ပြန်လည် ထူထောင်ခြင်း
Vol. 51 Ch. 701
ပုဟယ်သည် တကယ်တော့ တည်သီးပျော့ကို ဖျစ်ညှစ်ချင်နေတာပဲ ဖြစ်သည်။ သို့သော်ငြား ကျန်းရီ၌ လူအရေအတွက် များလွန်း၏။ ထို့အပြင် အညံ့ခံရန် လုံးဝ မဖြစ်နိုင်ပေ။ သူက ခေါင်းဆောင်ကို ဦးစွာ ဖမ်းဆီးပြီး နောက်လိုက်များကို ဖမ်းရုံသာ ရှိသည်။ ဆိုလိုသည်က ကျန်းရီကို သတ်လျှင်သတ် မသတ်လျှင် ဖမ်းရမှာပဲ ဖြစ်သည်။ ယင်းက သူ ရှင်သန်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။
မထင်ထားဘဲ သူ ထင်ထားသော တည်သီးပျော့သည် အားလုံးထက် အမှန်တကယ် ပိုသန်မာနေပြီး အမှန်စင်စစ် မာကြောသူ တစ်ယောက် ဖြစ်၏။ သူတို့သည် ကျန်းရီနှင့် မိုင်အချို့ ကွာဝေးနေပြီဖြစ်သည်။ သူတို့က တိုက်ခိုက်ရန်အတွက် သူ့နားတောင် မကပ်နိုင်သေးခင် ကျန်းရီက နေရာရွေ့ပြောင်းပြီး ဖြစ်နေ၏။ ကျန်းရီသည် သူတို့၏အပေါ် ဘယ်ဘက်ထောင့်၌ ပြန်ပေါ်လာတာကို မြင်တွေ့သည့် အချိန်၌ မိုးကြိုးမီးက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာပြီဖြစ်သည်။
အပူလှိုင်းက ကျယ်ဝန်းသော ကောင်းကင်ကို လွှမ်းခြုံသွားလျက် တစ်လှိမ့်လှိမ့်တက်လာသော အပူသည် လူအားလုံးကို သေစေနိုင်သည့် အန္တရာယ်အငွေ့အသက်တစ်ခု အာရုံခံမိသည်။ ကျရောက်အံ့ဆဲဆဲ အန္တရာယ်ဖြင့်လူသားများနှင့် စိတ်ဝိညာဉ်အသိဉာဏ်ရှိသည့် နတ်ဆိုးသားရဲများအားလုံးက အလိုလို ထွက်ပြေးကြကာ သူတို့အသက်ကို မစွန့်စားကြပေ။ သို့သော် အပူချိန်က မြင့်မားလွန်းနေ၏။ သူတို့ မပြေးနိုင်သေးခင်တောင် ပတ်ဝန်းကျင်ဆီ ပြန့်နှံ့သွားပြီး သူတို့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။
“အား..”
အားနည်းသော ကောင်းကင်ဧကရာဇ်သိုင်းပညာရှင်များ၏ နတ်ဘုရားဒိုင်းများက ချက်ချင်းပင် ပြိုကွဲကုန်၏။ ပြီးနောက် သူတို့ တစ်ကိုယ်လုံးကလည်း မီးလောင်သွားကာ လူသားမီးတိုင်အဖြစ် ပြောင်းလဲသွား၏။ ပုဟယ်သည် မီတာများစွာအကွာ ထွက်ပြေးနိုင်ခဲ့၏။ သို့သော် သူ၏နတ်ဘုရားဒိုင်းကလည်း ပြိုကွဲသွားပြီဖြစ်ကာ သူက ညည်းလိုက်မိ၏။ သူ့ခန္ဓာကိုယ်က မီးများဖြင့် စတင်လောင်ကျွမ်းနေကာ သူက ကျယ်ဝန်းသည့် ကောင်းကင်ထဲ၌ သူက တလိမ့်လိမ့် လမ့်ဆင်းနေပြီး အော်ညည်းနေရလေသည်။
လူတိုင်းက သေဆုံးသွားသည့်ပမာ တိတ်ဆိတ်နေသေးဆဲ ဖြစ်သည်။ ထိုစဉ် မိုးကြိုးတောင်တန်းနှင့် ခပ်ဝေးဝေးတွင် ရှိနေသည့်သူများဖြစ်သည့် အစ်မကြီးဆည်းလည်း၏ လက်အောက်ငယ်သားများ၊ ကျန်းရီ၏ လက်အောက်ငယ်သားများ၊ ပုဟယ်၏ကျန်ရှိသောလူများ အားလုံးက သူတို့ စိတ်ဝိညာဉ်များ တုန်လှုပ်နေလေ၏။
ယင်းက ကျန်းရီသည် အားလုံးရှေ့၌ သူ၏ မိုးကြိုးမီးကို ထုတ်ပြတာ ပထမဆုံးအကြိမ်ဖြစ်သည်။ နျိုတုန်နှင့် သူ့အဖွဲ့သာ ၎င်းကို ယခင်က မြင်တွေ့ဖူးတာ ဖြစ်၏။ သို့သော် သူတို့ကလည်း ခြိမ်းခြောက်ခံလိုက်ရသည်။ ထိုလွှမ်းမိုးနိုင်သော မိုးနှင့်မြေ၏ ဆန်းကျယ်သော မီးက ထိတ်လန့်ဖွယ်ကောင်းပြီး လူတိုင်းကို ကြောက်ရွံ့စေ၏။ သူတို့မှတ်ဉာဏ်ထဲ၌ တစ်သက်လုံး စွဲထင်သွားတော့မှာပဲ ဖြစ်သည်။
ဝှစ် ဝှစ်..
