ကောင်းကင်ကံကြမ္မာသင်္ဘော
Vol. 52 Ch. 717
ကျန်းရီသည် လူ၁၀၅ယောက်ကို ကျားဖြူကျွန်းသို့ တန်းမခေါ်သွားပေ။ လေနက်တပ်မဟာက သူ့ကို အချိန်၂ပတ်သာ ပေးထား၏။ ကျန်းရီသည် ခရီးစဉ်အတောအတွင်း မည်သည့်လွဲချော်မှုကိုမှ မဖြစ်စေချင်ပေ။ သူက လူတိုင်းကို ပိုင်ယာကျွန်းဆီသို့ ဦးဆောင် ခေါ်သွားပြီးနောက် ကုန်သည်အဖွဲ့အစည်း၏ သင်္ဘောပေါ်၌ ကောင်းကင်ကျောက်တုံး တစ်သောင်းကို သုံးပြီး ပိုဘေးကင်းအောင် လုပ်ခဲ့၏။
ကုန်သည်အဖွဲ့အစည်းက သူရိန်နီကုန်သည်အဖွဲ့အစည်းဟု ခေါ်ပြီး ရှန်းစီမျိုးနွယ်၌ အတော်လေး နာမည်ကြီး၏။ ကုန်သည်အဖွဲ့အစည်းသည် ရှန်းစီမျိုးနွယ်၌ သူတို့စီးပွားရေးကို ချဲ့ထွင်ထား၏။ သူတို့နောက်ခံက လုမျိုးနွယ်ထဲ၌ အာဏာကို ဆုပ်ကိုင်ထားသည့် အကြီးအကဲသာ မဟုတ်ဘဲ သူတို့က ကျန်သည့်မျိုးနွယ်များနှင့်လည်း ဆက်ဆံရေး ကောင်းမွန်သည်။ ရှန်းစီမြို့တွင် သူတို့ ကုန်သည်သင်္ဘောခရီးသွားနေစဉ် သူတို့က တောင်ပေါ်ဓားပြအဖွဲ့ နှောင့်ယှက်တာ ခံရမှာ မဟုတ်ပေ။ နှောင့်ယှက်ရဲသည့် သူများက ဆိုးရွားသည့် ကံကြမ္မာကို ခံစားရလိမ့်မည်။
ပိုတင်းကျပ်စွာ ဆိုရလျှင် ကုန်သည်သင်္ဘောက အမှန်တကယ်တော့ သင်္ဘောတစ်စင်း မဟုတ်။ သင်္ဘောနှင့်တူရုံသာ ရှိသည်။ တကယ့်လက်တွေ့တွင် ကုန်သည်သင်္ဘောသည် ကောင်းကင်ကံကြမ္မာသင်္ဘောဟု ခေါ်သည့် အထူးအသုံးအဆောင်သာ ဖြစ်၏။
ကောင်းကင်ကံကြမ္မာသင်္ဘောသည် အရှေ့ဘက် တော်ဝင်နယ်မြေမှ ထန်းမျိုးနွယ်၏ လက်ရာလည်း ဖြစ်သည်။ ကောင်းကင်ကံကြမ္မာသင်္ဘောသည် မိုးပျံပြီး ရေထဲ၌လည်း သွားနိုင်ကာ မြေပေါ်တွင်လည်း သွားနိုင်၏။ သင်္ဘောတစ်ခုလုံးကို သတ္ထုများဖြင့် ပြုလုပ်ထားပြီး အပြင်ဘက်၌ အစွမ်းထက်သည့် အကာအရံတစ်ခု ရှိနေသည်။ အရွယ်အစားကြီးမားသည့် ကောင်းကင်ကံကြမ္မာသင်္ဘောသည် သူ၏အရံအတားကို အသက်သွင်းလိုက်ချိန်၌ အဆင့်မြင့်ကောင်းကင်ဧကရာဇ်တစ်ယောက် ထံမှ တိုက်ကွက်၁၀ကွက်ကို ခံနိုင်ရည် ရှိသည်။ အလယ်အဆင့် ကောင်းကင်ဧကရာဇ်က လုံလောက်အောင် အစွမ်းမထက်လျှင် သူတို့က ဆယ်ရက် သို့မဟုတ် လဝက်အတွင်း အရံအတားကို ဖျက်စီးရန်အတွက် လူအယောက် ရာချီတောင် တတ်နိုင်မှာ မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် ကုန်သည်အဖွဲ့အစည်း၏ ကျွမ်းကျင်သူများက သူတို့စစ်ကူများ ပို့ပြီးလောက်ပြီဖြစ်သည်။
“ဒါက ကောင်းကင်ကံကြမ္မာသင်္ဘောလား”
