နှုတ်ဆက်ပါတယ်
Vol. 52 Ch. 713
ကိုးရက်..။ ကျန်းရီသည် ကိုးရက်အတွင်း အဆင့်နိမ့်တာအိုပုံစံကို နားလည်သဘောပေါက်ခဲ့၏။ ကျန်သည့်သူများသာ သူ၏မယုံနိုင်စရာကောင်းသည့် ဖြစ်စဉ်ကို သိခဲ့လျှင် သူတို့အပြည့်အဝ ထိတ်လန့်သွားလောက်၏။
နားလည်သဘောပေါက်အောင် ဆင်ခြင်ခြင်းက ရုတ်တရက် သဘောပေါက်သွားခြင်းနှင့် မတူပေ။ ရုတ်တရက် သဘောပေါက်သွားခြင်းက ဖျတ်ခနဲ ပေါ်လာသည့် အကြံတစ်ခု ဖြစ်ပြီး ချက်ချင်းပင် ပဉ္စလက်ဆန်သည့် အခြေအနေထဲသို့ ရုတ်တရက် ဝင်ရောက်နိုင်၏။ ရုတ်တရက် နားလည်သဘောပေါက်ခြင်းသည် မတော်တဆ ကြုံတွေ့ခြင်းဖြင့်သာ ရနိုင်၏။ ဧကရာဇ်ကိုးပါးကဲ့သို့ အစွမ်းထက်သည့်သူများကတောင် သရုပ်သကန်ပြောင်းမှုကို ရရှိရန် သူတို့ကိုယ်သူတို့ ဖိအားပေးဖို့ ဘယ်တော့မှ တွေးနိုင်မှာ မဟုတ်ပေ။
ဥပမာအနေဖြင့် ကျန်းရီသည် လေချည်နှောင်ခြင်းနှင့် မီးတာအိုပုံစံစွမ်းအားကို သရုပ်သကန်ပြောင်းမှုကနေ ဖမ်းဆုပ်မိတာပဲ ဖြစ်သည်။ သရုပ်သကန် ပြောင်းမှုအတွက် လိုအပ်သည့် အချိန်က အလွန်ယေဘူယျဆန်၏။ မိနစ်ပိုင်းအတွင်း မြန်ဆန်နိုင်သလို ရက်အနည်းငယ် ကြာညောင်းနိုင်၏။
သရုပ်သကန်ပြခြင်းနှင့် တစ်ရက်အတွင်း ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သည်ဟူသော ဆိုရိုးစကားဟောင်းတစ်ခု ရှိသည်။ ယင်းက သရုပ်သကန်ပြခြင်း၏ ပဉ္စလက်ဆန်သော အပိုင်းကို ညွှန်းဆိုပြတာပဲ ဖြစ်သည်။
တစ်ဖက်တွင်မူ နားလည်သဘောပေါက်အောင် ဆင်ခြင်ခြင်း ဆိုရာတွင် ထူးခြားသည့် တာအိုပုံစံကို ဆင်ခြင်ရတာ ဖြစ်ပြီး လူတစ်ယောက်၏ စိတ်ထဲရှိ အကြံအချို့ကို စစ်ဆေးပြီး ရှာဖွေရတာ ဖြစ်သည်။ ယင်းက တည်ငြိမ်သည့် ဖြစ်စဉ်ဖြစ်၏။ ဆိုရလျှင် မှားယွင်းသည့် ကောက်ချက်ချမှုများ ပြုလုပ်နိုင်ပြီး ပြန်လည်စတင်ရတာ ဖြစ်နိုင်၏။
