အရှင်ချမ်ကိုနှုတ်ဆက်ခြင်း
Vol. 50 Ch. 693
ကျန်းရီက ကုသဆေးတစ်လုံးကို မျိုချပြီးနောက် ကောင်းကောင်းအိပ်စက်လိုက်၏။ သူကနေဝင်ရီတရော အချိန်ကျမှ နိုးလာတော့သည်။ သူက ပျင်းကြောဆန့်ပြီးနောက် သူ့ရင်ဘတ်ပေါ်ရှိ နာကျင်မှုက လျော့ပါးသွားကြောင်း ခံစားမိလိုက်ပြီး သူအဆင်ပြေနေသည်။
ကျန်းရီက ထထိုင်ပြီး အရန်အတားကိုဖွင့်လိုက်၏။ နျိုတုန်က အပြင်ကနေ သူ့ဆီသွက်သွက်လေး လျှောက်လာတာ တလေးတစား မေးလိုက်တော့သည်။
“အဖွဲ့မှူးကျန်း အားလုံးစီစဉ်ပြီးပါပြီ။ ဒါပေမဲ့ ပါ့တောက်နဲ့ အဖွဲ့မှူးလုံ အစ်ကိုကြီးဟုန်တို့ရဲ့ လူတွေကို စီမံဖို့အချိန်တချို့ လိုပါသေးတယ်”
ကျန်းရီက ခေါင်းညိတ်ပြီး ပြောလိုက်လေ၏။
“အွန်း အစ်ကိုကြီးဟုန်အတွက် အလုပ်လုပ်တဲ့လူတွေကို ထားလိုက်။ မင်းတတ်နိုင်ရင် လူ(၁၂)ယောက်ကို ခေါ်လာခဲ့။ ကျန်တဲ့လူတွေအကြောင်း ဂရုမစိုက်နဲ့”
“ကျွန်တော်တို့ သူတို့ကို မခေါ်ဘူးလား”
နျိုတုန်၏ မျက်နှာပြည့်ပြည့်က အံ့သြမှုတို့အပြည့် ဖြစ်နေလေ၏။
“အဖွဲ့မှူးကျန်း ကျွန်တော်တို့မှာ လူပိုရှိလေ မိုးကြိုးကျောက်တုံးတွေ ပိုရလေဖြစ်ပြီး ကုသိုလ်မှတ်တွေ ကောင်းကင်ဘုံကျောက်တုံးတွေနဲ့ လဲလှယ်နိုင်မှာလေ”
“အဲဒါတွေကို ငါမလိုချင်ဘူး”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“လူတစ်ယောက်က အလွန်အကျူး လောဘကြီးလို့မရဘူး။ ဒါ့အပြင် ပါ့တောက်နဲ့ အဖွဲ့မှူးလုံရဲ့ လူတွေကြားထဲမှာ အားနည်းတဲ့လူတွေကို ဖယ်ထုတ်လိုက်။ အဖွဲ့မှူးနှစ်နေရာစာ ရှိသေးတယ်။ တစ်ယောက်ယောက်ကတော့ တက်လာမှာပဲ။ အဲဒီအခါ အခြားသူတွေက ကျန်တဲ့လူတွေကို ခွဲဝေလိမ့်မယ်။ ငါတို့က အားလုံးကို ခေါ်သွားခဲ့မယ်ဆိုရင် လူတော်တော်များများကို ရန်စမိမှာ”
“ဟုတ်ကဲ့ အဖွဲ့မှူးကျန်းက ဉာဏ်ထက်လိုက်တာ”
နျိုတုန်က ကျန်းရီကို မျက်နှာချိုသွေးပြီးနောက် စဉ်းစားကာ ထောက်ခံလိုက်၏။
