အဖွဲ့မှူးကျန်းက မယုံနိုင်စရာကောင်း
Vol. 50 Ch. 683
“အစ်မကြီးဆည်းလည်း ပွဲက ပြီးသွားပြီ၊ ညီမတို့တွေ အဖွဲ့မှူးကျန်းနဲ့ သွားတွေ့မလား ဒါမှမဟုတ် ပြန်မလား”
အစ်ကိုကြီးဟုန် ပြန်သွားသည့် အချိန်တွင် ဘာမှကြည့်စရာ မရှိတော့ချေ။ ရှောင်ဟုန်က ခေါင်းမော့ပြီးနောက် အစ်မကြီးဆည်းလည်းကို ကြည့်လိုက်စဉ် အစ်မကြီးဆည်းလည်းက ခပ်သောသော ရယ်မောလျက် ပြောလိုက်လေ၏။
“သူ့ကို တွေ့ဖို့ မလိုဘူး ပြန်ကြမယ်”
ပြီးနောက် အစ်မကြီးဆည်းလည်းသည် ရှောင်ဟုန်ဆီသို့ ပျံသန်းသွားပြီးနောက် ကျန်းရီကလည်း သူ့လူများနှင့်အတူ မိုးကြိုးတောင်တန်းဆီသို့ လျင်မြန်စွာ ဖြတ်ကျော်သွား၏။ မိုးကြိုးတောင်၌ ဒူးထောက်နေသောသူများကို ဂရုမစိုက်ပေ။ သူက အနောက်အရပ်သို့သာ ကြည့်လိုက်၏။
သူသည် ပါ့တောက်နှင့် အဖွဲ့မှူးလုံကို သတ်ခဲ့၏။ အစ်ကိုကြီးဟုန်ကို အသုံးချပြီး သူ့အင်အားကို တည်ဆောက်ခဲ့သည်။
အဖွဲ့မှူးဖြစ်ရန် သူ့လမ်းကြောင်းက စတင်ခါစ ဖြစ်ပြီး မြို့သို့ ပြန်ကာ ကောင်းကင်မိုးကြိုးမြို့ထဲ၌ သူ့ရာထူးကို အမှန်တကယ် တည်ငြိမ်အောင် ပြုလုပ်နိုင်ရန်အတွက် ရန်စမှုများကို ဖြတ်ကျော်ရအုံးမည်။ အသန်မာဆုံး အဖွဲ့မှူးလေးယောက်က ပေါ်မလာသေးပေ။ လုမျိုးနွယ်စုက သူ့ကို ထောက်ပံ့မပံ့ မသိရသေးချေ။
ကျန်းရီက အစ်ကိုကြီးဟုန်၏ လက်အောက်ငယ်သားများ သူ့လက်အောက်တွင် ခစားချင်တာကို မြင်သည့်အချိန်၌ မတုံ့ပြန်ခဲ့ပေ။ အဖွဲ့မှူးလုံနှင့် ပါ့တောက်က အသတ်ခံရပြီး ဖြစ်၏။ ထို့ကြောင့် သူတို့၏ လက်အောက်ငယ်သားများကို ခေါ်နိုင်ပြီဖြစ်သည်။ အစ်ကိုကြီးဟုန်က မသေသေးပေ။ သူ့လူများကို ယူသွားခဲ့လျှင် ယင်းက စည်းကျော်ရာ ရောက်မည် မဟုတ်ပါလော။ ယင်းက ကျန်သည့် အဖွဲ့မှူးများကို စိတ်မချမ်းမသာ ဖြစ်စေလိမ့်မည် ဆိုတာ သေချာမသိပေ။ ထို့ကြောင့် ရှေးဦးစွာ သတင်းအချက်အလက်တချို့ သွားရှာပြီး တုံ့ပြန်မှုကို မြင်တွေ့ရန်အတွက် မြို့ကို ပြန်ရမည်။
“မင်းတို့အားလုံး လာခဲ့”
သူ့လူများကို ဦးဆောင်ပြီး ကောင်းကင်မိုးကြိုးမြို့ဆီသို့ ပျံသန်းသွားသောအခါ မိုးကြိုးတောင်ရှိ လူများက သူတို့ကို မတွေ့နိုင်တော့ချေ။ ပြီးနောက် သူက ပါ့တောက်၏ မူလလက်အောက်ငယ်သား နှစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်လေ၏။ ထိုနှစ်ယောက်က သူတို့၏ သစ္စာခံမှုကို ပထမဆုံး ပြောင်းလဲသည့်သူ ဖြစ်ပြီး ကျန်းရီက သူတို့အပေါ် နက်ရှိုင်းသည့် အမြင်ရှိသည်။