တာအိုပုံစံများ နားလည်သဘောပေါက်အောင် ဆင်ခြင်ရာ၌ အခက်ခဲဆုံးက အခြေခံပဲ ဖြစ်သည်။ လူတစ်ယောက်က အခြေခံကို ရှာတွေ့သွားသည်နှင့် တာအိုပုံစံများကို နားလည်သဘောပေါက်ရာ၌ မတော်တဆမှုများကို ဟန့်တားနိုင်လိမ့်မည်။ တစ်ခုတည်းသော ကွာဟချက်က အချိန်လိုအပ်ချက်သာ ဖြစ်၏။ အံ့ဩဖွယ်ကောင်းလောက်အောင် မြင့်မားသည့် ပါရမီရှိသူများက လဝက်သာ လိုအပ်သည်။ ပါရမီရှိပြီး စွမ်းဆောင်ရည်မမြင့်မားသူများက လပေါင်းများစွာ သို့မဟုတ် နှစ်ချီတောင် လိုနိုင်၏။ ကျန်းရီသည် ကိုးရက်အတွင်း တာအိုပုံစံတစ်ခုကို နားလည်သဘောပေါက်ခဲ့၏။ သူ၏ပါရမီက ထိပ်တန်းအဆင့်တွင် ရှိတာ သေချာသည်။
သူသည် ဖြစ်စဉ်၏အရှိန်ကို အဆပေါင်းများစွာ မြင့်နိုင်ပေသည့် မိုးနှင့်မြေတစ်သားတည်း အခြေအနေတည်းတွင် ရှိနိုင်ပေ၏။ တွက်ချက်ထားပုံအရ သူက အတော်လေး ကောင်းချီးပေးခံထားရတာ ဖြစ်သော်ငြား ထိုထိပ်တန်းအဆင့်သို့ မရောက်သေးပေ။ ယင်းက မိုးနှင့်မြေတစ်သားတည်း၏ အံ့ဩဖွယ်ကောင်းသည့် အပိုင်းဖြစ်သည်။ သမိုင်းကြောင်းထဲ၌ အကြွင်းမဲ့ပညာရှင်များ ဖြစ်လာသည့်သူများက ထိုကဲ့သို့ အခြေအနေမျိုး ပိုင်ဆိုင်ထားရန် မလိုအပ်ချေ။ သို့သော်ငြား ငယ်ငယ်ရွယ်ရွယ်တွင် မသေသေးသရွေ့ ထိုလူများသည် ကြီးမြတ်သည့် အောင်မြင်မှုများ ရနိုင်လေသည်။
သူက စိတ်ခံစားချက်များဖြင့် သက်ပြင်းချလျက် အသက်ပြင်းပြင်း ရှုလိုက်သည်။ ကျန်းရှောင်နူနှင့် အတွင်းရှိ မြေခွေးလေးကို စစ်ဆေးရန်အတွက် ဧကရီနန်းတော်ကို ထုတ်လိုက်၏။ ပြီးနောက် သူတို့၏ကျင့်ကြံမှုအလယ်၌ သူတို့ကို စောင့်ကြည့်ထားလိုက်သည်။
ရေဖြင့် စွမ်းအင်ဆေးလုံးအချို့ကို မျိုချပြီးနောက် ကောင်းကင်ဧကရာဇ်အစောင့်နှစ်ဦးကို ခေါ်ကာ မြို့ထဲ၌ လတ်တလော အဖြစ်အပျက်များအကြောင်း မေးလိုက်၏။ ချမ်ဝမ်ကွမ်း၏ အစီအစဉ်က အလွန်အဆင်ပြေပြီး မြို့အဆင်ပြေနေတာကို သူ အတည်ပြုပြီးသောအခါ ဆက်လက်ကျင့်ကြံတော့၏။
တာအိုပုံစံများကို ကံကောင်းထောက်မမှသာ ရှာတွေ့နိုင်၏။ ယခုအချိန်တွင် အခွင့်အရေးရမည် ဆိုလျှင် သူက ပထမဦးစွာ ထိုတာအိုပုံစံကို အပြည့်အဝ နားလည်သဘောပေါက်အောင် အကောင်းဆုံး ကြိုးစားမည်။ သူ အတွင်းအားကို အချိန်မရွေး ကျင့်ကြံနိုင်၏။ မြို့ထဲရှိ အရေးကိစ္စများကိုလည်း သူ ကူညီပေးနိုင်တာ မဟုတ်ပေ။ ထို့ကြောင့် မြို့ထဲသို့ သူ မပြန်လည်း ဖြစ်သည်။
