အမိန့်မနာခံခြင်း
Vol. 154 Ch. 2146
ရှီမာယူယူ သေလမ်းရှာနေသည်မဟုတ်ပေ။ ပြီးနောက် ဟေးဒီးစ်လည်း သူမကို မသတ်ချင်ပေ။ သို့သော် သူဒေါသထွက်နေသည်ကို အားလုံးခံစားမိကြ သည်။
“ဟေးဒီးစ် အချိန်မရှိတော့ဘူး” ရှီမာယူယူသည် သူ့ကို အသနားခံသည့် အကြည့်ဖြင့် ကြည့်လေသည်။
ဟေးဒီးစ်သည် ဒေါသဖြင့် အံကြိတ်လိုက်သည်။ အထူးသဖြင့် သူမ၏ စိတ်အားထက်သန်သည့် မျက်လုံများကိုမြင်သောအခါ သူမကို အပိုင်းပိုင်း ခုတ်ထစ်ပြီး အသစ်ပြန်ဆောက်ပေးလိုက်ချင်သည်။
“မင်းက ငါ့သည်းခံစိတ်ကို စိန်ခေါ်နေတာပဲ” ဟေးဒီးစ်သည် နှုတ်ခမ်းများ ကိုတွန့်လိုက်သည်။
“အကုန်လုံး ဖြေရှင်းပြီးသွားရင် ရှင့်အတွက် အရသာရှိတာတွေ ၁ နှစ်လုံး ချက်ကျွေးပါမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်သူဂရုစိုက်လို့လဲ” ဟေးဒီးစ်သည် ထိုသို့ပြောသော်လည်း သူ့ခန္ဓာ ကိုယ်မှ ခက်ထန်သောရောင်ဝါသည် အနည်းငယ်လျော့ကျသွားသည်။
သူသည် ပုလ္လင်၏အလယ်တွင်ထိုင်လိုက်သည်။ ကံကောင်းစွာပင် သူ၏ ပုလ္လင်သည် ရှီမာယူယူ၊ ဝူလင်းယူ၊ ချန်ရှန်း၊ ယွိခဲ့လော့နှင့် ရှီမာလျူရွှမ်တို့ ငါး ယောက် အေးအေးဆေးဆေးထိုင်နိုင်လောက်အောင် ကြီးမားသည်။
သူ့ပုလ္လင်သည် တစ်စုံတစ်ယောက်၏ ဖြတ်လမ်းဝင်္ကပါကဲ့သို့ အသုံးချခံ လိုက်ရသည်။ စဉ်းစားကြည့်လျှင် သူ အသည်းများကွဲမိသည်။
ခပ်ဖျော့ဖျော့ရောင်ခြည်တစ်ခုသည် ပုလ္လင်ပေါ်တွင်ပေါ်လာပြီး ပုလ္လင် တစ်ခုလုံးကို ဖုံးအုပ်ပြီးနောက် လေထဲမှပျောက်ကွယ်သွားလေသည်။
ဒိလျိုသည် ဗလာကျင်းသွားသော ကောင်းကင်ကြီးကိုကြည့်ပြီး ပြော လိုက်သည် “သခင် ကျွန်တော်တို့ ပြန်သွားကြမလား”
ဒိကျဲ့သည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “မပြန်ခင် ဒီက ကိစ္စတွေရှင်းသွားကြမယ်”
သူ ပြန်သွားလျှင်တောင် အချိန်ကြာဦးမည်ဖြစ်သည်။ အကယ်၍ တစ်စုံ တစ်ခုသာဖြစ်သွားပါက ပြန်သွားရန်နောက်ကျသွားလိမ့်မည်။ ထို့ကြောင့် ဤ နေရာမှ ကိစ္စများကိုဖြေရှင်းပြီးမှ ပြန်သွားမည်။ ဝူရှန့်မြို့နှင့် အနီးအနားမှတခြား မြို့များသည် စစ်ပွဲဒဏ်ခံရသည်။ ယခုအရေးကြီးဆုံးမှာ ပုံမှန်အဖြစ်ပြန်ပြုပြင် ရန်ဖြစ်သည်။