အတော်နီးသည့် လူပေါင်းများစွာက နောက်ဆုံးတွင် တုံ့ပြန်ပြီး ကြောက်လန့်တကြား ထွက်ပြေးကြ၏။ မဟုတ်လျှင် သူတို့ နတ်ဘုရားဒိုင်းများလည်း ပြိုကွဲသွားလိမ့်မည်။ အားလုံး၏အကြည့်က ကျန်းရီကို တမလွန်လောက၏ မိစ္ဆာတစ်ကောင်အား မြင်တွေ့သည့်ပမာ ကြောက်လန့်တကြား ကြည့်နေကြသည်။ သူတို့က သူ့ကို ရင်ဆိုင်ဖို့ ရည်ရွယ်ချက် မထားရှိရဲတော့ပေ။
ကျန်းရီ၏ ခန္ဓာကိုယ်က ဖြတ်ခနဲ လှုပ်ရှားသွားလျက် လေထဲရှိ မိုးကြိုးမီးအားလုံးကို သိမ်းလိုက်သည်။ သူက ပုဟယ်၏ စစ်ပုဆိန်နှင့် ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို သိမ်းလိုက်လေ၏။ ပြီးနောက် သူက လက်တစ်ချက်အဝေ့ဖြင့် ကောင်းကင်ဧကရီနန်းတော်ထဲသို့ ပျံသန်းသွားကာ စကားတစ်ခွန်း ချန်ခဲ့၏။
“သူတို့အားလုံးကိုသတ် ဘယ်သူ့ကိုမှ အသက်ရှင်လျက် ချန်မထားနဲ့ နျိုတုန် စစ်မြေပြင်ကို ရှင်းလိုက်.. ရန်တုံ ငါ့ကိုယ်စား အစ်မကြီးဆည်းလည်းကို ကျေးဇူးတင်စကား ပြောပေး”
ပုဟယ်ဘက်ခြမ်းမှ လူဆယ်ယောက်သာ ကျန်တော့သည်။ ကျန်းရီသည် ရလဒ်က သိသာနေပြီဖြစ်သောကြောင့် ကျန်ရှိသည့် တိုက်ပွဲထဲ ဆက်လက် ဝင်မပါတော့ပေ။
ခေါင်းဆောင်က တတ်နိုင်သမျှ လျှို့ဝှက်ဆန်းကျယ်နေတာက ပိုကောင်းသည်။ သူက ဤတိုက်ပွဲအတွက် လိုချင်သည့် အကျိုးသက်ရောက်မှု ရခဲ့ပြီဖြစ်ကာ လက်အောက်ငယ်သားများ၏ ယုံကြည်ကိုးစားမှုကိုလည်း မြင်ခဲ့ရသည်။ သူ့အဖို့ ဤနေရာတွင် ဆက်နေသည်က ဘာထူးမည်နည်း။ ကျန်းရီက ထွက်သွား၏။ သို့မှသာ လူတိုင်းက စစ်ပွဲအကြွင်းအကျန်များကို သင့်တော်စွာ ခွဲဝေနိုင်မှာပဲ ဖြစ်သည်။ စစ်ဖြစ်ချိန်၌ အကျိုးအမြတ် ရှိရမည် မဟုတ်လျှင် နောက်တစ်ကြိမ်ကျ သူတို့ မည်ကဲ့သို့ တိုက်ခိုက်ချင်တော့မည်နည်း။
“အဖွဲ့မှုးကျန်း.. ဟုတ်ကဲ့ပါ တက်ကြဟေ့”
နျိုတုန်နှင့် ကျန်သည့်သူများက အော်ဟစ်လိုက်ပြီး သူ့လူများနှင့်အတူ တစ်ဟုန်ထိုး ထွက်လာလျက် သူတို့က အစီအစဉ်မကျ သတ်ဖြတ်ကာ ကျန်ရှိသည့် ကောင်းကင်ဧကရာဇ်တစ်ဒါဇင်ခန့်ကို အမြစ်ပြတ် သုတ်သင်နေလေ၏။ ရှေးဟောင်းနတ်ဘုရားလက်စွပ်များကို သိမ်းဆည်းပြီးနောက် သူတို့ အလောင်းများအားလုံးကို မီးရှို့လိုက်ကြသည်။ စစ်ပွဲအကြွင်းအကျန်များကို သူက လက်ဝါးကြီး အုပ်ချင်သောကြောင့် မဟုတ်ပေ။ ထိုအစား ကျန်းရီ၏ စကားနောက်ရှိ အဓိပ္ပာယ်က အလွန်ရှင်းလင်းသည်။ သူတို့က ရရှိထားသည့် ပစ္စည်းများကို ညီတူမျှတူခွဲဝေရပေမည်။ သူ့အတွက်သာမက အစ်မကြီးဆည်းလည်းဘက်မှ ကောင်းကင်ဧကရာဇ်များလည်း ဝေစုရမည်။