ကျင့်ကြံနေစဉ် ကာလအတွင်း အချိန်ကုန်ဆုံးမှုကို မခံစားရပေ။ မျက်တောင်တစ်ခတ်အတွင်း သုံးလတာ ကုန်ဆုံးသွား၏။
ကျန်းရီသည် မိုးကြိုးတောင်ကြား၌ တင်ပျဉ်ခွေချိတ် ထိုင်နေကာ တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံနေ၏။ မိုးကြိုးတောင်တန်းနား၌ ယင်းက ထူးကဲသော မြင်ကွင်းတစ်ခု ဖြစ်နေ၏။ မိုးကြိုးတောင်တန်းသို့ ရောက်လာသည့် သိုင်းပညာရှင်များက ရှေးဦးစွာ ကျန်းရီကို တစ်ချက် ကြည့်ကြမည်။ သူ့ကို မြင်တွေ့ပြီးနောက် လူတစ်စုက မိုးကြိုးတောင်တန်းအောက်၌ တင်ပျဉ်ခွေချိတ်ထိုင်ကာ စိတ်အေးလက်အေး ဖြစ်သွားကြမည်။ ထို့အပြင် ကျန်းရီကြောင့် မိုးကြိုးတောင်တန်းနားရှိ အမိန့်များက အလွန်ကောင်းမွန်၏။ မိုးကြိုးကျောက်တုံးများအတွက် ယှဉ်ပြိုင်သည့်အခါ သေသည်အထိ မတိုက်ခိုက်ကြတော့ပေ။
ဝှစ် ဝှစ်..
တစ်ရက်တွင် ကောင်းကင်မိုးကြိုးမြို့ဘက်ခြမ်းမှ လေခွင်းသည့် အသံများ ပေါ်ထွက်လာပြီး မိုးကြိုးတောင်တန်းအောက်ရှိ သိုင်းပညာရှင်များအားလုံးကို သတိဝင်သွားစေ၏။ သူတို့က ကြောက်လန့်တကြား ချက်ချင်းထလိုက်ပြီး လူတစ်စုကို တလေးတစား အရိုအသေပေးလိုက်၏။
“နှုတ်ဆက်ပါတယ်။ အရှင်ချမ်၊ အစ်မကြီးလန်.. အရှင်ရန်၊ အရှင်နျိုနဲ့ တခြားအရှင်တွေ..”
ချမ်ဝမ်ကွမ်း၊ ရန်တုံ၊ နျိုတုန်၊ ဖုန်းလန်နှင့် ကျန်သည့်သူများက ဤနေရာသို့ အတူတကွ ရောက်လာသည်။ မိုးကြိုးတောင်တန်းရှိ သိုင်းပညာရှင်များက ကျန်သည့်သူများအပေါ် ထင်မြင်ချက် များများစားစား မရှိပေ။ လူများစွာက ဖုန်းလန်၊ နျိုတုန်နှင့် ရန်တုံတို့ကို အကြောက်တရားတောင် မခံစားမိပေ။ သို့သော် ချမ်ဝမ်ကွမ်းကို ကြည့်မိသည့် အချိန်၌ သူတို့မျက်လုံးထဲ အကြောက်တရာများ ပြည့်နေလေ၏။ သုံးလကျော်၌ ချမ်ဝမ်ကွမ်းသည် လူအုပ်ကြီးအား သူ့ကို သတိရထိုက်အောင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သည့် သုံးလအတွင်း လူရာချီက သူ သတ်ဖြတ်တာ ခံခဲ့ရ၏။ သူတို့ထဲတွင် ကောင်းကင်ဧကရာဇ်၁၀ယောက်နီးပါး ရှိသည်။ လူအုပ်ကြီးက သူ့ကို မည်ကဲ့သို့ မကြောက်လန့်ဘဲ နေမည်နည်း။