ပြီးနောက် သူ ရှီမာယူယူကို ယုံကြည်သည်။ သူမ ဤနေရာတွင်ရှိပါက မည်သည့်အရာမှဖြစ်မလာနိုင်ပေ။
သေချာပေါက် ဖြစ်မည်မဟုတ်ပေ။
ထိုအချိန်တွင် အင်ပါယာမြို့သည် ဟာလာဟင်းလင်းဖြစ်နေသည်။ ပုံမှန် လူအုပ်ကြီးဖြင့် စည်ကားပြီး ရှုပ်ထွေးလေ့ရှိသောမြို့သည် ပျောက်ကွယ်သွား လေပြီ။ ကျန်ခဲ့သည်မှာ ဗလာကျင်းနေသောမြို့နှင့် မိုးပေါ်မှ လျှပ်စီးများလက် နေသည့် ဘေးဒုက္ခတိမ်တိုက်ပင်ဖြစ်သည်။
လွန်ခဲ့သည့်ရက်ပိုင်းက အားလုံးသည် တစ်စုံတစ်ရာမှားယွင်းသည်ဟု ခံစားခဲ့ကြရသည်။ ဝိညာဉ်စွမ်းအားများသည် နန်းတော်ဘက်တွင် စုဝေးပြီး အချိန်ကြာလျှင်ကြာသလောက် သိသာလာသည်။ ပထမနှစ်ရက်အတွင်းမှာပင် ရေဝဲများစီးသကဲ့သို့ နန်းတော်အတွင်းသို့ စိမ့်ဝင်သွားသည်။
ထိုလှုပ်ရှားမှုကို မည်သူမှ မမြင်ဖူးကြပေ။
သို့သော် ယနေ့တွင် မိုးပေါ်၌ ဘေးဒုက္ခတိမ်တိုက်ပေါ်ပေါက်လာပြီဖြစ် သည်။
ပြီးခဲ့သည့်တစ်ခေါက် ရှီမာယူယူ ယွိဟောက်ကို သင်ပေးခဲ့ခြင်းကြောင့် အင်ပါယာမြို့မှလူများသည် ဘေးဒုက္ခတိမ်တိုက်ကိုနားလည်နေပြီဖြစ်သည်။ ထို့ကြောင့် ဘေးဒုက္ခတိမ်တိုက်များ စုဝေးလာသည်ကိုမြင်သောအခါ အားလုံး သည် အရူးအမူးပင် အပြင်သို့ပြေးထွက်ကြသည်။
အင်ပါယာမြို့ထဲတွင် ပျံသန်းခြင်းကို ခွင့်မပြုထားသောလည်း သည်တစ် ကြိမ်တွင် မည်သူမှဂရုမစိုက်နိုင်တော့ပေ။ အချိန်နှင့်အမျှ မိုးပေါ်တွင် မြို့မှပျံ ထွက်လာသည့်လူများဖြင့် ပြည့်နှက်သွားသည်။ ကံကောင်းစွာပင် အားလုံး၏ ဦးတည်ချက်မှာတူညီပြီး ဝင်တိုက်ခြင်းများမရှိခဲ့ပေ။
ပြီးနောက် လေဟာပြင်ကို ချိုးဖျက်နိုင်သူများသည် တိုက်ရိုက်ပင် ချိုးဖျက်ကာ ထွက်သွားကြသည်။ ဖြတ်လမ်းဝင်္ကပါသုံးနိုင်သူများလည်း သုံးကြ သည်။
ဤကြောက်မက်ဖွယ်မိုးကြိုးဘေးဒုက္ခနှင့် အင်ပါယာမြို့မှ လွတ်မြောက် နိုင်သရွေ့ မည်သည့်နည်းလမ်း၊ မည်မျှပင် ကုန်ကျစေကာမူ ကိစ္စမရှိပေ။
တစ်နာရီအတွင်းမှါပင် အင်ပါယာမြို့သည် ဗလာကျင်းသွားသည်။