ပိုင်ယာကျွန်း၏ အရှေ့တောင် ပင်လယ်လက်ခြမ်း၌ ကျန်းရီသည် လေထဲ၌ မျောလွင့်နေနေသာ ဧရာမရွှေရောင် သင်္ဘောကို မြင်တွေ့နိုင်၏။ သူက အံ့ဩသွားလေသည်။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောသည် သာမန်သင်္ဘောနှင့် တူသော်ငြား လေထဲတွင်မူ သွားနိုင်၏။ သင်္ဘောသည် မီတာရာချီရှည်ပြီး မီတာအနည်းငယ် ကျယ်ဝန်း၏။ ၎င်းက ရွေ့လျားနိုင်သည့် ရွှေရောင်ရဲတိုက်တစ်ခုနှင့် တူပြီး ခမ်းနားကာ အံ့ဩမှင်တက်ဖွယ် ကောင်း၏။
သင်္ဘောပေါ်ရှိ အရံအတားကို မဖွင့်ထားပေ။ ကုန်းပတ်ပေါ်၌ အပြာရောင် တိုက်ပွဲဝင် ဝတ်စုံ ဝတ်ဆင်ထားသည့် အစောင့်တပ်ဖွဲ့ တစ်ဖွဲ့ ရှိ၏။ လူ၃၀၀ ၄၀၀ ခန့်က သူတို့အားလုံးကို ဓားသွားကဲ့သို့ မျက်ဝန်းများဖြင့် ငုံ့ကြည့်နေလေ၏။
“ကောင်းကင်ဧကရာဇ် ၃၀၀ ၄၀၀ အလယ်အဆင့် ကောင်းကင်ဧကရာဇ် အယောက် ၂၀ ရှိတယ်။ ဒီကုန်သည်အဖွဲ့အစည်းက တကယ် အစွမ်းထက်တာပဲ”
ကျန်းရီသည် အရှိန်အဝါ တည်ရှိမှုကို အာရုံခံမိပြီး အံ့ဩသွားလေ၏။ ယင်းက အပေါ်ယံ ခွန်အားသာ ရှိသေးသည်။ အနည်းဆုံးတော့ ကောင်းကင်ကံကြမ္မာသင်္ဘောကို ကြီးကြပ်နေသည့် အဆင့်မြင့်ကောင်းကင်ဧကရာဇ်တစ်ယောက် ရှိမည်ဟု သူ ယုံကြည်သည်။ ယင်းက ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စင်းမျှသာ ဖြစ်၏။ ကုန်သည်အဖွဲ့အစည်း၌ ကုန်သည်သင်္ဘောမည်မျှ များစွာ ရှိမည်နည်း။ သူတို့၏ ဌာနချုပ်၌ သိုင်းပညာရှင်များ မည်မျှ ပိုရှိနေမည်နည်း။
ကုန်သည်အဖွဲ့လေးများမှ အဖွဲ့လေးများနှင့် သိုင်းပညာရှင်များစွာက သင်္ဘောပေါ်တက်ရန် စောင့်ဆိုင်းနေကြသည်။ ကုန်သည်အဖွဲ့လေးများသည် ကောင်းကင်ကံကြမ္မာသင်္ဘောကို မတတ်နိုင်ချေ။ သူတို့က တစ်ခုဝယ်နိုင်လျှင်တောင် ဟန့်တားရန်အတွက် အစွမ်းထက်သည့် အစောင့်များ မရှိသောကြောင့် နှောင့်ယှက်ခံရအုံးမှာပဲ ဖြစ်သည်။ ထိုကုန်သည်အဖွဲ့အစည်းကြီး၏ ကုန်သည်သင်္ဘောကို စီးနင်းခြင်းက သူတို့အတွက် ပိုလုံခြုံစေလိမ့်မည်။
“အားလုံးပဲ သင်္ဘောပေါ် တက်လို့ရပြီ”
လူရာချီက ခပ်ဝေးဝေးကနေ စုဝေးလာချိန်၌ အလယ်အဆင့် ကောင်းကင်ဧကရာဇ် ကြီးကြပ်သူတစ်ဦးက သင်္ဘောပေါ်ကနေ လှမ်းအော်လိုက်၏။ ကျန်းရီ၏ လူများက စီစဉ်ပြီးသားဖြစ်ရာ လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။ ကျန်းရီက ပြောလိုက်တော့သည်။
“သွားကြမယ်”
ဝှစ် ဝှစ်..
