အပိုင်း (၃၂၈) – ကြက်သွေးရောင်မီးတောက် ရုပ်လုံးပေါ်လာခြင်း
Vol. 004 Ch. 328
“အမှောင်…ခံစားရတယ်” ရှီမာယူလင်းသည် ရှီမာယူယူ၏ လက်ရှိအခြေအနေကို ကြည့်ပြီး မှင်တက်စွာ ပြောလိုက်သည်။
“ဝူ…” ရှီမာယူယူသည် အမှောင်မြစ်အား အော်ပြီးနောက် အလွန်အမင်း အားနည်းလာသည်။ ပြီးနောက် တွန့်လိမ်ကာ လဲကျသွားတော့သည်။
“ယူယူ” ဟာစွန်နှင့် ရှီမာယူလင်းတို့သည် ပြေးကာ သူမအား ထူလိုက်ကြသည်။
ဟာစွန်သည် သူမလက်အား ကိုင်ထားပြီး သူမအား စစ်ဆေးလိုက်သည် “သူမ ခန္ဓာကိုယ်ရောင်ဝါက ရှုပ်ထွေးနေတယ်၊ မတူညီတဲ့ ဝိညာဉ်စွမ်းရည်တွေက တစ်ခုနဲ့တစ်ခု အတိုက်အခံဖြစ်နေတယ်၊ ပြီးတော့ သူမ အသက်ပါ အန္တရာယ်ရှိနိုင်တယ်”
ဝိညာဉ်များအားလုံးထဲတွင် အနက်ရောင်ဝိညာဉ်ရှိသည်ကို သူ ထည့်မပြောခဲ့ပေ။
“ဒါဆို ဘာလုပ်ကြမလဲ သူမကို ကယ်လို့ရပါ့မလား” ရှီမာယူလင်း စိုးရိမ်စွာ မေးလိုက်သည်။
“ငါ မကယ်နိုင်ဘူး” ဟာစွန်သည် ခေါင်းရမ်းကာ ပြောလိုက်သည် “ဒါပေမဲ့ ကယ်နိုင်တဲ့သူ ရှိတယ်”
“ဘယ်သူလဲ”
ဟာစွန်သည် ဘာမှမပြောသော်လည်း ကြက်သွေးရောင်မီးတောက်သည် ရှီမာယူယူ၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာသည်။
“ဘာဖြစ်တာလဲ” ကြက်သွေးရောင် မီးတောက်သည် ဟာစွန်အား မေးလိုက်သည်။
သူသည် ပုံမှန်အားဖြင့် အိပ်ပျော်နေသော်လည်း ရှီမာယူယူ၏ အသက်အန္တရာယ် ကြုံလာချိန်တွင်တော့ နိုးထလာသည်။ ဒီတစ်ကြိမ်တွင်လည်း အတူတူပင်။ သတ္တဝါ၏ ဟိန်းသံမှစ၍ ရှီမာယူယူ၏ ရုတ်တရက် မူမမှန် သည်ကိုပါ ဟာစွန် ဖြစ်ပျက်သမျှကို ပြောပြလေသည်။ ထို့နောက်တွင် ကြက်သွေးရောင်မီးတောက်၏ ဥသည် မီးများတောက်လာသည်ကို သူ တွေ့လိုက်ရသည်။ ထို့နောက်တွင် ချောမောလှသော ယောက်ျားတစ်ယောက် မီးတောက်မှ ထွက်ပေါ်လာသည်။
“လေးစားရပါသော” ဟာစွန်သည် ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။
“ထပါ” ကြက်သွေးရောင်မီးတောက်သည် လျှောက်လာကာ ရှီမာယူလင်း လက်ထဲမှ ရှီမာယူယူကို ယူလိုက်ပြီး သူမ လက်အား ကိုင်ကာ အခြေအနေအား စစ်ဆေးကြည့်လိုက်သည်။
ပူနွေးသော ထိတွေ့မှုသည် လူနှစ်ယောက်၏ လက်မှ တဆင့် သူမခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။ ရှုပ်ထွေးနေသော ဝိညာဉ်များသည် တည်ငြိမ်လာကာ တစ်သားတည်း ပြန်ဖြစ်သွားသည်။ အမှောင်ရောင်ဝါသည် လည်း သူ့နေရာသို့ ပြန်သွားရာ အတွင်းပိုင်းတွင် နှစ်ပိုင်းကွဲသွားသည်။
ကြက်သွေးရောင်မီးတောက်သည် အမှောင်ရောင်ဝါအား ကြည့်ပြီး စိုးရိမ်စွာ မျက်မှောင် ကြုတ်လိုက်သည်။
