← Chapters

ခမ်းနားတဲ့ လောင်းကြေး

Vol. 51 Ch. 706

ခမ်းနားတဲ့ လောင်းကြေး

Vol. 51 Ch. 706

မိုးကြိုးကျောက်တုံးတွေ ရောင်းဖို့။

အမှန်တကယ်တွင် ထိုစီးပွားရေးက သမိုင်းကြောင်းတစ်ခု ရှိပြီးသားဖြစ်၏။ အမှောင်သည် အလင်းမရှိဘဲ ရှိမနေနိုင်ပေ။ လူ့အသိုင်းအဝိုင်းသည် လူသားများ မရှိဘဲ တည်ရှိနိုင်မှာ မဟုတ်ပေ။ အကျိုးအမြတ်ရှိသည့် အချိန်၌ စွန့်စားလိုစိတ်ရှိသူများ ရှိပေလိမ့်မည်။

ကောင်းကင်မိုးကြိုးမြို့ထဲ၌ လောဘမကြီးသည့် မြို့အရှင်က အနည်းငယ်သာ ရှိမည်။ သူတို့ဘာသာ မိုးကြိုးကျောက်တုံးများ မရောင်းလျှင်တောင် သူတို့၏ တပ်မှူးများက ရောင်းလိမ့်မည်။ ပြီးနောက် သူတို့က အကျိုးအမြတ်တစ်စု ရရှိမည်။ လုမျိုးနွယ်စုက တာဝန်ယူထားတာ ဖြစ်သည်။ သို့သော် လုမျိုးနွယ်စုဝင်များစွာ ရှိနေ၏။ မျိုးနွယ်၌ တင်းကျပ်သည့် မျိုးနွယ်စု စည်းမျဉ်းများ ရှိသော်ငြား ထိုကဲ့သို့ မျိုးနွယ်စုကြီးအောက်၌ တရားမဝင် အရောင်းအဝယ်က မည်ကဲ့သို့ မရှိဘဲ နေမည်နည်း။ ဆိုရလျှင် သန့်ရှင်းလွန်းလျှင် ငါးတစ်ကောင်က မနေထိုင်နိုင်ပေ။

လက်ရှိ ကောင်းကင်မိုးကြိုးမြို့အရှင်က လုဖင်းဖြစ်သည်။ အတိတ်တုန်းက မြို့အရှင်သည် မိုးကြိုးကျောက်တုံးများ ရောင်းချရန် စဉ်းစားခဲ့ဖူးသော်ငြား သင့်တော်သည့်သူ ရှာမတွေ့ခဲ့ပေ။ မိုးကြိုးကျောက်တုံးများ ရောင်းကြောင်း ထုတ်ဖော်ခံရသည်နှင့် တာဝန်ယူဆောင်ရွက်ပေးသူက ကောင်းမွန်သည့် အကျင့်စရိုက် ရှိမနေခဲ့လျှင် သူက သူမကို ထုတ်ဖော်မှာ သေချာ၏။ ထိုအချိန် ရောက်လျှင် သူမ သေမည် ဖြစ်ရုံသာမက သူမ၏မျိုးနွယ်စုသည်လည်း လုမျိုးနွယ်အတွင်း၌ လွှမ်းမိုးမှု အပြည့်အဝ ဆုံးရှုံးသွားပေလိမ့်မည်။

အစ်မကြီးဆည်းလည်းက ကောင်းမွန်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ သူမသည် လွန်ခဲ့သည့်သုံးနှစ်က မြို့သို့ ရောက်သည့် အချိန်၌ မြို့သခင်မလုဖင်းသည် သူမကို သတိပြုမိခဲ့၏။ ရည်ရွယ်ချက်ရှိရှိ ဆက်သွယ်ပြီး စုံစမ်းစစ်ဆေးပြီးနောက် လုဖင်းက ဤစီပွားရေးအကြောင်း အစ်မကြီးဆည်းလည်းအား ပြောခဲ့၏။

အစ်မကြီးဆည်းလည်း သူမကို ငြင်းမည်မှန်း မည်သူက သိမည်နည်း။ အစ်မကြီးဆည်းလည်းသည် ရုန်းကန်ရသည်ကို မနှစ်သက်ပေ။ သူမက ကောင်းကင်မိုးကြိုးမြို့ထဲ၌ နှစ်အနည်းငယ်ကြာ သီးခြားနေချင်ရုံသာ ရှိသည်။ သူမ၏ခွန်အားက ယှဉ်ပြိုင်နိုင်သည့်အဆင့်သို့ ရောက်ရှိသည်နှင့် လက်စားချေရန်အတွက် နဂါးဖြူမြို့သို့ ပြန်သွားမှာပဲ ဖြစ်သည်။

