အခြေအနေများ၏ မြန်ဆန်သော ပြောင်းလဲမှု
Vol. 51 Ch. 703
“မဲပေးဖို့လား”
ကျန်းရီက မမေးမြန်းခင် နျိုတုန်ကို တစ်ချက်ကြည့်လိုက်၏။
“အရင်တုန်းက ဒီလိုစည်းမျဉ်းမျိုး ရှိလား”
နျိုတုန်က ခါးသက်စွာပြောလျက် ခေါင်းညိတ်လိုက်လေ၏။
“ရှိပါတယ်။ အတိတ်တုန်းက ဒီလိုစည်းမျဉ်းမျိုး ရှိတယ်။ ဆက်ခံသူတစ်ယောက်က အဖွဲ့မှူးနေရာကို ဆက်ခံချိန်တိုင်းမှာ သူ့အတွက် ကျန်တဲ့အဖွဲ့မှူးတွေက မဲပေးဖို့လိုအပ်တယ်။ ထောက်ခံတဲ့မဲက ကန့်ကွက်တဲ့မဲကို ကျော်မှပဲ အဆင့်တက်နိုင်မှာ”
“သောက်ခွပဲ”
ကျန်းရီက မျက်ခုံးပင့်လျက် သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ပြင်းထန်စွာ ဆောင့်ချလိုက်၏။ သူက အေးစက်စက် ပြောလိုက်သည်။
“ကျုပ်ရာထူး တက်တဲ့အချိန်တုန်းက မဲပေးတာမရှိဘူးမလား။ လူတိုင်းက မဲပေးဖို့ ဆန္ဒရှိတာလား။ ဒီတော့မှကျုပ်က ရာထူးတက်မှာလား”
“ဟမ်”
အဖွဲ့မှူးရင်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွား၏။ သူ၏မျက်လုံးထဲ၌ ဒေါသအရိပ်အယောင် ပေါ်လာကာ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ မင်းက အဖွဲ့မှူးသုံးယောက်ကို သတ်ခဲ့ပြီး အဖွဲ့မှူးလန်ကို မင်းရဲ့ခွန်အားနဲ့ ဖိနှိပ်ခဲ့တာလေ။ မဲပေးဖို့တောင်မှ လိုသေးလို့လား။ မင်းရဲ့အကျင့်စရိုက်ကို အကဲဖြတ်ကြည့်ရင် မင်းကိုဆန့်ကျင်ရဲတဲ့လူ ဘယ်သူမဆို မင်းကအဲ့ဒီလူကို သင်ခန်းစာတစ်ခုပေးမှာ သေချာတယ်လေ။
ကျန်သည့်အဖွဲ့မှူးများကလည်း ရင်ထဲတွင် ကျိန်ဆဲနေကြ၏။ သို့သော် မည်သူကမှ စကားမပြောဘဲ အဖွဲ့မှူးရင်ကိုသာ ကြည့်လိုက်ကြ၏။ နောက်ကွယ်ရှိ ရည်ရွယ်ချက်က အလွန်သိသာနေ၏။ မဲပေးဖို့အကြံပြုတာက မင်းဆိုတော့ မင်းပဲနောက်ထပ်ဆက်သွားရမှာပေါ့။ ဟုတ်တယ်ဟုတ်။
“သေစမ်း”
အဖွဲ့မှူးရင်သည် လူတိုင်းသူ့ကို စိုက်ကြည့်နေတာကို မြင်လိုက်သည့်အချိန်၌ သွေးအန်ချင်လောက်သည်အထိ စိတ်ဓာတ်ကျသွားတော့သည်။ သူက အံ့ကြိတ်ပြီး ပြောလိုက်ရတော့၏။