လူတစ်ရာကျော်က ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ကုန်းပတ်ပေါ် တက်လိုက်၏။ အလယ်အဆင့် ကောင်းကင်ဧကရာဇ်ကြီးကြပ်သူက လက်နှစ်ဖက်ဖြင့် အရိုအသေပေးပြီးနောက် ပြောလိုက်၏။
“အားလုံးပဲ သင်္ဘောနံပါတ်သုံးကို သွားပါ”
ချမ်ဝမ်ကွမ်းနောက် လိုက်ခဲ့သည့် ကောင်းကင်ဧကရာဇ် အယောက်၂၀ကျော်က ခရီးများစွာ ထွက်ရာ၌ ကျွမ်းကျင်နေသောကြောင့် ကျန်းရီနှင့် ကျန်သည့်သူများကို ဦးဆောင်နိုင်သည်။ ယင်းက သင်္ဘော၏ အခန်းဟု ခေါ်သော်ငြား နန်းဆောင်ခန်းမနှင့် မခြားပေ။ အတွင်းပိုင်းက ခမ်းနားပြီး ကြီးကျယ်ကာ အခန်းငယ်လေးများ ရှိ၏။ သို့သော် အတော်လေးသေးသည်။ လူတိုင်းက ကျင့်ကြံရန် သို့မဟုတ် အနားယူရန် အခန်းထဲကို ဝင်နိုင်၏။ ကျန်းရီက တစ်ခန်းကို ရွေးလိုက်ပြီးနောက် လက်ဝေ့ယမ်းကား အားလုံးကို အနားယူခိုင်းလိုက်ပြီး သူတို့ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခိုင်းထား၏။ ကျားဖြူကျွန်းသို့ ရောက်သည့် အချိန်ရောက်မှသာ သူ့ကို ခေါ်ရန် သူတို့ကို ညွှန်ကြားထားသည်။
ဝှစ် ဝှစ်..
သင်္ဘောပေါ်၌ လူများ ပိုမိုတက်ရောက်လာပြီး မတူညီသည့် သင်္ဘောခန်းသို့ ဝင်သွားကြ၏။ တစ်နာရီခန့် ကြာပြီးနောက် ကောင်းကင်ကံကြမ္မာသင်္ဘောသည် အနည်းဆုံးတော့ လူထောင်ချီ ရှိနေပြီဖြစ်သည်။ သင်္ဘောက အနည်းငယ် လှုပ်ခါသွားပြီး ရွှေရောင်အရံအတားက လင်းထိန်လာကာ အရှေ့မြောက် အရပ်ဆီသို့ ဦးတည်သွား၏။
ဝှစ်..
