← Chapters

ဆေးလုံးကို ဝယ်သွားတာ ဘယ်သူလဲ

Vol. 2 Ch. 25

ဆေးလုံးကို ဝယ်သွားတာ ဘယ်သူလဲ

Vol. 2 Ch. 25

သူ့အသက်ကို ကယ်တင်နိုင်သော နည်းလမ်းသုံးခုထဲမှ နှစ်ခုမှာ အဆုံးသတ်သွားပြီ ဖြစ်သည်။

သူက အသက်ကို ဆွဲဆန့်နိုင်သော ဆေးလုံးတစ်လုံးကိုသာ ရှာရပေတော့မည်။

“တကယ်လို့ ခုနစ်ရက်အတွင်း နည်းလမ်းမရှိရင် ငါ ဓားချီတွေကို လွှတ်လိုက်တော့မယ်”

သူ၏အသက်က ပို၍ အရေးကြီးပေသည်။

နောက်တစ်နေ့ နံနက်တွင် ဓားသိုင်းတချို့ ကစားပြီးနောက် ဟန်မူယဲ့ အပြင်ထွက်လာသည်။

“အစ်ကို…ကျုပ် ဆေးခန်းဆောင်သို့ သွားလိုက်ဦးမယ်”

သူက ဆေးခန်းဆောင်သို့ သွားမည်ဟု ပြောသည်ကို ကြားလျှင် ဟွမ်လောင်လျှို ပြုံးသည်။

“သေချာတာပေါ့။ ဒီက ကိစ္စတွေ ငါ့တာဝန်ထားလိုက်”

ဟွမ်လောင်လျှိုကား ဝမ်းသာစွာ ရေရွက်သည်။

“ကြည့်ရတာ ကောင်လေးက အသိစိတ်ရှိသေးတာပဲ”

ထို့နောက် သူက မသက်မသာခေါင်းယမ်းသည်။

“ဟူး… ဖျင်ညီမလေးက ငါ့လက်ရှိပုံစံကို မှတ်မိပါဦးမလား”

…

ဆေးခန်းဆောင်တွင် မူဝမ်က ဟန်မူယဲ့အား မြင်လျှင် တအံ့တဩ မေးသည်။

“အစ်ကိုဟန်… ရှင်ဘာဖြစ်…”

သူမ၏အကြည့်က ဆံပင်ဖြူများထံသို့ ရောက်သွားသည်။

အကယ်၍ သူ၏ငယ်ရွယ်သောရုပ်ရည်ကြောင့်မဟုတ်လျှင် သေချာပေါက် အသက် ၅၀ အရွယ်ဟု ထင်ရပေမည်။

“ဂျူနီယာညီမလေးက အသက်ကို ဆွဲဆန့်နိုင်တဲ့ဆေးလုံးနဲ့ပတ်သက်ပြီး သတင်းလေးများ ရှိမလား”

ဟန်မူယဲ့က လိုရင်းကို ပြောသည်။

မူဝမ်က ခေါင်းညိတ်သည်။ သူမက တီးတိုးပြောသည်။

“စီနီယာအစ်ကို… ကျွန်မနောက်ကို လိုက်ခဲ့ပါ”

သူမက ဟန်မူယဲ့အား တိတ်ဆိတ်သောနေရာသို့ ခေါ်လာကာ ပြောသည်။

“ကျွန်မက ဆေးခန်းဆောင်က စီနီယာတွေကို မေးကြည့်တယ်။ အံ့ဖွယ်ကိုးပါးဂိုဏ်းမှာ အကြီးအကဲ စုလျှန့်တစ်ယောက်ပဲ အသက်ရှည်ဆေးလုံးကို ဖော်စပ်နိုင်တယ်”

ဟန်မူယဲ့ ခေါင်းညိတ်သည်။

‘အခွင့်အရေးတစ်ခု ရှိနေသေးခြင်းက သိပ်မဆိုးပါ’

“စီနီယာအစ်ကို… ရှင် ပြင်ဆင်ထားသင့်တယ်။ အသက်ရှည်ဆေးလုံးတွေဟာ အရမ်း တန်ဖိုးကြီးတယ်”

