ခဲတစ်လုံးဖြင့် ငှက်လေးကောင်ကို သတ်ဖြတ်ခြင်း
Vol. 52 Ch. 714
အစ်မကြီးဆည်းလည်းသည် တလက်လက် တောက်ပသော နှင်းဆီနီတစ်ပွင့် ဖူးပွင့်သည့်ပမာ ကျက်သရေရှိရှိ ပြုံးနေလေ၏။ သူမက တစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားကာ မြို့အနောက်ဘက်ဆီသို့ လျှောက်သွားလိုက်၏။ သူမ ခြေလှမ်းများက နတ်မိမယ်ပမာ ပေါ့ပါးလှလေ၏။
“အစ်မကြီး..”
နောက်ဆုံးတွင် ကျန်းရီက အသံပို့လိုက်တော့သည်။
“အပြင်မှာ ဘာတွေ ဘယ်လိုပဲ လုပ်လုပ် ကောင်းကင်မိုးကြိုးမြို့မှာ အစ်မကို စောင့်နေတဲ့သူ တစ်ယောက် ရှိတယ်ဆိုတာ ကျေးဇူးပြုပြီး မှတ်ထားပေးပါ။ ဒါ့အပြင် အပြင်မှာ အန္တရာယ်နဲ့ ကြုံခဲ့ရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ချက်ချင်း လာရှာ.. နဂါးကိုးကောင်နတ်ဘုရားချုပ်ငြိမ်းခြင်း အစီအရင် မရှိသရွေ့ အစ်မနောက်ကို လိုက်တာ ဘယ်သူပဲ ဖြစ်ဖြစ် လွတ်အောင် ခေါ်သွားပေးမယ်။ အစ်မ ကျွန်တော်ပြောဖို့ မေ့တော့မလို့ ကျွန်တော့နာမည်က ကျန်းရီ”
“ကျန်းရီလား..”
အစ်မကြီးဆည်းလည်း၏ သေးသွယ်သည့် ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ သာမန်လူများက ထိုအမည်နှင့် မရင်းနှီးလောက်သော်ငြား သူမနားထဲတွင် ပဲ့တင်သံ ထွက်နေ၏။ သိပ်မကြာခင်က မြို့အရှင်လုဖင်းသည် ထိုအမည်အကြောင်း နေ့တိုင်းနီးပါး ပြောနေခဲ့၏။ ထိုအမည်က ရှန်းစီမျိုးနွယ်ထဲ အလွန်နာမည်ကျော်ကြားသည်။
ရှန်းစီမျိုးနွယ်သည် အရှေ့ဘက်တော်ဝင်နယ်မြေ၏ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၌ ဆန့်ကျင်ဘက်တွင် ရပ်သည်။ ထိုအကြောင်း ရှန်းစီမျိုးနွယ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စု ဝေဒနာခံစားရသည့် ကိစ္စရပ်ကို မြင်တွေ့သောအခါ ပျော်ရွှင်နေကြသည်။ နှစ်ဖက်က ရန်သူများ ဖြစ်သော်ငြား သူတို့က သတင်းအချက်အလက် ကောင်းကောင်းမွန်မွန် ရ၏။ စီးပွားရေးသမားများစွာက နေရာအနှံ့ ခရီးနှင်နေသောကြောင့် အရှေ့ဘက်တော်ဝင်နယ်မြေရှိ သတင်းများကလည်း မျိုးနွယ်တစ်ခုလုံးကို ပျံ့၏။
ကျန်းရီက ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ သခင်လေးများနှင့် သခင်မလေးများကို ဉာဏ်ကို လွှာသုံးပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ၌ သူကိုယ်တိုင် ရတနာများ ရအောင် ယူသွားခဲ့သည်။ ထို့ကြောင့် သူသည် ရှီမျိုးနွယ်စုနှင့် ကျန့်မျိုးနွယ်စု ပူပေါင်းလိုက်ခြင်းကို ခံခဲ့ရ၏။ ယင်းက အရှေ့ဘက် တော်ဝင်နယ်မြေတွင် ရှားပါးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ပြီးနောက် ရှီဖေးနှင့် ကျောက်ဝူရင်က လိုက်တာ ကျရှုံးသည့် ကိစ္စက ပိုတောင် ကြီးကျယ်သွားသည်။ ထိုကဲ့သို့ အဖြစ်အပျက်ကြီးက အပြစ်သားကျွန်းတစ်ခုလုံး ပြန့်သွားမှာ သေချာ၏။