သင်္ဘောသည် မြန်ပြီးရင်း မြန်လာကာ ရွှေရောင်အလင်းတန်းအသွင် ပြောင်းလဲသွားကာ မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်သွား၏။ ကောင်းကင်ကို ခွင်းသွားသည်နှင့် ပတ်ဝန်းကျင်ကို ပဲ့တင်သံ ထွက်စေသည့် စူးရှသောအသံတစ်သံ ထွက်ပေါ်လာစေသည်။
“ဒီကောင်းကင်ကံကြမ္မာသင်္ဘောက အတော်ကောင်းပြီး အဆင့်နိမ့် ကောင်းကင်ဧကရာဇ်တစ်ယောက်နဲ့ ယှဉ်နိုင်တဲ့ အရှိန်ရှိတယ်။ နောင်ကျ တစ်စင်းရဖို့ အခွင့်အရေးတစ်ခု ရှာရမယ်”
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထားပြီး အရံအတားအပြင်ဘက်သို့ အမှန်တကယ် ဖြန့်ကျက်နိုင်၏။ သို့သော်ငြား သင်္ဘော၏ ကျန်သည့်အခန်းများဆီသို့ မရောက်နိုင်ပေ။ ကုန်းပတ်ပေါ်ရှိ အစောင့်များက ကျန်းရီ၏ ကောင်းကင်စိတ်အာရုံကို ရှာတွေ့ပြီး အာရုံသိပ်မစိုက်ကြပေ။ သူတို့က ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် သတိထားနေ၏။
ပိုင်ယာကျွန်းမှ ကျားဖြူကျွန်းသို့ သွားရန် နှစ်ရက် အချိန်လိုအပ်သည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ခဏတာ ထောက်လှမ်းပြီးနောက် တင်ပျဉ်ခွေချိတ်ထိုင်ကာ အတွင်းအားကျင့်ကြံတော့သည်။ ကျားဖြူကျွန်း၌ ရက်စက်သည့် တိုက်ပွဲတစ်ပွဲ ဖြစ်လာနိုင်၏။ သူက ကျင့်ကြံရန်အတွက် မိနစ်တိုင်း စက္ကန့်တိုင်း တန်ဖိုးထားရမည်။
အပြင်ဘက်ရှိ ကောင်းကင်ဧကရာဇ်များအားလုံးက ကျင့်ကြံရန်အတွက် အခန်းထဲသို့ ဝင်လျှင်ဝင်၊ မဟုတ်လျှင် တိတ်တဆိတ် ဆွေးနွေးရန်အတွက် ပင်မခန်းမထဲ စုဝေးကြသည်။ လူတိုင်းက သုန်မှုန်သည့် အမူအရာ ရှိနေကြ၏။ သို့သော် သူတို့က ကျန်းရီနောက်သို့ လိုက်ခဲ့ပြီဖြစ်သောကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ဆက်လိုက်ပါရမည်။
ဝှစ် ဝှစ် ဝှစ်..
နေ့ဝက်ခန့် ကြာပြီးနောက် ကောင်းကင်ကံကြမ္မာသင်္ဘောသည် မိုင်တစ်သန်းကျော် ခရီးနှင်ခဲ့ပြီးဖြစ်ကာ ရှေ့၌ ကျွန်းလေးများ ပေါ်လာ၏။ ကောင်းကင်ကံကြမ္မာသင်္ဘောအနားမကပ်ခင် ကျွန်းစုများက မရေမတွက်နိုင်သည့် သိုင်းပညာရှင်များနှင့်အတူ ပေါ်ထွက်လာပြီး ကောင်းကင်ကံကြမ္မာသင်္ဘောတစ်ခုလုံးကို သူတို့၏ အရှိန်အဝါဖြင့် လွှမ်းခြုံလိုက်သည်က လူတိုင်းကို သတိအနေအထား ဖြစ်သွားစေ၏။
“တောင်ပေါ်ဓားပြလား”
ကျန်းရီက မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်၏။ ကျွန်းပေါ်ကနေ ပျံသန်းလာသည်မှာ လူထောင်ချီ ရှိပြီး အများစုက ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များ ဖြစ်နေတာကို မြင်တွေ့သောအခါ သူက သရော်ဟန် ပြလိုက်၏။
ဘီး ဘီး..