မူဝမ်က ဟန်မူယဲ့အား ကြည့်သည်။

“ဘယ်လောက် စျေးကြီးတာလဲ”

ဟန်မူယဲ့က မေးသည်။

၎င်းသည် မည်မျှ တန်ဖိုးကြီးပါစေ၊ သူက အရယူရန် ဆုံးဖြတ်ထားသည်။

“အသက်ကို တစ်နှစ်သက်တန်း ဆွဲဆန့်နိုင်တဲ့ ဆေးလုံးဟာ ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ ကျသင့်တယ် ပြောတယ်”

မူဝမ်က တီးတိုးပြောသည်။

ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ မှာကား အများစုသော အတွင်းစည်းဂိုဏ်းသားများနှင့် အပြင်စည်းဂိုဏ်းသားများအတွက် လက်လှမ်းမမှီသော ပမာဏဖြစ်သည်။

‘၃၀၀၀၀ လား’

တစ်နှစ်သက်တန်း ဆေးလုံးမှာ ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ တန်ဖိုးရှိသည်။ ၎င်းမှာ စျေးကြီးသည်ဆိုသော်လည်း များစွာ စျေးကြီးခြင်း မရှိပါ။

ဟန်မူယဲ့ စိတ်ထဲတွင် တွက်ချက်လိုက်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“ဂျူနီယာညီမလေး… ကျုပ်ကို ခဏစောင့်ပါ။ ပြီးရင် အကြီးအကဲစုလျှန့်ဆီ ကျုပ်ကို ခေါ်သွားပေးနိုင်မလား”

မူဝမ် ခေါင်းညိတ်သည်။

ဟန်မူယဲ့ နောက်လှည့်ကာ ထွက်လာခဲ့သည်။

သူသည် အံ့ဖွယ်ကိုးပါးဂိုဏ်းမှ အပြင်စည်းစျေးတန်းသို့ ထွက်လာခြင်း ဖြစ်သည်။

သူက စုကျန်းဆေးဆိုင်သို့ ဝင်လာလျှင် ပန်းရောင်ဝတ်စုံဖြင့် ဆိုင်ရှင်က မျက်တောင်ပင့်လိုက်သည်။

“ရှင် စဉ်းစားပြီးသွားပြီလား”

ပိုင်စုကျန်းက ပြုံးလျှက် မေးသည်။

ဟန်မူယဲ့က ကောင်တာထံသို့ တန်းတန်းမတ်မတ်သွားကာ ကျောက်စိမ်းပုလင်းငယ်အား စားပွဲပေါ်သို့ တင်လိုက်သည်။

ပိုင်စုကျန်း မှင်တက်သွားသည်။ သူမက အနည်းငယ် မျက်မှောင်ကြုတ်ကာ ကျောက်စိမ်းပုလင်းငယ်အား ကောက်ယူပြီး ဖွင့်လိုက်သည်။

‘ဟင်…’

သူမက ပုလင်းထဲကို ဖွင့်ကြည့်လိုက်ကာ ဟန်မူယဲ့အား အံ့အားသင့်စွာ ကြည့်သည်။

“အမြင့်ဆုံးအရည်အသွေး…”

ကျောက်စိမ်းပုလင်းငယ်လေးထဲတွင် အမြင့်ဆုံး အရည်အသွေး တိမ်မြူချီဆေးလုံး ၁၀လုံး ရှိနေသည်။

“ခင်ဗျား မဝယ်ဘူးလား”

ဟန်မူယဲ့က အသာအယာ ပြောသည်။

“သေချာပေါက် ဝယ်မှာပေါ့”

ပိုင်စုကျန်းက အလျင်အမြန် ပြောသည်။

ကျောက်စိမ်းပုလင်းငယ်အား သိမ်းဆည်းလိုက်ကာ သူမက လက်ချောင်းတွင်ဝတ်ထားသော ကျောက်စိမ်းလက်စွပ်အား ထိတွေ့လိုက်လျှင် သေတ္တာကလေးတစ်ခု ပေါ်လာသည်။

