အပိုင်း (၃၂၃) – မင်းခင်ပွန်းကို သတ်မလို့လား
Vol. 004 Ch. 323
နို့နှစ်ရောင်ဆေးများသည် တွေ့ရခဲသည်။ ဝူလင်းယူ သေချာကြည့်လိုက်ရာ ဆေးပေါ်တွင် ထူးခြားသော ဒီဇိုင်းများရှိနေသည်ကို သတိပြုမိလိုက်သည်။
“ဒီဇိုင်းနဲ့ဆေးလား” သူသည် ရှီမာယူယူအား အံ့သြစွာမေးလိုက်သည်။ အဆင့် ၅ဆေးတွင် ဒီဇိုင်းပေါ်အောင် လုပ်နိုင်မည်ဟု သူ ထင်မထားပေ။ ပုံမှန်ဆိုလျှင် အဆင့် ၇ သို့မဟုတ် အဆင့် ၆ ဆေးမှာပင် ဒီဇိုင်းများ ပါတတ်သည်။ ထိုဆေးများတွင်ပါသော အမှတ်အသားများသည် တခြားသော ဆေးများထက် ပို အကျိုးသက်ရောက်သည်ဟု ကိုယ်စားပြုသည်။ သို့သော် အဆင့် ၅ဆေးတွင် ထိုအမှတ်အသားအား မြင်ဖူးသည် မှာ သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်သော်လည်း အဘိုးနတ်ဆိုးမှ သူ့အတွက် ဆေးဖော်ပေးလျှင်တောင် ထိုအမှတ်အသားများကို ထည့်လုပ်လေ့မရှိပေ။
ရှီမာယူယူသည် သူအံ့သြသွားသည်ကို အမှတ်မထားကာ ပြောလိုက်သည် “မိုရှားသင်ပေးတာ”
“သူက မင်းကို အဂ္ဂိရတ်ပညာလည်း သင်ပေးတယ်ပေါ့” ဝူလင်းယူ ပြောလိုက်သည်။
“အင်း” ရှီမာယူယူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “အစတုန်းကတော့ ကျွန်တော် အဆင့်မြင့်ဆေးတွေ ကို ဖော်နိုင်ထိ စောင့်ပြီး သူ့အတွက် အဲဆေးတွေ လုပ်ပေးမလို့ပဲ…. ဒါပေမဲ့ ဝိညာဉ်က အားနည်းသွားတော့ အဲဆေးတွေကို သူ့အတွက် သုံးလို့မရတော့ဘူး…အဲဆေးတွေက ခင်ဗျားနဲ့ အလုပ်ဖြစ်လားကြည့်ရမယ် အလုပ်မဖြစ်ရင်တော့ တခြားဆေးတိုက်ကြည့်မယ်”
“ကောင်းပြီ”
ဝူလင်းယူ ဆေးစားလိုက်သော်လည်း ထိုဆေးနှင့် ကျွမ်းဝင်ခြင်းမရှိသောကြောင့် ထိုဆေး၏ အကျိုး သက်ရောက်ပုံကို မပြောနိုင်ပေ။ သူ အရိုးသားဆုံးပြောရလျှင် အဆင့် ၅ဆေးသည် သူ့အတွက် အကျိုး သက်ရောက်သည်မှာ နည်းပါးသဖြင့် ထိုဆေးကို မျှော်လင့်ချက် သိပ်မထားပေ။ အံ့သြစွာပင် သူ ဆေးသောက်ပြီး သည်နှင့် ခန္ဓာကိုယ်မှာ ပေါ့ပါးပြီး သူ့ဝိညာဉ်မှာ ပျံတက်တော့မလိုပင်။