“မီးတိမ်သံချပ်ကာ.. ကောင်းကင်ရှောင်တိမ်းခြင်း ငါ အစောတည်းက ဒီအကြောင်းတွေးမိခဲ့သင့်တယ်”
အစ်မကြီးဆည်းလည်းက စိတ်ထဲ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ သူမက အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်သည်။ နောက်လှည့်မကြည့်ဘဲ ကောင်းကင်စိတ်အာရုံဖြင့် ကျန်းရီရှိသည့်နေရာကို မှတ်သားကာ အသံပို့လိုက်၏။
“မောင်လေး ငါ နင့်စကားတွေကို မှတ်ထားမယ်။ ငါနင့်ကို မလိမ်ဘူး။ ငါ့နာမည်က တကယ်ချီလင်။ ဒါပေမဲ့ ငါ့မျိုးရိုးက ချီမဟုတ်ဘူး။ နန်ကုန်းပဲ။ မောင်လေး ဂရုစိုက် ငါ အသက်ရှင်နေရင် မင်းကို သေချာပေါက် ပြန်လာတွေ့မယ်”
အသံပို့ပြီးနောက် အစ်မကြီးဆည်းလည်းက မြို့အနောက်ဘက်ဂိတ်ဆီသို့ ဆက်လျှောက်သွား၏။ ယခုအခေါက်တွင် သူမ ခြေလှမ်းများက အရှိန်မပါပေ။ ထိုအစား အနည်းငယ် ယိမ်းယိုင်နေ၏။ သူမရင်ဘတ်ပေါ်ရှိ ဆည်းလည်းသံလေးများကလည်း တချွင်ချွင် မြည်နေတော့သည်။
သူမ လှည့်ကြည့်မိလျှင် ထွက်သွားချင်စိတ် မရှိတော့မှာကို စိုးရိမ်သောကြောင့် ဘယ်တော့မှ အနောက်လှည့်ကြည့်မှာ မဟုတ်ပေ။
ကျန်းရီက သူမနောက်လိုက်ပြီး မြို့ပြင်သို့ မထွက်ခဲ့ပေ။ သူမ ထွက်သွားတာကိုသာ ကြည့်နေ၏။ သူ၏အစ်မအပေါ် ရှင်းပြ၍ မရသည့် ခင်မင်ရင်းနှီးသော ခံစားချက်တစ်ခု ရှိနေသည်။ ယင်းက ကျေးဇူးတရားမဟုတ်။ ချစ်ခြင်းတရားလည်းမဟုတ်ပေ။ သန့်စင်သော နှစ်သက်မှုနှင့် လေးစားမှုသာ ဖြစ်၏။ သူက သူမကို နေထိုင်ရန် မဖြောင်းဖြပေ။ သူမကို လေးစားသောကြောင့် သူမ၏ ဆုံးဖြတ်ချက်ကိုလည်း သူ လေးစားရပေမည်။
“နန်ကုန်းချီလင်းလား.. ဒီမျိုးရိုးနာမည်က တစ်ခုခု ထူးခြားတာလား”
ကျန်းရီ၏ စိတ်ထဲ၌ သံသယရိပ်တစ်စွန်းတစ်စ ပေါ်လာ၏။ သို့သော် မကြာမီ၌ ဝမ်းနည်းဖွယ် ထွက်ခွာသွားမှုကြောင့် လွှမ်းမိုးခံလိုက်ရသည်။ သူက မျက်လုံးမှိတ်ထားလျက် အချိန်အတော်ကြာ ရပ်နေသေး၏။ အစ်မကြီးဆည်းလည်းက ကောင်းကင်မိုးကြိုးကျွန်းအပြင်ဘက်သို့ ရောက်သွားလောက်သည့် အချိန်ကျမှသာ သူ မျက်လုံးဖွင့်ပြီး လက်ဝေ့ယမ်းကာ လူအုပ်ကြီးကို ထခိုင်းလိုက်သည်။
“ဝမ်ကွမ်း သွားရအောင် သွားသောက်ကြမယ်”
