ဒီအဖွဲ့မှုးက မင်းကို ဖြေရှင်းချက် တစ်ခုပေးမယ်
Vol. 50 Ch. 685
“ရှဲ့၊ ကျန်း၊ ဝူ၊ ထူ မျိုးနွယ်စုလား”
ထိုမျိုးနွယ်စုများထဲမှ တစ်စုသာဆိုလျှင် လူတိုင်းက ထိုမျှ ထိတ်လန့်နေမှာ မဟုတ်။ ကျန်းရီ ပြောခဲ့သည်က ရှဲ့မျိုးနွယ်စုကို သူတို့သံသယ ဝင်မိသည်။ ရှဲ့မျိုးနွယ်စုသည် အရှေ့ပိုင်းတော်ဝင်နယ်မြေမှ ဟုတ်သည်လော။ သူက ယခုတွင် မျိုးနွယ်စု လေးခုကို ထုတ်ပြောခဲ့ရာ အမှားမရှိဘဲ ဧကရာဇ်ကိုးပါးမျိုးနွယ်စုပဲ ဖြစ်ရမည်။ သို့သော် မေးစရာရှိသည်က ယင်းက ဖြစ်နိုင်၍လားဟူ၍သာ ဖြစ်သည်။ မဟာမျိုးနွယ်စု လေးစုသည် လူတစ်ယောက်ကို လိုက်ရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သည်လော။ ထိုသတင်းသာ ပျံ့သွားလျှင် တစ်လောကလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ သေချာပြီး အလိုက်ခံရသည့်သူက လောကထဲ၌ သေချာပေါက် ကျော်ကြားလာမည်။ ကျန်းရီက အသက်၂၀မပြည့်သေးရာ သူ၏ အပေါ်ယံခွန်အားက ဗာဂျရာနယ်ပယ်တွင်သာ ရှိသေးသည် မဟုတ်ပါလော။ သူ့ကို မျိုးနွယ်စုကြီးလေးစုက လိုက်ရန် ထိုက်တန်သည်လော။ သူက ကြွားလုံးထုတ်နေခြင်းမျှသာ မဟုတ်သည်လော။
လူများစွာက ကျန်းရီကို သံသယများဖြင့် ကြည့်နေစဉ် အစ်ကိုကြီးဟုန်က နှာခေါင်းရှုံ့ကာ ဝင်ပြောလိုက်၏။
“လေကျယ်နေလိုက်တာ ငါတို့ရဲ့အဖွဲ့မှုးကျန်းက တစ်ချိန်တုန်းက တစ်လောကလုံးက သိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့တဲ့ပုံပဲ ဟမ်.. အသူရာချောက်ထဲက ပုန်းကွယ်နဂါးလေ”
အဖွဲ့မှူးလီက လေးနက်သည့်အသံဖြင့် မေးလိုက်၏။
“အဖွဲ့မှူးကျန်း မင်းပြောတဲ့ မျိုးနွယ်စုက အရှေ့ပိုင်းတော်ဝင်နယ်မြေရဲ့ ရှဲ့၊ ကျန်း၊ ဝူနဲ့ ထူမျိုးနွယ်စုလား”
“ဟီး ဟီး..”
ကျန်းရီက ပြုံးလိုက်ကာ ခွက်ကို မြှောက်လိုက်သည်။
“ဟာသတစ်ခုပါပဲ ဘာကြောင့် ဒီလောက်လေးနက်နေကြတာလဲ သောက်ကြတာပေါ့”
“ကျွတ် ကျွတ်..”