အသတ်ခံခဲ့ရသည့်သူများက မနာခံသည့်သူများ၊ ပုန်ကန်ရန် ရည်ရွယ်ချက်ရှိသူများဖြစ်သည်။ လျှို့ဝှက်အဖွဲ့သည့် စွမ်းအားက လွန်ခဲ့သည့် သုံးလအတွင်း အပြည့်အဝ ပြသခဲ့ပြီး ဖြစ်သည်။
ကျန်းရီသည် လပေါင်းများစွာ မြို့ထဲကနေ ထွက်သွား၏။ မြို့က အလွန်တည်ငြိမ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ လူများစွာက ကျန်းရီ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သူ၏သားသတ်ဓားအကြောင်း မေ့သွားကြသည်။ ထို့ကြောင့် လူများစွာက သူ့နောက်ကွယ်၌ သူ့အကြောင်း ပြောနေကြ၏။ တစ်စုံတစ်ယောက်က သီးသန့်ဆွေးနွေးရန်အတွက် အတူတကွ ဆွေးနွေးလိုက်ပြီး တစ်စုံတစ်ယောက်က ပေါက်ကရပြောကာ တစ်စုံတစ်ယောက်ကမူ သူ့ကို အကောက်ကြံ၏။
အစည်းအဝေးများကို မည်သို့ပင် ဖုံးကွယ်ထားစေကာမူ ချမ်ဝမ်ကွမ်းသည် သူတို့ ပထမဆုံး စုဝေးချိန်၌ သတင်းအမြဲတမ်းရ၏။ ပြီးနောက် သူက ထိုလူများ မြို့ထဲကနေ ထွက်သွားသည်နှင့် အများရှေ့၌ ထိုလူများကို ချက်ချင်း သတ်ဖြတ်နိုင်ရန်အတွက် တိတ်တဆိတ် စီမံထားပြီး ထိုလူ၏ ပြစ်မှုများကို သိုသိုသိပ်သိပ် ကြေညာခဲ့၏။
လျှို့ဝှက်အဖွဲ့က နေရာအနှံ့ ရှိနေ၏။ ထိုလျှို့ဝှက်အဖွဲ့၏ အဖွဲ့ဝင်က မည်သူမှန်း လူအများက မသိကြပေ။ မနေ့ညက ရင်ခွင်ထဲ၌ အိပ်မောကျနေသည့် ပန်းပွင့်တစ်ရာ တည်းခိုဆောင်ရှိ အမျိုးသမီး သို့မဟုတ် မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နိုင်သည်။ ပြီးခဲ့သည့် လပိုင်းအတွင်း ခေါင်းရာချီက ခုတ်ပိုင်းခံခဲ့ရကာ ချမ်ဝမ်ကွမ်းက ဒုတိယမျိုးဆက် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါး ဖြစ်လာ၏။ မည်သူကမျှ အုပ်စုအဖွဲ့ရဲတော့ချေ။ ပုန်ကန်ရန် မတွေးရဲတော့ချေ။
“ထကြ..”
ချမ်ဝမ်ကွမ်းက ပြုံးပြီး လက်ယမ်းလိုက်၏။ လူများစွာက ကျောစိမ့်သွားကြသည်။ မြို့ဂိတ်ဝ၌ တစ်စုံတစ်ယောက် သတ်ဖြတ်ခံရချိန်၌ ချမ်ဝမ်ကွမ်းက အမြဲတမ်း ပြုံးနေ၏။ ပြုံးနေသောကျားဟူသော အမည်သည့် ချမ်ဝမ်ကွမ်းအတွက် ပိုသင့်တော်သည်ဟု လူအများက တွေးမိကြသည်။
ဝှစ်..
ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းက အဖွဲ့နှင့်အတူ ကျန်းရီဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ အစောင့်နှစ်ယောက် တစ်စုံတစ်ခု ပြောတာကို သူတို့ မြင်တွေ့သည့် အချိန်၌ ဖုန်းလန်က သူ့လက်ကို ဆုံးဖြတ်ချက် ပြတ်သားစွာ ဝေ့ယမ်းလျက် ပြောလိုက်၏။
“မင်း ဘာမှ ပြောဖို့ မလိုဘူး။ ဒီတစ်ခေါက် တကယ် အရေးကြီးတာ အဖွဲ့မှုးကျန်းက မြို့ကို ပြန်လာမှ ရမယ်”
ဖုန်းလန်၏ အသံက အလွန်ဆုံးဖြတ်ချက် ပြတ်သားပြီး သူမ၏ အသံကူးပြောင်းမှုက ကျန်းရီ၏ စိတ်ဝိညာဉ်အတွင်း ဆက်တိုက် မြည်ဟီးနေ၏။ လေမတိုက်သည့်တိုင် သူ၏အဝတ်အစားများ လွင့်လူးနေသည်။ ဖုန်များကလည်း လွင့်သွား၏။ သူက မျက်လုံးဖွင့်ကာ တစ်ချက် ဖွင့်ကြည့်လိုက်တော့သည်။
“အစ်မကြီး အခု သွားမှာလား”
အဖွဲ့က ခေါင်းညိတ်လိုက်သောအခါ ကျန်းရီက ထရပ်လိုက်ပြီး အဖြူရောင် အလင်းစီးကြောင်းအဖြစ် အသွင်ပြောင်းကာ ကောင်းကင်မိုးကြိုးမြို့ဆီ တစ်ဟုန်ထိုး သွားလိုက်၏။ သူက လက်ကိုဝေ့ယမ်းလျက် အော်ပြောလိုက်တော့သည်။
“အားလုံးပဲ နားထောင်ကြ မြို့ကို ချက်ချင်းပြန်ပြီး မြို့ရင်ပြင်မှာ စုဝေးကြမယ်”
ထန်း..
မိုးကြိုးတောင်ခြေရှိ သိုင်းပညာရှင်များအားလုံးက ချက်ချင်းဆောင်ရွက်ကြသည်။ မည်သူမှ မတုံ့နှေးကြပေ။ သူတို့က မြို့ဆီသို့ တတ်နိုင်သမျှ မြန်မြန် ပြန်ပြီး ဖရိုဖရဲဖြစ်မနေဘဲ အစီအစဉ်ကျ၏။
သတ်ဖြတ်ခြင်းနတ်ဘုရားနှစ်ပါး အနားတွင် ရှိနေရာ အမိန့်ကို မနာခံရဲသည့်သူက သေချာပေါက် သေခြင်းတရားနှင့်သာ အဆုံးသတ်လိမ့်မည်။
တစ်နာရီမပြည့်မီ၌ ကျန်းရီသည် အဖွဲ့နှင့် မြို့သို့ ဦးစွာ ပြန်သွား၏။ သူက မြို့ဂိတ်ဝ၌ စောင့်နေသော နျိုတုန်ကို တစ်ချက် ကြည့်ပြီး တိတ်တဆိတ် မေးလိုက်၏။
“အစ်မကြီးဆည်းလည်း ဘယ်မှာလဲ”
နျိုဝမ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“မြို့ရင်ပြင်မှာပါ။ အဖွဲ့မှုးကျန်း လာတာ နောက်ကျရင် သူ ထွက်သွားမှာ စိုးရိမ်မိတယ်”
ဝှစ်..
ကျန်းရီသည် မြို့ဂိတ်ဝ၌ စောင့်ကြပ်နေသော တပ်မှုးများကို နှုတ်ဆက်ရန် အချိန်မရှိတော့ပေ။ သူက ချက်ချင်းပင် အလင်းစီးကြောင်းအသွင် ပြောင်းလဲပြီး မြို့ရင်ပြင်ဆီသို့ တစ်ဟုန်ထိုးသွားလိုက်၏။
မြို့ရင်ပြင်၌ လူပေါင်းများစွာ ရှိသည်။ ဖုန်းလန်က ကျန်းရီကို ကောင်းစွာ သိ၏။ ရှောင်ဟုန်ထံမှ သတင်းရရှိပြီးနောက် သူမက မြို့ရင်ပြင်၌ စုဝေးရန် မြို့ထဲရှိ လူတိုင်းကို ချက်ချင်း ပြောခဲ့ပြီး တစ်ချိန်တည်းတွင် အစ်မကြီးဆည်းလည်းအား ထောက်လှမ်းရန် ချင်းယွီကို ခိုင်းထားလိုက်၏။ သူမနှင့် ချမ်ဝမ်ကွမ်းကမူ ကျန်းရီကို သွားရောက် ဖိတ်ကြားသည်။
ဝှစ်..