ကျန်းရီက ရန်တုံနှင့် နျို့တုန်ကို မြို့၏ကိစ္စများကို စီမံခန့်ခွဲရန် အချက်ပြရန် တစ်ချက် ကြည့်လိုက်သည်။ ချမ်ဝမ်ကွမ်းကို လက်ဝေ့ယမ်းပြလိုက်၏။ သူ ကျန်းရီ၊ ဖုန်းလန်နှင့် ကျန်သည့်သူများကမူ ခြံဝန်းအသီးသီးသို့ ပြန်သွားကြသည်။
ခြံဝန်းထဲသို့ ရောက်ပြီးနောက် ဖုန်းလန်နှင့် ချင်းယွီက ကျန်းရီ စိတ်အခြေအနေ မကောင်းသောကြောင့် သူ့ကို မနှောင့်ယှက်ကြပေ။ သူတို့က ကျန်းဝူရွှမ်း၏ ခြံဝန်းသို့ လျှောက်သွား၏။ သို့သော်ငြား သူ တံခါးပိတ် ကျင့်ကြံနေသောကြောင့် သူတို့က သူ့ကို မခေါ်ခဲ့ပေ။
ကျန်းရီနှင့် ချမ်ဝမ်ကွမ်းသည် မိုးလင်းကနေ မိုးချုပ်အထိ သောက်ခဲ့၏။ သူတို့က အရက်မူးနေပြီး ဖုန်းလန်နှင့် ချင်းယွီက ညအချိန်၌ သူတို့အခန်းထဲသို့ ပြန်သယ်သွားပေးရသည်။
နောက်နေ့နံနက်တွင် ကျန်းရီက နိုးလာပြီး အဖွဲ့နှင့်အတူ မနက်စာစားသည်။ ပြီးနောက် သူက မေးလိုက်လေ၏။
“ဖုန်းအာ.. ဝမ်ကွမ်း လတ်တလော အစီအစဉ်က ဘယ်လိုလဲ”
ဖုန်းလန်က ချမ်ဝမ်ကွမ်းကို ကြည့်ပြီး ပြောလိုက်၏။
“ဝမ်ကွမ်း နင်ပြောပြလိုက်”
ချမ်ဝမ်ကွမ်းက ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။
“အလုပ်ကိစ္စက အဆင်ပြေနေပါတယ်။ ငါတို့ နှစ်ခေါက် ကုန်သွယ်ပြီးပြီ။ ရွှေရောင်မျောလွင့်နဂါးကို အဖွဲ့ကို သူ တစ်ယောက်တည်း ဦးဆောင်ခိုင်းဖို့ ပြောနေတာ။ မြို့အရှင်အိမ်တော်နဲ့လည်း အတွေ့အကြုံက အဆင်ပြေပါတယ်။ မြို့အရှင်က အလွန်ရိုးသားပြီး ငါတို့ကို မျှတတဲ့ဝေစုပေးတယ်။ ဒါပေါ့ တပ်မှုးဆယ်ယောက်ကိုလည်း ခွဲပေးရသေးတာပေါ့။ ဒီတော့ အခုထိ ပြဿနာမရှိဘူး”
ကျန်းရီက ခေါင်းအနည်းငယ် ညိတ်လိုက်၏။ စွမ်းအင်ပမာဏအနည်းငယ်ကို အသုံးပြုရန် ဆန္ဒရှိသည့် အချိန်မှသာ ပိုက်ဆံ ရှာနိုင်ပေလိမ့်မည်။ မကောင်းဆိုးဝါးကြီးထက် တစ္ဆေလေးများကို ဖြေရှင်းရသည်က ဒုက္ခပိုများ၏။ ကျန်သည့်တပ်မှုးများက မနာလိုဖြစ်ကာ လုဖင်းက ဟန့်တားသည့်တိုင် သူ့ကို ရင်ဆိုင်ရန် အကောက်ကြံခဲ့လျှင် ကိစ္စများက ရှုပ်ထွေးသွားလိမ့်မည်။
ချမ်ဝမ်ကွမ်းက ခဏတာ ရပ်တန့်ပြီး ဆက်ပြောလိုက်၏။
“ငါ အစ်မလန်နဲ့ ဆွေးနွေးပြီးပြီ ထိပ်တန်းတပ်မှုး ၁၀ယောက်ဆီ ပိုက်ဆံတွေကို ခွဲပေးတာက လုံခြုံတယ်လို့ မထင်သေးဘူး။ ပြောရရင် ခွဲပေးတဲ့ ကောင်းကင်ကျောက်တုံးက စီးပွားရေးလုပ်ငန်းကြီးနဲ့ ယှဉ်ရင် ပိုနည်းနေသေးတာပဲလေ။ သူတို့မှာ တခြားအစီအစဉ် ရှိနေခဲ့ရင် ငါတို့ အတောမသတ်နိုင်အောင် ပြဿနာတွေ များသွားမှာ”
“အင်း..”