ကောင်းကင်ဧကရာဇ်အယောက် ၄၀ကျော် ရှိ၏။ ယခင်က သူတို့သည် နဂါးဖြူကျွန်းဆွယ်၏ နယ်မြေထဲရှိ ဂုဏ်သတင်းကြီးသော တောင်ပေါ်ဓားပြအုပ်စုမှ လာသူများ ဖြစ်ကြသည်။ သူတို့၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းရှိ ကြွယ်ဝချမ်းသာမှုက အင်မတန် အထင်ကြီးဖွယ် ကောင်း၏။ နျိုတုန်က သူတို့ကို ခွဲဝေပေးခဲ့သည်။ ရန်တုံဘက်ခြမ်းမှ ကောင်းကင်ဧကရာဇ်များကလည်း ဝေစုရရှိပြီးနောက် သူတို့က မြို့သို့ ပျော်ရွှင်စွာ ပြန်သွားကြ၏။
နျိုတုန်က သူ့လူများကို ပြန်ခေါ်လာရန် နျိုဝမ်ကို ခိုင်းလိုက်ပြီးနောက် သူသည် ကောင်းကင်ဧကရီနန်းတော်ဆီသို့ ကောင်းကင်ဧကရာဇ်၇ယောက် ၈ယောက်ခန့်ကို ပြန်ခေါ်လာကာ မိုးကြိုးတောင်တန်း၌ ထားရစ်ခဲ့၏။ နျိုတုန် ထင်သည့်အတိုင်းပင် ကျန်းရီက ကျင့်ကြံရန်အတွက် ဧကရီနန်းတော်ထဲ တန်းမဝင်သွားပေ။ ထိုအစားသူက အနီးအနား၌ ထိုင်နေလျက် နျိုတုန်ရောက်လာမှာကို စောင့်နေလေသည်။
“အဖွဲ့မှုးကျန်း ကျွန်တော် ခွဲဝေပြီးပါပြီ ရန်တုံနဲ့ တခြားသူတွေကို ၆၀ရာခိုင်နှုန်းပေးလိုက်ပါတယ်”
နျိုတုန်သည် ကောင်းကင်ဧကရာဇ် ၇ယောက် ၈ယောက်ခန့်ကို ဘေးတွင် စောင့်ခိုင်းထားပြီးနောက် သတင်းလာပို့၏။ ကျန်းရီက ခေါင်းညိတ်လိုက်ကာ ထိုအကြောင်းအရာကို မပြောတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်တော့၏။
“နျိုတုန် မင်း ပြန်ရောက်တဲ့အခါ အဖွဲ့မှူးချန်နဲ့ သခင်မလေးဖုန်းကို ပြောပေး ငါ့ခွန်အားတွေ ချဲ့ထွင်ဖို့အတွက် လက်အောက်ငယ်သားတွေ စုဆောင်းဖို့ စိတ်ဝင်စားနေတယ်လို့ သူတို့ အမြင်ကို သိချင်တယ်”
“ဟုတ်ပါပြီ”
နျိုတုန်၏ မျက်ဝန်းတစ်စုံက တောက်ပသွားသည်။ ယခင်က ကျန်းရီသည် သိုသိုသိပ်သိပ် နေလိုပြီး သူက လက်အောက်ငယ်သားများစွာ မခေါ်ချင်ပေ။ နျိုတုန်က သူ့ကို ခေါ်ရန် ဖြောင်းဖြချင်ခဲ့၏။ ယခု ကျန်းရီကိုယ်တိုင် ပြောနေသောကြောင့် သူ စိတ်လှုပ်ရှားသွားတာ သဘာဝကျသည်။ လူပိုများလေလေ သူက လွှမ်းမိုးနိုင်စွမ်း ပိုရှိလာလေလေ ဖြစ်သည်။