ဟေးဒီးစ်သည် ဤနေရာမှ အခြေအနေကို သတိထားမိသည်။ ထို့ကြောင့် အပြင်ဘက်တွင် အားလုံးနှင့်အတူ ဆင်းသက်လိုက်သည်။
သူနှင့်အတူ ပုလ္လင်ပေါ်တွင် ထိုင်ဖူးခြင်းမှာ ရှီမာယူယူအတွက် ပထမဆုံး အကြိမ်ဖြစ်သည်။ ထို့ကြောင့် ဝူရှန့်မြို့မှ အင်ပါယာမြို့အထိ မိနစ်ပိုင်းအတွင်း သွားရသည့်အတွေ့အကြုံမှာ သူမအရင်ဘဝ၏ ဒုံးပျံစီးနေရသကဲ့သို့ မြန်ဆန် သည်ဟုပင် ခံစားရသည်။
“ရှင့်ပုလ္လင်ကမိုက်လိုက်တာ နောက်တစ်ခါလည်း တင်စီးဦးနော်.. နောက် ဆိုရင် ဘယ်သွားသွားစိတ်ပူဖို့မလိုတော့ဘူး” သူမသည် ပုလ္လင်ပေါ်တွင် ချီးမွမ်း ရင်း ဟန်ပါပါထိုင်နေသည်။ အချိန်ကောင်းမဟုတ်၍သာပင်။ မဟုတ်လျှင် သူ၏ ပုလ္လင်ကို ထပ်ပြီးချီးမွမ်းခန်းဖွင့်ချင်သေးသည်။
“မင်းအခုပုံစံနဲ့လား.. ဟွန်း မင်းကိုငါပေးရင်တောင် ထိန်းချုပ်နိုင်မှာလည်း မဟုတ်ဘူး.. ဒါက မင်းရဲ့အားနဲ့ဆက်စပ်နေတာ.. မင်းသာသုံးမယ်ဆိုရင် ဖြတ် လမ်းဝင်္ကပါလောက်တောင် ကောင်းမှာမဟုတ်ဘူး” ဟေးဒီးစ်သည် အထင် သေးစွာပြောလိုက်သည်။
“ကျွန်မက တစ်ချိန်လုံး ဒီလိုအားနည်းနေမှာမှမဟုတ်တာ” ရှီမာယူယူ ပြန်ချေပလေသည်။
“ဟင်း မင်းကိုယ်မင်းတော့ ဘယ်လိုကာကွယ်ရမလဲသိသားပဲ” ဟေးဒီးစ် သည် သူမနှင့်ဖက်ပြောရမှာကိုပင် ပျင်းလှသည်။ သူလက်ဝှေ့ယမ်းလိုက်သည် နှင့် ချန်ရှန်းမှလွဲပြီးအားလုံးအောက်ရောက်သွားသည်။
ချန်ရှန်းလည်း ထလိုက်သည်။ ကြီးမားသော ဘေးဒုက္ခတိမ်တိုက်များ လွင့်မျောနေသည်ကိုကြည့်ပြီး သူမ၏မျက်လုံးထဲတွင် စိုးရိမ်မှုများ ဖြတ်ပြေး သွားသည်။
“ကြီးလိုက်တဲ့ ဘေးဒုက္ခတိမ်တိုက်ကြီးပဲ.. အင်ပါယာမြို့တစ်မြို့လုံး ခံနိုင် ရည်မရှိမှာစိုးရတယ်..” ယွိခဲ့လော့သည် သူမ ကြီးပြင်းလာခဲ့သည့်နေရာကို ခံစားချက်ပါပါပြောသည်။
“ဟေးဒီးစ် သူတို့ကိုကြည့်ထားလိုက် ဝင်မသွားခိုင်းနဲ့” ရှီမာယူယူ ပြော လိုက်သည်။
“မင်းဝင်သွားမလို့လား”
“အဘိုးက အပြည့်အဝအဆင့်မတက်ရသေးဘူး.. ဒီမိုးကြိုးဘေးဒုက္ခက သူ့ကို အဆင့်တက်ခွင့်ပြုမှာမဟုတ်ဘူး.. ဒါပေမဲ့ သူအဆင့်တက်တာနဲ့ သူ့ကို ဖျက်ဆီးပစ်လိမ့်မယ်..”