လူများစွာက လှောင်ပြောင်သရော်နေကြစဉ် အစ်ကိုကြီးဟုန်ကမူ ချက်ချင်း မျက်ဆန်လည်သွား၏။ အဖွဲ့မှူးလန်နှင့် အဖွဲ့မှုးလီက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခါးသက်စွာ ရယ်မောလိုက်ကြသည်။ သူတို့နှစ်ယောက်က ကျန်းရီကို ငယ်ရွယ်လွန်းသေးပြီး လုံလောက်အောင် မသန်မာဟု သံသယဝင်နေပြီးသား ဖြစ်သည်။ သူတို့က ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ခွန်အားအကြောင်းနက်ရှိုင်းစွာ သိသည်။ မျိုးနွယ်စုလေးစု မဆိုထားနှင့် မျိုးနွယ်စုတစ်ခုကပင် လက်တစ်ချောင်း မြှောက်ရုံဖြင့် ကျန်းရီကို အပိုင်းပိုင်း ဖိချေနိုင်သည်။
အဖွဲ့မှုးလန်က နောက်ထပ် သေရည်အပြည့်သောက်ပြီးနောက် ချောင်းဟန့်လိုက်သည်က အားလုံးကို တိတ်ဆိတ်သွားစေသည်။ သူတို့၏ အာရုံစိုက်မှုက ပြောင်းသွားတော့၏။ ပြီးနောက် အဖွဲ့မှုးလန်က ပြောလိုက်တော့သည်။
“အဖွဲ့မှုးကျန်း ဒီနေ့ မင်းက ပါ့တောက်နဲ့ အဖွဲ့မှုးလုံကို သတ်ခဲ့တယ်လို့ ငါ ကြားထားတယ်၊ ပြီးတော့ ရှောင်ဟုန်နဲ့လည်း အချင်းများခဲ့တယ်ဆို၊ သူ့ရဲ့လက်အောက်ငယ်သား တစ်ဒါဇင်ကျော်ကိုတောင် ခေါ်သွားတယ်တဲ့လား ဒီလိုကိစ္စမျိုး ရှိလား”
ပွဲ၏ အဓိက အကြောင်းအရာက ဤနေရာပင် ဖြစ်သည်။
ကျန်းရီက မျက်ခုံးပင့်လျက် ရယ်မောလိုက်တော့၏။ အဖွဲ့မှုးလန်က ယနေ့ဖိတ်ကြားသည် ဆိုသောကြောင့် သူသည် အဖွဲ့မှုးဟုန်အတွက် တွက်ကပ်ပေးကာ သူ၏အာဏာကို ပြသချင်နေတာ ဖြစ်ရမည်။ မြို့ထဲတွင်မူ မောက်မာထောင်လွှားပြီး မတရားအုပ်စိုးဖို့က ကျန်းရီ၏ အလှည့်မဟုတ်ကြောင်း ထိုလူက သူ့ကို နားလည်စေချင်တာ ဖြစ်သည်။
ကျန်းရီက ခေါင်းငုံ့ထားပြီး ဘာမှမပြောခဲ့ပေ။ သူက သေရည်တစ်ငုံသောက်ပြီး သေရည်က သူ့အစာအိမ်ထဲ အပြည့်အဝ ရောက်သွားချိန်၌ သူက ခေါင်းမော့ပြီးနောက် ပြုံးလျက် ပြောလိုက်တော့သည်။
“ပါ့တောက်နဲ့ အဖွဲ့မှုးလုံက ကျုပ်ကို သတ်ချင်နေတာ ဒီတော့ သူတို့ကို ကျုပ် သတ်လိုက်တာက ပုံမှန်ပဲမလား၊ အစ်ကိုကြီးဟုန်အတွက်ကတော့ အချင်းများတယ်လို့တောင် သတ်မှတ်လို့ မရပါဘူး၊ သူက ကျုပ်ကို သင့်တော်တဲ့လူတစ်ယောက် ဖြစ်အောင် သင်ပေးချင်နေတာ၊ ဒါကြောင့် သူ့ကို သင့်တော်တဲ့လူတစ်ယောက် ဖြစ်အောင် ပြန်သင်ပေးလိုက်ရုံပဲ ကျုပ် သူနဲ့ဘာမှမဆိုင်ဘူး မျက်မြင်တွေ့တဲ့သူတွေ အများကြီး ရှိတယ်”
ကျန်းရီက စကားပြော အနည်းငယ် ရပ်ပြီးနောက် အစ်ကိုကြီးဟုန်ဘက် တစ်ချက် လှည့်ကြည့်လိုက်သည်။