နျိုတုန်ထွက်သွားပြီးနောက် ကျန်းရီက ဧကရီနန်းတော်ထဲသို့ မသွားပေ။ သူက ကျောက်တုံးပေါ်၌ ထိုင်နေလျက် စတင်စဉ်းစားနေတော့၏။ ဤတိုက်ပွဲပြီးနောက် ပြဿနာတစ်ရပ်ကို ရှာတွေ့သွားသည်။ အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများသည် သူနှင့် ပူးပေါင်းရန်အတွက် သူတို့စိတ်နှလုံးကို ဘယ်တော့မှ မဖွင့်ခဲ့ကြချေ။ သူက အဖွဲ့မှုးချန်နှင့် ကျန်သည့်သူများကို များများစားစား ဖြေရှင်းလိုစိတ်လည်း မရှိ။ ဤအတိုင်း ဆိုသောကြောင့် သူ့အဖို့ သိုသိုသိပ်သိပ်နေရန် သို့မဟုတ် ထိပ်တိုက်တွေ့မှာကို ရှောင်ရှားရန် မလိုအပ်တော့ချေ။ သူက မြို့အတွင်း သူ့ကိုယ်သူ တည်ဆောက်ပြီးဖြစ်ရာ အစ်မကြီးဆည်းလည်းက သူ့ကို ပံ့ပိုးပေးနေ၏။ ဤတိုက်ပွဲပြီးနောက် လွှမ်းမိုးမှုက ပိုတောင် ကြီးမားလာလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အဖို့ မည်သည်ကို ကြောက်ရတော့မည်နည်း။
ယခုအချိန်၌ မြို့ထဲ၌ လူသစ်များစွာ ရှိလာ၏။ သူက သူတို့ကို မစုဆောင်းလျှင် အဖွဲ့မှုးလန်က အားလုံးကို ခေါ်သွားလိမ့်မည်။ အချိန်ကျလာသည့်အခါ သူတို့၏ လွှမ်းမိုးမှုက ပိုကြီးလာရုံသာ ရှိလိမ့်မည်။ သူတို့ကို အပြည့်အဝ မဖိနှိပ်နိုင်လျှင် လှည့်ကွက်များစွာ ဖြစ်လာနိုင်ပြီး နောင်ကျ သူ ရင်ဆိုင်နေရနိုင်၏။
သူက ပါ့တောက်၊ အဖွဲ့မှုးလုံ၊ အစ်ကိုကြီးဟုန်နှင့် ကျန်သည့်သူများကို သတ်ဖြတ်ခဲ့ပြီးနောက် အစ်မကြီးဆည်းလည်းသည် အစ်ကိုကြီးဟုန်၏ လူများကို မခေါ်ရန် သူ့အား ပြောခဲ့၏။ သူက အလွန်နာခံပြီး ဆင်ခြင်တုံတရားရှိခဲ့သည်။ သို့သော် အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများကမူ အမှောင်ထဲတွင် ပရမ်းပတာ ဖြစ်စေချင်နေသောကြောင့် ကျန်သည့် ခွန်အားကို အသုံးပြုပြီး တိုက်ခိုက်နေသေးဆဲဖြစ်သည်။
ယခုအချိန်တွင် သူက ဤနေရာသို့ ရောက်ကာစဖြစ်ပြီး သူ့လူများကလည်း သူတို့ကိုယ်သူတို့ သူ့အတွက် အပြည့်အဝ မနှစ်မြှုပ်ထားသေးပေ။ အခြေအနေကို မသိသည့်သူများစွာ ရှိ၏။ သူက လုမျိုးနွယ်စုဝင်များဆီမှ အသိအမှတ်ပြုမှုကို မရထားပေ။ သို့သော်ငြား ယခုမူ မတူတော့ချေ။ သူက မြို့အရှင်၏ အသိအမှတ်ပြုမှုကို ရထားပြီး လုမျိုးနွယ်စု တပ်မှူးများကလည်း သူ့ဘက်တွင် ရှိနေလေ၏။ သူ့လွှမ်းမိုးမှုကို ချဲ့ထွင်ရန် အချိန်ရောက်လာပြီဖြစ်သည်။