“ဒါလည်းမှန်ပါတယ်။ အဖွဲ့မှူးကျန်းက အဖွဲ့မှူးဖြစ်ခါစ၊ လူတွေက မလွယ်သေးဘူး။ ကျွန်တော်တို့ဆီ ဝင်လာတဲ့လူတွေအတွက် စီမံပေးဖို့ လိုအပ်နေသေးတုန်းပဲ။ လူပိုများလေ ပြဿနာပိုဖန်တီးမိမှာပဲ။ အဖွဲ့မှူးကျန်း ကျွန်တော် အရည်အချင်းမမှီတာပါ။ အစောင့်အရှောက်တချို့ရွေးဖို့ ကျွန်တော် အကြံပြုပါရစေ။ နျိုဝမ်က ဒီကိစ္စတွေကို နားမလည်ဘူး။ အားလုံးကို ဖြေရှင်းဖို့ အလုပ်များနေမှာ စိုးရိမ်ရတယ်”
“အစောင့်အရှောက်တချို့ ရွေးဖို့လား”
ကျန်းရီက မျက်ခုံးပင့်လိုက်၏။ အမှန်တကယ်ပင် ကိစ္စများက ပိုမိုရှုပ်ထွေးလာသည်နှင့်အမျှ အရာအားလုံးကို စီမံခန့်ခွဲရသည်က ပိုဒုက္ခများလာသည်။ နေ့စဉ်နေ့တိုင်း အဖွဲ့ကိုဦးဆောင်မည့်လူ ရွေးချယ်ပြီး မိုးကြိုးကျောက်တုံးများ ပေးအပ်ရမည့် ကိစ္စများက ရှိသေးသည်။ သူက အားလုံးကို မလုပ်နိုင်ပေ။
လူမည်ကဲ့သို့ ရွေးရမည်နည်း။ ပြဿနာက လတ်တလောမှဝင်လာသည့် ကောင်းကင်ဧကရာဇ်များနှင့် သူကမရင်းနှီးတာပဲဖြစ်သည်။ သူက သူတို့အပြင်ပန်းကိုသာသိပြီး စိတ်နှလုံးကို မသိနိုင်ပေ။ ဆုံးဖြတ်ချက် မှားယွင်းပြီး ထိုလူက စီမံတာမကောင်းပါက ပြဿနာများ ပိုရှိလာလိမ့်မည်။
“အာ ဟုတ်သား”
ကျန်းရီ၏မျက်လုံးက လက်သွားသည်။ သူကလူတစ်ယောက်ကို ရုတ်တရက် တွေးမိလိုက်၏။ သူ၏လက်ဖဝါးထဲ၌ ဧကရီနန်းတော်က ဖျတ်ခနဲပေါ်လာပြီးနောက် ပင်မခန်းမထဲ၌ လူရိပ်များစွာ ပေါ်လာသည်။ သူက ဖုန်းလန်၊ ကျန်းရှောင်နူ၊ ချမ်ဝမ်ကွမ်း အပါအဝင် အားလုံးကို ထုတ်ပေးလိုက်၏။
“အမ်”
လူအုပ်ကြီးက ဧကရီနန်းတော်ထဲ၌ ကျင့်ကြံနေတာဖြစ်သည်။ အချို့က အစီအရင်များအကြောင်း လေ့လာနေပြီး အချို့က စကားပြောနေကာ အချို့က ပန်းချီဆွဲလျက် အချို့က ပန်းထိုးနေကြသည်။ လူတိုင်းက သူတို့ရှေ့ရှိကမ္ဘာကြီး ချာချာလည်နေသည်ဟု ခံစားလိုက်ရ၏။ အပြင်ရောက်သည့်အချိန်၌ ထိတ်လန့်သွားတော့သည်။
“သခင်လေး”
“သခင်လေး”
“ခေါင်းဆောင်”
မကြာမီ၌ အားလုံးက ကျန်းရီကို မြင်တွေ့ရတာ ပျော်ရွှင်သွားသည်။ ဖုန်းလန်က လှည့်ပတ်ကြည့်ပြီး သူတို့ခြံဝင်းထဲတွင် ရှိနေကြောင်း သဘောပေါက်သွားပြီး ကောင်းကင်ဧကရာဇ် တစ်ဦးရှိနေကြောင်းတောင် သတိထားမိလိုက်၏။ သူမက ချက်ချင်းပင် သတိအနေအထား ဖြစ်သွားသည်။