ကျန်းရီက ခေါင်းညိတ်ပြီး သူတို့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“မင်းတို့မှာ အစီအစဉ်ကောင်း တချို့ရှိတယ်ဆိုတာ ငါ ပြောရဲတယ်”
“ရှိတာပေါ့”
ဖုန်းလန်က ဆက်ပြောလိုက်၏။
“ဝမ်ကွမ်းက သိပ်ပါးနပ်တာ။ သူက ကျန်တဲ့တပ်မှုးတွေကိုလည်း ပါဝင်စေဖို့ အကြံတစ်ခု ရှိထားတယ်လေ။ ဒါဆိုရင် ဒီလုပ်ငန်းထဲမှာ ကျွန်မတို့တွေ ချည်နှောင်ပြီးသား ဖြစ်သွားပြီ။ ကျွန်မတို့ တစ်ခုခု ဖြစ်ရင် သူတို့လည်း ပြေးမလွတ်ဘူး။ ဒီအစီအစဉ်သစ်က အထမြောက်လိမ့်မယ်။ ရလဒ်က ကောင်းတယ်”
“ဪ..”
ကျန်းရီသည် ချန်ဝမ်ကွမ်းကို တအံ့တဩကြည့်လိုက်၏။ သူက ပြုံးကာ ပြောလိုက်တော့သည်။
“မင်းမှာ တကယ် ကောက်ကျစ်တဲ့ အကြံအစည်တွေ များတာကို.. မြန်မြန် အသေးစိတ် ပြောပြ”
“ဟေး ဟေး.. ခေါင်းဆောင်က ကျုပ်ကိုသာ ကျောထောက်နောက်ခံ မလုပ်ပေးထားရင် အကြံဉာဏ်တွေ ဘယ်လောက်ပဲ ရှိရှိ အစီအစဉ်ကို အထမြောက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး”
ချမ်ဝမ်ကွမ်းက ရူးကြောင်ကြောင် စပ်ဖြဲဖြဲလုပ်ပြီးနောက် အသေးစိတ်ကို စတင်ရှင်းပြတော့သည်။
ထိုအစီအစဉ်က အလွန်ရိုးရှင်းသည်။ ချမ်ဝမ်ကွမ်းသည် ပထမဆုံးကုန်သွယ်မှုအတွက် မြို့ထဲက ထွက်သွားစဉ် ဖုန်းလန်က သူသည် ဓားပြအဖွဲ့ကို သတ်ရန် လူအယောက်၅၀ ခေါ်သွားသည်ဟု ကောလာဟလ ဖြန့်ခဲ့၏။ ချန်ဝမ်ကွမ်း ပြန်ရောက်လာသည့် အချိန်၌ ကောလာဟလကို အမှန်အတိုင်းဖြစ်အောင် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့သည်။
ရှန်းစီမြို့၏ မြို့များတွင် နေရန်အတွက် ကုသိုလ်မှတ်များစွာ ရှိရပေမည်။ သာမန်သိုင်းပညာရှင်များက ထိုမျှ များပြားသည့် ကုသိုလ်မှတ်များ မည်သို့ ရနိုင်မည်နည်း။ ထို့ကြောင့် လူအများစုက မြို့အပြင်ဘက်တွင်သာ လှည့်လည်သွားလာလေ၏။ သူတို့က အသတ်ခံရလျှင် ခံရ မဟုတ်လျှင် ဓားပြအဖွဲ့သို့ ဝင်ကြလိမ့်မည်။
အရှေ့ဘက် တော်ဝင်နယ်မြေက လူဦးရေများပြားသည်။ အချိန်မရွေး နေရာများစွာ၌ တိုက်ခိုက်မှုများ ဖြစ်ပွားတတ်၏။ မျိုးနွယ်စု များစွာက သုတ်သင်ရှင်းလင်းခံရပြီး လူပေါင်းများစွာ အမဲလိုက် ခံနေရသည်။ အများစုက အပြစ်သားကျွန်းကို လာရန် ရွေးချယ်ခဲ့ကြ၏။ ဆိုရလျှင် အရှေ့ဘက် တော်ဝင်နယ်မြေရှိ မျိုးနွယ်စုများက သူတို့ ဤနေရာသို့ ရောက်လာပြီးနောက် ဆက်မလိုက်ရဲတော့ချေ။ ထိုနေရာက စိန်ခေါ်မှုများ အခွင့်အရေးများ ပြည့်နေသည့် နေရာလည်း ဖြစ်၏။