ရှန်းစီမျိုးနွယ်အတွင်း ဥပဒေ သို့မဟုတ် အမှန်တရားမရှိ သန်မာသူက သာလွန်သည်ကိုသာ ယုံကြည်ကြသည်။ လူတစ်ယောက်က ပိုသန်မာလေ ကျန်သည့်သူများက ကျန်သည့်သူကို ပိုကိုးကွယ်လေ ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် မျက်ကွယ်ပြု သည်းခံထားကာ ဆက်လက်မျက်နှာသာပေးဖို့ ကြိုးစားနေခဲ့လျှင် ကျန်သည့်သူများက ထိုလူကို အမြတ်ထုတ်သွားပေလိမ့်မည်။
နှစ်နာရီ ကျော်သွားပြီးနောက် နျိုတုန်သည် ပြန်ရောက်လာပြီး သူနှင့် ကွဲလွဲသည့် အမြင်နှစ်ခုကို ယူလာသည်။ ချန်ဝမ်ကွမ်းက ချဲ့ထွင်ရန် ပြောပြီး သူတို့ စုဆောင်းနိုင်သည့် သိုင်းပညာရှင်များအားလုံးကို ခေါ်ယူရန် ပြောခဲ့၏။ ထို့အပြင် သူက နျိုတုန်နှင့် ရန်တုံကို နောက်ထပ် အဖွဲ့မှုးနှစ်ယောက်အဖြစ် အဆင့်တိုးမြှင့်ပေးရန် ပြောခဲ့၏။ ပြီးနောက် သူတို့က ကောင်းကင်မိုးကြိုးမြို့ကို အုပ်စိုးရန်အတွက် အစ်မကြီးဆည်းလည်းနှင့် ပူးပေါင်းနိုင်၏။ ဖုန်းလန်က ပိုပြီး နှိုင်းချင့်တတ်သည်။ သူမက ကောင်းကင်ဧကရာဇ်သိုင်းပညာရှင်များ စုဆောင်းတာကို လျော့ရန် အကြံပြုပြီး လွှမ်းမိုးမှုကို တိုးချဲ့ရန် ပြောခဲ့၏။ ဤနည်းဖြင့် ယင်းက လွန်ကျူးရာ မရောက်တော့ဘဲ အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများ၏ တုံ့ပြန်မှုကလည်း သိပ်ကြီးမားမှာ မဟုတ်ပေ။ လုမျိုးနွယ်စု၏ တပ်မှုးများကလည်း ငြင်းပယ်မှာမဟုတ်။ ဆိုရလျှင် အဖွဲ့မှုးလန်နှင့် လုမျိုးနွယ်စု၏ တပ်မှုးများက တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ အပြန်အလှန် ဆက်ဆံရေး ရှိလာပြီးသားဖြစ်၏။ သူတို့၏ ရင်းနှီးမှုက အနည်းနှင့်အများ တိုးတက်နေမှာပဲ ဖြစ်သည်။
“အဖွဲ့မှုးကျန်း ကျုပ်တို့ ဘာလုပ်သင့်လဲ”
နျိုတုန်၏ မျက်လုံးထဲ၌ ဇဝေဇဝါ ဖြစ်မှုများ ပြည့်နေ၏။ သူ အဖွဲ့မှုး ဖြစ်လာနိုင်လျှင် အကောင်းဆုံးဖြစ်မည်။ သူသည် ရုပ်သေးအဖွဲ့မှုးတစ်ဦးသာ ဖြစ်မည်မှန်း သိသနေသော်ငြား သူက အဖွဲ့မှုးတစ်ယောက် ဖြစ်နေသေးသည် မဟုတ်ပါလော။ သို့သော် ဤကိစ္စကို သင့်တော်စွာ မဖြေရှင်းခဲ့လျှင် လူပေါင်းများစွာက သေကြေပျက်စီးလိမ့်မည်မှန်း သိနေသည်။
ကျန်းရီက တိတ်ဆိတ်သွားတော့၏။ သူက တစ်နာရီကြာ စဉ်းစားနေပြီး ရုတ်တရက် သူက မတ်တပ်ထရပ်ပြီး ဧကရီနန်းတော်ကို ရုပ်သိမ်းကာ ကောင်းကင်ထဲသို့ ပျံတက်သွားလျက် ကောင်းကင်မိုးကြိုးမြို့ရှိရာဆီသို့ ပျံသန်းသွားပြီး အေးစက်စက် အော်ပြောလိုက်၏။
“သွားကြမယ် မြို့ကို အရင်ပြန်ကြမယ်”
“ဟုတ်ကဲ့..”
