အပိုင်း (၃၁၄) – တည်ဆောက်ခြင်းသခင်များ၏ တိုက်ခိုက်မှုစွမ်းရည်များ
Vol. 004 Ch. 314
ရှီမာယူယူနှင့် တခြားသူများ ပြိုင်ပွဲမြေပြင်သို့ရောက်ပြီး မကြာမီတွင် ပညာရှိစံအိမ်တော်မှ လူများ၊ အဂ္ဂိရတ်ပညာရှင်အသင်း၊ လက်နက်ပညာရှင်အသင်း၊ သားရဲထိန်းကျောင်းသူသခင်များ အသင်းနှင့် တည်ဆောက်မှုသခင်အသင်းတို့ မြေပြင်သို့ ဝင်ရောက်လာကြသည်။
ပညာရှိစံအိမ်တော်မှ တစ်ယောက်၊ တခြား အသင်းများမှ ၂ယောက်စီနှင့် အားလုံးပေါင်း ကိုးယောက် ဖြစ်သည်။ ပညာရှိစံအိမ်တော်၏ အိမ်တော်သခင်နှင့် မြင့်မြတ်သောသမီးတော်သည် ဝူလင်းယူနှင့် အတူလိုက်ပါကာ နောက်တွင် အသင်းများ၏ သက်ကြီးပုဂ္ဂိုလ်များလိုက်ပါကာ ကြည့်ရှုသူများသည် သူတို့ကို လမ်းရှင်း ပေးထားကြသည်။ ပွဲစီစဉ်သူထဲမှ တစ်ယောက်သည် အရှေ့သို့လာကာ ကြေညာလေသည် “အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ဒီနေ့ရဲ့ ပွဲကြေညာသူပါ ဒီနေ့က ဒီပြိုင်ပွဲတွေရဲ့ ပထမဆုံးနေ့လည်းဖြစ်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ အဆင့်တွေ စဉ်ပြီးတဲ့ နှစ်၂၀အတွင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်၊ ပြီးတော့ ပညာရှိ စံအိမ်တော်က သခင်ကြီးက ဒီပွဲကို လာကြည့်ပေးတဲ့အတွက် အလွန်ပင် ဝမ်းမြောက်မိပါတယ်၊ ဒီတစ်ခါ ကျွန်တော်တို့ ဖိတ်ကြားမှာတော့…..”
ရှီမာယူယူ အချိန်ဆွဲနေသော ပွဲကြေညာသူကို ကြည့်လိုက်ပြီး အဓိပ္ပာယ်မရှိသည့် စကားလုံးများ သူ့ ပါးစပ်မှထွက်လာခြင်းကို အားလုံး၏ အချိန်ကို အချိန်ဖြုန်းပြီးစောင့်စေသည့် အရည်အချင်းကို ချီးကျူးမိသည်။
အချိန်အတော်ကြာသောအခါ ပွဲကြေညာသူ ကြေညာလိုက်သည် “ကျွန်တော်တို့ ဒီနေ့ ပြိုင်ပွဲကို တရားဝင် စတင်ပါပြီ၊ မတူညီတဲ့ စင် ၃စင်မှာ သုံးပွဲ တပြိုင်နက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ မစခင်ကို ပွဲစည်းကမ်းတွေ ကို အရင်ပြောပါမယ်၊ မျိုးနွယ်တွေကနေ မိသားစု ၅စုရှိပါမယ်၊ အကြီးပိုင်းက ပြိုင်ပွဲဝင် ၄ယောက်၊ အလယ် အလတ်အရွယ်က ၈ယောက်နဲ့ အငယ်ဆုံးက ၁၆ယောက် ယှဉ်ပြိုင်ပါမယ်၊ သူတို့က သက်ဆိုင်ရာ ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမှာပါ၊ အနိုင်ရတဲ့သူတက်သွားတာနဲ့ ရှုံးတဲ့သူက ပြိုင်ပွဲ ဒုတိယအသုတ်ကို ပြိုင်ရမှာပါ၊ ကောင်းပါပြီ ဒီတစ်ခါတော့ အကြီးပိုင်မျိုးဆက်တွေက စပါမယ်၊ မျိုးနွယ်တစ်ခုစီက ကိုယ်စားပြု ၂ယောက်စီကို စင်ပေါ်ကို လွှတ်ပေးပါ”