ရှီမာယူယူသည် သူမခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာကွဲသွားသကဲ့သို့ ခံစားရပြီး နာကျင်မှုကို မခံနိုင်ပေ။ သို့သော် အချိန်ကြာသွားသောအခါ နာကျင်မှုများ လျော့ကျလာသည်။ သူမ မျက်လုံးကို ဖြည်းညင်း စွာဖွင့်ပြီး သူမ အပေါ်မှ ချောမောသော မျက်နှာကို ကြည့်လိုက်သည်။ သူမ သူ့အား မမြင်ဖူးသော်လည်း ကြည့်လိုက်သည်နှင့် မှတ်မိသည်။
“ကြက်သွေးရောင် မီးတောက်…” သူမ ကြက်သွေးရောင် မီးတောက်၏ နာမည်အား ခေါ်လိုက်သော် လည်း သူမအသံမှာ ဖျော့နေသည်။ သို့သော် သူကြားနိုင်သေးသည်။
“နိုးလာပြီလား” ကြက်သွေးရောင်မီးတောက်၏ အသံသည် အေးစက်နေသော်လည်း သူ၏ စိုးရိမ်မှုကို ရှီမာယူယူ ခံစားမိသည်။
ရှီမာယူယူပြုံးပြီး ပြောလိုက်သည် “မင်းက ကြည့်ကောင်းတာပဲ ကြက်သွေးရောင်မီးတောက်” သူမ ပြောပြီးနောက်တွင် မေ့သွားလေသည်။
သူမ မေ့လဲသွားသည်ကို ဟာစွန်နှင့် ရှီမာယူလင်း မြင်သောအခါ ကြက်သွေးရောင်မီးတောက်ကို ကြည့်လိုက်သည် “သူမ အဆင်ပြေပါတယ်၊ သူ ဆေးသောက်လိုက်ရင် အဆင်ပြေသွားမှာ” ကြက်သွေးရောင် မီ်းတောက်ပြောလိုက်သည်။ ထို့နောက် သူ၏ မှော်ဝင်လက်စွပ်အတွင်းမှ အိပ်ရာ ထုတ်ကာ သူမအား အိပ်ရာပေါ် ထားလိုက်သည်။ “မင်းတို့ သူမကို သေချာလေး ဂရုစိုက်ပေးဦး၊ သူမ နိုးလာရင် သူမကို အဲသတ္တဝါနဲ့ တွေ့အောင် ခေါ်သွားပေး”
“အရှင် အဲဒီသတ္တဝါကြီးက အရမ်းကို အားကောင်းနေတာ၊ ကျွန်တော်တို့ သူမကို အဲဒီကို ခေါ်သွားရမှာ လား” ဟာစွန်သည် စိုးရိမ်စွာ မေးလိုက်သည်။
“သူမကို အဲဒီကိုခေါ်သွားတာ သူမအတွက်တော့ ကောင်းမှာပဲ” ကြက်သွေးရောင် မီးတောက် ပြော လိုက်သည် “သူမ လက်ရှိအခြေအနေက ဆိုးတယ်၊ ဒါပေမဲ့ အဲဒီကိုသွားမယ်ဆိုရင် ပိုကောင်းလာနိုင်တယ်” သူ ပြောပြီးနောက်တွင် ရှီမာယူယူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်သွားလေသည်။
ကြက်သွေးရောင်မီးတောက် ထွက်သွားချိန်တွင် လေးလံခြင်းများ ပျောက်သွားလေသည်။ ထိုအခါမှပင် ရှီမာယူလင်းသည် အသက်ကို ဖြောင့်ဖြောင့် ရှုနိုင်တော့သည်။
“ဟာစွန် အဲလူက…” ရှီမာယူလင်း မေးလိုက်သည်။
“သူက ယူယူရဲ့ အသက်စာချုပ်သားရဲပဲ ဒါပေမဲ့ သူ ဘာလဲဆိုတာကိုတော့ မမေးနဲ့” ဟာစွန် ပြောလိုက် သည် “ဒါက ငါနေနေရတဲ့ အကြောင်းပဲ၊ ငါတို့က သူမနဲ့ စာချုပ်ချုပ်ထားလို့သာ မဟုတ်ရင် သူနဲ့ ဒီလို စကား ပြောဖို့မလွယ်ဘူး” ဟာစွန် လေးနက်စွာ ပြောနေသည်ကို တွေ့သည်နှင့် ရှီမာယူလင်း သိချင်သွားသည်။