ကုန်းပတ်ပေါ်ရှိ ကုန်သည် အစောင့်တစ်ဦးက ထိုစဉ် သူတို့၏ အရှိန်အဝါ တည်ရှိမှုကို ထုတ်ဖော်လိုက်ပြီး အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ယောက်က အော်ပြောလိုက်၏။
“ထွက်သွား..”
ဝှစ် ဝှစ်..
ပျံသန်းလာသည့် တောင်ပေါ်ဓားပြများက အောက်ရှိ အစွမ်းထက်သည့် အရှိန်အဝါ တည်ရှိမှုကို အာရုံခံမိသည့် အခါ သူတို့က အကြောက်တရားကြောင့် ထွက်ပြေးသွားပြီး ခြေရာလက်ရာတစ်စက်မှ မကျန်ဘဲ ကျွန်းပေါ်၌ ပျောက်ကွယ်သွား၏။
“ဒီနေရာမှာ တောင်ပေါ်ဓားပြတွေ များတယ်”
ကျန်းရီက သက်ပြင်းချပြီး ဆက်လက်ကျင့်ကြံတော့သည်။ နှစ်နာရီခန့် ကြာပြီးနောက် သူသည် အစွမ်းထက်သည့် အရှိန်အဝါ တည်ရှိမှုများကြောင့် ထပ်မံ သတိပေးခံလိုက်ရပြန်၏။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည့် အခါ၌ အမူအရာက သုန်မှုန်သွားသည်။ အကြောင်းမှာ ယခုအခေါက်၌ ကျွန်းပေါ်ကနေ ပျံသန်းလာသည့် သိုင်းပညာရှင်များက ပိုသန်မာသောကြောင့် ဖြစ်သည်။ အလယ်အဆင့် ကောင်းကင်ဧကရာဇ်၁၀ကျော်နှင့် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်၁၀၀၀ကျော် ရှိသည်။
“ငါက သူရိမ်နီကုန်သည် အဖွဲ့အစည်းရဲ့ ဟုန်ရင်ပဲ မင်းက ခေါင်းဆောင်ဖုန်းရဲ့ လူတွေလား”
ကောင်းကင်ကံကြမ္မာအဖွဲ့အစည်း၏ အခန်းများထဲမှ တစ်ခုက ရင့်ရော်နေသော အသံတစ်သံ ပေါ်ထွက်လာ၏။ အလယ်အဆင့်ကောင်းကင်ဧကရာဇ်ဓားပြများထဲမှ တစ်ယောက်က လက်ကို ဝှေ့ယမ်းလိုက်ရာ လူသောင်းချီကို ရပ်တန့်သွားစေ၏။ သူက ကောင်းကင်ကံကြမ္မာသင်္ဘောကို လက်သီးနှစ်ဖက်ဆုပ်ကာ အရိုအသေပေးပြီး လှည့်လိုက်၏။
“ဒီတော့ အရှင်ဟုန်ရင်ပဲ ကျွန်တော်တို့ မလေးမစား ပြုမိပါတယ်။ ညီအစ်ကိုတို့ နောက်ဆုတ်ကြ”
ဓားပြများအားလုံး နောက်ဆုတ်သွားသည့်အချိန်၌ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်ရှိ လူများစွာက သက်ပြင်းချလိုက်ပြီး ကျန်းရီကမူ လှောင်ပြောင်သည့် အမူအရာ ပြလိုက်၏။ သူတို့က ဤကောင်းကင်ကံကြမ္မာသင်္ဘောသည် သူရိမ်နီ ကုန်သည်အဖွဲ့အစည်း ပိုင်ဆိုင်မှန်း တောင်ပေါ်ဓားပြအဖွဲ့များ သိထားပြီးသား ဖြစ်ရမည်ဆိုတာ သူသေချာသည်။ သူတို့က သင်္ဘောပေါ်ရှိ လူတိုင်းကို သူတို့ ပေးချေရသည့် ကောင်းကင်ဘုံကျောက်တုံးမြင့်စေရန်အတွက် ပြသလိုသောကြောင့် တမင်တကာ ပြုလုပ်ခဲ့တာပဲ ဖြစ်၏။