“အကျိုးသက်ရောက်မှု ရှိတယ်မလား” ထိုဆေးသည် သူ့အတွက် အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမသည် လူတစ်ယောက်၏ ဝိညာဉ်စွမ်းအင် ပြန်ကောင်းလာစေ ရန် တွေ့ကရာ ဆေးဖော်နည်းကို သုံးပြီး လုပ်ထားသော ရိုးရှင်းသော ဆေးဖြစ်သည်။ သူမ အဂ္ဂိရတ်ပညာမှာ အံ့သြလောက်စရာ ဆိုသော်လည်း ဝူလင်းယူကဲ့သို့ လူမျိုးသည် အဆင့်မြင့်သော ဆေးများကို စားနေကျ ဖြစ်သောကြောင့် ထိုကဲ့သို့ ဆေးမှာ သူ့အတွက် အကျိုးသက်ရောက်လိမ့်မည်ဟု ထင်မထားပေ။
အချိန်တစ်ခုကြာပြီးသောအခါ ဝူလင်းယူ မျက်လုံးပြန်မှိတ်လိုက်သည်။
“ကောင်းပြီ ခင်ဗျားတစ်ညလုံး ဒီမှာနေထားတော့ မြန်မြန်ပြန်ပါတော့” ရှီမာယူယူ ပြောလိုက်သည်။
ဝူလင်းယူသည် သူနိုးလာပြီးနောက် ပထမဆုံးကြားလိုက်သည်မှာ ထိုစကားဖြစ်မည်ဟု ထင်မထား သဖြင့် သူမအား ဒေါသဖြင့် ကြည့်ကာ ပြောလိုက်သည် “ငါတို့် ပူလွောင်တောင်တန်းမှာတုန်းက အိပ်ရာရော ခေါင်းအုံးပါ အတူတူသုံးတုန်းက မင်းဘာမှမပြောဘူး၊ အခု ငါတို့က ညီအစ်ကို ဆက်ဆံရေး ဖြစ်နေပြီ ကို မင်းက ငါ့ကိုနှင်ထုတ်တယ်ပေါ့”
သူသာ အရင်က အကြောင်းတွေ မပြောလျှင် အဆင်ပြေသည်၊ သို့သော် အခု သူပြောလာတော့ ရှီမာယူယူ ပေါက်ကွဲကာ သူ့လည်ပင်းအား ဆုပ်ကိုင်ပြီး ဒေါသထွက်လေသည် “အရင်က အကြောင်းတွေကို ပြန်ပြောရဲတယ် ဟုတ်လား၊ ကျွန်တော်က မိန်းကလေးဆိုတာလည်း သိတယ်၊ အခုတော့ မသိချင်ယောင်ဆောင် နေတယ်၊ ကျွန်တော်နဲ့ အကြာကြီးနေတာကို အခွင့်ကောင်းယူတာလား၊ ဒီနေ့တော့ ခင်ဗျားကို ကျွန်တော် သတ်မယ်”
“အဟွတ် အဟွတ်…မင်း မင်းရဲ့ခင်ပွန်းကို သတ်ချင်လို့လား” ဝူလင်းယူသည် နောက်ပြောင်စွာ ချောင်း ဟန့်ပြီး အော်လေသည်။
“ဘာခင်ပွန်းလဲ” ရှီမာယူယူသည် လှောင်ကာ လက်တွင် အားပိုထည့်လိုက်သည်။
“ဂျူနီယာညီလေး ဒေါသမထွက်ပါနဲ့ အများဆုံးဆိုရင် မင်းကို ငါနဲ့ အိပ်ဖို့ခွင့်ပြုပေးခဲ့တာပဲ” ဝူလင်းယူ ပြောလိုက်သည်။
“မင်းနဲ့အိပ်ရမယ် ဟုတ်လား” ပြတင်းပေါက်မှ အော်သံသည် ရှီမာယူယူအား လန့်သွားစေသည်။
သူမ လှည့်ကြည့်ရာ ပြတင်းပေါက်တွင် ရှိနေသည့်သူအား တွေ့လိုက်သောအခါ သူမ မှင်တက်သွား သည်။