သေတ္တာလေးထဲတွင်ကား တောက်ပသော အလင်းစူးစူးကျောက်တုံးလေးများ…

“ဒါတွေက အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးတွေပဲ။ ဒါက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ နဲ့ ညီမျှတယ်”

ပိုင်စုကျန်းက ပြောကာ ဟန်မူယဲ့အား သလင်းကျောက်ကဲ့သို့ ဝိညာဉ် ကျောက်တုံး ၃တုံးကို ကမ်းပေးသည်။

သူမ၏သိုလှောင်လက်စွပ်ထဲတွင်ကား သာမန်ကျင့်ကြံသူများ တစ်သက်တာတွင် တစ်ခါမှ မြင်ဖူးမည် မဟုတ်သော အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများ…

ဟန်မူယဲ့က ပိုင်စုကျန်းအား ကြည့်သည်။

အပြင်စည်းဂိုဏ်း ‌စျေးတန်းတွင် ဆေးဆိုင်ဖွင့်ထားသော သည်အမျိုးသမီးမှာ သိပ်ရိုးရှင်းဟန်မတူ။

ဟန်မူယဲ့က သူမအား ကြည့်နေသည်ကိုမြင်လျှင် ပိုင်စုကျန်းက ရယ်မော၍ ပြောသည်။

“စီနီယာအစ်ကို… ကျွန်မကလည်း အမြင့်ဆုံးအရည်အသွေး တိမ်မြူချီ ၁၀လုံးကို တစ်ခါတည်း ဖော်စပ်နိုင်တဲ့သူကို မမြင်ဖူးသေးဘူး”

သူမစကားက ရိုးရှင်းသည်။

‘ရှင်က ကျွန်မရဲ့ လျှို့ဝှက်ကို တွေ့တယ်။ ကျွန်မကလည်း ရှင့်လျှို့ဝှက်ချက်ကို တွေ့ထားတယ်’

ဟန်မူယဲ့က အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၃တုံးကို လှမ်းယူကာ ထိုနေရာမှ ထွက်လာခဲ့သည်။

သူသည် ဆိုင်တံခါးဝသို့ ရောက်လျှင် ဟန်မူယဲ့က ရုတ်တရက် နောက်လှည့်ကာ မေးသည်။

“အံ့ဖွယ်ကိုးပါးဂိုဏ်းမှာ အသက်ရှည်ဆေးကို ဖော်စပ်နိုင်တဲ့တစ်ယောက်ဆိုတာ အကြီးအကဲစုလျှန့်လား”

ပိုင်စုကျန်း မှင်တက်သွားသည်။

ဟန်မူယဲ့ နောက်လှည့် ထွက်ခွာသွားသည်။

သူ့တွင် အဖြေရှိပြီးသား ဖြစ်သည်။

“အမြင့်ဆုံးအရည်အသွေး တိမ်မြူချီ”

“ဓားစံအိမ်က ဓားထိန်း”

“ဒီနှစ်ခုကို ဘယ်လို အတူတွဲလို့ ရနိုင်မှာလဲ”

ပိုင်စုကျန်းက တံခါးကို တောက်ပသော မျက်လုံးများဖြင့် ကြည့်သည်။

“ဂိုဏ်းတာဝန်နဲ့ယှဉ်ရင် ဒီလူက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာပဲ”

ရေကန်စံအိမ်သည် အကြီးအကဲစုလျှန့်နေထိုင်ရာ နေရာဖြစ်သည်။ ထိုနေရာသည် ဆေးခန်းဆောင်နှင့် အတော်လေး လှမ်း၏။ ဟန်မူယဲသည် ၂ နာရီခန့် လျှောက်ပြီး ထိုနေရာသို့ ရောက်လာသည်။

ရေကန်ဘေးတွင် မြက်အိမ်ကလေးများ အစီအရီ ဆောက်လုပ်ထားသည်။

‘ရေကန်စံအိမ်ဆိုတာက သင့်တော်တဲ့နာမည်ပဲ’

ဆေးရနံ့များ သင်းပျံ့စွာ လွင့်နေခြင်းက တစ်စုံတစ်ယောက်အား စိတ်လှုပ်ရှားမှု ပေးစေနိုင်သည်။