“အဖွဲ့မှုးလန် ပြောတာက ကျုပ်က အစ်ကိုကြီးဟုန်ရဲ့ လက်အောက်ငယ်သားတစ်ဒါဇင်ကျော်ကို ခေါ်သွားတယ်တဲ့လား၊ ဒီလိုပြောလို့ ဘယ်ရမှာလဲ၊ အစ်ကိုကြီးဟုန်ရဲ့လူတွေက အားနည်းချက် ရှိနေတာ သူတို့က အစ်ကိုကြီးဟုန် သူတို့ကို လက်စားချေမှာကို စိုးရိမ်တာကြောင့် ကျုပ်နောက်ကို လိုက်ချင်တာပဲ၊ ဒါ ကျုပ်နဲ့ ဘာမှမသက်ဆိုင်ဘူး ဟုတ်ပြီလား၊ ဒါ့အပြင် ကျုပ်လက်အောက်မှာ သူတို့ကို ခေါ်ထားချင်ရင် တွေးစရာ ရှိသေးတာလေ”
ဘန်း…
အစ်ကိုကြီးဟုန်က ဒေါသထွက်လွန်းသောကြောင့် စားပွဲကို ရိုက်ပြီး ထရပ်ကာ အော်လိုက်တော့၏။
“ဒါက မင်းနဲ့ ဘယ်လိုလုပ် မသက်ဆိုင်မှာလဲ၊ မင်းက သူတို့ကို မခေါ်ဘူးဆိုရင် ဘာကြောင့် သူတို့ကို ပြန်ခေါ်လာရတာလဲ၊ ဘာကြောင့်များ မင်းရဲ့ညွှန်ကြားချက်ကို သူတို့ကို စောင့်ခိုင်းထားရတာလဲ၊ ဟား ဟား ကောလာဟလတွေက အပြင်မှာ ပြန့်နေပြီးပြီ အဲဒီမျိုးမစစ်တွေက မင်းလက်အောက်မှာ နေချင်တယ် မင်းရဲ့လူတွေ ဖြစ်ချင်တယ်လို့ ပြောတယ် ဒါကို ဘယ်လို ရှင်းပြမလဲ အဖွဲ့မှုးကျန်း မြို့ရဲ့အဖွဲ့မှုးဆယ်ယောက်က အောက်ခြေလှိုက်စားတာမျိုး မရှိအောင် စီမံပြီးသား၊ မင်းက စည်းမျဉ်းတွေကို ဖောက်ဖျက်နေတာပဲ”
အစ်ကိုကြီးဟုန်က ဒေါသထွက်နေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး တင်းမာလာတော့သည်။ ဆောင်ကြာမြိုင်မှ မိန်းမပျိုလေးများကလည်း ဘေးကို ကျုံ့နေကြ၏။ သူတို့က တုန်ယင်နေပြီး အသက်တောင် ကျယ်ကျယ် မရှုရဲကြချေ။ အစ်ကိုကြီးဟုန်၏ လူလေးယောက်ကလည်း ထရပ်ပြီး ကျန်းရီကို စိုက်ကြည့်နေကြကာ အဖွဲ့မှူးလန်၏ လူအချို့ကလည်း အစ်ကိုကြီးဟုန်နှင့် ဆက်ဆံရေးကောင်းမွန်သောကြောင့် သူ့ကို ပံ့ပိုးပေးရန် ထရပ်လိုက်ကြ၏။
အဖွဲ့မှူးလန်က တိတ်ဆိတ်နေသည်။ အဖွဲ့မှူးလီက ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားလျက် ကျန်းရီထံမှ ဖြေရှင်းချက်တစ်ခုကို စောင့်ဆိုင်းနေသည်။ နျိုတုန်နှင့် နျိုဝမ်က စိုးရိမ်ပူပန်လွန်းနေရာ အစ်ကိုကြီးဟုန်က စားပွဲကို ရိုက်ချပြီး ဤကဲ့သို့ မှောက်လှန်ရဲသည် ဆိုလျှင် အဖွဲ့မှုးလန်ထံမှ တိတ်တဆိတ် သဘောတူညီချက် ရထားပြီး ဖြစ်ရမည်။ ယင်းက အဖွဲ့မှူးလန် ကိုယ်စား လုပ်ပေးခြင်းသာ ဖြစ်မှန်း သိလိုက်၏။
ကျန်းရီ၏ အမူအရာက မပြောင်းလဲပေ။ အမှန်တကယ်တွင် သူက အစ်ကိုကြီးဟုန်ထံမှ ဒေါသတကြီး အော်ဟစ်သံကို မကြားသည့်ပမာ ပြုမူနေပြီး ခေါင်းငုံ့ကာ သားရဲ၏ပခုံးသားကို ကိုက်ဝါးရန် ဆုပ်ကိုင်ထားလေ၏။ အစ်ကိုကြီးဟုန်နှင့် ကျန်သည့်သူများက လေထဲတွင် လက်သီးများ ထိုးချင်နေသည့်ပမာ သူတို့သွေးများ ဆူပွက်လာပြီး ဒေါသထွက်နေတော့၏။
“တစ်ကိုယ်တော်ဝံပုလွေ..”