သူမ ခန္ဓာကိုယ်သည် ယူလင်းယူအား ဖက်ထားသလိုဖြစ်ကာ သူမ လက်များသည် သူ့လည်ပင်းအား ညစ်ထားသည်။
“အစ်ကို ၃…”
ရှီမာယူရန်သည် ပြတင်းပေါက်မှ ခုန်ဝင်လာကာ ရှီမာယူယူအား ဆွဲလိုက်သည် “ဘာတွေဖြစ်နေတာလဲ သူက မင်းကို အနိုင်ကျင့်တာလား၊ အစ်ကို ၃ကိုပြော သူက မင်းရဲ့ စီနီယာအစ်ကို ဖြစ်ရင်တောင် သူ့ကို သင်ခန်းစာေးပလိုက်မယ်”
“အစ်ကို ၃ ဘာမှမဟုတ်ပါဘူး တကယ်ပါ” ရှီမာယူယူသည် ဒေါသထွက်နေသော ရှီမာယူရန်အား ကြည့်ကာ အခြေအနေအား ဖြေရှင်းရန် ကြိုးစားလေသည်။
“ဘာမှမဟုတ်ဘူး ဟုတ်လား၊ သူက မင်းနဲ့အိပ်ပြီးပြီကို မင်းက ဘာမှမဟုတ်ဘူးလို့ ပြောနေတာလား” ရှီမာယူရန် အော်လေသည် “ငါ့ကိုပြော သူက မင်းကို အကြပ်ကိုင်တာလား”
ရှီမာယူယူသည် ရှီမာယူရန်ဖြစ်နေသည်ကို ကြည့်ကာ လျင်မြန်စွာ သူ့ကို ကိုင်ပြီးပြောလိုက်သည် “အဲဒါ အစ်ကို တွေးနေသလို မဟုတ်ဘူး”
“ဒါဆို ဘာလဲ” ရှီမာယူရန်သည် ရှီမာယူယူအား ကြည့်လိုက်ရာ သူမသည် ုတုန်လှုပ်စွာ သူမလည်ပင်းကို ပွတ်လေသည်။
“ကျောင်းမှာတုန်းက ကျွန်တော်တို့ သားရဲဥရွေးတုန်းကလေ၊ ကျွန်တော် ပူလွောင်တောင်တန်းကို အပို့ခံရတယ်လေ၊ ကျွန်တော် သူ့ကို တောင်မှာကယ်ခဲ့တယ်၊ အဲတုန်းက သူအရမ်းဒဏ်ရာရထားတာ၊ ပြီးတော့ သူ့ကို အချိန်တစ်ခုတော့ ဂရုစိုက်ပြီး ဒဏ်ရာပြန်ကောင်းအောင် လုပ်ပေးခဲ့တယ်” ရှီမာယူယူ ပြောလေသည် “အစတုန်းကတော့ ကျွန်တော်လည်း တောင်မှာ လေ့ကျင့်ချင်လို့ သဘောတူခဲ့တယ်၊ ဒါပေမဲ့ အိပ်ရာက တစ်ခုထဲ ရှိတော့ အတူအိပ်ရတာပဲ၊ အဲတုန်းက အဘိုးပြန်ကောင်းအောင် ဆေးကို သူပေးလိုက်တာပဲ”
“အဲလိုလား” ရှီမာယူရန်သည် ရှီမာယူယူအား ကြည့်ပြီး မျက်စိမှိတ်ပြကာ သူမအား မျက်လုံးဖြင့် မျက်ရိပ်မျက်ကဲပြကာ မေးလေသည် “မင်းက မိန်းကလေးဆိုတာကို သူမသိဘူးလား”
“သူ မသိဘူး” ရှီမာယူယူသည် မျက်စိပြန်မှိတ်ပြလိုက်သည်။