“ဒီလောက်အားကောင်းတဲ့ မိုးကြိုးဘေးဒုက္ခကြီးနဲ့ဆို မင်းဝင်သွားရင် တောင် မင်းကိုကူညီနိုင်မှာမဟုတ်ဘူး.. မင်းရဲ့အဘိုးကို ဘေးဒုက္ခနှစ်ခုကို ခံနိုင် ရည်ရှိအောင် ကူညီပေးမယ်ဆို သူကျော်ဖြတ်နိုင်မှာလား.. မင်း သတ်ခံရရင် တောင် မိုးကြိုးဘေးဒုက္ခက ဘယ်လိုမှနေမှာမဟုတ်ဘူး”
“ဒါဆို ရှင် ကျွန်မကိုကူညီမှာလား”
“ဟင့်အင်း ငါ ဒီကိစ္စတွေမှာဝင်မပါဘူး” ဟေးဒီးစ်သည် ငြင်းဆန်လေ သည်။
“အင်း အံ့ဩစရာတော့မရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီကနေ လွတ်နိုင်မလားလို တိမ်တိုက်ဝိညာဉ်နဲ့ ဆွေးနွေးကြည့်ဦးမယ်”
“ကိုယ်လည်းသွားမယ်.. အခု ကိုယ်က မင်းနဲ့ဆက်စပ်နေပြီ ပြီးတော့ မိုးကြိုးသွားကိုလည်း သုံးနိုင်တယ်.. မင်းမယုံရင် အရိပ်မည်းကို မေးလိုက်” ဝူလင်းယူ ပြောလိုက်သည်။
သူတို့မတွေ့ခင် သူသည် အရိပ်မည်းကို မိုးကြိုးသွားနှင့် ပစ်ခဲ့သည်။
“မရဘူး” ရှီမာယူယူ ငြင်းဆန်လေသည် “ကျွန်မကို မိုးကြိုးနည်းနည်း ပစ် ပေးနိုင်ရင်တောင် ရှင်ခံနိုင်မှာမဟုတ်ဘူး.. ဝင်သွားလိုက်ရင် ရှင့်ကို ထိခိုက်စေ တာပဲရှိမယ်.. ကျွန်မခန္ဓာကိုယ်မှာ အဘိုးရဲ့ဝိညာဉ်ပုံတူရှိတယ်.. ပြီးတော့ သူနဲ့ တစ်သားတည်းလိုဖြစ်နေတာ.. ကျွန်မဝင်မသွားရင်တောင် မိုးကြိုးဘေးဒုက္ခက ကျွန်မကိုပစ်မှာပဲ”
အမှန်တော့ သူမခန္ဓာကိုယ်ထဲမှ တစ္ဆေဘုရင်၏ဝိညာဉ်ပုံတူကို ပစ်လျှင် သူမပါ လိုက်ခံစားရမည်ဖြစ်သည်။
သူမ ပြောပြီးသည်နှင့် ဘေးဒုက္ခတိမ်တိုက်သည် သူမ၏ခေါင်းအပေါ်တွင် တဖြည်းဖြည်းစုစည်းလာသည်။ သူမ မော့ကြည့်ပြီး ပြောလိုက်သည် “အချိန် မရှိတော့ဘူး ဟေးဒီးစ် သူတို့ကိုစောင့်ကြည့်ဖို့ မှတ်ထားဦး”
ထို့သို့ပြောပြီးနောက် သူမသည် နန်းတော်ဆီသို့ ပျံသွားလေသည်။
“ယူယူ” ဝူလင်းယူသည် သူမနောက်သို့လိုက်ချင်သော်လည်း လှုပ်မရ တော့သည်ကိုတွေ့လိုက်ရသည်။
“ကျုပ်ကိုလွှတ်” ဝူလင်းယူသည် ဟေးဒီးစ်ကို အော်လိုက်သည်။