နျိုတုန်ကလည်း ထိတ်လန့်သွား၏။ သို့သော်ငြား သူကလက်သီးကို ရိုကျိုးစွာဆုပ်လျက် သူတို့ကို နှုတ်ခွန်းဆက်လိုက်တော့၏။
“နျိုတုန်က အရှင်တို့နဲ့ သခင်မလေးတို့ကို နှုတ်ဆက်ပါတယ်”
ဖုန်းလန်က ကျန်းရီကိုကြည့်ပြီး ဝေခွဲမရဖြစ်နေ၏။ သူမက မေးလိုက်တော့သည်။
“သခင်လေး ဒီလူကဘယ်သူလဲ”
“ဟား ဟား”
ကျန်းရီက သမန်ကာလျံကာ ရှင်းပြလိုက်၏။
“သူက နျိုတုန် ငါ့ရဲ့ဘယ်လက်ရုံးပဲ။ ပြီးမှရှင်းပြမယ် ဝမ်ကွမ်း”
ချမ်ဝမ်ကွမ်းက ကျန်းရီသူ့ကိုခေါ်တာကို ကြားသည့်အချိန်၌ အမြန်ရှေ့တိုးလာပြီး ပြောလိုက်၏။
“ခေါင်းဆောင် ကျွန်တော် ဘာလုပ်ပေးရမလဲ”
ကျန်းရီက နျိုတုန်ကို ပြောပြီး ချမ်ဝမ်ကွမ်းကို လက်ညှိုးထိုးလိုက်၏။
“နျိုတုန် ငါကနောင်ကျ အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံဖြစ်လောက်တယ်။ ဒါကြောင့် နေ့စဉ်ကိစ္စတွေကို ဖြေရှင်းဖို့ အချိန်မရှိဘူး။ အရာအားလုံးအကြောင်း ချမ်ဝမ်ကွမ်းနဲ့ ဆွေးနွေးလို့ရတယ်။ သူ့ရဲ့အမိန့်က ငါ့ရဲ့အမိန့်ပဲ”
နျိုတုန်က စိတ်ထဲအံ့သြသွားလေ၏။ ကျန်းရီက ဤဗာဂျရာနယ်ပယ် ဖက်တီးလေးကို အလွန်ယုံကြည်နေသည်။ သူက ချမ်ဝမ်ကွမ်းကို တလေးတစား အရိုအသေပေးပြီး ပြောလိုက်၏။
“အရှင်ချမ်ကို နှုတ်ဆက်ပါတယ်”
“အမ်”
ချမ်ဝမ်ကွမ်းကလည်း ထိတ်လန့်အံ့အားသင့်သွား၏။ ကောင်းကင်ဧကရာဇ်တစ်ဦးက သူ့ကို အရှင်ချမ်ဟု အမှန်တကယ် ခေါ်ဝေါ်နေသည်။ သူကကျန်းရီကို သံသယဖြင့်ကြည့်နေစဉ် ထိုလူကပြုံးလာကာ ပြောနေသည်။
“ဝမ်ကွမ်း မင်းက စီမံခန့်ခွဲတဲ့နေရာမှာ အရည်အချင်းရှိတယ်။ ငါက မြို့ထဲက အဖွဲ့မှူးဆယ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး လက်အောက်ငယ်သားတွေရှိတယ်။ သူတို့ကိုစီမံဖို့ အချိန်မရှိဘူး။ မင်းငါ့ကိုအရင်ဆုံး ကူညီပေးနိုင်မလား”
“အဖွဲ့မှူးလား”
လူတိုင်းက မျက်ဝန်းများကျုံ့သွားပြီး တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ကြည့်နေ၏။ သူတို့က ကျန်းရီနှင့်မခင်လျှင် သူလိမ်ရတာ မုန်းတီးမှန်းသာ မသိထားလျှင် သူကြွားလုံးထုတ်နေသည်ဟု သူတို့တွေးမိလောက်၏။
“ဟဲ ဟဲ”
