← Chapters

အကြည့်တစ်ချက်ဖြင့်အသေသတ်

Vol. 42 Ch. 590

အကြည့်တစ်ချက်ဖြင့်အသေသတ်

Vol. 42 Ch. 590

အခန်း (၅၉၀) အကြည့်တစ်ချက်ဖြင့်အသေသတ်

ချန်ကျန်းမှာ ခြေလက်များမှအစ ခန္ဓာကိုယ်တစ်ခုလုံး အဝတ်စုတ်တစ်ခုပမာ ပုံကျလျှက် သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ယင်လျိုဟွားမှာ မြင်ကွင်းကိုကြည့်ရင်း မူးမေ့သတိလစ်မတတ်ပင်။

စောစောက သူမကိုယ်တိုင် ချန်ကျန်းကို စွပ်စွဲပြောဆိုခဲ့သော်လည်း ယခု ရန်ကျောက်ကဲစကားများကိုကြားရသည့်အခါ မည်သို့မှ မတတ်နိုင်ဘဲ သူမခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။

ချန်ကျန်းကို သတ်ဖြတ်ပြီးသည်နှင့် ရန်ကျောက်ကဲက ယင်လျိုဟွားကို လှည့်ကြည့်လာသည်။

ယင်လျိုဟွားက သွေးရူးသွေးတန်းဖြင့် ခေါင်းခါယမ်းရင်း...

“ဂိုဏ်းတူအစ်ကိုကြီး ‘ရန်’ ၊ ကျွန်မ ခဏလောက် ရူးသွပ်သွားမိလို့ ဒီလိုလုပ်မိတာပါ ၊ အခု ကျွန်မ မှားမှန်းသိပါပြီ ၊ ဆရာ့ကို ဒုက္ခရောက်စေဖို့လည်း မရည်ရွယ်ခဲ့ပါဘူး”

သူမက ဖူအန်းစုကို လှည့်ကြည့်ရင်း...

“ဆရာ... ဆရာ... ကျွန်မ မှားမှန်းသိပါပြီ ၊ ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး ၊ ကျွန်မ ဒီလိုမျိုး နောက် ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး”

ဖူအန်းစုက စိတ်ရှုတ်ထွေးသောအမူအရာဖြင့် ယင်လျိုဟွားကို ကြည့်လိုက်သည်။

“ချန်ကျန်းက အမှားလုပ်မိတာမှန်တယ် ၊ ဒါပေမဲ့ စောစောက မင်းနဲ့ပတ်သက်ပြီး သူပြောတာတွေက အမှန်တွေချည်းပဲ ၊ အခု မင်းလုပ်ခဲ့တဲ့အလုပ်က သေဒဏ်ကျခံရမယ့် အလုပ်မျိုးပဲ”

ယင်လျိုဟွား ရင်ထဲနင့်သွားပြီး...

“ဆရာ... အစပိုင်းမှာ ကျွန်မ ဆရာ့ကို ဒုက္ခပေးဖို့ တကယ် မရည်ရွယ်ခဲ့ပါဘူး ၊ အဲဒီလူကိုလည်း တမင်သက်သက် ဆရာရှိတဲ့နေရာကို ပြောပြလိုက်တာမဟုတ်သလို နေသူတော်စင်ဂိုဏ်းကဆိုတာလည်း မသိပါဘူး”

ဖူအန်းစုက သူမကို စိုက်ကြည့်ရင်း...

“အဲဒါတွေကို ငါ ယုံပါတယ် ၊ ဒါပေမဲ့ အဲဒါတွေဖြစ်ပြီးတဲ့ နောက်ပိုင်းကိစ္စတွေကို မင်း ဘယ်လိုရှင်းမလဲ”

ယင်လျိုဟွားက အထစ်ထစ်အငေါ့ငေါ့ဖြင့်...