“အဖွဲ့မှူးကျန်း မင်းက ပါ့တောက်၊ အဖွဲ့မှူးလုံ၊ အစ်ကိုကြီးဟုန်နဲ့ တခြားလူတွေကို သတ်ခဲ့တာ။ မင်းရဲ့ခွန်အားကို သက်သေပြပြီးသားပဲ။ ဒါ့အပြင် နျိုတုန်နဲ့ ကျန်တဲ့လူတွေကလည်း မင်းဘက်မှာ ရှိနေတယ်။ လူတိုင်း မဲပေးဖို့အတွက် မလိုအပ်တော့တာ သဘာဝကျတယ်လေ။ ရန်တုံက အရည်အချင်းရှိတယ်ဆိုပေမဲ့ အရင်တုန်းက ဘယ်အဖွဲ့မှူးနဲ့မှ မတိုက်ခိုက်ခဲ့ဖူးဘူး။ တခြားအဖွဲ့မှူးတွေထက် ပိုသန်မာလားဆိုတာ မပြောနဲ့အုံး။ ဒါပေမဲ့ အနည်းဆုံးတော့ လူတိုင်းက စိတ်ရောကိုယ်ပါ လက်ခံဖို့ လိုတယ်မလား”
“ဟမ်”
ရန်တုံ၏ အသားအရောင်က ပြောင်းလဲသွား၏။ အဖွဲ့မှူးရင်က သူတို့ခွန်အားသည် သူတို့ကို အနိုင်ယူရန် မလုံလောက်ဟုပြောရန် ကြိုးစားနေတာ သိသာ၏။ သို့သော် ရန်တုံသည် ကောင်းကင်ဧကရာဇ်နယ်ပယ် အလယ်အဆင့်တွင်သာ ရှိသေး၏။ သူနှင့်ကျန်သည့်အဖွဲ့မှူးများကြား ကွာဟချက်အချို့ အမှန်တကယ်ရှိသည်။ သူကတစ်ယောက်ချင်း တိုက်ခိုက်လျှင်တောင် သူရှုံးမှာသေချာ၏။
ကျန်းရီက လက်ဝှေ့ယမ်းက ရန်တုံကို ဘေးထွက်ရပ်နေရန် အချက်ပြလိုက်၏။ သူက မသိလိုက်မသိဘာသာ ပြုံးလိုက်တော့၏။
“ကောင်းတယ် အဖွဲ့မှူးရန်ရဲ့ အကြံပြုချက်ကို လိုက်နာရုံပေါ့။ မဲပေးပြီးဆုံးဖြတ်မယ်။ လူတိုင်း လက်ခံမယ်၊ ကန့်ကွက်မယ် ဒါမှမဟုတ် လက်လွှတ်ခံမယ်။ ငါကပထမဆုံး မဲပေးမယ်။ ရန်တုံ အဆင့်တက်မှာကို ထောက်ခံပေးတဲ့ မင်းကရော”
အစ်ကိုကြီးတုံက ကျန်းရီခေါ်ထုတ်တာ ခံလိုက်ရ၏။ လူတိုင်းက သူ့ကိုကြည့်လာတာကို မြင်တွေ့သည့်အချိန်၌ သူ၏မျက်နှာကြွက်သားများ ရှုံ့မဲ့ကုန်သည်။ အတော်ကြာပြီးမှ သူကပြန်ပြောလိုက်၏။
“ထောက်လည်းမထောက်ခံဘူး။ ငြင်းလည်းမငြင်းပယ်ဘူး။ ကျုပ်ရဲ့မဲကို လက်လျှော့ဖို့ ရွေးချယ်တယ်”
“ဟုတ်ပြီ”
ကျန်းရီက ရယ်မောလိုက်လေ၏။
“အစ်ကိုကြီးတုံက လူကောင်းတစ်ယောက်ပဲ။ နောက်မှ ကျွန်တော်တို့ တစ်ခွက်လောက် သောက်ကြတာပေါ့။ အစ်ကိုကြီးဟူကရော ဘယ်လိုလဲ”
ဝှစ် ဝှစ် ဝှစ်
အကြည့်အားလုံးက ပြုံးနေသောကျားဆီ ရောက်သွားပြီး သူက မပြုံးနိုင်တော့ချေ။ အထူးသဖြင့် ကျန်းရီ၏ အေးစက်သော မျက်လုံးများအတွက်ဖြစ်သည်။ ယင်းက သူ့ကိုအင်မတန် ဖိအားဖြစ်စေ၏။ သူကအံ့ကြိတ်ကာ ပြောလိုက်တော့သည်။
