← Chapters

ဘာကြောင့်များသခင်လေးက ရှောင်နူကိုမခေါ်ရတာလဲ

Vol. 50 Ch. 695

ဘာကြောင့်များသခင်လေးက ရှောင်နူကိုမခေါ်ရတာလဲ

Vol. 50 Ch. 695

သောက်စားသည့် တစ်ညတာဖြစ်ခဲ့သည်။ ကျန်းရီက မူးနေပြီး လူတိုင်းက ပျော်ရွှင်စွာ ထွက်သွားကြ၏။

ကျန်းရီ၏ အလျော့ပေးမှုနှင့် နှိမ့်ချမှုတို့က အားလုံးကို စိတ်ကျေနပ်သွားစေသည်။ လူအုပ်ကြီးက ကျန်းရီကို တိတ်တဆိတ် ခုခံနေကြသော်ငြား ကျန်းရီက မဟာမိတ်ကို ချက်ချင်းတစ်စစီ ဖြစ်သွားစေသည့် လက်ဆောင်ကြီး ပေးခဲ့သည်။ သူတို့က တစ်ဖက်နှင့်တစ်ဖက် ပွင့်ပွင့်လင်းလင်း စတင်တိုက်ခိုက်မည့်အစား ဝေစုကြီးကြီး ရရန်အတွက် သိုသိုသိပ်သိပ်သာ လုပ်ကြတော့သည်။

ကောင်းကင်မိုးကြိုးမြို့ထဲ၌ လူများက အရင်းအမြစ် မိုးကြိုးကျောက်တုံးနှင့် ကုသိုလ်မှတ်များဖြစ်သည်။ ပုံမှန်ဆို လူတိုင်းက စည်းမျဉ်းကို လိုက်နာပြီး လူသစ်များက မည်သည့်အဖွဲ့မှူးနောက် လိုက်မည်ဆိုတာကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်၏။ အလုပ်အတွက် တက်တက်ကြွကြွ ယှဉ်ပြိုင်ခြင်းမရှိပေ။ သို့သော် ယခုအဖွဲ့မှူးသုံးယောက် သေဆုံးပြီဖြစ်ကာ လက်အောက်ငယ်သားများစွာ ကျန်နေ၏။ ကျန်းရီက သူတို့ကို ပေးချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ ထို့ကြောင့်အဖွဲ့ကို ကရုတစိုက် ခွဲဝေရန် လိုအပ်သည်။

ကျန်းရီပြန်ရောက်ချိန်၌ ခြံဝင်းက တည်ဆောက်ပြီးပြီဖြစ်သည်။ ခြံဝင်းငါးခုနီးပါးကို ဆက်ထား၏။ နျိုဝမ်က လက်အောက်ငယ်သားများစွာကို ပြင်ဆင်ခိုင်းထားပြီး အခန်းကို သန့်ရှင်းခိုင်းထားကာ ခြံဝင်းကို အလွန်ကြည့်ကောင်းပြီး ချစ်စဖွယ် ကောင်းသွားစေတော့၏။

ကျန်းရီ၏ ယခင်ပင်မခန်းဆောင်တွင် ဖုန်းလန်နှင့် ကျန်သည့်သူများက သောက်စားပျော်ပါးနေကြသည်။ လူတိုင်း၏မျက်နှာက နီရဲနေလေ၏။ ဖုန်းလန်နှင့်ချင်ယွီက ကျန်းရီကို အလွန်စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

ကျန်းရီက ကျန်းရှောင်နူကို စောင့်ကြည့်ပြီး သူမက ဖုန်းလန်နှင့်ချင်ယွီတို့ သူ့ကိုကြည့်နေသည့်ပုံစံကို သတိမပြုမိသည့်အတွက် သူစိတ်သက်သာရာ ရသွားသည်။ သူမသည်လည်း မူးနေကာ မှင်တက်နေလေ၏။ ထိုကြောင့်သူက အမြန် စိတ်ကြည်လင်နေသေးသော ယွင်ဖေးကိုပြောလိုက်သည်။

“ယွင်ဖေး ရှောင်နူကို အခန်းခေါ်သွားလိုက်။ သူမူးနေပြီ”

“သခင်လေး ညီမမမူးဘူး။ ညီမ အစ်မကြီးယွင်ဖေးကို ညီမအခန်းထဲ ခေါ်မသွားစေချင်ဘူး”