“ကြည့်လေ ရှန်းစီမျိုးနွယ်က ဘယ်လောက် အန္တရာယ်များလဲ။ မင်းတို့သာ ကုန်သည်အဖွဲ့အစည်းရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို မစီးရင် သေမှာသေချာတယ်”
အဆုံးတွင်မူ ကောင်းကင်ကံကြမ္မာသင်္ဘောသည် ဓားပြအဖွဲ့များစွာနှင့် ကြုံတွေ့ခဲ့ရ၏။ ဓားပြအဖွဲ့လေးများသည် သင်္ဘောပေါ်ရှိ သိုင်းပညာရှင်များ၏ အရှိန်အဝါကြောင့်ဟန့်တားခံလိုက်ရစဉ် ပိုကြီးသည့် အဖွဲ့များက အရှင်ဟုန်ရင်က သူတည်ရှိမှုကြောင်း ပြောပြီးမှ သင်္ဘောက ဖြတ်သန်းခွင့် ရကြသည်။
ခရီးစဉ်တစ်ဝက်၌ ကောင်းကင်ကံကြမ္မာသင်္ဘောသည် ဧရာမကျွန်းကြီးတစ်ကျွန်း၌ ရပ်တန့်သွားကာ လူများစွာက ကောင်းကင်ကံကြမ္မာသင်္ဘောကနေ ဆင်းသက်ကြပြီး လူအများစုကမူ သင်္ဘောပေါ်တွင် နေရစ်၏။ ကျန်းရီကမူ နှစ်ရက်တာ ကျင့်ကြံပြီး နောက်ဆုံး၌ ကျားဖြူကျွန်း၏ တောင်ဘက်ကမ်းစပ်ရှိ ဆိပ်ကမ်းသို့ ရောက်လာခဲ့ပြီဖြစ်သည်။
“အားလုံးပဲ ကျေးဇူးပြုပြီး ဂရုစိုက်ကြပါ”
သူရိမ်နီကုန်သည်အဖွဲ့အစည်း၏ ကြီးကြပ်သူများ လိုက်ပါပို့ဆောင်ပေးခြင်း ခံရပြီးနောက် ကျန်းရီနှင့် သူ့လူများသည် ကောင်းကင်ကံကြမ္မာသင်္ဘောမှ ဆင်းသက်ပြီး ကျားဖြူကျွန်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။ သူတို့သည် ကျားဖြူကျွန်း၏ တောင်ဘက်တွင် ရှိသည့် ဧရာမတောင်တန်းဒေသ လေနက်တောင်တန်းဒေသို့ ရောက်ရန်အတွက် နေ့ဝက်ခန့် အချိန်ယူရအုံးမည်။
“ဟီး ဟီး..”
သူရိမ်နီကုန်သည်အဖွဲ့အစည်း၏ ကြီးကြပ်သူက ကျန်းရီနှင့် သူ့လူများ ထွက်သွားတာကို မြင်တွေ့သည့် အချိန်၌ သူက လက်အောက်ငယ်သားတစ်ယောက်ကို ဆင့်ခေါ်ပြီး ညင်သာသည့်အသံဖြင့် မှာလိုက်သည်။
“ကွေ့ရင်ကို သတင်းပို့လိုက်၊ ကောင်းကင်မိုးကြိုးမြို့ရဲ့ အဖွဲ့မှုးကျန်းက ကောင်းကင်ဧကရာဇ် ၁၀၅ယောက်ကို ဦးဆောင်ပြီး နေ့ဝက်အတွင်း ရောက်လာလိမ့်မယ်။ အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ယောက်ပဲ ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ပေးခဲ့တဲ့ သတင်းအတွက် ပေးဆပ်ဖို့ အချိန်ရောက်ပြီ ဆိုတာလည်း သူ့ကို ပြောလိုက်အုံး”
...