“ကျုပ်လည်းလက်လျှော့မယ်”
ကျန်းရီသည် ဆုံးဖြတ်ချက်တစ်ခုချရန် ပထမဆုံး လူရွေးချယ်ခဲ့တာ အတော်လေး ကောင်းမွန်လှပေ၏။ အစ်ကိုကြီးတုန်က သဲသဲကွဲကွဲမပြော။ သူက စစ်ပွဲများကို မနှစ်သက်ပေ။ သူ၏စိတ်က အဖွဲ့မှူးလန်ဘက်ခြမ်းတွင် ရှိနေလျှင်တောင် ဤအခြေအနေ၌ ကျန်းရီနှင့် အစ်မကြီးဆည်းလည်းကို ရန်မစရဲသေးပေ။ ပြုံးနေသောကျားအတွက်မူ သူကမျက်နှာနှစ်ဖက်ဖြင့် လူဖြစ်သောကြောင့် လူအများရှေ့၌ မည်သူ့ကိုမှ ဘယ်တော့မှ ရန်စမှာမဟုတ်ပေ။
ထျန်း
ယနေ့တွင် ပန်းပွင့်တစ်ရာ မျှော်စင်ဆီသို့ လူပေါင်းများစွာ လာရောက်လည်ပတ်ကြပြီး အဖွဲ့မှူးများ အားလုံး၏ လက်အောက်ငယ်သားများ ရောက်လာ၏။ နှစ်ဖက်လုံးက သူတို့၏မဲများကို ပယ်ဖျက်လိုက်သောအခါ မရေမတွက်နိုင်သည့် လူပေါင်းများစွာထံမှ ရုတ်ရုတ်သဲသဲဖြစ်မှုကို ချက်ချင်း ရရှိတော့သည်။ စုစုပေါင်း အဖွဲ့မှူးရှစ်ယောက်ရှိ၏။ သူတို့ထဲမှ နှစ်ယောက်က မဲကိုပယ်ဖျက်လေရာ ကျန်သည့်သူများကပါ မပယ်ဖျက်နိုင်လောက်ပေ မဟုတ်ပါလော။
ပတ်ဝန်းကျင်ရှိ ကြွက်ကြွက်ဆူညံသံများကို ကြားသောအခါ ကျန်းရီ၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ် ဖြတ်ခနဲပေါ်လာ၏။ ရုတ်တရက်သူက စားပွဲကို ရိုက်ချကာ အော်ပြောလိုက်သည်။
“ဘာတွေဆူနေကြတာလဲ။ ဘယ်သူ ဆက်ဆူနေမှာလဲ... အခုထွက်သွား”
“... ”
ချက်ချင်းပင် အားလုံးက အင်မတန် တိတ်ဆိတ်သွားတော့၏။ ကျန်းရီက သတ်ဖြတ်ခြင်းနတ်ဘုရား ဖြစ်နေသောကြောင့် သူ့၌ ရက်စက်ခြင်းဂုဏ်သတင်း ရှိနေသည်။
အဖွဲ့မှူးလန်က အခြေအနေက အတော်လေး လွဲချော်နေတာကို တွေ့လိုက်ရ၏။ ကျန်းရီက အားလုံးကို ဆက်လက်ဖိနှိပ်နေခဲ့လျှင် သူတို့အားလုံးက မဲများကို ပယ်ဖျက်လိမ့်မည်။ သူက ချောင်းဟန့်ပြီးနောက် ပြောလိုက်၏။
“ငါကန့်ကွက်တယ်”
သူပြောပြီးသည်နှင့် အဖွဲ့မှူးရင်၊ အဖွဲ့မှူးဟေး၊ အဖွဲ့မှူးလီနှင့် ကျန်သည့်သူများကို သုန်မှုန်စွာ ကြည့်လိုက်လေ၏။ မထင်ထားဘဲ ကျန်းရီက ရယ်လိုက်သည်။