အသက်ပြင်းပြင်းရှူကာ ဟန်မူယဲ့ ရှေ့ကို ဆက်သွားလိုက်သည်။

စမ်းချောင်းလေးအတိုင်း လမ်းလျှောက်သွားလျှင် မူဝမ်က ရုတ်တရက် ဆိုသည်။

“စီနီယာအစ်မ ကျင်းယွမ်”

‘ကျင်းယွမ်’

ဟန်မူယဲ့ မှင်တက်သွားသည်။ သိပ်မဝေးသောနေရာတွင် အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် ဆေးပင်များအား စမ်းရေနှင့် ဆေးကြောနေသည်။ သူမသည် စုကျန်းဆေးဆိုင်တွင် ဟန်မူယဲ့ တွေ့ခဲ့သော အမျိုးသမီးလည်း ဖြစ်သည်။

သူမသည်ပင် ဟန်မူယဲ့အား အသက် ၇ရက်သာ အသက်ရှင်ရန် ကျန်တော့သည်ဟု ပြောခဲ့ခြင်းလည်း ဖြစ်သည်။

အမျိုးသမီးကျင့်ကြံသူက မော့ကြည့်ကာ မူဝမ်အား မြင်သည်။ သူမက ပြုံးလျှက်ပြောသည်။

“ဂျူနီယာညီမလေး မူဝမ်ပါလား”

သူမ၏အကြည့်က ဟန်မူယဲ့ထံသို့ ရောက်လာကာ အံ့အားသင့်သွားသည်။

“စီနီယာအစ်မ ကျင်းယွမ်… အစ်ကိုဟန်က အသက်ရှည်ဆေးလုံးတစ်လုံး ဝယ်ချင်နေတယ်။ ကျွန်မကို ကူညီပြီးတော့ သူ့ကို အကြီးအကဲစုလျှန့်နဲ့ မိတ်ဆက်ပေးပါလား”

မူဝမ်က ရှေ့ကို တိုးသွားကာ ကျင်းယွမ်အား ပြောသည်။

ကျင်းယွမ်က ဟန်မူယဲ့အား တစ်ချက်ကြည့်ကာ တီးတိုးမေးသည်။

“နင်တို့ ရင်းနှီးလား”

‘ရင်းနှီးလား’

သူမသည် ဟန်မူယဲ့နှင့် ရင်းနှီးသလား မူဝမ် ဝေခွဲမရပါ။ သို့သော်လည်း ဟန်မူယဲ့ သေဆုံးသွားမည်ကို သူမ, မလိုလားပါ။

သူမက ခေါင်းညိတ်သည်။

မူဝမ် ခေါင်းညိတ်သည်ကိုမြင်လျှင် ကျင်းယွမ်က ပြောသည်။

“သွားရအောင်… ငါ နင်တို့ကို ဆရာဆီ ခေါ်သွားမယ်”

ကြည့်ရသည်မှာ အကြီးအကဲစုလျှန့်မှာ ကျင်းယွမ်၏ဆရာ ဖြစ်နေသည်။

ဟန်မူယဲ့ သူတို့နှစ်ယောက်နောက်ကို လိုက်ပါသွားလျှင် မြက်အိမ်ကလေးများထဲတွင် လူအများအပြားမှာ ဆေးလုံးများ ဖော်စစ်နေသည်ကို တွေ့ရ၏။

သူတို့က လမ်းအချိုးအကွေ့တချို့ကို ဖြတ်လာပြီးနောက်တွင် ကျင်းယွမ်သည် သစ်သားအိမ်ကလေးတစ်လုံးရှေ့တွင်ရပ်ကာ စံအိမ်ထဲတွင် ထိုင်နေသော အမျိုးသမီးကြီးတစ်ဦးအား ဦးညွှတ်သည်။

“ဆရာ… သူတို့က အသက်ရှည်ဆေးလုံးကို ဝယ်ချင်လို့တဲ့”