ထို့ကြောင့် ရှန်းစီမျိုးနွယ်ထဲရှိ ဓားပြများ အားလုံးကို သတ်ဖို့က မဖြစ်နိုင်လုနီးပါးပင်။ မ်း ရှင်သန်နိုင်သည့် ဓားပြများက သူတို့နှင့်အတူ ရတနာများ၊ ကောင်းကင်ကျောက်တုံးများ အမြဲတမ်း ရှိနေ၏။ ထို့ကြောင့် ဓားပြအဖွဲ့ကို ရှင်းလင်းသည့် ဆုလာဘ်က သေချာပေါက် ပြောပလောက်သည်။
ကောင်းကင်မိုးကြိုးမြို့ထဲ၌ သိုင်းပညာရှင်များစွာ ရှိနေသည်။ မြို့က တစ်ညီတစ်ညွှတ်တည်း ဖြစ်သွားသည်နှင့် ကောင်းကင်ဧကရာဇ်အားလုံးနီးပါးက အသုံးမဝင်တော့ပေ။ သူတို့ထဲတွင် ပျင်းနေမည့်အစား မြို့ပြင်ထွက်ပြီး ပိုက်ဆံရှာရန်ပို့တာက ပိုကောင်းသည်။
ကောင်းကင်မိုးကြိုးမြို့ထဲရှိ တပ်မှုးများက လုမျိုးနွယ်၌ အာဏာရှိသည့်သူများ မဟုတ်ပေ။ သို့သော် မည်သို့ပင် ဆိုစေကာမူ သူတို့က လုမျိုးနွယ်စုဝင်များဖြစ်ပြီး အဆင့်မြင့်လုမျိုးနွယ်များနှင့် အဆက်အသွယ်များရှိ၏။ သူတို့ကို ဓားပြများအား သွားသတ်ရန် ပြောခြင်းက လုံးဝ မဖြစ်နိုင်ပေ။ သို့သော် အင်အားကြီးသည့် ဓားပြအဖွဲ့များ ရှိနေသည့် အချက်အလက်အချို့ကို ပေးတာက အလွန်လွယ်ကူပြီး အားနည်းသည့်သူများ ရှိသည့်နေရာကို ပေးတာက အဆင်ပြေ၏။
ထို့ကြောင့် ရူးသွပ်သော အစီအစဉ်က စတင်လာတော့သည်။
မြို့ထဲရှိ ကျွန်အများစုက သူတို့၏ အလုပ်လုပ်သည့် ကာလ ပြီးခါနီးပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်များစွာသည် အစောတည်းက တာဝန်များ ပြီးမြောက်ခဲ့ပြီးဖြစ်၏။ သူတို့က ကောင်းကင်မိုးကြိုးမြို့၌ အချိန်မရွေး ဝင်ထွက်သွားလာနိုင်သည်။ လုမျိုးနွယ်၏ တပ်မှုးများက တာဝန်များစွာကို ယူစရာ မလိုပေ။ သူတို့က အချက်အလက် စုဆောင်းပေးရန်သာ လိုအပ်၏။ ပြီးနောက် ရတနာများစွာနှင့် ကောင်းကင်ကျောက်တုံးများ ရရှိလိမ့်မည်။ ထိုကဲ့သို့ စီးပွားရေးကြီးကို သူတို့ အဘယ်ကြောင့် မခွဲဝေဘဲ ရှိမည်နည်း။