ထိုနှစ်ယောက်က အရပ်ကွာခြားချက် ရှိသည်။ အရပ်ရှည်သည့်သူက ကျန်းရီထက်တောင် အရပ်ပိုမြင့်၏။ သူက ဝါးလုံးတိုင်လို ပိန်ညှောင်နေသည်။ အရပ်ပုသည့်သူက အဖွဲ့မှုးလုံနှင့် အရပ်အတူတူလောက်ဖြစ်ပြီး ဝတုတ်နေလေ၏။ နှစ်ယောက် ရပ်နေသည့်အချိန်တွင် အတော်လေး ရယ်စရာ ကောင်းနေပေသည်။ သူတို့နှစ်ယောက်လုံးက ကျန်းရီ သူတို့ကို လက်ညှိုးထိုးလိုက်သည့် အချိန်၌ ချက်ချင်း ပျော်ရွှင်သွား၏။ သူတို့က ခယဝပ်တွားကာ လက်နှစ်ဖက်ကို ဆုပ်လျက် နှုတ်ဆက်လိုက်သည်။
“အဖွဲ့မှူးကျန်း”
ကျန်းရီက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်တော့၏။
“မင်းတို့ နာမည်တွေက ဘာတွေလဲ”
ပုပုဝဝဖြင့်လူက ပြုံးပြီး ပြောလိုက်တော့၏။
“အဖွဲ့မှုးကျန်း ဒီလူက နျိုတုန်ပါ ကျုပ်ရဲ့ဝမ်းကွဲညီလေ နျိုဝမ်ပါ..”
“အင်း..”
ကျန်းရီ၏ မျက်လုံးက လက်သွားကာ ပြောလိုက်တော့၏။
“နောင်ကျ မင်းတို့နှစ်ယောက်က ငါ့ရဲ့ဘယ်လက်ရုံးနဲ့ ညာလက်ရုံး ဖြစ်မယ် ကျန်တဲ့သူတွေက မင်းတို့အမိန့်ကို နားထောင်ရမယ်”
“ကျေးဇူးတင်ပါတယ် အဖွဲ့မှုးကျန်း”
နှစ်ယောက်သားက အရိုအသေပေးပြီး ကျေးဇူးတင်စကား ပြောလိုက်စဉ် ကျန်သည့်သူများက သူတို့ကို မနာလိုအားကျစွာ ကြည့်နေတော့၏။ သို့သော်ငြား မည်သူကမှ တစ်ခွန်းမှ မပြောရဲချေ။ ထိုလူနှစ်ယောက်က ကျန်းရီဆီသို့ သူတို့၏ သစ္စာခံမှုကို ပထမဆုံး ပြောင်းလဲခဲ့သူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ ကျန်းရီ၏အကြည့်က ဝေ့ဝိုက်သွားပြီးနောက် အသံပို့လိုက်သည်။
“နျိုတုန် ဒီလူတွေက အရင်တုန်းက အစ်ကိုကြီးဟုန် လက်အောက်ကလူတွေ၊ သူတို့ကို ငါ့လက်အောက်မှာ ခေါ်သင့်လား မခေါ်သင့်ဘူးလား၊ ခေါ်လိုက်မယ် ဆိုရင် အခြားအဖွဲ့မှူးတွေမှာ ဘယ်လိုအမြင်ရှိမလဲ ငါ ဘောင်ကျော်တယ်လို့ သူတို့ပြောမှာလား ပြီးတော့ လုမျိုးနွယ်စုက ဝင်စွက်ဖက်မှာလား”
နျိုတုန်က ထိုအကြောင်းကို တွေးပြီးနောက် လေးနက်စွာ ပြန်ပြောလိုက်သည်။