အစ်ကိုကြီးဟုန်က အတော်ကြာ စောင့်ဆိုင်းနေပြီး ကျန်းရီ သူ့ကို ဆက်ပြီး လျစ်လျူရှုထားတာကို မြင်လိုက်ရ၏။ သူက ရှက်ရွံ့ပြီး ဒေါသထွက်လာကာ ထပ်မံအော်ဟစ်လိုက်၏။
“ဒီနေ့ ငါ့ကို ဖြေရှင်းချက် မပေးရင်..”
သို့သော် သူပြောတာ မပြီးသေးခင် ကျန်းရီက သူ့လက်ထဲရှိ သားရဲပခုံးသားကို ပစ်ထုတ်လိုက်ပြီး စားပွဲပေါ်ရှိ သေရည်ခွက်ကို ခြေမွှလိုက်၏။ သူက ရုတ်တရက် ထရပ်ပြီး ပြောလိုက်တော့သည်။
“ဘာလို့ အော်နေတာလဲ အရုပ်ဆိုးတဲ့သရဲ မင်းရဲ့ဒဏ်ရာတွေ ပြန်ကောင်းတာနဲ့ နာကျင်မှုကို မေ့သွားတာလား၊ ဖြေရှင်းချက်တစ်ခု လိုချင်တယ်လား၊ လာ လာလေ မြို့ပြင် ထွက်ကြမယ် ဒီအဖွဲ့မှုးက မင်းကို ဖြေရှင်းချက် တစ်ခုပေးမယ်၊ ဒီအဖွဲ့မှုးက မင်းကို ပိုးမွှားတစ်ကောင်လို ဖိချေပစ်မယ်”
ထျန်း..
လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ရာ အဖွဲ့မှုးလန်နှင့် အဖွဲ့မှုးလီ၏ လူများက မိုးကြိုးတောင်ကြားရှိ အဖြစ်အပျက်အကြောင်း ကြားပြီးသား ဖြစ်ရမည်။ သို့သော် အဖွဲ့မှုးလန်၏ ရှေ့၌ ထိုမျှ မောက်မာထောင်လွှားသည့်သူကို မြင်တွေ့ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။ ကျန်းရီက စကားအချို့ ပြောပြီးနောက် တိုက်ခိုက်ရန်အတွက် ချက်ချင်းတောင်းဆိုနေသည်။ အဖွဲ့မှုးလန်က တမင်တကာ လုပ်ခဲ့တာ သိသာ၏။ ယင်းက အစ်ကိုကြီးဟုန်အတွက် လက်စားချေလိုသောကြောင့် ဖြစ်သည်။ ထိုသို့တိုင် ကျန်းရီက ဤကဲ့သို့ ပြုမူနေသေးပြီး အဖွဲ့မှုးလန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်တာ သိသာ၏။
လူများစွာက သတ်ဖြတ်ခြင်းရောင်ဝါများ ပေါ်ထွက်လာပြီး အဖွဲ့မှုးလန်ကို ကြည့်ကာ သူ၏ဆုံးဖြတ်ချက်ကို စောင့်ကြိုနေ၏။ အဖွဲ့မှုးလန်၏ အမူအရာကလည်း အံ့ဩသွားသည်။ သူက ခွက်ကို လေးလံစွာ ချလိုက်ပြီးနောက် ပြောလိုက်တော့သည်။
“မင်းတို့ ဘာအတွက် စကားများနေကြတာလဲ ကောင်းကောင်းမွန်မွန် မပြောနိုင်ဘူးလား ဒီနေရာမှာ စည်းမျဉ်းတွေ ရှိသေးတယ် မဟုတ်လား”
ထိုမေးခွန်းများက ကျန်းရီ ကြားနိုင်ရန် ပြောဆိုနေတာ သိသာနေ၏။ ဆိုလိုသည်က သူ ဒေါသထွက်နေတာပဲ ဖြစ်သည်။ ကျန်းရီက ဆက်လက်ပြီး မွှေနှောက်ချင်လျှင် အဖွဲ့မှုးလန်က သူ့ကို ပထုတ်တော့မည်။
“ဟား ဟား ဟား”