နျိုတုန်က စိတ်အားထက်သန်စွာ ရှင်းပြပြီး ပြောလာ၏။
“အဖွဲ့မှူးကျန်းက အစ်ကိုကြီးပါ့တောက်၊ အဖွဲ့မှူးလုံနဲ့ ဒီနေ့တိုက်ပွဲမှာ အခြားကောင်းကင်ဧကရာဇ် ဆယ်ယောက်ကို မိုးကြိုးတောင်ကြားမှာ သတ်ခဲ့တယ်လေ။ ပြီးတော့သူက အဖွဲ့မှူးလန်ကို အနိုင်ယူပြီး အစ်ကိုကြီးဟုန်ကို သတ်ခဲ့တာ။ အခုဆို မြို့ထဲကလူတိုင်းက အစ်မကြီးဆည်းလည်းကလွဲရင် လူတိုင်းက အဖွဲ့မှူးကျန်းက ကောင်းကင်မိုးကြိုးမြို့ရဲ့ ကျွန်တွေကြားထဲက နံပါတ်တစ် တိုက်ခိုက်ရေးသမားဆိုပြီး ပြောနေကြပြီ”
“... ”
လူတိုင်းက မိုးကြိုးအပစ်ခံလိုက်ရသည့်ပမာ တုန်ယင်သွားကြ၏။ ဖုန်းလန်နှင့် ကျန်းရှောင်နူ နှစ်ယောက်လုံးက ကျန်းရီကို ကြည့်လိုက်ကြသည်။ ကျန်းရီက ပခုံးတွန့်လျက် ခါးသက်စွာ ပြုံးလိုက်၏။
“ဒီတစ်ခေါက်ငါ့ကို အပြစ်မတင်နဲ့။ ဒီလိုအဆင့်မြင့်တဲ့တိုက်ပွဲမှာ မင်းတို့တွေ ဘာမှမကူညီပေးနိုင်ဘူး။ ဟုတ်ပြီလေ။ အခုအားလုံးပြီးသွားပြီ။ မင်းတို့ ကောင်းကင်မိုးကြိုးမြို့ထဲမှာ သက်သောင့်သက်သာ နေလို့ရပြီ။ ငါတို့ကိုဘယ်သူမှ ရန်မစရဲတော့ဘူး”
“ခစ် ခစ် သခင်လေးက အကောင်းဆုံးပဲ”
ချင်ယွီက အပြစ်ကင်းစွာ ရယ်မောလိုက်၏။ ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းတို့က သူ့အတွက်လည်း ပျော်ရွှင်နေပေ၏။ ရွှေရောင်မျောလွင့်နဂါးက နှုတ်ခမ်းမဲ့သွားပြီး ကျန်းရီကို ကြည့်သည့်ပုံက ပိုတောင်ကြောက်ရွံ့လာပုံ ပေါ်ပေ၏။
ချမ်ဝမ်ကွမ်းက သူ့ရင်ဘတ်သူပုတ်ပြီး ပြောလိုက်သည်။
“ခေါင်းဆောင် စိတ်ချထားလိုက်။ အေးအေးဆေးဆေး လေ့ကျင့်။ မင်းရဲ့လက်အောက်ငယ်သားတွေ အားလုံး ငါ့ဆီကို လွှဲပေးထားလိုက်။ သူတို့ကို ကြပ်မတ်ပေးမယ်လို့ ကတိပေးတယ်”
“အင်း မင်းတို့အိမ်မှာ နေလိုက်အုံး ငါစားသောက်ပွဲ သွားစရာရှိတယ်။ နျိုတုန် အရသာရှိတဲ့ စားကောင်းသောက်ဖွယ်နဲ့ သေရည်တချို့ စီစဉ်ပေး”
ကျန်းရီက ထရပ်ပြီး အပြင်သို့ထွက်သွား၏။ သူက နှစ်လှမ်းခန့်လှမ်းပြီးနောက် ချမ်ဝမ်ကွမ်းကို လက်ကာပြကာ ပြောလိုက်၏။