မျိုးနွယ် ၅ခု၊ အယောက် ၂၀၊ အဆင့်အမြင့် စွမ်းရည် အခု ၂၀၊ နာမည်ပြား အခု ၂၀၊ မိသားစုတစ်ခုစီတွင် မတူညီသောအရောင်များ၊ ထို့နောက် မိသားစုမှလွှတ်လိုက်သောသူကို သူတို့ ရွေးချယ်ခွင့်မရှိပေ။ ရှီမာမျိုးနွယ်များ စင်ပေါ်တွင် မတ်တတ်ရပ်လိုက်ချိန်တွင် ရှီမာမျိုးနွယ်တွင် စံတင်ဝိညာဉ်အဆင့်၈၊ စံတင်ဝိညာဉ် အဆင့် ၇ နှစ်ယောက်နှင့် နောက်တစ်ယောက်မှာ ရှီမာလင်းတို့ဖြစ်ကြသည်။ ထိုနှစ်များတွင် သူ့အဆင့်သည် ရှီမာယူယူ၏ အကူအညီဖြင့် အဆင့်များတက်လာရာ စံတင်ဝိညာဉ် အဆင့် ၄ရောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် တခြား မိသားစုမှ ကိုယ်စားလှယ်များသည်လည်း အဆင့် ၈နှင့် ၉များဖြစ်ကြကာ သူတို့သည်လည်း ပြိုင်ဖက်များ ထဲတွင် အားသာကြသည်။
“အဘိုးလင်း တက်သွားလို့အဆင်ပြေပါ့မလား” ရှီမာယူယူ စိုးရိမ်စွာ မေးလိုက်သည်။
“စိတ်အေးအေးထား ငါ့အဘိုးကအရင်ကပြောဖူးတယ်၊ သူအဆင့်က သိပ်မမြင့်ပေမယ့် သူ့တိုက်ခိုက်မှု စွမ်းရည်က လိုအပ်ချက်မရှိဘူး၊ စောင့်သာကြည့်လိုက်” ရှီမာယူယန် သူမအား အာမခံကာ သူမ ညာဘက်တွင် ထိုင်လိုက်သည်။ သူတို့သည် တည်ဆောက်မှုသခင်များဖြစ်ကြသည်၊ သို့သော် တည်ဆောက်မှုသခင် နှစ်ယောက် တိုက်ခိုက်သည်ကို ရှီမာယူယူ မမြင်ဖူးပေ။ ဘယ်လိုဖြစ်လာမလဲကို သူမ သိချင်မိသည်။ သို့သော် စဉ်းစားကြည့်လျှင် မြေခွေးအိုကြီးသည် ရှီမာမိသားစု အကျိုးယုတ်မည့် ကိစ္စကို အဖြစ်ခံမည်မဟုတ်ပေ။ ထို့အပြင် ရှီမာလင်း ထွက်လာသည်မှာ သူသည် ပြိုင်ပွဲဝင်နိုင်သည့် အခြေအနေဖြစ်နေသည်ဟု ဆိုလိုသည်။ သို့သော် ဒီတစ်ကြိမ်တွင် စံတင်ဝိညာဉ်အဆင့် အမြင့်များ များစွာရှိနေသည်၊ သူသည် တိုက်ခိုက်ရန် ရှီမာလင်းကို မလွှတ် လိုက်သင့်ပေ။ တခြားမိသားစုမှ အဖွဲ့ဝင်များသည် ရှီမာလင်း၏ အဆင့်ကို မြင်သောအခါ ရှီမာမိသားစုတွင် အရင်မျိုးဆက်များ မကျန်တော့သဖြင့် ထိုကဲ့သို့ အဆင့်နိမ့်စံတင်ဝိညာဉ်ကို လွှတ်လိုက်သည်ဟု လှောင်ပြကြလေ သည်။ သို့သော် သူတို့၏လှောင်ပြောင်မှုကို ဂရုမစိုက်ပဲ အနိုင်ရခြင်းဖြင့် သူတို့ပါးစပ်အား ပိတ်မည်ဟု ဆုံးဖြတ် ထားသည်။