မမျှော်လင့်စွာပင် သူမတွင် ထိုကဲ့သို့ အင်အားကြီးသော အသက်စာချုပ်သားရဲ၊ အထွတ်အထိပ်သားရဲနှင့် သူမနှင့် စာချုပ်ချုပ်ထားသော ဝိညာဉ်သားရဲတစ်သိုက်ရှိနေသည်။ သူမ ကိုင်ပိုင်အရည်အချင်းကို ပြောရလျှင် သူမ သည် အဂ္ဂိရတ်ပညာရှင်၊ တည်ဆောက်မှုသခင် နှင့် သားရဲထိန်းကျောင်းသူသခင် ဖြစ်နေသေးသည်။
ထိုအကြောင်းအားတွေးမိသည်နှင့် သူ့နှှုတ်ခမ်းထောင့်သည် ခါးသီးစွာ ပြုံးလိုက်သည်။ သူသည် သူမ အား လိုက်မှီချင်ခဲ့သည်။ သို့သော် သူမသည် အရှေ့သို့ ဦးဆောင်နေသည်ကိုသာ သိလိုက်ရသည်။ ကြည့်ရသည် မှာ သူသည် အလွန်ကြိုးစားရဦးမည်။
ရှီမာယူယူသည် ဆေးစားပြီးနောက် အိပ်ပျော်သွားသော်လည်း သူမ စိတ်တွင် ပေါ်သော ပုံရိပ် များကြောင့် အေးချမ်းစွာ မနားရပေ။
“မမ ထတော့ ယုန်သွားဖမ်းရအောင်” ကောင်လေးတစ်ယောက်က အော်လိုက်သည်။ ရှီမာယူယူ မျက်လုံးဖွင့်လိုက်ရာ သူမရှေ့ရှိ ကောင်လေးသည် ပြုံးပြီး သူမအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဖန်လေး မင်း ယုန်သားကင် စားချင်ပြန်ပြီလား” ရှီမာယူယူ ပြုံးပြီး ထလိုက်သည်။
“ဟုတ်တယ်၊ မမ လုပ်တဲ့ ယုန်ကင်က အရသာရှိဆုံးပဲ” ရှီမန်ဖန်သည် ရှီမာယူယူ၏ လက်ကို ဆွဲကာ ပြောလိုက်သည် “မြန်မြန် မမ အမေမြင်ရင် မမကို ဒါမျိုးတွေ အတင်းခိုင်းတယ်ဆိုပြီး ပြောနေဦးမယ်”
“ဖန်လေး မင်းက ရှီမန်မိသားစုက သားအကြီးဆုံးပဲ၊ နောက်ဆိုရင် မင်းက ရှီမန်မိသားစုကို ဦးဆောင် ရမှာ အမေက ဒါမျိုးတွေသင်ခိုင်းတယ်ဆိုတာက မင်း မိသားစုဦးဆောင်တဲ့သူ ဖြစ်လာရင် မိသားစုကို ဒီထက့် မြင့်တဲ့နေရာကို ခေါ်သွားနိုင်အောင်လို့လေ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ မမက အိမ်မှာ အားအကောင်းဆုံးပဲလေ မမက မိသားစု ခေါင်းဆောင်ဖြစ်သွားရင် ဘယ်သူကမှ ကျွန်တော်တို့ မိသားစုကို အနိုင်မကျင့်ရဲဘူး” ရှီမန်ဖန် ပြောလိုက်သည်။
ရှီမာယူယူ ရယ်မောကာ ပြောလိုက်သည် “ငါ့ကို ဆင်ခြေမပေးပါနဲ့၊ သွားမယ် ယုန်သွားဖမ်းပြီးရင် စားပြီးတာနဲ့ ကျောင်းမြန်မြန်သွားတော့”
“ကောင်းပါပြီ မမက ပြောမှတော့ စကားနားမထောင်လို့မရဘူးလေ” ရှီမန်ဖန်သည် ပြုံးပြီး ပြောလိုက် သည် “ကျွန်တော် စားဖို့ မလုပ်ပေးတော့ဘူးလို့ ပြောရင်တော့ ပြဿနာရှာမှာနော်”
“အစားအသောက်မက်လိုက်တာ” ရှီမာယူယူသည် ရှီမန်ဖန်၏ နှာခေါင်းအား ဆွဲလိုက်ပြီး သူမ မျက်လုံး များတွင် အချစ်များ ပြည့်နေသည်။