အဖွဲ့မှုးလန်က သင့်တော်သည့်သူတစ်ဦး ဖြစ်၏။ သူသည် မိုးကြိုးကျောက်တုံးများ မှောင်ခိုထုတ်ရန် လုတိနှင့် ပူးပေါင်းနိုင်သောကြောင့် ဖြစ်သည်။ ပြဿနာက အဖွဲ့မှုးလန်၌ မရှင်းလင်းသည့် နောက်ခံ ရှိနေ၏။ သူသည် နဂါးနက်ကျွန်းဆွယ်၌ ဆယ်နှစ်ကျော် အခြေချပြီးမှ ဤနေရာသို့ ရောက်လာခဲ့တာ ဖြစ်သည်။ လုတိနှင့် လုဖင်းက မျိုးရိုးမတူညီကြပေ။ ထို့ကြောင့် အဖွဲ့မှုးလန်ကို သူမ မယုံနိုင်ပေ။ ထိုအကြောင်းအရင်းကြောင့် လုတိရွေ့ပြောင်းခံရတာပဲ ဖြစ်သည်။

အဖွဲ့မှုးလီနှင့် ကျန်သည့်သူများအတွက်မူ သူတို့က လိုအပ်ချက် မပြည့်မီပေ။ သူတို့ခွန်အားက ကျွမ်းကျင်မှု မလုံလောက်ပေ။ သူတို့က ကောင်းကင်မိုးကြိုးမြို့ထဲရှိ ကျွန်များအားလုံးကို တစ်ညီတစ်ညွှတ်တည်း ဖြစ်စေရန် အရည်အချင်း မမီကြပေ။ ကျွန်များကို မစုစည်းနိုင်ပါက အချက်အလက် ပေါက်ကြားနိုင်လောက်သည်။ တစ်စုံတစ်ယောက်က သတင်းပို့ခဲ့လျှင် လုမျိုးနွယ်၏ အထက်အရာရှိများက သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။ သူတို့ စုံစမ်းစစ်ဆေးခံရသည့် အချိန်၌ အရာအားလုံး အဆုံးသတ်သွားမှာပဲ ဖြစ်သည်။

ကျန်းရီသည် အပြင်ဘက်မှ လာပြီး အပြစ်သားကျွန်းပေါ်၌ တစ်ခါမှ မနေဖူးပေ။ သူက ကောင်းကင်မိုးကြိုးမြို့ထဲရှိ ကျွန်များအားလုံးကို တစ်စုတည်း ဖြစ်စေရန် ခွန်အားလုံလောက်အောင် ကောင်းမွန်ပြီး ကောင်းမွန်သည့် အကျင့်စရိုက်ရှိသည်။ ယင်းက သူ နျိုတုန်အတွက် ရာထူးတက်အောင် မဲရွေးခဲ့ခြင်းမှ သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူက စိတ်ဓာတ်ခိုင်မာပြီး အညှာအတာကင်းမဲ့၏။ ကိစ္စရပ်များကို လျင်လျင်မြန်မြန် ဆုံးဖြတ်ချက် ပြတ်သားစွာ ဆောင်ရွက်နိုင်သည်။ သူက ကျန်သည့် အဖွဲ့မှုများ လက်အောက်တွင် အညံ့ခံမည်ထက် သေလိုက်မှာပဲ ဖြစ်သည်။ သူ အဖမ်းခံရလျှင်တောင် လုဖင်းကို ထုတ်ဖော်နိုင်ချေက နည်းပြီး အဆိုးဆုံးအခြေအနေတွင်မှ တပ်မှူးလုဖုန်းကို စတေးရုံသာ ရှိသည်။