ရှီမာလင်း၏ နှစ်ယောက်တွဲပြိုင်ပွဲသည် ပထမပွဲဖြစ်ကာ သူသည် တစ်ဖက်ပြိုင်ဘက်၏ ပထမဆုံး တိုက်ခိုက်မှုကိုပင် မခံနိုင်ဟု ကြည့်ရှုသူများ ခန့်မှန်းထားကြသည်။ သို့သော် သူသည် သူ့ကိုယ်ရောင်ကို အသုံးပြုပြီး လီမိသားစု၏ ကိုယ်စာလှယ် အဆင့်၈ကို တိုက်ကွက် ၈ကွက်ဖြင့် အနိုင်ရလေသည်။ အောင်နိုင်သူ ကိုကြေညာလိုက်ချိန်တွင် ကွင်းတစ်ခုလုံးသည် ပွက်လောရိုက်ကာ သူ ရှီမာမိသားစုနေရာသို့ ပြန်ချိန်ပင်လျှင် လူများ ဝိုင်းလာသဖြင့် လမ်းရှင်းရန် ခက်လေသည်။
သူဘယ်လိုလုပ် အဲလောက် လွယ်လွယ်နိုင်သွားတာလဲ။ သူ့ပြိုင်ဘက်မှာ သူ့ထက် အဆင့် ၄ဆင့်တောင် မြင့်နေတာကို။ ရှီမာယူယူသည်လည်း အလွန်အံ့သြသွားကာ တည်ဆောက်မှုသခင်များ ကြားမှ တိုက်ခိုက်မှုမှာ ထင်ထားသည်ထက် ပိုသန်မာသည်ကို တွေ့လိုက်ရသည်။
“သူ ပြန်လာချိန်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး ပြိုင်ပွဲမြေမှာ နေရာကို ထိန်းချုပ်ဖို့ နည်းလမ်းရှာထား တယ်ထင်တယ်” သူမ မေးစေ့ကိုင်ကာ ပြောလိုက်သည် “အဲဒါကြောင့် တည်ဆောက်မှုသခင်တွေက အားကောင်းတယ်လို့ ဆရာကပြောတာကိုး။ သူက ပြိုင်ပွဲအတွင်းကို တည်ဆောက်မှုသုံးဖို့ကို ငြင်းပေမယ့် လေထုကို ထိန်းချုပ်လိုက်တာပဲ”
အကြီးပိုင်းမျိုးဆက်များ၏ တိုက်ပွဲများသည် လျင်မြန်စွာ ပြီးဆုံးလေ့မရှိပေ။ တခြားသော ပြိုင်ပွဲများသည် ရှီမာလင်း၏ ပွဲကဲ့သို့ အချိန်တိုခြင်းမရှိပေ။ ပွဲဆယ်ပွဲရှိကာ တစ်ကြိမ်တွင် သုံးပွဲတစ်ပြိုင်နက်ပြိုင်ကြသော်လည်း ပွဲပြီးဆုံးရန် တစ်နေကုန်ကြာလေသည်။
ရှီမာယူယူသည် သခင်များတိုက်ပွဲကို သေချာစွာကြည့်သည်။ ကံကောင်းစွာနှင့် ကွင်းပြင်ကာကွယ်ရေး မှာ သန်မာသဖြင့် ကြည့်ရှုသူများသည် ပြိုင်ပွဲများ၏ အဝေးမှ လုံခြုံစွာဖြင့် ကြည့်ရလေသည်။ မဟုတ်လျှင် ပြိုင်ပွဲဝင်များသည် တိုက်ပွဲမှလွင့်စင်လာသော အစအနများကို ရှောင်ရှားရင်း ပြေးနေရမည်။ နှစ်ယောက်ပြိုင်ပွဲကိုလည်း ဝင်ပြိုင်ရတော့မည် မဟုတ်ပေ။