ရုတ်တရက်ပင် ပုံရိပ်များပြောင်းသွားသည်။ ရှီမန်ဖန်သည် ငယ်ရွယ်ပြီး ဖြူစင်မနေတော့ပေ။ သူ့ ခန္ဓာကိုယ်မှာ သွေးများဖြင့် ဖုံးအုပ်နေသည်။ သူ မှန်သလားဆိုသည်ကို သူမ ကြည့်ရန်ပင် မသဲကွဲတော့ပေ။ သူသည် မီးတောက်များကြားတွင် ရပ်ပြီး ရှီမာယူယူကို အော်လိုက်သည်။ “မမ မြန်မြန် ပြေးတော့”
“ဖန်လေး အတူသွားမယ်” ရှီမာယူယူ သူ့လက်ကိုဆွဲပြီး လွတ်မပေးတော့ပေ။
ရှီမန်ဖန်သည် ရှီမာယူယူ၏ ဆွဲထားခြင်းကို ရုန်းကာ သူမအား ကြည့်ပြီး သူ ယုန်ကင် လုပ်ခိုင်းတုန်းက အတိုင်း ပြုံးလိုက်သည်။
“မမ မမက အမြဲတမ်းကျွန်တော့်ကို ကာကွယ်ပေးခဲ့တယ်၊ ဒါပေမဲ့ အခုတော့ ကျွန်တော်က မမကို ကာကွယ်ပေးမယ်၊ မမ အရင်သွားတော့ ဒဏ်ရာတွေသက်သာလာရင် ကျွန်တော့်ကို ရှာဖို့ ပြန်လာခဲ့၊ မမကို ကျွန်တော် စောင့်နေမယ်၊ မမ အသက်ရှင်နေရမယ်နော်”
သူ ထိုစကားပြောပြီးသည်နှင့် သူ၏ သားရဲပျံပေါ်မှ ဆင်းကာ တပ်သားများကို တိုက်ရန် ပြေးသွားရင်း သူ၏ ချစ်လှစွာသော အစ်မအား သယ်သွားသော သားရဲပျံ ဝေးဝေးသွားသည်ကို ကြည့်နေလေသည်။
“မမ မမကို ကျွန်တော်စောင့်နေမယ်၊ နောက်ဘဝကိုတော့ မမရဲ့ မောင် ထပ်ဖြစ်ချင်တယ်” ဝေးသွား သော်လည်း သူပြောလိုက်သည်မှာ တိုးညင်းကာ ရှီမာယူယူအတွက်တော့ ထိုစကားလုံးများသည် စိတ်ထဲတွင် အမြဲတမ်း စွဲထင်လောက်အောင် ကျယ်လွန်းသည်။
“ဖန်လေး” ရှီမာယူယူသည် အိပ်နေသော်လည်း သူမ မျက်လုံးများသည် မျက်ရည်များ စီးကျလာကာ ဖြူဖျော့သော သူမ မျက်နှာသည် ကိုယ့်ကိုယ်ကို အပြစ်တင်နေသလိုပင်။
“ယူယူလား ယူယူ နိုးပြီ” ရှီမာယူလင်းသည် သူမ အိပ်ရာဘေးတွင် ထိုင်ကာ ရှီမာယူယူမျက်လုံးမှ မျက်ရည်များ စီးကျလာသည်ကို မြင်သောအခါ သူ့စိတ်တွင် နာကျင်မိသည်။ သူ သူမအား အားပေးရန် ရည်ရွယ်၍ သူမလက်အား ဆုပ်ကိုင်လိုက်သည်။
“မောင်လေး မမကိုစောင့်နေ မောင်လေးကို မမလာရှာမယ်” ရှီမာယူယူသည် သတိလစ်တစ်ချက် နှင့် ပြောနေလေသည်။
“ဖန်လေးလား၊ မောင်လေးလား” ရှီမာယူလင်းသည် သူမပြောသည်ကို ပြန်ရေရွှတ်လိုက်သည်။ ထိုအဖြစ်အပျက်မှာ သူမ ငယ်စဉ်က မွေးစားမခံရစဉ်က ဖြစ်ခဲ့သည့်အရာဟု တွေးနေမိသည်။ သို့သော် သူမ ရှီမာအိမ်အား ရောက်သောအခါ သူမသည် ငယ်ရွယ်လွန်းသည်၊ ထို ငယ်ဘဝကို မှတ်မိရန်အကြောင်း မရှိပေ။
“အဲလူတွေ…သူတို့က ဘယ်သူတွေလဲ၊ ပြီးတော့ မြစ်ကို နောက်ဆုတ်အောင် အမိန့်ပေးလိုက်တဲ့သူက ဘယ်သူလဲ” သူသည် ရှီမာယူယူအား ကြည့်ကာ သူမတွင် လျှို့ဝှက်ချက်များ များစွာရှိနေသည်ဟု ခံစားမိသည်။ ပြီးလျှင် သူအရာများကို လုံးဝဖော်ထုတ်၍မရကာ သူမနှင့်လည်း ဘယ်တော့မှ မနီးစပ်နိုင်ပေ။