အရေးအကြီးဆုံးအချက်က မြို့အရှင်မ လုဖင်းသည် နောက်ထပ် သုံးနှစ်ကြာပြီးနောက် နေရာပြန်ရွေ့ပြောင်းရတော့မည်။ လုမျိုးနွယ်စု၏ စည်းမျဉ်းအရ ကောင်းကင်မိုးကြိုးမြို့အရှင် ရာထူးကို ဆယ်နှစ်သာ ထိန်းထားနိုင်သည်။ လုဖင်းက ဤနေရာသို့ ရောက်နေတာ ခုနှစ်နှစ် ကြာသွားခဲ့ပြီဖြစ်၏။ သို့သော် သူမသည် မည်သည့်အကျိုးအမြတ် ကြီးကြီးမားမားမှ မရထားပေ။ ထို့ကြောင့် ကျန်းရီကို အသုံးချပြီး အစ်မကြီးဆည်းလည်း၏ ထောက်ခံချက်ဖြင့် ဤစီးပွားရေးလုပ်ငန်းကို ဆောင်ရွက်ရန် စီစဉ်နေတာပဲ ဖြစ်သည်။

မိုးကြိုးကျောက်တုံးများက အလွန်တန်ဖိုးရှိသည်။ အစွမ်းထက်သည့် တားမြစ်အစီအရင်များ တည်ဆောက်ရန် အသုံးပြုနိုင်ရုံသာမက သူတော်စင်အသုံးအဆောင်များနှင့် သာလွန်သူတော်စင် အသုံးအဆောင်များ ထုတ်လုပ်ရန်အတွက် အရေးပါသည့် ကုန်ကြမ်းများလည်း ဖြစ်သည်။ ပိုအရေးကြီးသည်က ခန္ဓာကိုယ်ကို သင့်လျော်အောင် ပြောင်းလဲပေးနိုင်သည့် စွမ်းရည် ရှိတာပဲ ဖြစ်သည်။ မိုးကြိုးကျောက်တုံးဖြင့် ပြောင်းလဲပေးခြင်း ခံထားရသော သိုင်းပညာရှင်များသည် ပိုသန်မာသည့် ရုပ်ခန္ဓာတစ်ခု ရှိလာလိမ့်မည်။

ကောင်းမွန်သည့် ပစ္စည်းဖြစ်သော်ငြား လုမျိုးနွယ်က ၎င်းကို မရောင်းချပေ။ ကိုယ်ပိုင်မျိုးနွယ်အတွက် အသုံးပြုခြင်းအပြင် သူတို့က ကျန်သည့်မျိုးနွယ်စု ၁၂စုအတွက် အရင်းအမြစ်များ အရောင်းအဝယ်လုပ်ရာတွင် အသုံးပြု၏။ ရှန်းစီမျိုးနွယ်သည် အရှေ့ပိုင်းတော်ဝင်နယ်မြေ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်၏။ သို့သော်ငြား အတင့်ရဲသည့် ကုန်သည်များကမူ ဤနေရာသို့ ရောက်လာပြီး တိတ်တဆိတ် အရောင်းအဝယ် လုပ်ရတာကို မဟန့်တားနိုင်ပေ။ အရှေ့ပိုင်းတော်ဝင်နယ်မြေ၌ ရတနာများစွာ ရှိနေပြီး တန်ကြေးမြင့်ပေ၏။ အပြစ်သားကျွန်း၏ အထူးထွက်ကုန်များသည် အရှေ့ပိုင်းတော်ဝင်နယ်မြေ၌လည်း ဈေးကောင်းကောင်း ရသည်။

ကောင်းကင်မိုးကြိုးကျွန်းသည် လုမျိုးနွယ်၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ထိုသို့တိုင် သူတို့၏ကိုယ်ပိုင်မျိုးနွယ်ကို မိုးကြိုးကျောက်တုံးများ ရယူခွင့်မပေးထားပေ။ လုမျိုးနွယ်ကသာ တိတ်တဆိတ် ထိန်းထားပြီး ၎င်းတို့ကို ရောင်းချမှာကို ကာကွယ်ရန်အတွက် ဖြစ်သည်။ အမှန်တကယ်တွင် လုမျိုးနွယ်စုများက ကောင်းကင်မိုးကြိုးမြို့ထဲ ဝင်ရောက်ခွင့်မရှိ၊ မိုးကြိုးတောင်ကြားအတွင်း သွားခွင့် မရှိပေ။ အရာအားလုံးကို ကျွန်များကသာ ဆောင်ရွက်ရသည်။ ကျွန်များက အသက်ရှင်ချင်ပြီး ကုသိုလ်မှတ်များလိုချင်လျှင် သူတို့၏ တစ်ခုတည်းသော ရွေးချယ်မှုက မိုးကြိုးကျောက်တုံးများကို လွဲပေးရန်သာ ဖြစ်ပြီး ယင်းကလည်း လုမျိုးနွယ်၏ အမြတ်အတွင်းသာ ရောက်၏။