နျိုတုန်က သူ့လူများကို ခေါ်လာပြီး ကောင်းကင်ထဲသို့ ပျံတက်သွား၏။ သူတို့ မျက်လုံးထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နေလေသည်။ ကျန်းရီက သိုသိုသိပ်သိပ် နေခဲ့တာ တစ်လကျော်သွားပြီဖြစ်၏။ သူက မြို့အပြင်၌ သည်းခံခဲ့သည်။ မြို့အတွင်းရှိလူများက သူမည်မျှ နိုင်လိုမင်းထက်နိုင်ပြီး ရက်စက်သည်ကို မေ့လျော့နေဟန်တူသည်။ သူပြန်ရောက်လာသည်နှင့် အစွယ်ကို ထပ်မံ ထုတ်ပြရမည့်ပုံပေါ်သည်။ သူက ပြဿနာရှာရဲသည့် သူများအားလုံးကို နာကျင်သည့် အကျိုးဆက် ခံစားရစေချင်သည်။
တစ်နာရီ မပြည့်မီ၌ ကျန်းရီသည် ကောင်းကင်မိုးကြိုးမြို့သို့ ပြန်ရောက်သွား၏။ သူက ကိုယ်ပိုင်ခြံဝန်းထဲသို့ တန်းပြန်သွားသည်။ ချန်ဝမ်ကွမ်း ဖုန်းလန်နှင့် တစ်နာရီကြာ ဆွေးနွေးပြီးနောက် သူက အစ်မကြီးဆည်းလည်း၏ ခြံဝန်းထဲသို့ တစ်ယောက်တည်း သွားလိုက်၏။ ယခုအခေါက်တွင် တစ်နာရီသာ ကုန်ဆုံးသွားခဲ့၏။
သူ တစ်ယောက်တည်း ထွက်မလာပေ။ ထိုအစား အစ်မကြီးဆည်းလည်းက လိုက်ပါလာ၏။ နှစ်ယောက်သားသည် မြို့အရှင်အိမ်တော်သို့ သွားပြီး မြို့အရှင်နှင့် တွေ့ဆုံကြသည်။ သူတို့က တစ်နာရီခန့် စကားပြောခဲ့၏။ ပြီးနောက် နှစ်ယောက်သားက မြို့အတွင်းရှိ တပ်မှူး၁၀ယောက်ဆီသို့ သွားရောက်လည်ပတ်ခဲ့သည်။ တပ်မှူးများဆီ လည်ပတ်ပြီးနောက် ကျန်းရီက နျိုတုန်ကို ဖိတ်စာကိုင်ခိုင်းပြီး ကျန်သည့် အဖွဲ့မှူးများကို ဖိတ်ခိုင်းလိုက်၏။ ခေါင်းဆောင်အသစ် သုံးယောက်လည်း ရှိသည်။ ပုဟယ်ကို ကျန်းရီက သတ်ပြီးဖြစ်သော်ငြား မြို့တွင်း၌ နောက်လိုက် တစ်သောင်းနီးပါး ရှိနေသေးပြီး သူတို့ထံ၌ ကောင်းကင်ဧကရာဇ်များစွာ ရှိနေသည်။
ဖိတ်စာထဲ၌ စကားလုံး အချို့သာ ရေးထားသည်။ အထဲ၌ စာကြောင်းတစ်ကြောင်းသာ ပါ၏။ ည၇နာရီကနေ ၉နာရီအတွင်းမှာ သူတို့က ပန်းပွင့်တစ်ရာမျှော်စင်မှာ စားသောက်ပွဲကျင်းပမယ်။ မလာတဲ့သူတွေက နောက်ဆက်တွဲကို ခံစားရမယ်။
...