“ကောင်းတယ် သူကြိုက်တာနဲ့ မကြိုက်တာကို ရှင်းရှင်းလင်းလင်းသိတဲ့ အဖွဲ့မှူးလန်ရဲ့ အကျင့်စရိုက်ကို ငါသဘောကျတယ်။ အစ်မကြီးဆည်းလည်းက အဖွဲ့မှူးလန်အပြင် အခြားဘယ်သူ့ကိုမှ မလေးစားတဲ့အကြောင်း သဘောမကျတဲ့အကြောင်း ငါ့ကိုမကြာခဏ ပြောဖူးတယ်။ ဟုတ်ပြီ နောက်တစ်ယောက် အဖွဲ့မှူးလီ မင်းကရော”
ဝှစ် ဝှစ် ဝှစ်
အဖွဲ့မှူးများ၏ အသားအရောင်က ပြောင်းလဲကုန်၏။ အဖွဲ့မှူးလန်၏ အကြည့်ကလည်း ကြောက်လန့်ရိပ် ပေါ်လာလေ၏။ ကျန်းရီ၏ စကားအတွင်း ပါဝင်နေသော ရက်စက်မှုက ပြင်းထန်လွန်း၏။ အစ်မကြီးဆည်းလည်းက အဖွဲ့မှူးလန်ကို လေးစားသတဲ့လား။ အစ်မကြီးဆည်းလည်းက အဖွဲ့မှူးလန်ကို စကားလာပြောဖို့ ပြင်ဆင်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။
အဖွဲ့မှူးလီက မျက်တောင်အနည်းငယ် ခတ်ပြီးနောက် အသက်ရှုသွင်းကာ လေးလံစွာ ပြောလိုက်၏။
“ငါလည်းပဲ ငါ့ရဲ့မဲကို ပယ်ဖျက်တယ်”
ကျန်းရီက ခေါင်းအနည်းငယ် ညိတ်လိုက်၏။ သူကထိုအကြောင်းပြချက်ကို အင်မတန် စိတ်ကျေနပ်နေကြောင်း ပြသလိုက်သည်။ သူက အဖွဲ့မှူးဟေးကို ကြည့်လိုက်သောအခါ အဖွဲ့မှူးဟေးက ကျန်းရီပြောတာကို မစောင့်တော့ဘဲ ပြန်ပြောလိုက်လေ၏။
“ငါပယ်ဖျက်တယ်”
“ဟား ဟား ဟား”
အဖွဲ့မှူးဟေးပြောတာ မပြီးသေးခင် ရယ်သံက အပြင်ဘက်ကနေ ကြားနေရသည်။ အဖြူရောင် တိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားသည့် တပ်မှူးက စစ်သည်များစွာကို ဦးဆောင်လျက် တပြေးထဲ လျှောက်လာလေ၏။ သူတို့တောင် ရောက်မလာသေးခင် ရယ်မောပြီး ပြောလိုက်တော့၏။
“အဖွဲ့မှူးလန် ဒီမှာသောက်နေကြတာလား။ မင်းက ငါ့အစီအစဉ်တွေကို ဖျက်ဆီးနေတာပဲ။ ငါကမင်းကို တစ်ညနှစ်ညလောက် အရက်သောက်ဖို့ ဖိတ်မလို့လေ။ မင်းသဘောမတွေ့စရာ ကောင်းလွန်းနေတာ မဟုတ်ဘူးလား”
လုတိ
ကောင်းကင်မိုးကြိုးမြို့ထဲရှိ ထိပ်တန်းတပ်မှူးဆယ်ယောက်ထဲမှ တစ်ယောက် လုမျိုးနွယ်စုထဲမှ တစ်စုံတစ်ယောက်ဖြစ်သည်။ လူတိုင်း၏ အသားအရောင်က ပြောင်းလဲသွား၏။ ကျန်းရီနှင့် ရန်တုံက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးထဲ၌ အံ့သြမှုများ ပြည့်သွားတော့သည်။ လုမျိုးနွယ်စုရဲ့ တပ်မှူးက ပြောင်ပြောင်တင်းတင်း တကယ်ကြီး ပေါ်လာတယ်လား။ ဒါ့အပြင် သူက အဖွဲ့မှူးလန်ကို ထောက်ခံဖို့အတွက် ဒီနေရာကို ရောက်နေတာ ရှင်းနေတာပဲ။