အထက်အရာရှိများက ကာကွယ်ထားနိုင်သော်ငြား အောက်ရှိလူများ၌မူ သူတို့တွင် ကိုယ်ပိုင်နည်းလမ်းများ ရှိကြပေသည်။

ကောင်းကင်မိုးကြိုးမြို့အရှင်တိုင်းက ကျွန်များနှင့် ပူးပေါင်းပြီး မိုးကြိုးကျောက်တုံးများ ရောင်းချကာ သူတို့ကမူ အကျိုးအမြတ်၏ ဝေစုကြီးကြီးကို ရိတ်သိမ်းကြ၏။ ဤနည်းဖြင့် အထက်အရာရှိများက စုံစမ်းလျှင်တောင် ယင်းက ကျွန်များနှင့်သာ သက်ဆိုင်နေမည် ဖြစ်ပြီး တစ်ခုခု လွဲချော်သွားလျှင် သူတို့သာ တာဝန်ခံရပေမည်။

ကျန်းရီ ပြုလုပ်ရန် လိုအပ်သည်က ကောင်းကင်မိုးကြိုးမြို့တစ်ခုလုံးကို ထိန်းချုပ်ရန် ဖြစ်ပြီး မြို့ထဲ၌ သူ၏အသံတစ်သံတည်းသာ ရှိစေရန် ဖြစ်သည်။ ပြီးနောက် မိုးကြိုးကျောက်တုံးများအားလုံးကို သယ်လာရန် ကုန်သည်အဖွဲ့တစ်ခုကို သူ ဖန်တီးရမည်ဖြစ်ကာ ပြီးနောက် အပြင်လောကဆီသို့ လွဲပေးလျက် အရှေ့ပိုင်းတော်ဝင် နယ်မြေဆီမှ ကုန်သည်များနှင့် အပေးအယူ ပြုလုပ်ရမည် ဖြစ်သည်။

ကျွန်းကနေ ထွက်သွားသည့် ကျွန်များအတွက်က မည်သို့ဖြစ်မည်နည်း။ သူတို့က အရှေ့ပိုင်းတော်ဝင်နယ်မြေမှ လူများနှင့် မည်သည့်နေရာတွင် အပေးအယူ ပြုလုပ်မည်နည်း။ လမ်းတွင် လုံခြုံမည်လော။ ကုန်သည်များက အားကိုးရမည်လော။ ကျန်းရီက ထိုအကြောင်းများကို စိတ်အနှောင့်အယှက် ဖြစ်ခံစရာ မလိုပေ။ လုဖင်းသည် ထိုအရာများကို စီစဉ်ပြီးဖြစ်၏။

ဟုတ်ပေ၏။ စွန့်စားပြီး ဆောင်ရွက်ရသည့် ကိစ္စရပ်များက ထုတ်ဖော်ခံ၍ မရပေ။ လုဖင်းက သူ့ကို စွပ်စွဲမည်လော။ သူမက အပေးအယူ ပြီးနောက် သူ့ကို တိတ်တဆိတ် သတ်ဖြတ်လိုက်မည်လော။ မြို့ထဲရှိ လူတိုင်းက သူ့အကြောင်း သတင်းပို့မည်လော။ အားလုံးက ပြဿနာများ ဖြစ်နေသည်။

ကျန်းရီက လောင်းကြေးကြီးကြီးထပ်ရန် ပြင်ဆင်လိုက်လေ၏။ ဤလောင်းကြေးကို အနိုင်ရခဲ့လျှင် သူက ရှန်းစီမြို့ထဲ၌ သူ့လူများကို ခေါ်သွားနိုင်မည် ဖြစ်သည်။ လုဖင်းသည် သူ့ကိုသတ်ပြီး နှုတ်ပိတ်ချင်လျှင် မည်သို့ ဖြစ်မည်နည်း။ ရှန်းစီမြို့က သူတို့ လုမျိုးနွယ်၏ နယ်မြေ မဟုတ်ပေ။ သူက မြို့ထဲကနေ မထွက်သွားသရွေ့ အတွင်း၌သာ ကျင့်ကြံနေသရွေ့ လုဖင်းက သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။