ကျန်းရှောင်နူသည် သူမကိုယ်ထဲရှိ အရက်ဓာတ်ကို ဖယ်ရှားရန် စွမ်းအင်အသုံးမပြုခဲ့တာ သိသာ၏။ သူမက ယိုင်တိယိုင်တိုင်ဖြင့် ထရပ်ပြီး ပြောလိုက်တော့၏။

“သခင်လေး ညီမကို သခင်လေးအခန်းထဲ ခေါ်သွားပေး”

“ဟုတ်ပြီ အားလုံးပဲ စောစောအနားယူကြတော့”

ကျန်းရီက သူ့စိတ်ကြည်လင်စေရန် အတွင်းအားကို လှည့်ပတ်လိုက်၏။ နျိုဝမ်၏ ပြင်ဆင်မှုအောက်တွင် သူက ကျန်းရှောင်နူကို ထိန်းကိုင်ထားပြီးနောက် အနီးရှိခြံဝင်းဆီသို့ လျှောက်သွားလိုက်၏။

ခြံဝင်းနှစ်ခုကြား၌ တံခါးတစ်ချပ် ရှိနေလေ၏။ ကျန်းရီ၏ ခြံဝင်းဘေး၌ ဘေးရှိခြံဝင်းက အသစ်စက်စက် ပြင်ဆင်ထားတာဖြစ်သည်။ အရာအားလုံးက အသစ်ဖြစ်ပြီး နျိုဝမ်နှင့်သူ့အဖွဲ့က အတော်လေး အားစိုက်ထုတ်ထား၏။ ဖုန်းလန်က အထူးတလည် အမိန့်ပေးထားရာ ထိုခြံဝင်းကို ကျန်းရှောင်နူတစ်ယောက်ထဲ ပိုင်ဆိုင်သည်။ ဖုန်းလန်နှင့်ချင်ယွီက ခြံဝင်းတစ်ခုထဲ မျှဝေနေထိုင်ကြမည်ဖြစ်ကာ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးက ခြံဝင်းတစ်ခု၊ ချမ်ဝမ်ကွမ်းနှင့် ရွှေရောင်မျောလွင့်နဂါးတို့က ခြံဝင်းတစ်ခုမျှနေသည်။ ကျန်သည့်သူများအတွက် လျိုတုံက ကျန်သည့်နေရာများ၌ နေထိုင်ရန် စီစဉ်ပေးထားသည်။

ကျန်းရီက ကျန်းရှောင်နူကို အတွင်းခန်းထဲသို့ ခေါ်သွား၏။ သူကကြာပန်းအခန်းထဲသို့ ဝင်သွားလိုက်ရာ ပြင်ဆင်မှုက အတော်လေး အဆင်ပြေကြောင်း တွေ့လိုက်ရ၏။ ဂွမ်းစောင်က အသစ်ဖြစ်ပြီး သင်းပျံ့သည့်ရနံ့များ ထွက်နေလေ၏။ ပတ်ဝန်းကျင်သည် ယခင်ကထက် ပိုကောင်းလှသည်။

ကျန်းရှောင်နူက အမှန်တကယ် မူးနေပုံရသည်။ သူမကိုယ်တစ်ဝက်ကို ကျန်းရီပေါ်မှီထား၏။ သူမမျက်နှာထက်တွင်လည်း ရူးကြောင်ကြောင်အပြုံး ရှိနေသည်။ ကျန်းရီကို မမှိတ်မသုန် စိုက်ကြည့်ကာ တီးတိုးရွတ်နေလေ၏။

“သခင်လေး သခင်လေး သခင်လေး”

“အင်း အင်း ငါဒီမှာရှိတယ်”

ကျန်းရီက ကျန်းရှောင်နူကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။ ဤအစေခံလေးက အမြဲတမ်း ချစ်စဖွယ်ကောင်း၏။ သူကသူမကို ထိန်းကိုင်ထားလျက် ကုတင်ပေါ်တင်ပေးကာ ဖိနပ်နှင့်ခြေအိတ်များ ချွတ်ပေးလိုက်၏။ ပြီးနောက်သူကပြုံးကာ ပြောလိုက်တော့သည်။

“ရှောင်နူ အိမ်မက်လှလှ မက်ပါစေ”

“သခင်လေး”

ကျန်းရှောင်နူက ရုတ်တရက် လက်ဆန့်ထုတ်ပြီး ကျန်းရီလည်ပင်းကို တွဲခိုလိုက်သည်။ သူကသူမကို ပြောင်ကျကျကြည့်နေပြီး ပြောလိုက်၏။