“ဆရာ... ကျွန်မ ခြိမ်းခြောက်ခံရတာပါ ၊ ပြီးတော့ ဆရာကလည်း သေလားရှင်လားမသိဘဲ ပျောက်သွားတော့ ကျွန်မ အရမ်းကြောက်သွားခဲ့တယ်”

ဖူအန်းစုက ယင်လျိုဟွားကို အလွန်အမင်း စိတ်ပျက်သောမျက်ဝန်းများဖြင့်ကြည့်ရင်း...

“အဲဒီတုန်းက မင်း အရမ်းထိတ်လန့်ပြီး စိတ်ရှုတ်ထွေးနေမယ်ဆိုတာ ငါ နားလည်တယ် ၊ ဒါပေမဲ့ တောင်ပေါ်ပြန်ရောက်တဲ့အထိ မင်းစိတ်တွေက ကြည်လင်မလာသေးဘူးလား ၊ အမှန်ကို မစဉ်းစားနိုင်သေးဘူးလား”

သူမက ဆက်ပြောသည်။

“ငါ မင်းကို နားမလည်ဘူးလို့ ဂိုဏ်းတူအစ်ကို’ချန်’ က ပြောတယ် ၊ အဲဒါ မှားတယ်ဆိုပေမယ့် မှန်တယ်လို့လည်း ပြောလို့ရတယ် ၊ ငါ မင်းအကြောင်းကို အများကြီးနားလည်ထားခဲ့တယ် ၊ ဒါပေမဲ့ ငါ တကယ် နားမလည်တဲ့အရာတွေ ရှိနေသေးတယ်ဆိုတာ ဒီနေ့သိခဲ့ရတယ်”

ဖူအန်းစုက ဖြည်းညင်းစွာ ခေါင်းခါယမ်းရင်း...

“မင်း ဘာလို့ ဒီလိုလုပ်ရသလဲ ငါ နားမလည်ဘူး”

ယင်လျိုဟွားမျက်နှာက မှောင်မှိုင်းနေပြီး သူမမျက်ဝန်းများတွင် တုန်လှုပ်ချောက်ချားမှုများ ပြည့်နက်လျှက် အာရုံစူးစိုက်နိုင်စွမ်း မရှိတော့ပေ။

သူမက ရူးသွပ်သူတစ်ယောက်ပမာ ရယ်မောလျှက် ဖူအန်းစုကို လက်ညှိုးထိုးကာ ကျယ်လောင်သည့်အသံဖြင့်...

“ကျွန်မ ဘာလို့ဒီလိုလုပ်ရသလဲ ဟုတ်လား... ကျွန်မ ဘာလို့ ဒီလိုလုပ်ရသလဲလို့ ရှင်က သိချင်နေတာလား... ဟား ဟား ဟား ... ရှင် တကယ် နားမလည်ဘူးလား”

သူမက ဆက်ပြောသည်။

“နေ့တိုင်းညတိုင်း ထူးကဲယင်သရဖူ ၊ ထူးကဲယင်ပြိုင်ပွဲဆိုတာတွေကိုပဲ ကျွန်မကို အမြဲပြောနေကြတယ် ၊ ကျွန်မ တောင်ပေါ်ရောက်လာကတည်းက ရှင်တို့အားလုံး ကျွန်မဘဝကို အဲဒီအလုပ်အတွက် ထိန်းချုပ်ထားကြတယ် ၊ ပြီးတော့ ...”

ယင်လျိုဟွားက ဖန်းယွင်ရှန်းကို လက်ညိုးငေါက်ငေါက်ထိုးရင်း...

“ရှင်တို့က ကျွန်မကို ဒီမိန်းမနဲ့ နှိုင်းယှဉ်ကြတယ် ၊ ကျွန်မက ဘာလို့ ဒီမိန်းမနဲ့ တူရမှာလဲ”

ဖူအန်းစုက ယင်လျိုဟွားကို စူးစိုက်ကြည့်ရင်း...