သူ လောင်းကြေး ရှုံးခဲ့လျှင်တောင် ဆုံးရှုံးမှာ မဟုတ်ပေ။ သူ၌ ရှန်းစီမြို့ကနေ အချိန်မရွေး ထွက်ပြေးသွားနိုင်သည့် လျှို့ဝှက်ကတ် ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်း ရှိနေသေးသည်။

သူ ထုတ်ဖော်ခံရလျှင် မည်သို့ ဖြစ်မည်နည်း။ နဂါးကိုးကောင်နတ်ဘုရားချုပ်ငြိမ်းခြင်း အစီအရင်ကို သူတို့ အသက်မသွင်းခင် ကောင်းကင်ရှောင်တိမ်းခြင်းကို သူ သုံးနိုင်သ‌ရွေ့ အပြစ်သားကျွန်းကလေ လွယ်လင့်တကူ ထွက်ပြေးနိုင်လိမ့်မည်။ သူ့နောက်သို့ လိုက်ရန် နတ်ဘုရားတစ်ပါး အဆင့်နှင့် နီးကပ်သည့် ကျွမ်းကျင်သူ တစ်ယောက်ကို သူတို့ အသုံးမချနိုင်သရွေ့ သူ ပြေးနိုင်မှာပဲဖြစ်သည်။ ကျန်းရှင်းကျားများနှင့် ဖုန်းရွှမ်ကျဲများ ရှိနေလျှင်တောင် သူက သာမန်သိုင်းပညာရှင်များကို ကြောက်မှာ မဟုတ်ပေ။ အလွန်ဆုံးမှ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံပြီး ပုန်းခိုရန် နေရာ ဆက်ရှာရုံသာ ရှိသည်။

“ဆုံးဖြတ်ပြီးပြီလား”

အစ်မကြီးဆည်းလည်းက ကျန်းရီ၏ အဖြေကို ကြားသည့် အချိန်တွင် နှုတ်ခမ်းကိုက်ကာ မေးလိုက်တော့၏။

“ပြန်တွေးဖို့ လိုသေးလား။ ပြောရရင် နင်တစ်ယောက်တည်း မဟုတ်ဘူးလေ။ နင့်မှာ လူတစ်စု ရှိနေတာ။ အောင်မြင်ခဲ့မယ် ဆိုရင် အကျိုးအမြတ်တွေ ရပြီး ရှန်းစီမြို့မှာ နေထိုင်ပြီး ကျင့်ကြံနိုင်လိမ့်မယ်။ ဒါပေမဲ့ ပေါ်သွားခဲ့မယ် ဆိုရင်တော့ နောက်ဆက်တွဲက ဆိုးရွားမှာ”

“ဟီး ဟီး..”

ကျန်းရီက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

“အစ်မကြီးဆည်းလည်း ဘဝဆိုတာ အခွင့်အရေးတွေ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာ သတ္တိကြောင်နေခဲ့မယ်ဆိုရင် အခွင့်အရေးကောင်းတွေ အားလုံးကို လွဲချော်သွားလိမ့်မယ်။ သိုင်းပညာတာအိုလမ်းကြောင်းက အခက်အခဲတွေကို ကြိုဆိုတဲ့ လမ်းကြောင်း မဟုတ်ဘူးလား။ စိတ်ဆန္ဒနောက် လိုက်တာက သာမန်ပဲ ဖြစ်စေလိမ့်မယ်။ အာခံတာက သန်မာအောင် လုပ်ပေးလိမ့်မယ်။ ကျွန်တော် လုပ်စရာကိစ္စတွေ အများကြီးရှိတယ်။ ကျွန်တော် ပျင်းနေလို့ မရဘူး။ ကျွန်တော် ပိုသန်မာလာရမယ်။ အများကြီး သန်မာလာရမယ်. ဒါကြောင့် ကျွန်တော် ရှန်းစီမြို့ကို ဝင်ရမယ်”

“ဟုတ်ပြီ”

