကမ္ဘာက ကြားရတဲ့အထိ အော်နေရင်တောင် မင်းကို ကာကွယ်ပေးမယ့်သူ မရှိဘူး”
ချန်ကျန်းက အေးစက်စွာကြုံးဝါးသံတစ်ချက်ပြုလုပ်ရင်း မည်သည့်စကားမှ မဆိုနိုင်ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စွမ်းအားများ ပိုမိုတိုးမြှင့်လိုက်ရာ ချန်ကျန်း၏ ကြေမွနေသော ခြေလက်များအားလုံး ဗဟိုချက်အမြုတေရှိရာသို့ စုစည်းသွားပြီး သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။