ကျန်းရီက အဖွဲ့မှုးလန်ကို ကြည့်ပြီးနှာခေါင်းရှုံ့ကာ ပြောလိုက်တော့၏။
“အဖွဲ့မှုးလန် အဖွဲ့မှုးလီတို့လည်း တွေ့တာပါပဲ အရင်စ စကားများတာက ဘယ်သူလဲ ကောင်းကောင်းမွန်မွန် မပြောတာက ဘယ်သူလဲ အစ်ကိုကြီးဟုန်ရဲ့ သဘောထားက ကျုပ်ကို ထမင်းတစ်နပ် ကောင်းကောင်း စားခွင့်မပေးမှာ သိသာနေတယ် မဟုတ်လား ဒီလိုဆိုမှတော့ ဒီတစ်နပ်ကို စားနေဖို့ မလိုတော့ဘူးလေ”
ခေါင်းမာခြင်း၊ မောက်မာထောင်လွှားခြင်း၊ အလျော့မပေးခြင်း ယင်းက ကျန်းရီ လူတိုင်းကို ပေးသည့် သဘောထား ဖြစ်သည်။ အဖွဲ့မှုးလန်က မျက်ဝန်းများ ကျဉ်းမြှောင်းသွားလျက် ကျန်းရီကို တိတ်တဆိတ် စိုက်ကြည့်နေစဉ် အဖွဲ့မှူးလီ၏ ပြုံးနေသော မျက်နှာက မျက်နှာသေအဖြစ် ပြောင်းလဲသွား၏။
ကျန်းရီက ယနေ့၌ အကန့်အသတ်ကို ကျော်သွားပြီဖြစ်သည်။ အစ်ကိုကြီးဟုန်ကို သင်ခန်းစာပေးခြင်းက ဘာမှမမှားပေ။ သို့သော် တစ်ပါးသူ၏ လက်အောက်ငယ်သားကို ခေါ်ခြင်းက မည်သည်ကို ဆိုလိုသနည်း။ သူက အဖွဲ့မှုးရင်း အဖွဲ့မှုးဟေးနှင့် ကျန်သည့်သူများကို ဆက်လက်သင်ပြပေးပြီး သူတို့လူများကို ခေါ်တော့မည် မဟုတ်ပါလော။ ထိုအချိန်ကျလျှင် သူ့၌ သန်မာသည့် အဖွဲ့ကြီး ရှိလာပြီး သူက ကောင်းကင်မိုးကြိုးမြို့ကို အုပ်စိုးတော့မည် မဟုတ်ပါလော။
ကျန်းရီကလည်း မျက်ဝန်းများ မှေးကျဉ်းလိုက်ကာ အဖွဲ့မှုးလန်ကို ကြည့်လိုက်တော့၏။ သူက အကုန်ထုတ်သုံးပြီးဖြစ်ကာ နောက်မဆုတ်နိုင်တော့ပေ။ အဖွဲ့မှူးလန်က သူ့ကို ဖိနှိပ်ရန် ဤမြင်ကွင်းကို ဖန်တီးထားပြီး တစ်မြို့လုံးက စောင့်ကြည့်နေ၏။ ဤတိုင်း ပြန်သွားလျှင် ကောင်းကင်မိုးကြိုးမြို့၌ အချိန်ကောင်း ရှိတော့မှာ မဟုတ်ပေ။ ကိစ္စက ဤအတိုင်း ဖြစ်နေပြီ ဆိုသောကြောင့် ယနေ့တွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် အဘယ်ကြောင့် မလုပ်ဘဲ နေရမည်နည်း။
အဖွဲ့မှူးလန်၏ ခွန်အားက တိုင်းတာ၍ မရတာ ဖြစ်နိုင်သည်။ သို့သော် ကျန်းရီ၌ မိုးကြိုးမီး၊ မီးတိမ်သံချပ်ကာ၊ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်း ရှိ၏။ နောက်ဆုံးအနိုင်ရသူကို ပြောဖို့က ခက်ခဲလှသည်။ ထိုအကြောင်း ပြောနေခြင်းက အသုံးမဝင်ပေ။ ဦးစွာ တိုက်ခိုက်ပြီးမှ နောက်မှ စကားပြောမှာပဲ ဖြစ်သည်။