သူမ၏စကားကိုကြားလျှင် စာအုပ်ဖတ်နေသော အမျိုးသမီးကျင့်ကြံသူက မော့ကြည့်သည်။

သူမသည် အသက်ရှည်ဆေးလုံးကို ဖော်စပ်နိုင်သောအကြီးအကဲ စုလျှန့်လား။

ဟန်မူယဲ့က မော့ကြည့်လျှင် ထိုအမျိုးသမီးကလည်း သူ့အား ကြည့်သည်။

“ဓားချီက မင်းရဲ့နှလုံးကို ရောက်သွားပြီးတော့ မင်းဟာ မကြာခင် သေတော့မယ်”

“မင်းက ဘာလို့ ဒီလောက် ဒဏ်ရာရသွားတာလဲ”

အမျိုးသမီးကြီးက မျက်မှောင်ကြုတ်သည်။

“အကြီးအကဲ… ကျွန်တော်က ဓားစံအိမ်က ဓားထိန်းပါ”

ဟန်မူယဲ့က ဦးညွှတ်ကာ ပြောသည်။

“ဓားထိန်း…”

အကြီးအကဲစုလျှန့်က ရေရွက်ကာ ခေါင်းယမ်းသည်။

“မထူးဆန်းတော့ပါဘူး”

သူမက ဂရုဏာသက်ဟန်ဖြင့် ဟန်မူယဲ့အား ပြောသည်။

“မင်း နောက်ကျသွားတယ်။ အသက်ရှည်ဆေးလုံးက လူတစ်ယောက် ဝယ်သွားပြီးပြီ”

‘ဝယ်သွားပြီးပြီလား’

ဟန်မူယဲ့ တုန်လှုပ်သွားသည်။

မူဝမ်မှာလည်း အလွန်စိုးရိမ်ဟန် ပေါ်လာသည်။

ဟန်မူယဲ့သည် အသက်ဆက်ရှင်ရန် ထိုဆေးလုံး လိုအပ်နေ၏။

“ဒါဆို အကြီးအကဲက နောက်တစ်လုံး ဖော်စပ်ပေးလို့ ရနိုင်ပါသလား”

ဟန်မူယဲ့က လက်မြှောက်လိုက်လျှင် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၃တုံး သူ၏လက်ဖဝါး၌ ပေါ်လာသည်။

အကြီးအကဲ စုလျှန့်က လက်ဝှေ့ယမ်းကာ ပြောသည်။

“ငါ မင်းကို မကူညီချင်တာ မဟုတ်ဘူး။ ဆေးလုံးဖော်စပ်ဖို့အတွက် ဆေးပင်တချို့ မရှိဘူး ဖြစ်နေတယ်”

“အလင်းရင်းမြစ်အရိုးနဲ့ ခြင်ဆီအသွင်ပြောင်းသစ်သီးတို့ မရှိဘဲ  ငါက ဆေးလုံးကို ဖော်စပ်လို့ မရဘူး”

“အဲဒီဆေးတွေကို အနီးအနားပတ်ဝန်းကျင်မှာ ရောင်းတာလည်း မတွေ့သေးဘူး”

သူမက ဆေးလုံးကို မဖော်စပ်နိုင်…

ဟန်မူယဲ့ အကြီးအကျယ် စိတ်ပျက်သွားသည်။

ဤသည်က ကောင်းကင်၏အလိုဆန္ဒလား။

အသက်ပြင်းပြင်းရှူလိုက်ကာ သူက မေးလိုက်သည်။

“အကြီးအကဲ… ဆေးလုံးကို ဘယ်သူ ဝယ်သွားတာလဲ”

သူ၏စကားကိုကြားလျှင် ကျင်းယွမ်နှင့် မူဝမ်တို့၏အမူအရာ ပြောင်းလဲသွားသည်။

ဆေးလုံးဝယ်သွားသူ၏နာမည်ကို မေးခြင်းမှာ ကြီးမားသော တားမြစ်ချက် ဖြစ်သည်။

အကြီးအကဲစုလျှန့်က အတန်ကြာ တွေးတောနေပြီးနောက်တွင် နာမည်တစ်လုံးကို ထုတ်ပြောသည်။

“မော့ယွမ်”

All Chapters