ရှီမာယူယူသည် တိုက်ပွဲတစ်ခုချင်းစီမှ သင်ယူကာ ပြိုင်ပွဲကြည့်ရာမှ သူမ ကိုယ်ပိုင်အရည်အချင်းများ တိုးတက်လာရန် အချိန်ကို အသုံးချလေသည်။
ပြိုင်ပွဲပထမနေ့ ပြီးဆုံးချိန်တွင် မိသားစုတိုင်းသည် အိမ်ပြန် နားကြလေသည်။ ရှီမာယူယူနှင့် လူငယ် မျိုးဆက်မှ တခြားသူများ ထွက်ခွာချိန်တွင် အဝင်ဝတွင် လီမူနှင့် တခြားသူများ နှင့်အတူ ကျောက်စိမ်းကိုပါ တွေ့ရလေသည်။ ရှီမာယူယူ သူတို့အားတွေ့သည်နှင့် သူတို့ဆီသို့ လျှောက်သွားပြီး အရှိန်လျော့ကာ ရင်ဆိုင်လိုက်သည်။
“ယူယူ” ကျောက်စိမ်းသည် အရင်နှုတ်ဆက်လေသည်။
“မိန်းကလေး ကျောက်စိမ်း” ရှီမာယူယူခေါင်းညိတ်ပြီး လီမူကို ကြည့်လိုက်သည်။
လီမူသည် သူမ တမင်လုပ်သည်ကို သိသည်။ သူသည် သူတို့ ထွက်ခွာမည်ကို မြင်သည်နှင့် သူတို့နှင့် တွေ့ရန် လာသည်ကိုလည်း သိသည်။ သူတို့နားမှ လူများသည် သူတို့တွေ့ဆုံသည်ကို မြင်သည်နှင့် အားလုံးရပ်ကာ မပြီးဆုံးသေးသော ဇာတ်လမ်းကို ရပ်ကြည့်ကြလေသည်။
လီမူ၏ မျက်နှာမှာ မပျော်မရွှင်ဖြစ်သော်လည်း ရှီမာယူယူကို အရိုအသေပေးပြီး နှုတ်ဆက်ရပြန်သည် “ဆရာ”
“ထပါ” ရှီမာယူယူသည် နှစ်သက်စွာဖြင့် ခြောက်သွေ့စွာပြောလေသည်။
“ယူယူ ယူယန် ဒါက ကျွန်မ စီနီယာအစ်ကို ဟန်မိုပါ၊ စီနီယာအစ်ကို ဒါ ညီမ အရင်ကပြောဖူးတဲ့ သူတွေပါ၊ ရှီမာယူယူ၊ ယူယန်၊ ယူလင်း…” ကျောက်စိမ်းသည် ရှီမာမိသားစုအား ဟန်မိုနှင့် မိတ်ဆက်ပေး လေသည်။
ဟန်မိုသည် ဆွဲဆောင်မှုရှိသော်လည်း သူပြုံးလိုက်သည့်အခါတွင် အေးစက်သောကြောင် နတ်ဆိုး တစ်ကောင်ကဲ့သို့ ထင်၇သည်။ ဟန်မိုသည် ခေါင်းညိတ်ပြပြီး ရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “ခင်ဗျား လီမူနဲ့ ပြိုင်တဲ့အကြောင်းကို ကျွန်တော်ကြားပါတယ်၊ ပြီးတော့ ခင်ဗျားက သန်မာတယ်လို့လည်း ကြားတယ်”
“ကျွန်တော်က သူ့ထက်နည်းနည်းလေးပဲ သာသွားတာပါ မဟုတ်ရင် ဘယ်လိုလုပ် သူ့ကို နိုင်မလဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဆန္ဒရှိရင် ဒါပြီးတာနဲ့ အသင်းတွေ တွေ့ဆုံပွဲ့ကို ခင်ဗျားလာခဲ့ပါလား” ဟန်မိုသည် ရွှေပြား ဖိတ်စာကို ထုတ်ပေးရင်း ပြောလေသည်။