“သခင်လေး ရှောင်နူကို သဘောကျလား”

ကျန်းရီက ဆွံ့အသွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။

“ဒါပေါ့ သခင်လေးက ရှောင်နူကို သဘောကျတာပေါ့”

ကျန်းရှောင်နူက ရှက်နေပြီး မျက်လွှာချထားကာ ရေရွတ်ပြောလိုက်၏။

“သခင်လေးက ရှောင်နူကို ဘာကြောင့်များ မယူရတာလဲ”

“အမ်”

ကျန်းရီ၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက သူ့ရှေ့ရှိ လှပသည့် မိန်းမငယ်လေးကိုကြည့်ပြီး သွေးဆောင်ခံနေရသည်။ သို့သော်ငြား သူကအမြန် လေးနက်စွာ ပြောလိုက်၏။

“ရှောင်နူ မင်းမူးနေပြီ အခုအနားယူတော့”

သူကရှောင်နူဆီကနေ ရုန်းထွက်ပြီး သူမလက်ကို ဂွမ်းစောင်ထဲ ထည့်ပေးလိုက်၏။ သူက နဖူးပေါ်ရှိ ဆံပင်များကို သပ်တင်ပြီးနောက် ထပ်ပြုံးကာပြောလိုက်တော့သည်။

“ရှောင်နူ အစ်ကိုသွားတော့မယ်။ ကောင်းသောညပါ”

သူကထရပ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်သူ လှည့်ထွက်သွားချိန်၌ ရှောင်နူ၏မျက်လုံးမှာ မျက်ရည်များကို ရုတ်တရက် တွေ့လိုက်ရသည်။ သူမအမှန်တကယ် ငိုနေကြောင်း သူသိသွားချိန်၌ ထိတ်လန့်သွား၏။ ကုတင်ဘေး၌ ထိုင်ချကာ မေးလိုက်တော့သည်။

“ရှောင်နူ ဘာကြောင့်ငိုနေတာလဲ။ ဘယ်သူအနိုင်ကျင့်လို့လဲ။ သခင်လေးကိုပြောပြ သူတို့ကို အပိုင်းသန်းချီ ခုတ်ပိုင်းပြီး ဆုတ်ဖြဲပစ်မယ်”

ကျန်းရှောင်နူက မျက်လုံးမှိတ်ထားလျက် ဘာမှမပြောတော့ပေ။ သူကတိတ်တဆိတ်သာ ငိုကြွေးနေ၏။ ကျန်းရီသည် မီးပေါ်ရှိ ပုရွက်ဆိတ်ပမာ ပူပန်လာတော့သည်။ သူကသူမကို အတော်ကြာ ချော့မြူနေသော်ငြား အချည်းနှီးသာ ဖြစ်နေ၏။ သူက ရုတ်တရက် အေးစက်စက် ပြောလိုက်၏။

“နျိုဝမ် ဒီကိုလာခဲ့”

ကျန်းရှောင်နူက မျက်လုံးဖွင့်လိုက်သည်။ သူမက ကျန်းရီကို ဆွဲကိုင်ထားလျက် ခေါင်းခါကာပြောလိုက်၏။

“သခင်လေး သူ့ကိုမဆူပါနဲ့။ သူတို့ကိစ္စ မဟုတ်ပါဘူး”

ဝှစ်

အပြင်ဘက်တွင် စောင့်ကြပ်နေသော နျိုဝမ်သည် ဝံပုလွေတစ်ကောင်၏ အရှိန်ဖြင့် တိုးဝင်လာ၏။ သူက တံခါးနား၌ အော်လိုက်၏။

“အဖွဲ့မှူးကျန်း ကျွန်တော်ဒီမှာပါ”

ကျန်းရီက ကျန်းရှောင်နူကို တစ်ချက်ကြည့်လိုက်သည်။ သူမက မျက်ရည်များဖြင့် ခေါင်းခါနေ၏။ သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်တော့သည်။

“ဘာမှမဟုတ်တော့ဘူး သွားတော့”

“ဟုတ်ကဲ့ အဖွဲ့မှူးကျန်း”