“အဖွဲ့မှူးကျန်း လုမျိုးနွယ်စုက ဘယ်တော့မှ ဝင်မစွက်ဘူး၊ မိုးကြိုးတောင်တန်းမှာ လူတွေအားလုံးကို သတ်လိုက်တယ် ဆိုရင်တောင် လုမျိုးနွယ်စုက စိတ်ထဲ ထားမှာ မဟုတ်ဘူး၊ မြို့ထဲမှာ ဘာမှမလုပ်သရွေ့ လုမျိုးနွယ်စုက စိတ်ထဲထားမှာ မဟုတ်ဘူး၊ တခြားအဖွဲ့မှူးတွေ အတွက်ကတော့ ကျွန်တော် ရှင်းရှင်းလင်းလင်း မသိဘူး၊ ဒါပေမဲ့ ပါ့တောက်နဲ့ အဖွဲ့မှုးလုံက အဖွဲ့မှုးကို ဖြေရှင်းဖို့အတွက် အစ်မကြီးဆည်းလည်းဆီ တောင်းဆိုထားတဲ့ပုံပဲ၊ ဒါပေမဲ့ သူက သူတို့ကို လျစ်လျူရှုထားတယ်”
ကျန်းရီက မျက်ခုံးပင့်လျက် အသံပို့လိုက်တော့သည်။
“အစ်မကြီးဆည်းလည်းလား ငါ့ကို အသေးစိတ် ပြောပြ ပြီးတော့ ကျန်တဲ့အဖွဲ့မှူးတွေ အကြောင်းလည်း ပြောပြအုံး”
“ဆန္ဒအတိုင်းပါပဲ”
နျိုတုန်က လေးစားသောအသံဖြင့် အသံပို့လိုက်၏။
“မြို့ထဲက အဖွဲ့မှူး၁၀ယောက်ထဲမှာ အစ်မကြီးဆည်းလည်းက နံပါတ်တစ်ပဲ၊ သူက သူတစ်ယောက်တည်းနဲ့ မြို့ထဲက ကျန်တဲ့အဖွဲ့မှူးကိုးယောက်ကို အလွယ်တကူ ဖိနှိပ်ထားနိုင်တယ်၊ အဖွဲ့မှူးလျန်က နံပါတ်နှစ် သူက အစ်ကိုကြီးဟုန်နဲ့ ဆက်ဆံရေးတော့ အတော်ကောင်းသား အဖွဲ့မှုးလီက ဖော်ရွေတတ်တယ်၊ ဘယ်သူ့ကိုမှ ရန်စမှာ မဟုတ်ဘူး၊ နံပါတ်လေး ဖြစ်တဲ့ အစ်ကိုကြီးတုန်ကတော့ မြို့ထဲက အငြင်းပွားမှုတွေကို ဘယ်တော့မှ ဝင်ပါမှာ မဟုတ်ဘူး၊ သူ့ကို ရန်မစသရွေ့ သူက အဖွဲ့မှူးကို လျစ်လျူရှုထားလိမ့်မယ် ကျန်တဲ့အဖွဲ့မှူးတွေကတော့ အဖွဲ့မှူးကျန်း သူတို့ကို တွေ့ပြီးပါပြီ၊ အရင်တုန်းက ပါ့တောက် အဖွဲ့မှူးလုံ အစ်ကိုကြီးဟုန်နဲ့ အဲဒီလူတွေက အစ်မကြီးဆည်းလည်းဆီကနေ မျက်နှာသာပေးမှုကို သွားတောင်းဆိုကြတယ်”
နျိုတုန်က ငါးမိနစ်ကျော် အသံပို့ခဲ့ပြီး မြို့ထဲရှိ အခြေအနေကို ရှင်းပြခဲ့၏။ သူက အလွန်ပါးနပ်ကာ ကျန်းရီကို အကြံဉာဏ်မပေးရဲချေ။ သူက ကိစ္စရပ်များကို ရိုးရိုးသားသား ရှင်းပြပြီး ကျန်းရီကို သူ့ဘာသာသူ ဆုံးဖြတ်စေ၏။
ကျန်းရီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် အစ်ကိုကြီးဟုန်၏ လက်အောက်ငယ်သားများကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ငါ့နောက်က လိုက်ခဲ့၊ မြို့ထဲကို ပြန်ရောက်ပြီးရင် မင်းတို့ အိမ်ပြန်၊ အဲဒီမှာ ငါ ညွှန်ကြားတာ စောင့်နေ”
“ဟုတ်ကဲ့ အဖွဲ့မှုးကျန်း”