“ဝမ်ကွမ်း မင်းငါနဲ့လိုက်ခဲ့။ နောင်ကျ ငါတံခါးပိတ် ကျင့်ကြံရလောက်တယ်။ ကောင်းကင်မိုးကြိုးမြို့ထဲက အကောင်ကြီးကြီးတွေနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်။ နောင်ကျ မင်းသူတို့နဲ့ရင်းနှီးပြီး ရင်ဆိုင်ဖြေရှင်းဖို့ မင်းကငါ့ကို ကိုယ်စားပြုရမှာ”
“မင်းသဘောပဲ”
ချမ်ဝမ်ကွမ်းက မကြောက်ရွံ့ပေ။ သူက ကျန်းရီ၏ ထောက်ပံ့ပေးမှုဖြင့် အကြောက်တရား ကင်းမဲ့နေသည်။ ကျန်းရီက သူ့ကို စမ်းသပ်မှုအမျိုးမျိုး ဖြတ်ကျော်ခိုင်းလျှင်တောင် တွေဝေနေမည် မဟုတ်သောကြောင့် စားသောက်ပွဲဆိုလျှင် ပြောနေရန် မလိုတော့ချေ။
နျိုတုန်က လှည့်ပတ်ကြည့်ပြီးနောက် ပြောလိုက်၏။
“အဖွဲ့မှူးကျန်း ဒီနေရာက သေးလွန်းတယ်။ အနားက ခြံဝင်းတွေကို ရှင်းလင်းဖို့ လူတွေကို ပြောပြီးပါပြီ။ ပြီးတော့ အဲ့ဒီခြံဝင်းတွေကိုစပ်ဖို့ နံရံတွေကို ဖြတ်လိုက်မယ်။ ဒါဆိုရင် အရှင်သခင်တို့နဲ့ သခင်မလေးတွေအားလုံး သက်သောင့်သက်သာ နေနိုင်ပြီလေ”
ကျန်းရီက ရပ်တန့်သွားလေ၏။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်တော့၏။
“ငါတို့အဲ့လိုလုပ်မယ်ဆိုရင် မြို့အရှင်အိမ်တော်က လုပ်ခွင့်ပေးပါ့မလား”
“ဒါအဆင်ပြေပါတယ်”
နျိုတုန်က အပြုသဘောဖြင့် ပြောလေ၏။
“ကျန်တဲ့အဖွဲ့မှူးတွေလည်း အဲလိုပဲလုပ်ထားတာ။ ဒါပေါ့ အဖွဲ့မှူးကျန်း ကျွန်တော်တို့က အကြောင်းကြားပြီး တပ်မှူးဆယ်ယောက်ကို လာဘ်ထိုးဖို့လိုတာပေါ့”
“ကောင်းပြီလေ မင်းပြောသလိုပဲ လုပ်လိုက်တော့”
ကျန်းရီက လက် ဝှေ့ယမ်းလျက် ချမ်ဝမ်ကွမ်းနှင့်အတူ ထွက်သွားသည်။ နျိုတုန်က နောက်ကနေ အမြန်လိုက်ပါလာပြီး နျိုဝမ်ကိုခေါ်ကာ ကောင်းကင်ဧကရာဇ် တစ်ဒါဇင်ကျော်ကို ချန်ထားရစ်ပြီး ကျန်းရီနောက်သို့ လိုက်လာ၏။
ကျန်းရီနှင့်အဖွဲ့ ထွက်သွားပြီးနောက် နျိုဝမ်က ခြံဝင်းထဲသို့ ဝင်သွားလိုက်၏။ သူက ဖုန်းလန်နှင့်အဖွဲ့ကို နှုတ်ဆက်လိုက်၏။
“အရှင်နဲ့ သခင်မလေးတို့ ကျေးဇူးပြုပြီး ခဏစောင့်ပါ။ တစ်နာရီမပြည့်ခင် အားလုံးစီစဉ်ပေးပါ့မယ်”
ဖုန်းလန်က လွှမ်းမိုးနိုင်စွမ်းရှိ၏။ သူမက ပင်မခုံ၌ တည်ငြိမ်စွာထိုင်ပြီး လက်ဟန်ပြလိုက်၏။