အဖွဲ့မှုးလန်က ကျန်းရီကို ငါးမိနစ်ကျော် ကြည့်ပြီးနောက် သက်ပြင်းချကာ စိတ်တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားထိန်းပြီး ပြောလိုက်တော့၏။
“အဖွဲ့မှုးကျန်း လောင်လန်အတွက် မျက်နှာသာမပေးနိုင်ဘူးလား၊ အားလုံးကို ဘေးချိတ်ထားလို့ရတယ် ဒါပေမဲ့ ရှောင်ဟုန်ရဲ့လူတွေ မင်း သူတို့ကို ယူလို့ မရဘူးလေ”
အဖွဲ့မှုးလန်က နောက်တစ်လှမ်း ဆုတ်သွားသည်။ ကျန်းရီက တိတ်ဆိတ်နေလေ၏။ သူ နောက်ပြန်ဆုတ်ခဲ့လျှင် အစ်ကိုကြီးဟုန်၏ လက်အောက်ငယ်သားများက ဆိုးဆိုးရွားရွား အဆုံးသတ်နှင့် တွေ့ကြုံရမည်မှန်း သူသိနေ၏။ အစ်ကိုကြီးဟုန်က ညှင်းပန်းနှိပ်စက်ပေလိမ့်မည်။ မြို့ထဲ၌ သူ၏ ခြေကုပ်ရယူမှုကို ထိန်းထားချင်လျှင် သူ့ကိုယ်သူ ပြန်လည်ထူထောင်ဖို့ရာ ထိုလူများကို သတ်ရမည်။
အဖွဲ့မှုးလန်က ဤအရေးကိစ္စကို ကူညီပံ့ပိုးပေးချင်ပြီး ကျန်းရီ၏ အံ့ဩဖွယ်ကောင်းသည့်အဟုန်ကို သပ်ချကာ သူ့ကို လျော့ကျစေချင်၏။ သူက ကျန်းရီကို ကောင်းကင်မိုးကြိုးမြို့ကို အုပ်စိုးနေသူက မည်သူမှန်း နားလည်စေချင်သည်။
နောက်သို့တစ်လှမ်းဆုတ်ပြီး တစ်လောကလုံးကို မင်းအတွက် ဖွင့်ပေးထားသည်။ ထိုအချိန်ကျလျှင် ကျန်းရီက မြို့ထဲ၌ မြဲမြံစွာ ရပ်နိုင်ပြီး အနာဂတ်အစီအစဉ်များ ပြုလုပ်နိုင်မည်။
သို့သော် ထိုစဉ် ထိုလူ၁၆ယောက်၏ မျှော်လင့်တကြီးအကြည့်များကို အမှတ်ရပြီး ဤနေရာကို အားလုံး အာရုံစိုက်နေသည့်အကြောင်းကို တွေးမိသောအခါ သူ၏အမူအရာက ဆုံးဖြတ်ချက် ပြတ်သားမှုတို့ ပေါ်လာလျက် လေးနက်စွာ ပြောလိုက်၏။
“အဖွဲ့မှုးလန် ကျုပ်တောင်းပန်ပါတယ် ဒါက အဖွဲ့မှုးကို မလေးစားတာကြောင့် မဟုတ်ဘူး၊ နောင်ကျ တခြားသူတွေရဲ့ကိစ္စကို ဝင်မစွက်ဖက်ဘူးလို့ ကတိပေးရုံပဲ ရှိတယ်၊ ဒါပေမဲ့ လူတွေ ကျုပ်နောက်ကို လိုက်ဖို့ ဆန္ဒရှိသရွေ့ သူတို့ကို ကာကွယ်မှာပဲ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျုပ်ရဲ့လူတွေကိုတောင် မကာကွယ်ပေးနိုင်ရင် ခေါင်းဆောင်တစ်ယောက် ဖြစ်တာ ဘာရည်ရွယ်ချက် ရှိတော့မှာလဲ၊ ကျုပ်လူတွေက ကျုပ်နောက် ဘာကြောင့် လိုက်နေရအုံးမှာလဲ၊ ကျုပ်ရပ်တည်ချက်ကို ပြပြီးပြီ အဖွဲ့မှူးလန်က ကျုပ်ကို သင့်တော်တဲ့လူတစ်ယောက် ဖြစ်အောင် ကျုပ်ကို သင်ခန်းစာပေးချင်တယ် ဆိုရင် ကျုပ်လက်ခံပါ့မယ်”
***