“တကယ်လို့ မင်းမလုပ်ချင်ဘူး လက်လျှော့ချင်တယ်ဆိုလည်း ငါ့ကိုပြောပေါ့ ၊ ငါ စိတ်မကောင်းဖြစ်ပေမယ့် မင်းကို အတင်းအကျပ်စေခိုင်းမှာမှ မဟုတ်တာ”

ယင်လျိုဟွားက...

“ရှင်က ကျွန်မကို အမြဲတမ်း မကျေမနပ်ဖြစ်နေတာလေ ၊ ကျွန်မသာ လက်လျှော့လိုက်ရင် ကျွန်မကို ပိုတောင်နှိမ်ဦးမယ် ၊ ဒါဆိုရင် ကျွန်မ ဂိုဏ်းထဲမှာ ဘယ်လိုနေထိုင်စားသောက်ရတော့မှာလဲ ၊ ကျွန်မ ရရှိနေတဲ့ အထောက်အပံ့တွေ ဘယ်လိုလုပ်ရတော့မှာလဲ”

ရန်ကျောက်ကဲက ယင်လျိုဟွားကို မျက်ခုံးတစ်ချက်ပင့်ကာကြည့်ရင်း...

“အိုး.. မင်းကို ငါတော့ နားလည်သလိုရှိလာပြီ”

ရန်ကျောက်ကဲအသံကြားသည်နှင့် ယင်လျိုဟွား၏ခန္ဓာကိုယ် ချက်ချင်း တုန်တုန်ယင်ယင် ဖြစ်သွားသည်။

လူငယ်က သိမ်မွေ့စွာဖြင့်...

“မင်းက ပျင်းရိတာနဲ့ စိတ်ထားမမှန်တာတင်မဟုတ်ဘူး... တစ်စက်မှ မကြိုးစားဘဲ ဂိုဏ်းကပေးတဲ့ အထောက်အပံ့တွေကို ရယူချင်နေတာ မဟုတ်လား”

“ရေသောက်ချင်ပေမယ့် ရေတော့မထမ်းချင်ဘူးဆိုတဲ့သဘောပေါ့”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို လှည့်ကြည့်ပြီး...

“ဒါက သာမန် မနာလိုတာမဟုတ်ဘူး ၊ ပြိုင်ဆိုင်တဲ့စိတ်ဓာတ်လည်းမဟုတ်ဘူး ၊ ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်ပဲ”

သူက ယင်လျိုဟွားကို ပြန်လှည့်ကြည့်ရင်း...

“ဘာလဲ... ကောင်းကင်မိုးကြိုးခန်းမက နျန်လေ့နဲ့ အဆုံးမဲ့တောင်တန်းက လင်ဟွေ့ကိုကြည့်ပြီး အားကျတာလား ၊ ယွင်ရှန်း မရှိရင် မင်းက ဂိုဏ်းရဲ့ တစ်ယောက်တည်းသောထူးကဲယင်မိန်းမပျို ဖြစ်လာမယ် ၊ မင်း ဘယ်လောက်ပဲ သောက်သုံးမကျပါစေ ၊ ဘယ်လောက် သောက်ပျင်းထူပါစေ ၊ မင်းတစ်ယောက်တည်းရှိနေတဲ့အတွက် ထူးကဲယင်သရဖူကိုရဖို့ ဂိုဏ်းက မင်းကို သည်းခံနေရမှာပဲ ၊ မင်းက ဘာမှ မကြိုးစားဘဲ စိတ်ချမ်းချမ်းသာသာနဲ့ အေးအေးဆေးဆေး စားသောက်နေထိုင်ရုံပဲ”

ယင်လျိုဟွားက ရန်ကျောက်ကဲကို ကြောက်ရွံ့ထိတ်လန့်သည့်တိုင် ရွံလျှာသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူမ စိတ်ပျက်အားငယ်နေသည့်တိုင် အကြည့်များက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကြား ရွေ့လျားသွား၏။

သူမက...