“အရင်ဆုံးနေပါအုံး။ အဖွဲ့မှူးကျန်း လတ်တလော ဖြစ်ခဲ့သမျှကို အားလုံးပြောပြ”
“ဆန္ဒအတိုင်းပါ”
နျိုဝမ်က နျိုတုန်လို ပါးနပ်သူမဟုတ်။ သို့သော် တုံးအသူလည်း မဟုတ်ပေ။ ထိုအမျိုးသမီးများက ကျန်းရီနှင့် တစ်ခုခုသက်ဆိုင်တာ သေချာ၏။ သူတို့က သူ၏အမျိုးသမီးများ ဖြစ်နိုင်သည်။ ထိုသခင်မလေးများကို လျစ်လျူမရှုရဲပေ။
သူကအမြန်ပင် သိသမျှအားလုံး ပြောပြ၏။ ကျန်းရီက ပါ့တောက်နှင့် အဖွဲ့မှူးလုံကို သတ်ခဲ့ပုံ။ မိုးကြိုးတောင်ကြားထဲ၌ သုံးလတာ ပုန်းနေခဲ့ပုံ။ သူကယနေ့၌ အဖွဲ့မှူးများကို ဆက်တိုက် သတ်ဖြတ်ခဲ့ပုံက ပြောပြလိုက်သည်။
“သခင်လေးက သိပ်တော်တာပဲ။ သူက မြို့က ဒုတိယအဆင့်ရှိတဲ့ အဖွဲ့မှူးလန်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်”
ချင်ယွီသည် ဇာတ်လမ်းများကြားပြီးနောက် သူမရင်ထဲ ပြင်းပြမှုတို့ ပြည့်နေလေကာ ညှို့ငင်နိုင်စွမ်းရှိသော မျက်လုံးတို့က တလက်လက် တောက်ပနေလေ၏။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့က အသက်ရှုမြန်လာကာ သွေးများဆူပွက်လာသည်။ ဖုန်းလန်နှင့် ကျန်းရှောင်နူသာလျှင် စိတ်ဓာတ်ကျနေတာဖြစ်၏။
ကျန်သည့်သူများက ကျန်းရီ၏ သတ္တိနှင့် အင်အားကို အထင်ကြီးနေကြသော်ငြား ဖုန်းလန်နှင့် ကျန်းရှောင်နူကမူ ဤသုံးလတာအတွင်း မိုးကြိုးတောင်ကြားထဲ၌ သူတစ်ယောက်ထဲ နေခြင်းဖြင့် ကြုံတွေ့ခဲ့ရမည့် အခက်အခဲနှင့် ခက်ခဲသည့် စမ်းသပ်ပွဲကို တွေးမိကြသည်။
သူက မိုးကြိုးတောင်ကြားတွင် အလွယ်တကူ ဝင်နိုင်ခဲ့လျှင် အဘယ်ကြောင့်သုံးလ စောင့်ဆိုင်းနေရသနည်း။
သူမထိုအကြောင်းကို စဉ်းစားနေစဉ် ကျန်းရှောင်နူ၏ လှပသော မျက်ဝန်း၌ မျက်ရည်များ ပြည့်နေ၏။ အကြိမ်တိုင်း၌ တူညီနေသည်။ ကျန်းရီက သူကိုယ်တိုင် သွေးသံရဲရဲလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းကာ ကျန်သည့်သူများအတွက် သုခဘုံတည်ဆောက်ပေးခဲ့သည်။ သို့သော်ငြား သူက ဖိစီးမှုများ ဝေဒနာများအားလုံးကို ကြံကြံခံခဲ့၏။ ကျန်းရှောင်နူက ရင်နာလာပြီး သူမကိုယ်သူမ အသုံးမဝင်ဟု ခံစားမိလာတော့သည်။
***