ယခင်က ကျန်းရီသည် လုတိထံတစ်ခေါက် သွားရောက်လည်ပတ်ဖူးသည်။ သို့သော် သူက ကျန်းရီ၏ လက်ဆောင်များကိုသာ လက်ခံခဲ့ပြီး စကားအချို့သာ ပြန်ပြောခဲ့သည်။ သူ၏သဘောထားကို မပြသခဲ့။ ကျန်းရီက သူကမျှမျှတတမနေလျှင်တောင် အလွန်ဆုံးမှ မရေရာသော သတင်းစကားအချို့သာ ပို့လိမ့်မည်ဟု ထင်ခဲ့၏။ မထင်ထားဘဲသူက အဖွဲ့မှူးလန်ကို ပြောင်ပြောင်တင်းတင်း ပံ့ပိုးပေးတော့မည်လော။
ရုတ်တရက် အဖွဲ့မှူးလန်က တောက်ပစွာ ပြုံးလိုက်၏။ သူကရွှင်ပျစွာ ထရပ်ပြီး ပြန်ပြောလိုက်သည်။
“အစ်ကိုကြီးတိ ဒါကကျွန်တော်အမှားပါ။ ပြီးမှ တောင်းပန်ဖို့အတွက် ကျွန်တော်သေချာပေါက် လာလည်ပါ့မယ်။ နှစ်တစ်ရာ သက်တမ်းရှိတဲ့သေရည် ရှိသေးတယ်။ ပြီးမှသောက်ကြတာပေါ့ ဘယ်လိုလဲ”
“ဟား ဟား ဟား”
လုတိက ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏အကြည့်က လူတိုင်းဆီကို သိမ်းကြုံးသွားသည်။
“အမ် ဒီမှာအားလုံး ရှိနေတာပဲ။ မင်းတို့တွေ ကိစ္စတစ်ချို့ ဆွေးနွေးနေတဲ့ပုံပဲ။ ဒါဆိုမင်းတို့အားလုံး ဆက်ဆွေးနွေးလို့ရတယ်။ ငါကဖြတ်သွားရုံပဲ။ အဖွဲ့မှူးလန် ပြီးရင်မင်းရဲ့ သက်တမ်းရင့်သေရည်ကို သတိရအုံးနော်”
လုတိက လှည့်ထွက်သွားပြီး သူနှင့်အတူ သူ့လူများကို ခေါ်သွားလေ၏။ အဖွဲ့မှူးဟေး၏ မျက်လုံးထဲ၌ ရောင်ခြည်များ ဖြာထွက်နေကာ သူက အံ့ကြိတ်လျက် စကားတစ်ဝက်ကို ဖိပြောလိုက်၏။
“ကျုပ်ကန့်ကွက်တယ် ရန်တုံ ရာထူးတက်တာကို ကန့်ကွက်တယ်”
အစ်မကြီးဆည်းလည်းက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် သူလုတိဟူသည် မည်သူနည်း။
သူက မြို့တွင်းရှိ ထိပ်တန်းတပ်မှူး ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ယခုသူက ရပ်တည်သည့်နေရာကို ပြောင်ပြောင်တင်းတင်း ကြေညာနေပြီဖြစ်ရာ အဖွဲ့မှူးဟေးက မသေချင်လျှင် အဖွဲ့မှူးလန်ကို ထောက်ပံ့ရုံသာတက်နိုင်၏။ လုမျိုးနွယ်စုသည် နဂါးဖြူကျွန်းဆွယ်၌ အကြွင်းမဲ့အုပ်စိုးသူဖြစ်၏။ သူတို့က လူတိုင်း၏ သေခြင်းရှင်ခြင်းကို အလွယ်တကူ ဆုံးဖြတ်ပေးနိုင်သည်။ အစ်မကြီးဆည်းလည်း မည်မျှသန်မာစေကာမူ သူမက အစေခံကျွန်တစ်ယောက် အဖြစ်သာ ရှိသေး၏။ လုတိကမူ လုမျိုးနွယ်စုဝင်ဖြစ်သည်။