“ရှင်က ဒီမိန်းမကို အရင်တည်းက သဘောကျနေတာမဟုတ်လား ၊ ဒါကြောင့် သူ့ကို အရမ်းအရေးစိုက်နေတာပေါ့ ၊ ကောင်းတဲ့အရာတွေဆိုရင် သူ့ကိုချည်းပေးခဲ့တာ...”

“ကျွန်မက ဒီမိန်းမလောက် မတော်ဘူး ၊ ဒါပေမဲ့ ရှင်က အမြဲတမ်း သူ့ဘက်က မျက်နှာလိုက်နေတော့ ကျွန်မတို့ကြားက ကွာခြားချက်က ပိုကြီးမားလာတယ် ၊ ဒါက ကျွန်မကို ရည်ရွယ်ချက်ရှိရှိ အသုံးချတာပဲ ၊ ကျွန်မ ညံ့ဖျင်းလေလေ သူ့အတွက် ပိုကောင်းလေပေါ့ ၊ မဟုတ်ဘူးလား”

ဖန်းယွင်ရှန်းက မျက်မှောင်ကြုတ်ရင်း...

“နေပါဦး... သူက ငါ့ကို ဘယ်နေရာမှာ ဘက်လိုက်တာလဲ ၊ ဂိုဏ်းမှာ ချီလင်ကျောက်တုံးမရှိတော့လို့ ချီလင်စမ်းချောင်းရေနှစ်ခြင်းမရတော့တာကလွဲရင် ငါရသမျှအရာအားလုံး နင်လည်းရတာပဲလေ ၊ ဘာလဲ ချီလင်စမ်းချောင်းရေနှစ်ခြင်းတစ်ခုလောက်နဲ့ နင်က သောက်လုပ်တွေရှုတ်နေတာလား”

ယင်လျိုဟွားက အော်ဟစ်လိုက်သည်။

“ပေါက်ကရတွေ လာမပြောနဲ့ ၊ ရိုးတွင်းခြင်ဆီအေးစိမ်းအပ် နည်းလမ်းက ဘယ်လူသားမှ ခံနိုင်ရည်မရှိတဲ့ နည်းလမ်းပဲ ၊ အဲဒါက ဟိုးရှေးခေတ်ကတည်းက မဟာညှင်းပမ်းနှိပ်စက်မှုကြီး (၇)ရပ်မှာ ပါဝင်တာ မဟုတ်လား”

သူမက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“ရှင်သာ ဒီမိန်းမကို အထူးအခွင့်အရေးတစ်ခုခု ပေးမထားရင် ဒီမိန်းမ ဘယ်လိုလုပ် အဲဒါကို ခံနိုင်ရည် ရှိမှာလဲ”

ထိုစကားကြားတော့ ဖန်းယွင်ရှန်းက ဒေါသထွက်စွာဖြင့် ရယ်မောလိုက်သည်။

သူမ ရယ်မောသည်ကိုမြင်တော့ ယင်လျိုဟွားက ပိုလို့ပင် မုန်းတီးသွားသည်။

“နင်က ရယ်နိုင်သေးတယ်နော် ၊ နင့်ကြောင့်ပဲ အသွေးအမွှားကိစ္စတွေက အခုလို အကြီးအကျယ် ဖြစ်လာတာ... အရာအားလုံးက နင့်ကြောင့်ပဲ ၊ ပြီးတော့ ဒီ ‘ရန်’ မျိုးနွယ် နင့်ကို တိတ်တိတ်လေးပေးခဲ့တဲ့ အကျိုးအမြတ်တွေ ဘယ်လောက်ရှိဦးမလဲ မသိနိုင်ဘူး ၊ နင် ငါ့ရှေ့မှာလာပြီး သူတော်ကောင်းယောင် ဆောင်မနေနဲ့”

ယင်လျိုဟွား သူမခံစားချက်များကို ဖုံးကွယ်မထားတော့ဘဲ ဖန်းယွင်ရှန်းကို မုန်းတီးစွာကြည့်ရင်း စိတ်လွတ်ကိုယ်လွတ်ပင် ပြောဆိုတော့သည်။

“ခွေးမ... နင် ငါ့ကို ဂရုစိုက်သလိုဟန်ဆောင်တိုင်း ငါ ဘယ်လောက် အန်ချင်သလဲ သိလား ၊ ငါလေ နင့်ကို ရွံလွန်းလို့...”