သူတို့၁၆ယောက်က တညီတညွှတ်တည်း အော်လိုက်ပြီး ကျန်းရီကို သူတို့အား ခေါ်သွားပေးရန်ကို မပြောရဲတော့ပေ။ သူက သူတို့ကို ပြန်ခေါ်သွားနိုင်မည်ဆိုသောကြောင့် တစ်ခုခုတော့ အဓိပ္ပာယ်ရှိသည်။ သူတို့က အစ်ကိုကြီးဟုန်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်၍ သူ့နောက်လိုက်ရန် မဖြစ်နိုင်တော့ပေ။ မဟုတ်လျှင် မည်သို့ ဖြစ်သွားမှန်း မသိလိုက်ဘဲ သေသွားနိုင်၏။ ကျန်သည့်အဖွဲ့မှူးများနောက် လိုက်ရန် အတွက်ကမူ မည်သူကမျှ အစ်ကိုကြီးဟုန်ကို ရန်စမည့် ကိစ္စရပ်မျိုး ပြုလုပ်လိုမည်နည်း။
လူ အယောက်၃၀ကျော်က ခမ်းနားထည်ဝါသည့် အပြုအမူဖြင့် မြို့ဆီသို့ ပျံသန်းလာ၏။ တစ်နာရီခန့်ကြာပြီးနောက် မြို့ဂိတ်ကို မြင်နေရပြီဖြစ်သည်။ ကျန်းရီက မြို့ဂိတ်ဝ၌ စောင့်ဆိုင်းနေသည့် လူရာချီကို မြင်သောအခါ သူ၏ မျက်လုံးက အေးစက်မှု ဖျပ်ခနဲ ပေါ်လာ၏။ နျိုတုန်က အမြန်ရှင်းပြလိုက်တော့သည်။
“အဖွဲ့မှူးကျန်း သူတို့တွေက ပါ့တောက်နဲ့ အဖွဲ့မှူးလုံရဲ့လူတွေပါ၊ သူတို့က အဖွဲ့မှုးကို ကြိုဆိုဖို့အတွက် ဒီနေရာကို ရောက်လာတာပဲ ဖြစ်ရမယ်”
“ဪ..”
ကျန်းရီက သတ်ဖြတ်ခြင်း အရှိန်အဝါကို ဖုံးကွယ်ပြီးနောက် အားလုံးကို ချန်ထားကာ ရှေ့သို့ သွားလိုက်၏။ သူတို့က မြို့ဂိတ်ဝနားတောင် မကပ်ရသေးခင် လူရာချီက ဒူးတစ်ဖက် ထောက်လိုက်ပြီးနောက် ကြိုဆိုလိုက်ကြ၏။
“အဖွဲ့မှူးကျန်း”
ကျန်းရီက သူတို့ကို တစ်ချက် ကြည့်ပြီး စိတ်ထဲ မထားတော့ပေ။ သူက လုမျိုးနွယ်စု၏ စစ်သားများဘက် ကြည့်လိုက်သည့်အချိန်တွင် သူတို့ထဲမှ အချို့က သိချင်စိတ်ရှိသည့် အမူအရာမျိုး တွေ့လိုက်ရ၏။ စစ်သည်များ၏ခေါင်းဆောင်ကလည်း သူ့ကို အေးစက်ပြီး ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ကြည့်နေ၏။
“အဖွဲ့မှူးကျန်း အဲဒါက တပ်မှူးလုရန်ပါ”
နျိုတုန်က ကျန်းရီကို သတင်းပို့ပြီးနောက် ထိုလူအကြောင်း မိတ်ဆက်လိုက်၏။ ကျန်းရီသည် ဒူးထောက်နေသည့်လူများကို လျစ်လျူရှုထားလျက် သူ့နောက်မှ လူများနှင့်အတူ ဆင်းသက်လိုက်၏။ မလှမ်းမကမ်း၌ သူက လုမျိုးနွယ်စု၏ ခေါင်းဆောင်ဆီသို့ သွားကာ နှုတ်ဆက်လိုက်၏။
“အရှင်တပ်မှူးကို နှုတ်ဆက်ပါတယ် လေးစားမိပါရဲ့”
“ခွီး ခွီး..”