နျိုဝမ်က ခေါင်းကုပ်လျက် သူဘာမှားမှန်းမသိပေ။ သူ၏မျက်နှာ၌ ကြောက်လန့်မှုများ ပြည့်နေ၏။ အမြန်ထွက်သွားကာ တံခါးပိတ်ထားလျက် အပြင်ဘက်၌ ဆက်လက်စောင့်ကြပ်နေသည်။

ပြီးနောက် ကျန်းရီက ရှောင်နူကိုကြည့်ကာ ပြောလိုက်တော့သည်။

“ရှောင်နူ ဘာဖြစ်လို့လဲ။ အစ်ကိုမင်းနဲ့ ဒီတလော အချိန်ဖြုန်းတာ သိပ်မရှိတာကြောင့်လား။ အိမ်ကိုလွမ်းနေတာလား။ ဒါမှမဟုတ် တစ်ခုခုလား။ မငိုပါနဲ့ သခင်လေးကိုပြောလေ”

လူတိုင်း၌ အားနည်းချက်ကိုယ်စီ ရှိကြသည်။ ဤအစေခံလေးသည် သူနှင့်အတူ ကြီးပြင်းလာပြီး ရှင်သန်နေထိုင်ရေးအတွက် တစ်ယောက်နှင့်တစ်ယောက် အားကိုးလာခဲ့ခြင်းက ကျန်းရီ၏ အားနည်းချက်ဖြစ်သည်။ ကျန်းရီသည် သူမအတွက် လောကကြီးထဲရှိ လူအားလုံးကို သတ်ဖြတ်ရန် လိုလားသည်။ သူမှားယွင်းခံစားရလျှင် ကျန်းရီက နတ်ဘုရားကိုတောင် စစ်ဆင်နွဲမှာပင်ဖြစ်သည်။ ယခုအချိန်တွင် သူမက ရုတ်တရက်ကြီး ငိုချလာလေရာ သူက ပြာယာခတ်သွားတာ သဘာဝကျသည်။

ကျန်းရှောင်နူက မျက်ဝန်းထဲရှိ မျက်ရည်များကို သုတ်လိုက်သည်။ သူမက ငုံ့ကြည့်လျက် အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းမော့ကာ ပြောလိုက်တော့သည်။

“ဘာမှမဟုတ်ပါဘူး သခင်လေး ရှောင်နူ အဆင်ပြေပါတယ်။ သခင်လေးအတွက် စိတ်မကောင်း ဖြစ်မိရုံပဲ။ ဒီလတွေအတွင်း အတော်လေး ဝေဒနာခံစားခဲ့ရမှာပဲ။ ရှောင်နူက အသုံးမဝင်ဘူး။ သခင်လေးကို ဘာမှမကူညီနိုင်ဘူး။ အဲ့ဒီအစား ရှောင်နူက သခင်လေးအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုပဲ။ ရှောင်နူက ဘာမှအသုံးမကျဘူးလို့ ခံစားမိပါတယ်”

“တုံးအလိုက်တဲ့ မိန်းကလေး”

ကျန်းရီက စိတ်သက်သာရာ ရသွား၏။ သူက ခါးသက်စွာ ပြုံးကာပြောလိုက်တော့သည်။

“ရှောင်နူက ဘယ်လိုလုပ် အသုံးမကျဘဲနေပါ့မလဲ။ မင်းရဲ့အသက်မှာ ကောင်းကင်ဧကရာဇ် နယ်ပယ်ကို ရောက်နိုင်တဲ့လူက ဘယ်လောက်များများ ရှိလို့လဲ။ ဧကရာဇ်ကိုးပါး မျိုးနွယ်စုက သခင်မလေးတွေ သခင်လေးတွေက မင်းလောက်မသန်မာဘူးဆိုတာ သိထားရမယ်။ ဒါ့အပြင် ညီမရဲ့ မှင်ရည်ငှက်မွှေးနတ်ဘုရားသိုင်းကလည်း သိပ်အစွမ်းထက်ပြီး ကောင်းကင်ရဲ့ အကန့်အသတ်မှာ ရှိနေတာလေ။ ညီမသာဆက်ပြီး ကြိုးကြိုးစားစား ကျင့်ကြံသ၍ သေချာပေါက် ပိုသန်မာလာမှာ။ အဲ့ဒီအချိန်ရောက်ရင် သခင်လေးကို ကူညီပေးနိုင်ရုံတင်မကဘူး ကာလည်းကာကွယ်ပေးနိုင်ပြီ”