“သူမ သေမှာကို ငါလည်းမကြိုက်ဘူး ဒါပေမဲ့ မင်းတို့သွားလို့မရဘူးလို့ သူမ ပြောခဲ့တာဆိုတော့ ဒီမှာပဲနေရမယ်” ဟေးဒီးစ်သည် ပုလ္လင်ပေါ်တွင်ထိုင် နေကာ ကျန်လေးယောက်သည် လေပေါ်တွင် မလှုပ်မယှက်ရပ်နေကြသည်။
ဟေးဒီးစ်သည် ပုလ္လင်ပေါ်တွင်ထိုင်ကာ လက်မနှင့် ညာဘက်လက်ကို ကစားနေသည်။ သူ၏ခံစားချက်မှာ မြင်ရသလို တည်ငြိမ်သည်တော့မဟုတ် ပေ။
သို့သော် ရှီမာယူယူ ထွက်သွားသည်နှင့် သူတို့ခေါင်းပေါ်မှ ဘေးဒုက္ခတိမ် တိုက်သည် ပျောက်ကွယ်သွားလေသည်။
ရှီမာယူယူသည် နန်းတော်သို့သွားပြီး တစ္ဆေဘုရင် တရားကျင့်ကြံနေ သည့် နေရာသို့သွားလိုက်ရာ ဟန်ရှန်းနှင့် ဟန်ဖန်းတို့သည် အပြင်တွင်စောင့်နေ ကြသည်။ ရှီမာယူယူကို မြင်သောအခါ သူတို့နှစ်ယောက်လုံး အံ့ဩသွားကြ သည် “မင်းသမီးလေး ဘာလို့ဒီရောက်လာတာလဲ”
“မင်းတို့က ဘာလို့ ဒီမှာရှိနေသေးတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဘုရင့်ကို ဆန့်ကျင်ချင်တဲ့သူရှိရင် ကာကွယ်ပေးဖို့နေနေတာ” ဟန်ရှန်း ပြောလိုက်သည်။
“ဒီမှာ ငါရှိနေမယ် မင်းတို့ဒီကနေမြန်မြန်ထွက်သွားကြတော့” သူတို့နှစ် ယောက်သည် အနည်းငယ် တုံးအသည်ဟု ရှီမာယူယူ ခံစားရသည်။ ဤအချိန် တွင် မိုးကြိုးဘေးဒုက္ခသည် အချိန်မရွေးကျလာနိုင်သည်။ ဘယ်သူက ပြဿနာ လာရှာနေတာလဲ။
ဤအချိန်တွင် ပြဿနာရှာသည်မဟုတ်ဘဲ သေလမ်းရှာသည်သာဖြစ် သည်။
“မင်းသမီးလေး ကျွန်တော်တို့နေလိုက်မယ် မင်းသမီးလေးက အခုပဲ ထွက်သွားလိုက်ပါ” ဟန်ဖန်းပြောလိုက်သည်။
“ငါက မိုးကြိုးကို ထိန်းချုပ်နိုင်တယ်.. မင်းတို့ကရော..” ရှီမာယူယူသည် မေးလိုက်ရာ သူတို့နှစ်ယောက်လုံး ပါးစပ်ပိတ်သွားလေသည်။
“ဒါပေမဲ့…”
ရှီမာယူယူ မျက်နှာပျက်သွားပြီး အော်လိုက်သည် “ငါ့စကားကို နားထောင် ဖို့ အဘိုးက တရားမကျင့်ခင်ပြောသွားတယ်မလား.. ဘာလဲ အခု ငါမင်းတို့ကို အမိန့်ပေးလို့မရဘူးလား”
***