အကယ်၍သာ ဝူလင်းယူသည် ရှီမာယူယူအား မိန်းကလေးဖြစ်သည်ကို သိပြီး သူမအား နမ်းခဲ့သည်ကိုပါ ရှီမာယူရန် သိပါက ဝူလင်းယူ ထိုအခြေအနေအား အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“ငါသိပြီ အဲဒါဆိုလည်း ပြီးတာပဲ” ရှီမာယူရန်၏ ဒေါသပြေလျော့သွားကာ ဝူလင်းယူဘက်လှည့်ပြီး ပြောလေသည် “မြင့်မြတ်သော သားတော်၊ ခင်ဗျားက အားကောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ပြီးတော့ ခင်ဗျားက ဂုဏ်သရေရှိတဲ့ ခေါင်းစဉ်အောက်မှာ နေနေရတာပါ၊ ဒါပေမဲ့ ကျွန်တော့် ညီလေး ၅ကို ထိခိုက်အောင် လုပ်မယ်ဆိုရင်တော့ ကျွန်တော့် အသက်သေသွားရင်တောင် သူ့အတွက် လက်စားချေမှာပါ”
ရှီမာယူရန်နှင့် တခြားသူများသည် ရှီမာယူယူအား ထိုမျှလောက် ကာကွယ်ပေးလိမ့်မည်ဟု ဝူလင်းယူ ထင်မထားပေ။ ရှီမာယူယူက သူတို့အပေါ်တွင် ထားသော သဘောထားကို သူ သတိရမိသောအခါ သူမ မိသားစုကို အောင်နိုင်ရန် မဖြစ်နိုင်ကြောင်း၊ သူတို့သည် နောင်ကို အဟန့်အတားဖြစ်လာနိုင်သည့် အကြောင်းကို သတိထားမိလိုက်သည်။
“မစိုးရိမ်ပါနဲ့ ယူယူက ကျွန်တော့် ဂျူနီယာညီလေးပါ သူ့ကို သေချာပေါက် အနိုင်မကျင့်ပါဘူး၊ သူ့ကို အနိုင်ကျင့်တဲ့သူတွေရှိရင် ကျွန်တော် သူ့ကို ကာကွယ်ပေးမှာပါ” ဝူလင်းယူ ပြောလိုက်သည်။
ရှီမာယူယူသည် ဝူလင်းယူအား အေးစက်သောအကြည့် ဖြင့်ကြည့်လိုက်သည်။ ဒီတစ်ခါတော့ လွှတ်ပေး လိုက်မယ်…
ဝူလင်းယူ အိပ်ရာပေါ်မှ ဆင်းကာ အင်္ကျိကို ဆွဲဆန့်လိုက်ပြီး ပြောလိုက်သည် “ဂျူနီယာညီလေး ငါ လုပ်စရာရှိလို့ သွားတော့မယ် ငါမင်းနဲ့ လောကအသေးတွေဆီ ကူလိုက်ပေးချင်တယ်၊ ဒါပေမဲ့ ငါ ပြန်မလာခင် ဆရာ ပြန်လာရင် ကိုယ့်ဘာသာ သွားလိုက်ပါ”
“ဘယ်သွားမလို့လဲ” သူမ သတိထားမိလိုက်သောအခါ ဝူလင်းယူသွားမည့် နေရာသည် အန္တရာယ်များ သည်ကို သတိထားမိသည်။
“ငါ သမုဒ္ဒရာနယ်နိမိတ်ကို သွားကြည့်မလို့၊ ဒီပင်မနယ်မြေတောင်မှ ဒီလိုတွေဖြစ်နေတာ၊ ပညာရှိ စံအိမ်တော်က အဘိုးကြီးက ငါ့ကို သွားစစ်ဆေးခိုင်းနေလို့” ဝူလင်းယူ ပြောလိုက်သည်။ “ငါ မသွားချင်ပေမယ့် ငါကလည်း ပညာရှိစံအိမ်တော်က လူဖြစ်နေတော့ သူပြောတာကို နားမထောင်လို့ မရဘူး”