ဤအစီအစဉ်၏ အရေးအကြီးဆုံးကဏ္ဍက မိုးကြိုးကျောက်တုံးများ ရောင်းချသည့် အစီအစဉ်ကို ကာနိုင်ရန် ဖြစ်သည်။ မြို့ထဲရှိ လူတိုင်းက ကျန်းရီသည် ဓားပြများကို သတ်ရန် တပ်မှုးများနှင့် ပူးပေါင်းနေသည်ဟုသာ တွေးထင်လိမ့်မည်။ သံသယဝင်နေသည့် သူများကတောင် သူတို့ကို သံသယဝင်တာ ရပ်တန့်သွားလိမ့်မည်။ ဆိုရလျှင် သူတို့ကလည်း အစီအစဉ်ထဲ၌ ပါဝင်လာသောကြောင့် ဖြစ်သည်။
ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်၇၀ နီးပါးနှင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ထောင်နီးပါးက စစ်ဆင်ရေးနှစ်ခု၌ ပါဝင်ခဲ့၏။ ကျွန်းနားရှိ ဓားပြအဖွဲ့နှစ်ဖွဲ့သည် လျှပ်ပြတ်သည့်ပမာ မြန်မြန်ဆန်ဆန် ရှင်းထုတ်ခံလိုက်ရသည်။
ချမ်ဝမ်ကွမ်းသည် ရလာသည့် ရတနာများကို ဆယ်ပုံပုံလိုက်၏။ တစ်ဝက်ကို ကျန်သည့် တပ်မှုးများဆီ ပေးကာ လေးပုံကို သူတို့ သတ်ဖြတ်ခဲ့သည့် ဓားပြများ၏ အရေအတွက်အရ တိုက်ပွဲကို ဝင်ပါခဲ့သည့် စစ်သည်များကို ဖြန့်ဝေပေးခဲ့၏။ တစ်စုကိုမူ သူ သိမ်းထားသည်။
ပါဝင်သူများက ရက်ရောသည့် ပေးချေမှုကြောင့် စိတ်လှုပ်ရှားနေကြသည်။ တပ်မှုးများက သူတို့ အရင်းအမြစ်များကို သုံးပြီး အချက်အလက် စုဆောင်းကာ သူတို့၏ နောက်ထပ်ပစ်မှတ်များကို ရှာဖွေ၏။ မြို့ထဲရှိ သိုင်းပညာရှင်များက တက်တက်ကြွကြွ လေ့ကျင့်နေကြပြီး နောက်ထပ် ခရီးစဉ်အတွက် သူတို့ဖာသာ ပြင်ဆင်နေကြသည်။
အသေးစိတ် အစီအစဉ်များဖြင့် မြို့ထဲရှိ သိုင်းပညာရှင်များ၏ သာလွန်သော အရေအတွက်ဖြင့် မပြင်ဆင်ထားသော ဓားပြများကို ရင်ဆိုင်နိုင်သည်။ အကြိမ်တိုင်း၌ သူတို့က ရတနာများ၊ ကောင်းကင်ကျောက်တုံးများကို ရယူနိုင်ပြီး ရင်ဖိုဖွယ် တိုက်ပွဲများထဲ၌ ဝင်ပါ၏။ အရူးသာလျှင် မဝင်မှာပဲ ဖြစ်သည်။
“သိပ်ကောင်းတယ်။ ဝမ်ကွမ်းရဲ့ အစီအစဉ်က သိပ်ပြောင်မြောက်တာပဲ။ တပ်မှုးတွေကို ငါတို့ဘက် ဆွဲခေါ်နိုင်ရုံတင်မကဘူး။ လုပ်ငန်းအမှန်ကိုလည်း ဖုံးကွယ်ပြီး ပိုက်ဆံရှာထားတာကိုလည်း ဖုံးကွယ်ထားနိုင်တယ်။ ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်လိုက်တာပဲ”
ကျန်းရီက လက်ခုပ်တီးပြီး သူ့ကို ချီးကျူးလိုက်၏။ ချမ်ဝမ်ကွမ်းက ပြုံးကာ ပြောလိုက်တော့သည်။
“တကယ်တော့ ငှက်လေးကောင်လေ မြို့ထဲမှာ လူအရေအတွက် များလွန်းတာ စစ်ပွဲတွေက လူတွေကို သေစေတယ်။ ပြီးတော့ ငါတို့တွေ မိုးကြိုးကျောက်တုံး ပိုရနိုင်တာ”
...