ကျန်းရီ၊ ရန်တုံနှင့် နျိုတုန်၏ရင်ထဲ မှုန်မှိုင်းသွားလေပြီး သူတို့က သက်ပြင်းချလိုက်၏။ ယခုလုတိ ပေါ်လာပြီဖြစ်သောကြောင့် မဲဆက်ပေးတာ အဓိပ္ပာယ်မရှိတော့ပေ။ ယခုအချိန်တွင် အစ်မကြီးဆည်းလည်း ပေါ်လာပြီး မဲပေးလျှင်တောင် အသုံးမဝင်တော့ချေ။ လုတိပေါ်လာချိန်၌ သူတို့ရှုံးနိမ့်သွားပြီဖြစ်၏။
အဖွဲ့မှူးရှစ်ယောက်ထဲတွင် သုံးယောက်က ပယ်မဲရွေးချယ်ခဲ့ပြီး တစ်ယောက်က သဘောတူကာ နှစ်ယောက်က ကန့်ကွက်နေ၏။ ကျန်းရှိသည့် အဖွဲ့မှူးရင်က ကန့်ကွက်ကြောင်း မဲပေးမှာ သေချာနေ၏။ ကျန်းရီက ထောက်ခံမဲပေးခဲ့သော်ငြား သူ၏စကားများကို ပြန်ရုတ်သိမ်း၍မရပေ။
ယနေ့ရှုံးနိမ့်မှုက သူတို့၏ စိတ်ခွန်အားကိုမျှသာ သက်ရောက်စေတာမဟုတ်ပေ။ သို့သော် ပုကျွင်း၊ ကျန်းထျန်းကျီ၊ မုန့်ထျန်းနှင့် ကျန်သည့်သူများနှင့် သက်ဆိုင်သူများကလည်း သူတို့သစ္စာခံမှုကို ကတိပေးကြမှာပဲဖြစ်သည်။ အားသာချက်ကို ဆုပ်ကိုင်ထားသည့်သူတိုင်း သူတို့သုံးယောက်က ထိုလူများ၏ လက်အောက်၌ ခိုလုံခွင့်သေချာပေါက် တောင်းလိမ့်မည်။ ဆိုရလျှင် သူတို့၏ လူအများစုက အသတ်ခံခဲ့ရပြီးဖြစ်၏။ သူတို့ရာထူးတက်နိုင်ချေ မရှိတော့ပေ။ သူတို့မည်သူစကား နားထောင်ရမည်ဆိုတာပဲ ကြည့်နိုင်တော့၏။
“ခွီ ခွီ”
ရုတ်တရက် အဖွဲ့မှူးလန်၏ မျက်နှာက တောက်ပလာလေ၏။ သူက မတ်တပ်ထရပ်ပြီး လူတိုင်းကို သိမ်းကြုံးကြည့်လိုက်ပြီးနောက် အဖွဲ့မှူးရင်ကို ကြည့်လိုက်တော့သည်။
“လောင်ရင် ဘယ်လိုလဲ လာလေ အဖွဲ့မှူးကျန်း ကြားပါစေ”
ဆူညံပွက်လောရိုက်နေချိန် ရန်တုံ၏လက်၌ အပြာရောင် သွေးကြောများ ထောင်ထလာပြီး သူ့လက်ထဲရှိခွက်က အပိုင်းပိုင်းအစစ ဖြစ်သွား၏။