လုရန်၏ ခံစားချက် ကင်းမဲ့သော မျက်နှာက အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူက ခေါင်းညိတ်ကာ ပြောလိုက်တော့၏။
“အဖွဲ့မှူးကျန်းက မယုံနိုင်စရာ ကောင်းတာပဲ၊ ပြီးကျရင် ငါ့ကို သောက်ဖို့အတွက် ဖိတ်ကြားဖို့ သတိရ”
“ဟား ဟား ဟား”
ကျန်းရီက ရယ်ရယ်မောမောဖြင့် လျှောက်လာပြီး ယဉ်ကျေးသည့် အပြုအမူဖြင့် ပြောလိုက်သည်။
“အဖွဲ့ခေါင်းဆောင်ကတော့ နောက်နေပါပြီ၊ သောက်ဖို့အတွက်ကတော့ အရှင့်မှာ အချိန်ရှိသရွေ့ နေ့တိုင်း သောက်လို့ ရပါတယ်”
“ဟုတ်ပြီ”
လုရန်က ကျန်းရီ၏ နှိမ့်ချတတ်သော သဘောထားကို အလွန်စိတ်ကျေနပ်နေ၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။
“အဖွဲ့မှူးကျန်း ကျေးဇူးပြုပြီး မြို့ကို အရင်ပြန်လိုက်ပါအုံး ငါ တာဝန်ရှိသေးတယ် မင်းနဲ့ မပြောသင့်တော့ဘူး”
ကျန်းရီက လက်နှစ်ဖက်ဆုပ်မိုးလျက် အရိုအသေပေးပြီးနောက် သူ့လူများကို အထဲသို့ ခေါ်သွားစဉ် သူ့ရင်ထဲ၌ အတော်လေး ခိုင်မာနေ၏။ လုမျိုးနွယ်စု၏ သတင်းစကားက သိသာနေသည်။ သူက ပြဿနာမရှာဘဲ လုမျိုးနွယ်စုကို လေးစားမှု ပေးသရွေ့ လုမျိုးနွယ်စုက သူ့အရေးကိစ္စကို ဝင်စွက်ဖက်မှာ မဟုတ်ပေ။
အရာရှိများက ပြဿနာရှာမည် မဟုတ်သောကြောင့် ကျန်းရီက ကျန်သည့် အဖွဲ့မှူးလေးယောက်ကို သွားရှာရုံသာ ဖြစ်သည်။ နံပါတ်လေးအဆင့် အစ်ကိုကြီးတုန်က အမြဲတမ်း သိုသိုသိပ်သိပ် နေပြီး မြို့ထဲရှိ အချင်းများမှုထဲ ဝင်ပါမှာ မဟုတ်ပေ။ ထို့ကြောင့် သူ့ကို လျစ်လျူရှုထားနိုင်၏။ ထိပ်ဆုံးအဖွဲ့မှူး သုံးယောက်ကမူ သူရာထူးတည်မြဲအောင် ပြုလုပ်မည် ဆိုလျှင် သူ့ကို အမှားမရှာသရွေ့ မြို့ထဲ၌ သူ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပေလိမ့်မည်။
“အဖွဲ့မှုးကျန်း”
“အဖွဲ့မှူးကျန်းကို နှုတ်ဆက်ပါတယ်”
ကျန်းရီမြို့ထဲသို့ ဝင်သွားသည်နှင့် သူ့ကို တလေးတစား နှုတ်ဆက်ကြသည့်လူများစွာကို တွေ့ကြုံလိုက်ရသည်။ ကျန်းရီ၏ အရေးကိစ္စကို အဖွဲ့မှူးရင်းနှင့် ကျန်သည့်သူများက မြို့ထဲသို့ သတင်းဖြန့်ပြီး ဖြစ်၏။ ကျန်းရီ၏ အဖွဲ့မှူးရာထူးကို ယူတော့မည် ဆိုလျှင် ကိစ္စမရှိပေ။ သူတို့က သူ့ကို ရန်မစရဲပေ။ ထိုလူက တစ်ရက်တည်းတွင် ကောင်းကင်ဧကရာဇ်တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့သည့် သတ်ဖြတ်ခြင်း နတ်ဘုရားဖြစ်သည်။
“နျိုတုန်နဲ့ နျိုဝမ် နေခဲ့အုံး ကျန်တဲ့သူတွေက ပြန်လို့ရပြီ”
မြို့ထဲရှိ ရင်ပြင်ကို လျှောက်သွားပြီး ကျန်းရီက လက်ကို ဝေ့ယမ်းလိုက်ရာ အားလုံးက အရိုအသေပေးလျက် ထွက်သွားကြတော့သည်။ ကျန်းရီက နျိုတုန်နှင့် နျိုဝမ်တို့ကို ခေါ်လိုက်ပြီး သူ၏ကိုယ်ပိုင်နေအိမ်သို့ ပြန်သွားလိုက်၏။