ကျန်းရီက ကမန်းကတမ်း ထွက်လာ၏။ မြို့ရင်ပြင်၌ မြစိမ်းရောင်ပုံရိပ်ကို ရှာတွေ့မှ သူ စိတ်သက်သာရာ ရသွားသည်။ သူ အရှိန်လျော့လိုက်တော့၏။ သူနှင့် အစ်မကြီးဆည်းလည်းက မလှမ်းမကမ်း၌ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။ သူတို့က ကိစ္စရပ်များစွာ ပြောဆိုဖူးသော်ငြား ယခုအချိန် အကြည့်များ ဆုံတွေ့သွားချိန်၌ ဘာမှမပြောစရာ မရှိတော့သလို ခံစားလိုက်ရသည်။ စကားလုံးဖြင့် ပြောရန်တောင် မကျန်တော့ဘဲ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်နေကြ၏။
ရှောင်ဟုန်က အစ်မကြီးဆည်းလည်းရှေ့ မီတာ၃၀၌ ရှိနေပြီး မြေပြင်ပေါ် ဒူးထောက်နေသည်။ အတော်လေး ကြည့်ကောင်းသော သူမမျက်နှာပေါ်ရှိ မျက်နှာချေက ပေပွနေ၏။ မျက်ရည်များကြောင့် ဖြစ်သည်။ သူမက ကျယ်လောင်စွာ မငိုရဲချေ။ အစ်မကြီးဆည်းလည်းကို စိုက်ကြည့်ရုံသာ ကြည့်နေပြီး သူမ မျက်လုံးမှ မျက်ရည်များ ဆက်တိုက်ကျနေ၏။
ရှောင်ဟုန်၏ နောက်တွင် လူအယောက် ၂၀၀၀၀က ညီညီညာညာ ရပ်နေလေသည်။ သူတို့က တည်ကြည်ပုံပေါ်နေပြီး ကျန်းရီကို စိုက်ကြည့်နေကြသည်။ ကျန်းရီသည် မီတာသုံးရာအကွာသို့ ရောက်သည့် အချိန်၌ ရပ်တန့်လိုက်၏။ သူနှင့် အစ်မကြီးဆည်းလည်းက တစ်ယောက်ကိုတစ်ယောက် ငါးမိနစ် စိုက်ကြည့်နေခဲ့သည်။ သူ့နောက်တွင် မိုးကြိုးတောင်တန်းမှ ပျံလာသည့် သိုင်းပညာရှင်နှစ်သောင်းကျော်က စုဝေးသွားသောအခါ ကျန်းရီက လက်တစ်ဖက်မြောက်ပြီး အော်လိုက်၏။
“အစ်မကြီးဆည်းလည်းကို နှုတ်ဆက်စကားပြောပါတယ်”
ဝှစ် ဝှစ် ဝှစ်..
ကျန်းရီမှအပ ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းအပါ အားလုံးက ဒူးထောက်ပြီး အော်လိုက်လေ၏။
“နှုတ်ဆက်ပါတယ် အစ်မကြီးဆည်းလည်း”
လူပေါင်းသိန်းချီ၏ အော်သံက ကျယ်လှပေ၏။ ယခုအချိန်တွင် အဆင့်နိမ့်သိုင်းပညာရှင်များ၏ နားကတောင် ထုံလာ၏။ ကောင်းကင်မိုးကြိုးမြို့က ထိုစဉ်အနည်းငယ် လှုပ်ခါသွားသည်။ နားစည်ထိခိုက်ဖွယ် အော်သံများက လောကကို တုန်လှုပ်စေပြီး ကောင်းကင်မိုးကြိုးမြို့၏တစ်ဝက်ကို ပဲ့တင်သံ ထွက်စေကာ အချိန်အတော်ကြာ မြည်ဟီးနေစေ၏။
...