ဖန်းယွင်ရှန်းက ယင်လျိုဟွားကို ပထမဆုံးအကြိမ် တွေ့ဖူးသလိုမျိုး စိုက်ကြည့်နေသည်။

သူမ ယင်လျိုဟွားကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှ ခေါင်းကိုဖြည်းညင်းစွာခါယမ်းလိုက်သည်။ ထို့နောက် သူမ မျက်ဝန်းများ စူးရှတောက်ပလာပြီး ခြိမ်းခြောက်နိုင်စွမ်းရှိသော အငွေ့အသက်များ ထွက်ပေါ်လာ၏။

သူမအကြည့်ကြောင့် ယင်လျိုဟွားသည်ပင် ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ရသည်။

ဖန်းယွင်ရှန်းက သူမကို ဤသို့သောမျက်လုံးမျိုးဖြင့် တစ်ခါမှ မကြည့်ခဲ့ဖူးပေ။

ဖန်းယွင်ရှန်းက ဂိုဏ်းတူမောင်နှမများရှေ့တွင် ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော အရိပ်အယောင် တစ်ခါမှ ထုတ်ဖော်ပြသခြင်း မရှိပေ။ သူမက လက်ရှိဘဝကို အလွန်မြတ်နိုးတန်ဖိုးထားပြီး ဝါဒတောင်မှလူတိုင်းကို အစဉ်သဖြင့် ကောင်းမွန်စွာ ဆက်ဆံသူ ဖြစ်၏။

ဖန်းယွင်ရှန်းက သဘောကောင်းလွန်းသဖြင့် သူမ မည်မျှ စိတ်ဓာတ်ကြံ့ခိုင်ပြီး မာနကြီးသည်ကို ယင်လျိုဟွား မေ့လျော့သွားခဲ့သည်။

အမှန်တော့ ဖန်းယွင်ရှန်း၏ ထိုသို့သောပုံစံကို သူမ အရင်က တွေ့မြင်ဖူးသည်ပင်။

ထူးကဲယင်ပြိုင်ပွဲတွင် ပြိုင်ဘက်များနှင့် တိုက်ခိုက်လေတိုင်း သူမ၏ လွှမ်းမိုးနိုင်စွမ်း ၊ ထက်မြက်မှု ၊ မာနကြီးမှုနှင့် တန်ခိုးစွမ်းအားတို့က လူတိုင်းထက်သာလွန်ခဲ့သည်သာ။

ဖန်းယွင်ရှန်းက ပြတ်သားသည့်လေသံဖြင့်...

“ကျောက်ကဲ... ၊ ဆရာ ၊ ပြီးတော့ ဝါဒတောင်ဆိုတာမရှိဘဲ... ငါ ဒီနေ့ ဒီနေရာမှာ ရပ်တည်နေနိုင်မှာမဟုတ်ဘူးလို့ အမြဲတမ်း ယုံကြည်ခဲ့တယ် ၊ ဒါပေမဲ့ ငါရသမျှ ရင်းမြစ်အားလုံးက ဘာမှ ကွယ်ဝှက်ထားတာမရှိဘဲ အားလုံးက ပွင့်ပွင့်လင်းလင်းပဲ”

သူမက ယင်လျိုဟွားကို ကြည့်လိုက်သည်။

“နင်ထင်တာက... နင်မလုပ်နိုင်တဲ့အလုပ်တွေကို ငါ လုပ်နိုင်တယ် ၊ ဒါကြောင့် ငါက လှည့်စားခဲ့တယ်ပေါ့ ၊ ဒါဖြင့် ငါ ပြောပြမယ် ၊ ဒီကမ္ဘာမှာ ငါလုပ်နိုင်တဲ့အရာတိုင်းကို နင် မလုပ်နိုင်ခဲ့ဘူး ၊ ဘာလို့လဲဆိုတော့ ငါကငါ နင်ကနင် မို့လို့ပဲ”