ယခုအဖွဲ့မှူးလန်က ထိုမျှမောက်မာထောင်လွှားနေပြီး သူက အခမ်းအနားမှူးပမာ ဖြစ်နေတော့သည်။ ယင်းက ကျန်းရီကို ပြောင်ပြောင်တင်းတင်း အရှက်ခွဲနေခြင်းဖြစ်၏။ သူရာထူးတက်မှုကြောင့် ကျန်းရီ၏ ဂုဏ်သတင်းကိုလည်း ထိခိုက်စေရာ သူ့ကိုအင်မတန် ဒေါသထွက်စေ၏။
ကျန်းရီက စကားမပြောဘဲ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်သည်။ သူမည်သို့ လုပ်ရမည်မှန်း မသိတော့ပေ။ လုတိထိုမျှ အတင့်ရဲလိမ့်မည်ဟု မည်သည့်အခါကမှ မထင်ခဲ့မိပေ။ သူက ဤဖြစ်ရပ်၌ ပြောင်ပြောင်တင်းတင်း ပေါ်လာပြီး အဖွဲ့မှူးလန်အတွက် သူ၏ထောက်ခံမှုကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ သို့သော်သူက ဖြတ်ရုံသာဖြတ်သွားခဲ့ပြီး ဘာမှမလုပ်ခဲ့ပေ။ ထို့ကြောင့် မျိုးနွယ်စုစည်းမျဉ်းကို ဆန့်ကျင်သည်ဟူ၍လည်း သတ်မှတ်၍မရ။ လုမျိုးနွယ်စုက စစ်ဆေးခဲ့လျှင်တောင် သူတို့သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။
“ဟား ဟား”
အဖွဲ့မှူးရင်က ထရပ်ပြီး ကျန်းရီနှင့် ရန်တုံတို့ကို စနောက်သည့်ပုံဖြင့် ကြည့်လိုက်သည်။ သို့သော်သူက ထိုစဉ် ပါးစပ်ဟပြီး မဲပေးတော့မည့်အချိန် အပြင်ဘက်ကနေ ကြေညာသံကို ကြားလိုက်ရ၏။
“အစ်မကြီးဆည်းလည်း ရောက်လာပါပြီ”
“ဟမ်”
အဖွဲ့မှူးရင်က ပါးစပ်ဟလိုက်သည့် အချိန်တွင် ပြန်ပိတ်လိုက်တော့၏။ ထိုကဲ့သို့ အခါသမယကို မည်သည့်အခါကမှ တက်မလာဘူးသည့် အစ်မကြီးဆည်းလည်းက အမှန်တကယ် ရောက်လာသည်လော။ အဖွဲ့မှူးလန် အဖွဲ့မှူးလီနှင့် ကျန်သည့်သူများက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မျက်လုံးထဲတွင်မူ လှောင်ပြောင်ရိပ် ပေါ်လာသည်။
သူက အဖွဲ့မှူးရင်ကို မျက်လုံးဖြင့် အချက်ပြပြီးနောက် စကားတစ်ခွန်း ပို့လိုက်၏။ သူကယနေ့တွင် အစ်မကြီးဆည်းလည်းကို ရန်စရမည်ဆိုလျှင်တောင် ရန်တုံရာထူးတက်တာကို တားမြစ်ရပေမည်။ ယခုလုတိက သူ၏ရပ်တည်ချက်ကို ပြသပြီးဖြစ်၏။ အစ်မကြီးဆည်းလည်းက ကျန်သည့်သူများကို ဖိနှပ်ရန် သူမ၏လွှမ်းမိုးမှုကို အသုံးပြုသေးရဲလျှင် ယင်းကလုတိ၏မျက်နှာကို ဖြတ်ရိုက်ခြင်းဖြစ်ပေ၏။ သူမထိုမျှ အတင့်ရဲလောက်မည် မဟုတ်လောက်ပေ။ အတင့်ရဲမည်လော။
...