နောက်ဆုံးတွင် မျက်ရည်များက အပြုံးများအဖြစ် ပြောင်းလဲသွား၏။ သူမက မျက်လုံးအပြူးသားဖြင့် မေးလိုက်တော့၏။

“တကယ်လား”

ကျန်းရီက နှာခေါင်းကိုဆိတ်ဆွဲကာ ချစ်ခင်စွာ ပြောလိုက်တော့သည်။

“အမှန်ပဲပေါ့။ ညီမကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”

“အင်း”

ကျန်းရှောင်နူက ခေါင်းညိတ်ပြီး လှဲချကာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတော့သည်။ ကျန်းရီကသူမကို စောင်ခြုံပေးပြီးနောက် အနည်းငယ်ကြည့်ကာ ထွက်သွားတော့၏။

“တုံးအလိုက်တဲ့ မိန်းကလေး”

ကျန်းရီထွက်သွားပြီးနောက် ကျန်းရှောင်နူက မျက်လုံးဖွင့်လျက် မျက်ရည်စီးကြောင်းများ ကျလာတော့သည်။ သူမက နှုတ်ခမ်းကိုက်ကာ မျက်နှာကျက်ကို အချိန်အတော်ကြာ ကြည့်ပြီးနောက် သက်ပြင်းသဲ့သဲ့ ချလိုက်တော့သည်။

“သခင်လေး ရှောင်နူက မတုံးပါဘူး။ အစ်မကြီးဖုန်းလန်နဲ့ ချင်ယွီကို လက်ခံနိုင်ပြီးတော့ ညီမကိုဘာကြောင့် မရတာလဲ။ ရှောင်နူက ဒီလောက်ရွံ့စရာ ကောင်းလို့လား”

“ဟူး”

ခြံဝင်းအပြင်ဘက်တွင် ကျန်းရီကတံခါးကို ပိတ်လိုက်လေ၏။ တောက်ပနေသည့် လတစ်စင်းကို ကြည့်ပြီး သူကသက်ပြင်းသဲ့သဲ့ ချလိုက်၏။ ကျန်းရှောင်နူစိတ်ထဲရှိတာကို သူသိသည်။ သို့သော်သူက လက်မခံနိုင်။ ကျန်းရှောင်နူက သူနှင့်အတူ ကြီးပြင်းလာသည့် ညီမငယ်လေးသာ ဖြစ်သည်။ ထိုညီမငယ်လေးက အဘယ်ကြောင့် ချစ်သူတစ်ယောက်အဖြစ် ပြောင်းနိုင်မည်နည်း။

နျိုဝမ်က ကျန်းရီဘေး၌ ရပ်နေလေ၏။ ကျန်းရီက ကောင်းကင်ကို တွေဝေစွာ စိုက်ကြည့်ပြီး တိတ်ဆိတ်နေတာကို မြင်သောအခါ နျိုဝမ်က ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်၏။

“အဖွဲ့မှူးကျန်း ဘာများဖြစ်လို့လဲ။ ကျွန်တော်တစ်ခုခု မှားတာလုပ်မိလို့လား။ အဖွဲ့မှူးကျန်း ကျေးဇူးပြုပြီး ပြောပြပေးပါ။ ကျွန်တော်သေချာပေါက် ပြင်ပါ့မယ်”

“မင်းဖင်ကြီးကိုပဲပြင်”

ကျန်းရီက ယခုအချိန်တွင် စိတ်ရှုပ်ထွေးနေ၏။ သူက ထိုလူကို ဒေါသတကြီးကြည့်ကာ အော်ပြောလိုက်၏။

“ထွက်သွား”

နျိုဝမ်၏မျက်ဝန်းများ ကျုံ့သွားလျက် နှုတ်ခမ်းများ တုန်ယင်ကုန်၏။ သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာထားလျက် မြေပြင်ပေါ် စလှိမ့်တော့သည်။

(မှတ်ချက်။ ။ ကျန်းရီပြောလိုက်တာက တရုတ်လိုဆို ‘လှိမ့်’ဆိုပြီး တစ်ခွန်းတည်းပါ၊ ထွက်သွား/ လှိမ့် ဆိုပြီး အဓိပ္ပာယ်နှစ်မျိုးရှိတာ၊ ကျန်းရီက ထွက်သွားလို့ ပြောပေမဲ့ နျိုဝမ်ကတော့ သူ့ကို ကျန်းရီ လှိမ့်ခိုင်းတယ်ထင်သွားတာပါ)

***

All Chapters