ရှီမာယူယူသည် စိတ်မပါစွာနှင့် ဖိတ်စာကိုယူကာ ပြုံးပြီး ပြောလိုက်သည် “အဲအချိန်ကို လာချင်တဲ့ စိတ်ဖြစ်ရင် လာခဲ့ပါမယ်”
“ကျွန်တော်တို့ အဲတွေ့ဆုံပွဲမှာ တွေ့ရမယ်လို့ မျှော်လင့်ပါတယ်၊ အသင်းမှာ လုပ်စရာလေးတွေရှိလို့ အရင်သွားနှင့်ပါမယ်” ဟန်မိုသည် သူမအား ခေါင်းညိတ်ပြပြီး အသင်းဝင်များနှင့်အတူ ထွက်သွားလေသည်။
“ညီလေး ၅ မင်း တွေ့ဆုံပွဲကို သွားမှာလား” ရှီမာယူလီ မေးလိုက်သည်။
“ကျွန်တော် စိတ်မဝင်စားဘူး” ရှီမာယူယူသည် ဖိတ်စာကို မကြည့်ပဲနှင့် မှော်ဝင်လက်စွပ်အတွင်း ထည့်လိုက်သည်။
“အဲတွေ့ဆုံပွဲရဲ့ ပြိုင်ပွဲမှာနိုင်ရင် ဆုက အရမ်းတန်ဖိုးကြီးတယ်လို့ ကြားတယ်” ရှီမာယူယန် ပြောလိုက်သည်။
“တခြားအလုပ်အတွက်ရော ဆုရှိလား၊ သားရဲထိန်းကျောင်းသူသခင်တို့ လက်နက်ပညာရှင်တို့ အတွက်ရော” ရှီမာယူယူ မေးလိုက်သည်။
“ရှိတယ်” ရှီမာယူယန် ပြန်ဖြေလိုက်သည်။
“ဖက်တီးကျူနဲ့ တခြားသူတွေ သွားချင်လား မေးလိုက်ဦးမယ်၊ ကျွန်တော်ကတော့ သွားဖို့ စိတ်မဝင်စားဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟန်မိုက မင်းကို စိတ်ဝင်စားနေတယ်နဲ့တူတယ်၊ သူက ခေါင်းမာတယ်လို့ကြားတယ်၊ မင်းကို အဲမှာတွေ့ချင်တာက မင်းကို ဝင်ပြိုင်အောင် လုပ်ဖို့ သေချာပေါက် လမ်းရှာလိမ့်မယ်” ရှီမာယူလီ ပြောလိုက်သည်။
“အဲလိုဆိုရင်တော့ သူ့မှာအဲလောက် အရည်အချင်းရှိလား ကြည့်ရတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “သွားရအောင်”
နောက်နှစ်ရက်မှာ သတ်လတ်ပိုင်းအရွယ်မျိုးဆက်များ ပြိုင်ပွဲဖြစ်ကာ ရှီမာယူယူသည် ပြိုင်ပွဲသွား မကြည့်တော့ပဲ ခြံဝန်းတွင်ပင် လေ့ကျင့်ရန် နေကာ အငယ်ပိုင်း မျိုးဆက်သစ်များပြိုင်ပွဲကို ဝင်ပြိုင်နိုင်ရန် စောင့်နေလိုက်သည်။ ပြီးခဲ့သည့် နှစ်ခေါက်နှင့်ယှဉ်လျှင် ရှီမာမိသားစု၏ အခြေအနေမှာ မကောင်းပေ။ သူတို့သည် ဆင်းရဲသည့်အပြင် မိသားစု ၅စုတွင် အဆင့်အနိမ့်ဆုံးဖြစ်လေသည်။ သူတို့သည် နောက်ဆုံး အငယ်ပိုင်း မျိုးဆက် ပြိုင်ပွဲတွင် မနိုင်ပါက ရှက်စရာပင်ဖြစ်လိမ့်မည်။