အစ်မကြီးဆည်းလည်းက ခေါင်းညိတ်ပြီးနောက် သက်ပြင်းအနည်းငယ်ချကာ ပြောလိုက်၏။

“ငါ နှစ်ဝက်အတွင်း ထွက်သွားမှာ ဒီနှစ်လအတွင်း အားလုံး ပြင်ဆင်နိုင်အောင် မင်းကို ကူညီပေးမယ်။ နောင်ကျ အဲဒါက မင်းရဲ့ကံတရားနဲ့ ကံအပေါ်ပဲ မူတည်သွားမယ်။ မောင်လေး ငါ့ကို တစ်ခု ကတိပေး။ ငါ ထွက်သွားပြီးတာနဲ့ ရှောင်ဟုန်၊ ရှောင်တုန်ဇီနဲ့ ကျန်တဲ့သူတွေကို ဂရုစိုက်ပေးပါ”

“ထွက်သွားမှာလား”

ကျန်းရီက မျက်မှောင်ကြုတ်ကာ မေးလိုက်တော့၏။

“အစ်မကြီး ဘယ်သွားမှာလဲ။ ကိစ္စကြီးတစ်ခုခု ဖြစ်လို့လား ကျွန်တော့်အကူအညီလိုလား”

အစ်မကြီးဆည်းလည်းက ခေါင်းခါပြီး ပြောလိုက်လေ၏။

“အများကြီးမမေးနဲ့ နင် ငါ့ကိစ္စကို မကူညီပေးနိုင်ဘူး။ သူတို့ကို ဂရုစိုက်ပြီး ငါ့ကို ကူညီပေးဖို့ပဲ လိုတယ်။ သူတို့က ငါ့နောက် နှစ်အနည်းငယ်လောက် လိုက်ခဲ့တာ။ ငါ သူတို့ကို များများစားစား မပေးခဲ့ဘူး”

“ဟုတ်ပြီလေ”

ကျန်းရီက စကားများသည့်သူ မဟုတ်ပေ။ သူက ခေါင်းညိတ်ပြီးနောက် ပြန်ပြောလိုက်၏။

“အစ်မကြီး အကူအညီ လိုခဲ့မယ် ဆိုရင် ကျွန်တော့်ကို ခေါ်လိုက်။ ပြန်လာပြီဲး ()ပေးမယ်”

“အင်း..”

အစ်မကြီးဆည်းလည်းက မတ်တပ်ထရပ်ပြီး ကျန်းရီကို ကြည့်ကာ ပြောလိုက်လေ၏။

“နင်လက်အောက်မှာ ခေါ်ထားတဲ့သူတွေကို သွားပြီး ပေါင်းစည်း.. မနာခံတဲ့သူတွေကို သတ်လိုက်.. ဒါက အရေးကြီးတယ်။ အကြွင်းမဲ့ သစ္စာရှိတဲ့သူတွေအပြင် ဒီကိစ္စကို ဘယ်သူမှ သိလို့မရဘူး။ ဒီအကြောင်း သိတဲ့သူနည်းလေး ပိုလုံခြုံလေပဲ ဒီရက်တွေအတွင်းမှာ တပ်မှူးလုဖုန်းနဲ့ ဆွေးနွေးရအုံးမယ်။ ကိစ္စအားလုံး အဆင်ပြေပြီးသွားရင် နင်က ကောင်းကင်မိုးကြိုးမြို့ရဲ့ နံပါတစ်အဖွဲ့မှုးဖြစ်လာအောင် နင့်ကို ထောက်ပံ့ပေးမယ်”

“ဟီးဟီး”

ကျန်းရီသည် စိတ်သဘောထား ပျော့ပျောင်းသူ မဟုတ်ခဲ့။ ဂရုဏာစိတ်ရှိသူ မဟုတ်ပေ။ သူ့မျက်လုံး၌ အေးစက်စက် အလင်း ဖြတ်ခနဲ ပေါ်လာပြီး သူ့ဖာသာသူ တွေးလိုက်၏။ အဖွဲ့မှုးလန်က ဒီတစ်ခေါက် သင့်တော်အောင် မဆောင်ရွက်ဘူးဆိုတော့ ရွေးချယ်စရာ မရှိဘဲ သူတို့လမ်းကို ပို့ရုံပဲ ရှိတော့တယ်။ နောက်လအနည်းငယ် အတွင်းမှာ ကောင်းကင်မိုးကြိုးမြို့ထဲမှာ သွေးမုန်တိုင်း ဖြစ်မှာ သေချာတယ်။

...

All Chapters