“သမုဒ္ဒရာနယ်နိမိတ်က ဒီနှစ်တွေကို မငြိမ်းချမ်းဘူး၊ သွားမယ်ဆိုရင် သေချာဂရုစိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
“ငါ သိပါတယ်” ဝူလင်းယူ ပြောလိုက်သည်။ သူသည် နေရာဘောင် ပြုလုက်ကာ ဖြတ်ကျော်သွားလေ သည်။
သူ ထွက်သွားမှပင် ရှီမာယူယူ ပြန်တုန့်ပြန်လေသည်။
“သူ ဒီအတိုင်းထွက်သွားတာလား” သူ မေးလိုက်သည်။
“ဟုတ်တယ် သူတို့မှာ သူတို့သွားချင်တဲ့နေရာကို သွားလို့ရတဲ့ ဖြတ်လမ်းလုပ်နိုင်တဲ့ စွမ်းအားရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ညီလေး ၅၊ အဲတုန်းက သူက တကယ်ပဲ မင်းကို မိန်းကလေးမှန်း မသိတာလား” ရှီမာယူရန် သံသယ ဖြင့် ပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “ကျွန်တော်က ထင်ယောင်ထင်မှားလက်စွပ် ဝတ်ထားတာပဲ၊ သူ ကျွန်တော့်ကို သတိမထားမိပါဘူး၊ ကျွန်တော်တို့ ကြားမှာ ဘာမှမရှိဘူး သူ့ကို ခဏလောက် ပဲ စောင့်ရှောက် ပေးခဲ့တာ၊ အဲဒါပါပဲ”
“ဒါပေမဲ့ နဂါးတန်ပြန်တောင်မှာ မင်း သူနဲ့တွေ့တုန်းက ဒေါသထွက်ခဲ့တာလေ ပြီးတော့ သူ့ကို ရိုက်တောင်ရိုက်သေးတယ်” ရှီမာယူရန်သည် သူမအား မယုံပေ။
“ဘာလို့လဲဆိုတော့ အစက သူ ကျွန်တော့်ကို ဆေးသုံးလုံး ပေးမယ်ပြောပြီး နှစ်လုံးပဲ ပေးလိုက်လို့ပါ” ရှီမာယူယူသည် ယုတ္တိမရှိစွာ လိမ်လိုက်သည် “အဘိုးက ဆေးနှစ်လုံးသောက်လိုက်တာနဲ့ အဆင်ပြေသွား လို့ တော်သေးတယ်၊ မဟုတ်လို့ တစ်ခုခုဖြစ်သွားရင် သူ့ကို လက်စားချေမိတော့မှာ”
ရှီမာယူရန်သည် ရှီမာယူယူ စိတ်ပျက်ခြင်းသည် ဟန်ဆောင်နေခြင်း မဟုတ်သည်ကို မြင်သောအခါ ခေါင်းညိတ်ပြီး ပြောလိုက်သည် “သူ မင်းကို အခွင့်ကောင်းမယူခဲ့ဘူးပေါ့”
ရှီမာယူယူ ရယ်မောကာ ပြောလိုက်သည် “ဒါက အခွင့်ကောင်းယူတယ်ဆိုရင် ကျွန်တော်ကလည်း သူများကို အခွင့်ကောင်းယူလိုက်တာပဲပေါ့”
သူမသည် အပြင်ပိုင်းတွင် ရယ်မောနေသော်လည်း စိတ်ထဲတွင်တော့ ကျိန်ဆဲမိသည်။ သူသည် သူမ စီနီယာအစ်ကို ဖြစ်ရင်တောင်မှ သူ့ကို သင်ခန်းစာပေးဖို့ အခွင့်အရေး ရှာခွင့်မပေးတာ ကောင်းမယ်။
“ဟုတ်သားပဲ အစ်ကို ၃ ကျွန်တော့်ကို ဘာလို့ လာရှာတာလဲ”