သူ၏ ခြံဝန်းလေးထဲသို့ ပြန်ရောက်သည့်အချိန်တွင် ကျန်းရီက သူ အိပ်မက်မက်နေသေးသည့်ပမာ ခံစားလိုက်ရသည်။ သူ ထွက်လာသည့်ည၌ သူက သေခြင်းတရားကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကာ ပြန်လာနိုင်ရန် အခွင့်အရေးမရှိဟု ယူဆခဲ့သည်။ ၃လတာအတွင်း၌ သူက ခမ်းနားထည်ဝါသည့် အပြုအမူဖြင့် မြို့ကို ပြန်လာနိုင်ကာ ခြံဝန်းလေးထဲ ပြန်လာရမည်ဟု မည်သူက ထင်မည်နည်း။
နျိုတုန်က ခြံဝန်း၏ အရံအတားကို အသက်သွင်းလိုက်ပြီး ခြံဝန်းနေရာကို မြန်မြန်ဆန်ဆန် ရှင်းလင်းကာ ကျန်းရီကို လက်သီးနှစ်ဖက်ဆုပ်မိုးလျက် အရိုအသေပေးကာ ပြောလိုက်တော့၏။
“အဖွဲ့မှူးကျန်း ကျေးဇူးပြုပြီး ထိုင်ပါ”
ကျန်းရီက ထိုင်လိုက်ချိန်တွင် နျိုတုန်ကက လေးလေးစားစားဖြင့် ကျန်းရီကို ဧည့်ခံရန် သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းမှ သေရည်အချို့ကို ထုတ်လိုက်သည်။ ကျန်းရီက မသောက်ဘဲ သူ့မျက်လုံးက အလင်းတန်း ဖျတ်ခနဲ ပေါ်လာ၏။ သူက ခဏတာ စဉ်းစားပြီးနောက် မေးလိုက်သည်။
“နျိုတုန် ငါ နောက်ထပ် ဘာလုပ်ဖို့ လိုလဲ”
နျိုတုန်က ကျန်းရီ ဆိုလိုတာကို နားလည်ပြီး အပြန်လမ်းတွင် ထိုအရေးကိစ္စကိုလည်း တွေးပြီးသား ဖြစ်သည်။
“အဖွဲ့မှူးကျန်း အရင်ဆုံး အစ်မကြီးဆည်းလည်းဆီကို သွားလည်ပတ်ဖို့ အကြံပေးပါရစေ၊ အစ်မကြီးဆည်းလည်းက အဖွဲ့မှူးကို တွေ့လိုစိတ် ရှိသရွေ့ ကိစ္စတွေက ပိုလွယ်ကူသွားမှာပါ၊ ပြီးရင် အဖွဲ့မှူးလန်နဲ့ အဖွဲ့မှူးလီဆီကိုလည်း သွားလည်သင့်ပါတယ်၊ သူတို့သုံးယောက်က အဖွဲ့မှူးကို အသိအမှတ်ပြုသရွေ့ အဖွဲ့မှုးရဲ့ရာထူးက တည်ငြိမ်နေမှာပဲ လုမျိုးနွယ်စုက လူတွေကိုလည်း လာဘ်ထိုးရမှာပေါ့”
“သိပြီ”
ကျန်းရီက ခေါင်းညိတ်လိုက်၏။ အဖွဲ့မှူးလုံနှင့် သူ့နောက်လိုက်များက သူ့နောက်လိုက်ရန် မည်သူမျှ မပို့ခဲ့သောကြောင့် သူတို့က သူ့ကို လေးစားမှု ပေးခဲ့ပြီးသား ဖြစ်ရာ သူက အကြီးများကိုလည်း ရိုသေသမှု သွားပြသင့်၏။ အစ်မကြီးဆည်းလည်းကို သူ မတွေ့ရသေးပေ။ သူက အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ယောက်၏ခွန်အားမျိုး ရှိသည်ဟု ဆိုသည်။
သူက ကိစ္စများကို လုပ်ရာတွင် မြန်ဆန်ပြီး ဆုံးဖြတ်ချက် ပြတ်သား၏။ ထို့ကြောင့် သူက မတ်တတ်ထရပ်ပြီး နျိုတုန်၊ နျိုဝမ်နှင့်အတူ ထွက်လျှောက်လာ၏။ သူ တံခါးအပြင်သို့ ထွက်သည်နှင့် ပင်မလမ်းမပေါ်မှ တစ်စုံတစ်ယောက် ထွက်လာ၏။ သူက လက်သီးကို ဆုပ်မိုးလျက် အော်လိုက်တော့သည်။
“အဖွဲ့မှူးကျန်း အဖွဲ့မှူးလန်က စကားပြောဖို့အတွက် ပန်းပွင့်တစ်ရာ တည်းခိုဆောင်ကို လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
***