“ငါနဲ့ ခိုင်းနှိုင်းခံရတာကို နင် သဘောမကျဘူး မဟုတ်လား ၊ အေး... ငါကလည်း နင်နဲ့ အနှိုင်းယှဉ်မခံနိုင်ပါဘူး ၊ ဘာလို့လဲဆိုတော့ နင်က ငါနဲ့မယှဉ်နိုင်လို့ပဲ”

ဖန်းယွင်ရှန်း၏ လေသံက ပျော့ပြောင်းသော်လည်း အလွန်တည်ငြိမ်သည်။ ယင်လျိုဟွားမှာ ဘာပြောရမှန်းမသိ ဆွံ့အသွားသည်။

လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော ဖန်းယွင်ရှန်းကိုကြည့်ရင်း သူမကိုယ်သူမ ပိုပြီး သေငယ်သွားသလို ခံစားရပြီး ထိုခံစားချက်က သူမရင်ထဲ အရှက်တရားနှင့် ဒေါသကို ပေါက်ကွဲထွက်စေသည်။

ယင်လျိုဟွားသည် သူမ‌ရှေ့မှ အကြီးအကဲများကိုပင် အရေးမစိုက်တော့ဘဲ ဖန်းယွင်ရှန်းထံသို့ ဒေါသတကြီးဖြင့် အော်ဟစ်ပြေးလွှားသွားသည်။

ရန်ကျောက်ကဲ ဖူအန်းစုကို လှမ်းကြည့်လိုက်သည်။

ဖူအန်းစုသည် အမြဲတမ်း ဖျတ်ဖျတ်လတ်လတ်ရှိပြီး စိတ်ဓာတ်ကျခဲသူ ဖြစ်သည်။ သို့သော် ယခုတော့ စိတ်ပျက်လက်ပျက်ဖြင့် အသံပင် မထွက်နိုင်တော့ပေ။

ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချရင်း ရူးသွပ်သူတစ်ယောက်ပမာ အော်ဟစ်ပြေးလွှားနေသော ယင်လျိုဟွားကို လှမ်းကြည့်လိုက်သည်။

သူက တခြားမည်သည့်အလုပ်မှမလုပ်ဘဲ မျက်လုံးဖြင့် ကြည့်နေရုံသာ။

သို့သော် ယင်လျိုဟွား၏ လှုပ်ရှားမှုများ တဖြည်းဖြည်း နှေးကွေးလာပြီး နောက်ဆုံး ရပ်တန့်သွားသည်။

သူမ အသားအရေများက ပုစွန်တစ်ကောင်ကို ပြုတ်ထားသည့်အလား နီမြန်းလာသည်။ အဘယ်ကြောင့်ဆိုသော် သူမခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောကြီးငယ်များအားလုံး ပေါက်ကွဲပျက်ဆီးကုန်သောကြောင့်ပင်။

ယင်လျိုဟွား စကားပြောချင်သည့်တိုင် စကားမပြောနိုင်တော့ပေ။

သူမခန္ဓာကိုယ်ထက် ထိခိုက်ဒဏ်ရာတစ်ချက်မှမရှိဘဲ မွေးညင်းပေါက်တိုင်းမှ သွေးစက်များ စိမ့်ထွက်လာ၏။ သူမ စကားပြောရန် ပါးစပ်ကို ဟလိုက်သည့်အခါ သွေးများအန်ထွက်လာသည်။

ရန်ကျောက်ကဲ သူမထံမှ အကြည့်ကို ရုတ်သိမ်းလိုက်ချိန်တွင် ယင်လျိုဟွား အသက်ပျောက်သွားပြီ ဖြစ်လေသည်။

All Chapters